ဇူလိုင် ၂၁ရက် ၂၀၂၄

ဒီမိုကရက်အတွင်းစည်းကလူတွေ သတင်းဖြန့်ထားသလိုပဲ ဒီကနေ့မှာ ဘိုင်ဒန်နှုတ်ထွက်ကြောင်း စာထုတ်ပါတယ်။ မနေ့ကအထိ မထွက်ပါဘူး၊ ဝင်ပြိုင်မှာပါလို့ မလျော့သောဇွဲနဲ့ ပြောနေတုန်းဖြစ်သလို အဲဒီစာထဲမှာလည်း ကမလာကို endorse လုပ်တယ်လို့ မပါပါဘူး။ အဲဒီနောက်မှ ထွက်လာတဲ့ X ပို့စ်မှာသာ ဘိုင်ဒန့်စာထဲက နောက်ဆုံးအပိုဒ်ကို endorsement လေး ဖြည့်ထားတာပါ။ ဘိုင်ဒန့် တွဒ်တာက ထရမ့်လို ကိုယ်တိုင်ရေးတင်တာမဟုတ်တာတော့ သတိပြုရပါမယ်။ စကားနဲ့ကတော့ ဒီတပါတ်နှောင်းပိုင်းမှာ လာပါမယ်တဲ့။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို ကိုယ်တိုင်ထွက်မပြောတာ သိပ်အဓိပ္ပါယ်ရှိမနေပါဘူး။ ကဗကို အကြောင်းမပြပါနဲ့၊ ကဗဖြစ်လို့ အိုင်ဆိုလိတ်လုပ်နေရလည်း live လွှင့်လို့ ရတာပါပဲ။ ကမလာရဲ့ စာထဲမှာတော့ သူ့ကို ဘိုင်ဒန်က endorse လုပ်လို့ ကျေးဇူးတင်ကြောင်း ရေးထားပါတယ်။ မေးရအောင်လည်း ဇော်မဲလုံးမလေးရော အိမ်ဖြူတခုလုံးပါ ထူးခြားတိတ်ဆိတ် နေပြီး အရင်ပရက်စ်စက္ကထရီ ဂျန်ဆာကီလည်း ဘယ်လိုဖာရမလဲ စကားလုံးရှာမရ ဖြစ်နေပါတယ်။

လွန်ခဲ့တဲ့ ၁လလောက်ကအထိ ဘိုင်ဒန်မှ ဘိုင်ဒန်ဖြစ်နေခဲ့တဲ့ အိုဘမတို့ ပလိုးစီတို့လို ဒီမိုကရက် ခေါင်းဆောင်တွေက တလအတွင်း နှုတ်ထွက်စေခဲ့တာရယ်၊ ပရိုင်မရီမှာ ရလာတဲ့ မဲတွေကို မျက်ကွယ်ပြုတာရယ်တွေက ဒီမိုကရေစီကျတဲ့ လုပ်ရပ်တွေနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာ တွေ့ရမှာပါ။ ဒီမိုကရက်တွေက ထရမ့်တက်လာရင် ဒီမိုကရေစီ ဆိတ်သုဥ်းပြီလို့ ရင်ကွဲအောင် အော်နေကြပေမယ့် ထရမ့်နိုမီနေးရှင်းရလာတဲ့ဖြစ်စဥ်ရယ် မဲပေးခဲ့တဲ့ဖြစ်စဥ်တွေရယ် အားလုံးမှာ ဒီမိုကရေစီနဲ့ မညီဘူးလို့ ထောက်ပြစရာ ဘာတခုမှ ရှိမနေပါဘူး။ သူခိုးက လူဟစ်တယ်ဆိုတာထက် အများကြီးပိုပါလိမ့်မယ်။

