မနေ့က ပင်ဆယ်လ်ဗေးနီးယားမှာ သမ္မတထရမ့်ကို လုပ်ကြံမှုဟာ ၁၉၈၁ မတ်လ ၃၀တုန်းက ဝါရှင်တန်မှာ သမ္မတရေဂင်ကို လုပ်ကြံခဲ့မှု နောက်ပိုင်းမှာ ပထမဆုံးဖြစ်ပါတယ်။ သမ္မတဟောင်းတွေဟာ secret service (SS) အစောင့်အရှောက် ရတယ်ဆိုပေမယ့် ရာထူးလက်ရှိသမ္မတလောက်တော့ မရပါဘူး။ ဒါက ပုံမှန်အခြေအနေမှာ ပြဿနာမရှိပေမယ့် အခုလို အမုန်းမှိုင်း၊ မုသားမှိုင်း၊ “တရားရေး”ဌာနနဲ့ မီဒီညာတို့ အဖက်ဖက်က အကြီးအကျယ် ပုတ်ခတ်တိုက်ခိုက်တာ ခံနေရတဲ့ ထရမ့်အတွက်က တော်ရုံအစောင့်အရှောက်နဲ့ လုံလောက်ဖို့ မလွယ်ပါဘူး။ နောက်တချက်က secret service က အဖွဲ့အစည်းသေးသေးလေးဖြစ်ပြီး လက်ရှိဒါရိုက်တာ Kimberly Cheatle က DEI ကြောင့် ဒီနေရာကို ရောက်လာတာဖြစ်နိုင်သလို သူမလက်ထက်မှာ SS ရဲ့ ၃၀%လောက်က အမျိုးသမီးတွေ ဖြစ်လာဖို့ဟာ သူ့ရဲ့ ပထမဦးစားပေးလို့ ကြွေးကြော်ထားသူဖြစ်ပါတယ်။
အမျိုးသမီးတွေကို ဦးစားပေးငှားရမ်းတာက တချို့နေရာမှာ ပြဿနာမဟုတ်ပေမယ့် SS လို သမ္မတတွေရဲ့ အသက်နဲ့ ပတ်သက်နေတဲ့အလုပ်မျိုးမှာတော့ ပြဿနာရှိလာနိုင်ပါတယ်။ အားချင်း၊ လျှင်မြန်ဖြတ်လတ်တာချင်း၊ ကိုယ်ကာကွယ်ပေးရမယ့်သူကို ကိုယ့်ခန္ဓာကိုယ်နဲ့ ကွယ်ကာ ပေးနိုင်လောက်တဲ့ အရပ်အမောင်း ထုထည်ရှိတယ်၊ ဆုံးဖြတ်ချက်လည်း မြန်တယ်ဆိုရင်တောင် အခုလို pphysically လုပ်ရတဲ့လုပ်ငန်းခွင်ထဲမှာ ဆန့်ကျင်ဖက်လိင်တွေ ရောထားတော့ အမြတ်ထုတ်တာတွေ၊ တကယ်မဟုတ်ပဲ စွပ်စွဲတာတွေ ရှိလာနိုင်တဲ့အတွက် အဲဒါတွေ ဖြစ်မလာအောင် သတိထားနေရရင် ကိုယ့်အဓိကအာရုံထားရမယ့်အလုပ်က လစ်ဟင်းသွားနိုင်ပါတယ်။ သုံးမရလို့ ဖြုတ်ချင်ရင်တောင် မဟုတ်မဟတ်စွပ်စွဲပြီး ပြဿနာရှာနိုင်တာကို ထည့်တွက်နေရတော့မှာပါ။ ဒါမျိုးတွေ ကမလာရဲ့ SS မှာ ဖြစ်သွားခဲ့ပြီးပါပြီ။ ဒါပေမယ့် ဂျိုးနဲ့ ကမလာတို့ကို ဘယ်သူကမှ လုပ်ကြံမှာမဟုတ်တာကြောင့် အဲဒီပြဿနာက ကြီးမလာတာပါ။
မနေ့ကပစ်ခတ်မှုမှာလည်း SS ရဲ့ အားနည်းချက်တွေ အများကြီးပါပါတယ်။ Rally တွေမှာ ကွင်းထဲမဝင်ခင် အကုန်ချွတ်ပြရမတတ်ကို စစ်ဆေးရှာဖွေခံပြီးမှ ဝင်ရတာဖြစ်ပေမယ့် မနေ့ကကိစ္စမှာ ကွင်းအပြင်အစပ်က စက်ရုံဟောင်းတခုရဲ့ အမိုးပေါ်မှာ လုံခြုံရေးကာဗာမထားတာရယ်၊ ၄-၅သောင်းလောက်ရှိတဲ့ လူထုထဲက တချို့က ပွဲမစခင်ကတည်းက အဲဒီခေါင်မိုးပေါ်ကို လက်နက်နဲ့လူတဦးတက်နေတာ မြင်လိုက်ကြလို့ ရဲကိုအကြောင်းကြားတာမှာ ရဲက SS ကိုပြောပြီး ထရမ့်ကို အခြေအနေတွေ မရှင်းမချင်း ရှောင်ခိုင်းထားရမှာကို မရှောင်ခိုင်းတာရယ်၊ ရဲက ခေါင်မိုးပေါ်ကလူနဲ့ ပစ်ခတ်မှုမဖြစ်ခင် မိနစ်ပိုင်းလေးမှာ တွေ့ခဲ့ပြီးတာတောင် မဖမ်း/မတားခဲ့တာရယ်၊ စပစ်ပစ်ချင်း ရှင်းမပစ်ပဲ ၄-၅-၆ချက်လောက် ပစ်ပြီးနောက် ထရမ့်ဝပ်ချလိုက်ပြီးမှ ရှင်းပစ်တာရယ်၊ ပစ်ခတ်သံကြားကြားချင်း ထရမ့်ကိုချက်ချင်း ကာပေးရမယ့်အစား ထရမ့်အရင်ဝပ်ချလိုက်ပြီး စက္ကန့်ပိုင်းလောက်ကျမှ SS ကအပေါ်က ကာပေးတာရယ်၊ ထရမ့်မတ်တပ်ပြန်ရပ်ပြီးနောက် လူတွေနဲ့ကာထားတာမှာ SS အမျိုးသမီးတွေက ထရမ့်ထက် အရပ်အများကြီးပုနေလို့ ထရမ့်ခေါင်းကို မြင်နေရသေးတာရယ်၊ ဘေးလွတ်ရာကို အမြန်ဆုံးခေါ်ထုတ်သွားရမှာ၊ လုံခြုံရေးနဲ့ပတ်သက်ရင် ကိုယ့်ညွှန်ကြားချက်ကို သမ္မတက လိုက်နာရမှာကို ခေါင်းဆောင်နိုင်စွမ်းမရှိတော့ သမ္မတပြောသမျှ လိုက်လုပ်ပေးနေလို့ အချိန်ကြန့်ကြာနေတာရယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။ တကယ်လို့ မနေ့ကပစ်ခတ်သူက တကိုယ်ရေသမားမဟုတ်ပဲ အဖွဲ့လိုက်လှုပ်ရှားတာဆိုရင် အခုလိုအမှားမျိုးတွေနဲ့ ဘယ်လိုမှ မကောင်းနိုင်ပါဘူးလို့ ဆိုကြတာပါ။