ပြီးခဲ့တဲ့၂ရက်လောက်အထိ ဘိုင်ဒန်ကို ပြိုင်ပွဲကထွက်ဖို့ ပြောကြတိုင်း ဘိုင်ဒန်က ၂၀၁၆တုန်းကလည်း ငါ့ကိုပေးမပြိုင်ပဲ ဟေလာရီကို ပွဲထုတ်ခဲ့တော့ ထရမ့်နိုင်သွားရော၊ ခုလဲ မင်းတို့ ငါ့ကို ပေးမပြိုင်ရင် ထရမ့် နိုင်ဦးမှာပဲတဲ့။ ဟန်းတားကလည်း သူတို့မိသားစု အိတ်ဖောင်းဖို့နဲ့ အရေးယူမခံရဖို့ တတ်နိုင်သလောက်တော့ အိမ်ဖြူမှာ ဆက်နေရဖို့ ကြိုးစားမှာပါပဲ။ ဒီမိုကရက်တွေမှာက သမ္မတဆိုတာ တကယ်အာဏာ ရှိတာမဟုတ်တော့ တွဲပြိုင်မယ့်သူကိုလည်း ကိုယ့်သဘောနဲ့ ရွေးလို့ မရကြပါဘူး။ လူမည်းတွေကို အထင်သေးတတ်တဲ့ ဘိုင်ဒန်လင်မယားနဲ့ လူဖြူတွေကိုမုန်းတဲ့ အိုဘမလင်မယား တဦးနဲ့တဦး ကြည့်မရကြသလိုပဲ ဘိုင်ဒန်နဲ့ ကမလာကလည်း ထိုနည်း၎င်းပါ။ ကင်မရာရှေ့မှာ ချစ်ပြတိုင်း တကယ်ထင်ရင် မှားပါလိမ့်မယ်။ ပြဿနာတက်ရင် အကုန်စားပေါက်တွေ ပိတ်ကုန်မှာစိုးလို့ အောင့်ကာနမ်း လုပ်နေရတာပါ။ ဒီပုံစံနဲ့ တိုင်းပြည်ကို အေးချမ်းအောင် ညီညွတ်အောင် ဖွံ့ဖြိုးအောင် မလုပ်နိုင်တာ သိသာပါတယ်။

ကမ္ဘာ့ရွာအီလိတွေနဲ့ ဒီမိုကရက်တွေရဲ့ အာဂျင်ဒါကြီးတခုဖြစ်တဲ့ နယ်စပ်မဲ့ကမ္ဘာစီမံကိန်းဟာ ဘယ်ဒီမိုကရက်ပဲတက်တက် ဆက်လုပ်သွားမယ့်ကိစ္စပါ။ ပြည်သူမကြိုက်တာ သိလျက်နဲ့ အဲဒီကိစ္စကို ကမလာကို ကိုင်ခိုင်းတယ်ဆိုကတည်းက ဘိုင်ဒန်ရဲ့ ကမလာအပေါ် ထားတဲ့မေတ္တာအတိမ်အနက်ကို ခန့်မှန်းနိုင်ပါတယ်။ ကမလာကလည်း သူမကို တာဝန်ပေးထားတဲ့ တခုတည်းသောအလုပ်ဖြစ်တဲ့ နယ်စပ်ကိစ္စကိုတောင် မျက်နှာပြောင်ပြောင်နဲ့ ရှောင်ခဲ့တာအပြင် တခြားလုပ်ခဲ့တာလည်း မယ်မယ်ရရ ဘာမှ မပြနိုင်ပါဘူး။ ဒါပေမယ့် ကလင်တန်လင်မယားရော အဒမ်ရှစ်ဖ်တို့အပြင် အီလ်ဟန်အိုမာ အပါအဝင် လက်ဝဲစွန်းတွေက ကမလာကို ဝိုင်းပြီး endorse လုပ်ကြပါတယ်။ ကမလာကို endorse လုပ်ကြသူတွေက ဘိုင်ဒန်ဟာ အမေရိကန်သမိုင်းမှာ ဂရိတ်တက်စ်တဦးအနေနဲ့ မွှမ်းကြပါတယ်။ ဒီလို အဖက်ဖက်က အဖတ်ဆည်မရလောက်အောင် ညံ့ဖျင်းလွန်းသူကို ချီးမွမ်းတဲ့သူတွေက ကမလာကို endorse လုပ်တယ်ဆိုတဲ့ အဓိပ္ပါယ်က ဘာများဖြစ်နိုင်ပါမလဲ။