ပစ်ခတ်တဲ့ လက်ဖြောင့်သေနတ်သမားက အသက် ၂၀အရွယ် Thomas Matthew Crooks ဖြစ်ပြီး သမ္မတထရမ့်ဟောပြောတဲ့ စင်မြင့်နဲ့ ကိုက် ၁၃၀ခန့်အကွာက စက်ရုံဟောင်းတခုရဲ့ ခေါင်မိုးပေါ်ကနေ AR စတိုင်ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ကားထဲမှာလည်း ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ၎င်းဟာ ID ပြုလုပ်တုန်းက ရီပါဘလစ်ကန်အဖြစ် မှတ်ပုံတင်ထားခဲ့ပေမယ့် ငွေလှူတာတော့ ဒီမိုကရက်ကို လှူထားတာ တွေ့ရပါတယ်။ သူဟာ အထက်တန်းကျောင်းတုန်းက ဘူလီအမြဲအလုပ်ခံရသူလို့ သူ့သူငယ်ချင်းတဦးကပြောပေမယ့် အဲဒီကျောင်းရဲ့ HS Graduation Yearbook မှာ သူ့နာမည်မတွေ့ဘူးလို့လည်း ဆိုကြပါတယ်။ ပစ်ခတ်မှုတွေမှာ ပစ်ခတ်သူတွေက ဘူလီအလုပ်ခံရသူတွေ အပေါင်းအသင်းမရှိသူတွေများနေတာတော့ စဥ်းစားစရာဖြစ်ပါတယ်။ သူ့ဖခင်ကတော့ ဖြစ်ခဲ့တာတွေအားလုံးကို ဘာမှ နားမလည်နိုင်အောင်ဖြစ်နေတယ်လို့လည်း ဖတ်လိုက်ရပါတယ်။ သူ့လက်ချက်နဲ့ ထရမ့်အသက်မသေပေမယ့် ပရိသတ်ထဲက မီးသတ်ဗိုလ်ဟောင်း တဦး အသက်ဆုံးရှုံးသွားတဲ့အပြင် နောက် ၂ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန် ရထားတာပါ။
မနေ့ကလုပ်ကြံမှုမှာ နားရွက်က ခေါင်းမှာကပ်နေတာဖြစ်လို့ ခေါင်းထိပြီး အသက်ပါသွားဖို့ ၁စင်တီမီတာလောက်ပဲ လိုတော့တာဖြစ်ပါတယ်။ ပုံမှန်ဟောပြောသလို ရှေ့ကိုကြည့်ပြောရင် ပွဲက ပြီးပါပြီ။ ကံသီချင်တာလား ဘုရားကယ်တာလားတော့မသိ ပစ်တဲ့အချိန်မှာ ထရမ့်ခေါင်းက ဘေးတိုက်ဖြစ်နေလို့ နားရွက်ပဲ ထိသွားတာပါ။ အဲဒီလို နဲနဲလေးလွဲသွားလို့ ဝမ်းသာကြ၊ ဘုရားသခင်ကို ကျေးဇူးတင်ကြတဲ့သူတွေ အများကြီးရှိသလို နဲနဲလေးလွဲသွားလို့ ကြိတ်မနိုင်ခဲမရ ဖြစ်နေသူတွေလည်း မနည်းပါဘူး၊ အဲဒီထဲမှာ ဒီမိုကရက်အမတ်တွေရဲ့ ဝန်ထမ်းတွေကိုယ်တိုင် ပါနေတာတွေ့ရပါတယ်။ ထရမ့်ထောက်ခံသူတွေကတော့ ဒီမိုကရက်နဲ့ မီဒီညာတွေ ပုံဖော်နေသလိုမျိုး အကြမ်းဖက်တာတွေမရှိပဲ မြို့တွေမှာ ဆုတောင်းပွဲတွေ ပြုလုပ်ပေးကြတာပဲ တွေ့ရပါတယ်။