စိတ်ဝင်စားစရာ ကောင်းတာက ကမလာကို ဒီနေရာပို့ထားတဲ့ အိုဘမတို့နဲ့ ပလိုးစီက သူမကို endorse မလုပ်သေးတာပါပဲ။ အိုဘမက ဒလီဂိတ်တွေက မည်သူ့ကိုမဆို ရွေးနိုင်တဲ့ open contest ပဲ ဖြစ်စေချင်တယ်လို့ ဆိုပါတ်။ ကမလာကိုရွေးချင်တဲ့သူတွေက သူမဘာပဲဖြစ်နေနေ အရည်အချင်းကို ထည့်မစဥ်းစားတဲ့ ဝူးမန်းမဲနဲ့ လူမည်းလူညိုမဲကို ငဲ့ပြီး သူမကိုပဲ ရွေးတာလို့လည်း ပြောကြပါတယ်။ ဘယ်သူပဲတက်တက် နောက်ကွယ်က လက်မဲကြီးက ပြောင်းမှာမှ မဟုတ်တာ။ ဘိုင်ဒန်ရထားတဲ့ ဒလီဂိတ်တွေကတော့ ဘိုင်ဒန်ဆက်မပြိုင်ရင် ဘယ်သူ့ကို မဲပေးပေး ရတယ်လို့ ဆိုပါတယ်။

ထရမ့်ကတော့ ဘိုင်ဒန်ပြိုင်ပွဲကထွက်တဲ့အပေါ် ဘိုင်ဒန်က သမ္မတရွေးပွဲ ဝင်ပြိုင်နိုင်လောက်အောင် fit မဖြစ်သလို သမ္မတအဖြစ် ဆက်လုပ်နေလောက်အောင်လည်း fit မဖြစ်ပါဘူး၊ ဘယ်တုန်းကမှလည်း ဒီရာထူးအတွက် fit မဖြစ်ပါဘူးလို့ ပြောသွားသလို ရောဘတ်ကနေဒီဂျူနီယာကလည်း ကမလာက စစ်သိပ်ကြိုက်တဲ့သူ၊ ယူကရိန်းစစ်အပါအဝင် စစ်တွေထပ်ထပ် ဖြစ်နေအောင် လုပ်လာမယ့်သူဖြစ်လို့ ငါ့ဖာသာငါ အင်ဒီပန်းဒန့်အနေနဲ့ ဝင်ပြိုင်ရတာပဲ စိတ်ချမ်းသာတယ်လို့ ဆိုပါတယ်။ ဒီဆန်းတစ်စ်က ကမလာဟာ ဂျိုးအခြေအနေကို သိလျက်နဲ့ ပြည်သူကို လိမ်နေခဲ့တာဖြစ်ပြီး အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး နယ်စပ်ပြဿနာဖြစ်ချိန်မှာ နယ်စပ်အရေးတာဝန်အရှိဆုံးသူ ဖြစ်နေတဲ့အတွက် ဒီမိုကရက်တွေရွှေ့တဲ့အကွက်က တိုင်တန်းနစ်ပေါ်က ကုလားထိုင်တွေ ပြန်ရွေ့ပြန်စီလုပ်နေတာပါပဲလို့ ပြောသွားပါတယ်။ ဒီမိုကရက်ထဲက သိပ်အစွန်းမရောက်လို့ သင်းကွဲမျောက်ဖြစ်ပြီး အင်ဒီပန်းဒန့်အဖြစ် ကူးပြောင်းလိုက်တဲ့ ဆီနိတ်တာ ဂျိုးမန်ချင်က ဒီမိုကရက်ပါတီကို ပြန်ဝင်ပြီး ကမလာနဲ့ယှဥ်အရွေးခံ ရမလားလို့ စဥ်းစားနေပါတယ်။

လုပ်ကြံတဲ့နေ့က ထရမ့်ကို ပေးထားတဲ့ လုံခြုံရေးအများစုက SS တွေမဟုတ်ပဲ DHS (ပြည်ထဲရေး)က တာဝန်ချပေးထားတဲ့ အတွေ့အကြုံမရှိ၊ သေချာပြင်ဆင်ထားတာလည်း မရှိတဲ့လူတွေပါလို့ အတွင်းသတင်းပေးများကို ကိုးကားပြီး ဆီနိတ်တာ ဂျော့ရှ်ဟော်လီက ပြောကြားသွားပါတယ်။ ဟော်လီက ပြည်ထဲရေးဝန် မယောကာ့စ်ထံ စာပေးပို့ပြီး ထုချေလွှာတောင်းထားပါတယ်။ SS ဒါရိုက်တာကိုလည်း လာမယ့်အပတ်မှာ ကွန်ဂရက်စ်မှာ အစစ်ခံဖို့ ဆင့်ခေါ်ထားပြီးဖြစ်ပါတယ်။ ဟော်လီက SS ဒါရိုက်တာကို မစစ်ခင် လုပ်ကြံတဲ့နေရာတဝိုက်ကို လေ့လာဖို့ သွားရောက်ခဲ့တာမှာ FBI က ပေးမဝင်ပဲ နှင်ထုတ်ခဲ့ပါတယ်။ ဟော်လီက ဒေသခံရဲတွေဆီအကြောင်းကြားပြီး ခွင့်ပြုချက်နဲ့ သွားခဲ့တာပါ။ ပြည်သူအတွက် အဖြေရှာဖို့ကြိုးစားတဲ့ဆီနိတ်တာကို မောင်းထုတ်တာဟာ FBI က ဘာတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲဆိုတဲ့ သံသယကို ကြီးထွားစေပါတယ်။

ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတယ်ဆိုတဲ့ သောမတ်စ်ခရွတ်စ်ဟာ ဘလက်ရော့ခ်စီအီးအို လယ်ရီဖင့်ရဲ့ ပတ်သက်နေတဲ့အပြင် လယ်ရီဖင့်ရဲ့ ပရောဂျက်တခုမှာ ကြော်ငြာဝင်ရိုက်ပေးထားသူဖြစ်ပြီး စီးပွားရေးမလုပ်ပဲ အသက် ၂၀နဲ့ နိုင်ငံခြားမှာ encrypted ဘဏ်အကောင့် ၃ခု ရှိသူဖြစ်ပါတယ်။ သူ့ကို ဘယ်သူတွေက နိုင်ငံခြားက ငွေပို့ပေးနေလဲ၊ ဒရုန်းကို ဘယ်သူဝယ်ပေးသလဲ၊ range finder scope ကို ဘယ်သူဝယ်ပေးသလဲဆိုတာတွေက ဆွဲထုတ်ရင် ထုတ်သလောက် ထွက်လာမယ့် အစတွေပါ။ Encrypted ဆိုတော့ လိုက်လို့မရဘူးလို့ပဲ ဆိုပါတော့။ ဘလက်ရော့ခ်စီအီးအိုက ခရောက်စထရိုက် စီအီးအိုလိုပဲ ဒဗလျူအီးအက်ဖ်မှာ အရေးပါတဲ့သူတဦးဖြစ်ပါတယ်။

စုစုပေါင်း asset ၇၇ထရီလီယံရှိတဲ့ ဘလက်ရော့ခ်၊ ဗန်ဂတ်နဲ့ ဖီဒယ်လတီတို့က ဒီမိုကရက်တွေနဲ့ ပဏာသင့်တဲ့ ကမ္ဘာ့ရွာအီလိတွေ ဖြစ်ကြသလို ဝင်ငွေကြမ်းတဲ့ အမေရိကန်ရဲ့ ပုဂ္ဂလိကအကျဥ်းထောင် တွေကို ပိုင်ဆိုင်တဲ့ ကောစီးဗစ်မှာ အဓိက ရှယ်ယာရှင်တွေလည်း ဖြစ်ကြပါတယ်။ နယူးယောက်လိုနေရာမျိုးမှာ ထောင်သားတဦးကို တနှစ် ၆သောင်းကျော်စားရိတ်ရတာဆိုတော့ ထောင်လူစည်လေ စီးပွားဖြစ်လေပါပဲ။ အမေရိကန်ရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ 4.2% နီးပါးသာရှိပေမယ့် ထောင်/အကျဥ်းသားဦးရေက ကမ္ဘာ့ထောင်/ အကျဥ်းသားဦးရေရဲ့ 22% ရှိနေပါတယ်။ အမေရိကန်တသိန်းမှာ ၅၃၁ဦးနှုန်းဖြစ်ပါတယ်။ အဲဒီလို ထောင်လူစည်နေအောင် ကမလာတို့ ဂျိုးတို့ အမွှေစိန်တို့မောင်းခဲ့တာပါ။ ကမလာက ဆေးခြောက် လက်ထဲတွေ့တာနဲ့ ဖမ်း၊ ထောင်ချ၊ ဂျိုးက လူမည်းတွေ မသင်္ကာတာနဲ့ ဖမ်း၊ ထောင်ချ၊ တကယ့်လူဆိုး သူခိုး မုဒိမ်းကောင် လူသတ်သမားတွေကျတော့ အပြစ်မပေါ့ပေါ့အောင်လုပ်၊ လွှတ်ပေး၊ ဘာလို့လဲ ဆိုတော့ တကယ့်လူဆိုးတွေဆိုရင် ထောင်က လုံခြုံရေးပေါ့လို့မရတော့ ပိုစားရိတ်ကြီးတာတပိုင်း၊ သူတို့ကို ပေးနိုင်ကမ်းနိုင်တာ (သို့) သူတို့အသုံးချလို့ရတာတပိုင်းကြောင့် ဖြစ်မှာပါ။