ဘိုင်ဒန်ကတော့ လုထုလက်ထဲမှာ လက်နက်လုံးဝမရှိစေချင်တဲ့ အာဏာရှင်တွေထုံးစံအတိုင်း သေနတ်တွေကို မျက်စောင်းထိုးပြီး ပြည်သူကိုလက်နက်ကိုင်ခွင့် မပိတ်ပင်ချင်တဲ့ ထရမ့်ကိုပဲ အပြစ်မြင်လာအောင် မီးမောင်းထိုးပေးပါတယ်။ လုပ်ကြံဖို့ ကြိုးစားသူကို အခင်းဖြစ်ပြီး ၁၀နာရီကျော်ကြာမှ သတင်းထုတ်ပြန်ခဲ့ပေမယ့် အခင်းဖြစ်ပြီး မကြာခင်ကတဲက မဲလိုချင်လို့ သူ့လူကို
ပြန်ပစ်ခိုင်းတယ်ဆိုတဲ့အပေါက်အလမ်းမတဲ့တဲ့ သီအိုရီတခု စဖြန့်လာတာ တွေ့ရပါတယ်။ မဲလိုချင်လို့ စတန့်ထွင်တယ် ဆိုရအောင် မဲအသည်းအသန်လိုနေတာက သွားလေရာ လူ၁၀၀မပြည့်တဲ့ ဒီမန်းရှားဘိုင်ဒန်လေ။ အာဏာစွန့်ရမှာစိုးလို့ မုသားတွေ လှိုင်လှိုင်သုံး၊ ပလန်ဒဲမစ်ကြောင့် လော့ဒေါင်းတွေအတင်းလုပ်လို့ လူတွေအလုပ်တွေပြုတ်ကြတာကို ထရမ့်လက်ထက်မှာ အလုပ်လက်မဲ့ အများဆုံးလို့ ပလိုးစီက မဟုတ်မဟတ်တွေပြောနေတာကြောင့် လစ်ဗြဲမီဒီယာ MSNBC က ဗျူးတဲ့အမျိုးသမီးကတောင် အဲဒါက ဂလိုဘယ်ပန်ဒဲမစ်ကြောင့် ဖြစ်တာမဟုတ်ဘူးလားလို့ ထောက်ရပါတယ်။ လှုပ်ရှားနေတဲ့ လူတယောက်ကို နားရွက်ပဲ မှန်အောင်ပစ်ရမယ်ဆိုတာ ဖြစ်နိုင်မလား၊ ခေါင်းကိုတော့ချိန်ပစ်၊ သေတော့မသေစေနဲ့ဆိုတာရော ဖြစ်နိုင်မလားဆိုတာ တော်ရုံဦးနှောက်နဲ့ သိနိုင်ပါတယ်။ မဲကတော့ ရမှာပါပဲ၊ ချူလို့ရတာမဟုတ်ပါဘူး၊ မတရားတာမြင်ရင် မတရားခံနေရသူဘက်က ရပ်ကြတဲ့ လူပီသသူတွေရဲ့ ချစ်စရာ စိတ်ဓါတ်ကြောင့်ပါ။ အဲဒီစိတ်ဓါတ်ကြောင့်လည်း လောကကြီးက တအားမဆိုးသေးတာပါ။
လုပ်ကြံပစ်ခတ်မှုအပြီးမှာ ဘီလျံနာသူဌေးကြီးများဖြစ်ကြတဲ့ Elon Musk နဲ့ Pershing Square Capital Management က Bill Ackman တို့က ထရမ့်ကို အပြည့်အဝ ထောက်ခံ endorse လုပ်ပါကြောင်း ညတွင်းချင်း ကြေငြာခဲ့ကြပါတယ်။ အီလွန်က ထရမ့်နဲ့ ရီပါဘလစ်ကန်တွေအောင်နိုင်ရေးအတွက် ပမာဏဖော်ပြမထားတဲ့ ငွေများကိုလည်း super PAC ကို လှူဒါန်းလိုက်ပါတယ်။ အီလွန်က ထရမ့်ကို ခုမှ endorse လုပ်တာဖြစ်ပေမယ့် ရီပါဘလစ်ကန်တွေ မဲပေးဖို့ ဆော်ဩနေခဲ့တာ ၂၀၂၂ကတဲကပါ။ ထရမ့်အပေါ် အီလွန်က အမြင်မကြည်တာမျိုး ရှိခဲ့ပေမယ့် ထရမ့်ကို ဆိုရှယ်မီဒီယာက ဘန်းတာတွေ၊ တဖက်သတ် အမှုဆင်စွပ်စွဲတာတွေ၊ လိမ်ညာဝါဒဖြန့်တာတွေကနေ ထောက်ပြကာကွယ်ပေးခဲ့သလို ထရမ့်ကလည်း အီလွန်လို တခေတ်တယောက်လောက်ပေါ်တဲ့ လူတော်မျိုးကို တိုင်းပြည်က တန်ဖိုးထား အကာအကွယ်ပေးသင့်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
မနက်ဖြန်ဆိုရင် ၄ရက်ကြာ ရီပါဘလစ်ကန်နေရှင်နယ်ကွန်ဗန်းရှင်း မီဝေါလ်ကီ ဝစ္စကွန်ဆင်မှာစပါပြီ။ ထရမ့်က ဒီညကတဲက မီဝေါလ်ကီကို ရောက်နှင့်နေမှာ ဖြစ်ပါတယ်။ အဲဒီပွဲအတွက် ရဲမျိုးစုံ ၄၀၀၀ကျော်အပြင် လိုအပ်လာရင် ဝစ္စကွန်ဆင်နေရှင်နယ်ဂါဒ်တွေပါ အဆင်သင့်ရှိနေမယ်လို့ ဆိုပါတယ်။ အဲဒီအခန်းအနားအတွက် Secret Service တာဝန်ရှိသူ Audrey Gibson-Cicchino က ဒီပွဲအတွက် secret service ထပ်တိုးချပေးဖို့ အစီအစဥ်မရှိဘူးလို့ ဆိုပါတယ်။
ပဏာမရကပမှာ ထရမ့်က ကိုယ်စားလှယ်ပေါင်း ၂၂၆၈ ရရှိနေပြီး နစ်ကီဟေလီက ပြိုင်ပွဲက မထွက်ခင်အထိ ၉၇ဦး ရရှိထားပါတယ်။ ကိုယ်စားလှယ် ၁၂၁၅ဦး ရရင် ပါတီကိုယ်စားပြု သမ္မတလောင်း တရားဝင်ဖြစ်ပါပြီ။ မနက်ဖြန်ကွန်ဗန်းရှင်းမှာ ထရမ့်ကို တရားဝင်ပါတီရဲ့ သမ္မတလောင်းအဖြစ် တရားဝင်သတ်မှတ်ပေးမှာ ဖြစ်ပါတယ်။ တကယ်လို့များ မနေ့က ထရမ့်အသက် အန္တရာယ်ရှိခဲ့ရင် ရီပါဘလစ်ကန်ဘက်က ဘယ်သူ့ကို ခန့်အပ်မလဲဆိုတာက တော်တော်ကြီးတဲ့ ပြဿနာ ဖြစ်လာမှာပါ။ ပြိုင်ပွဲကမထွက်ပဲ တတ်နိုင်သလောက် ပေကပ်နေလို့ ၉၇ဦးအထိ ရလာတဲ့ နစ်ကီဟေလီကိုပဲ တင်ကြမလား၊ အဲဒါတွေမျှော်ကိုးပြီး မနိုင်နိုင်မှန်း သေချာနေတာတောင် နောက်ဆုံးအချိန်အထိ တွယ်ကပ်နေတာလားဆိုတာတော့ သူပဲသိပါလိမ့်မယ်။ ရီပါဘလစ်ကန်တွေက ဒီမိုကရက်တို့ စီစီပီတို့လို “အထက်က”ချပေးတဲ့လူကိုပဲ အကုန်ဝိုင်းပြုံမဲပေးတာမဟုတ်ပဲ ကိုယ့်စိတ်နဲ့ကိုယ် ကောင်းမယ်ထင်တာ ရွေးကြတာများလို့သာ ဒီကိစ္စက ပြဿနာရှိနိုင်နေတာပါ။