WEF က ကလော့စ်ရွှက်ဘ်က ငါတို့ဟာ ဆိုင်ဘာအတက်ခ်ဟာ တကယ့်ကို ကြောက်စရာကောင်းတဲ့ ကိစ္စကြီးတွေ ဖြစ်လာနိုင်တာ သိပေမယ့် လုံလောက်တဲ့ အာရုံစိုက်မှု မပေးနေဘူး၊ အကြီးစား ဆိုင်ဘာအတက်ခ် ဖြစ်လာရင် လျှပ်စစ်ဓါတ်အားပေးစနစ်တွေ၊ သယ်ယူပို့ဆောင်ရေးတွေ၊ ဘဏ်လုပ်ငန်းတွေ၊ ဆေးရုံလုပ်ငန်းတွေအပါအဝင် အားလုံးလုံးဝရပ်တံ့သွားလိမ့်မယ်၊ ကဗတုန်းက ငါတို့မပြင်ဆင်ထားလို့ ဆုံးရှုံးမှုတွေ တွေ့ကြုံခဲ့ရတာကနေ သင်ခန်းစာယူကြပါ၊ ဆိုင်ဘာအတက်ခ်ကြီး နဲ့ယှဥ်လိုက်ရင် ကဗက ဘာမှမဟုတ်တော့ဘူး ဖြစ်သွားလိမ့်မယ်လို့ လွန်ခဲ့တဲ့ ၂နှစ်က ဖိုရမ်မှာ ပြောသွားခဲ့ပါတယ်။ ကဗမတိုင်ခင်ကလည်း အိုဘမတို့ ဂိတ်စ်တို့က ငါတို့ဟာ ပန်ဒဲမစ်ဖြစ်လာရင် ရင်ဆိုင်ဖို့ အသင့်မဖြစ်ဘူးလို့ ခြိမ်းခြောက်ခဲ့တာနဲ့ အလားတူပါပဲ။ နှစ်ခုလုံးက သူတို့အခက်ကြုံနိုင်တဲ့ ရကပတွေနားမှာ ဝဲနေတာ တိုက်ဆိုက်မှုလို့ ပြောဖို့ခက်ပါတယ်။

ခရောက်စထရိုက်ပြဿနာကြောင့် ကမ္ဘာတဝှမ်း အင်တာနက်တွေပြတ်တောက်ကုန်လို့ အခက်အခဲတွေ ဖြစ်ရတာမှာ ပို့တလန် အော်ရီဂွန်မှာဆိုရင် ဆေးရုံတွေမှာ ဆက်သွယ်ရေးကွန်ယက်တွေပါဒေါင်းသွားလို့ အရေးပေါ်အခြေအနေကြေငြာထားရသလို ပြည်နယ်တချို့မှာလည်း 911 အလုပ်မလုပ်တော့ပါဘူး။ ခရောက်စထရိုက်စီအီးအိုဂျော့ကတ်ဇ်ကို အင်တာနက်တွေပြတ်တဲ့ကိစ္စ အင်တာဗျူးတော့ ခွေးအကြီး လည်လိမ်ထားသလို အီး အဲတွေဖြစ်ပြီး ရေပဲစွတ်သောက်နေရတော့တာပါ။

တကယ်တော့ ခရောက်စထရိုက်ဟာ ဟေလာရီကမ်ပိန်း အီးမေးပေါက်ကြားမှုတို့ ထရမ့်ကို စွပ်စွဲခဲ့တဲ့ ရုရှားကိုလူးရှင်းတို့မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာတွေကို ဖုံးဖိပေးထားတဲ့အဖွဲ့ပါ။ ထရမ့်က အဲဒီဖိုင်တွေတောင်းတုန်းက အက်ဖ်ဘီအိုင်က ယူကြည့်လို့မရအောင် ဒီအန်စီဆာဗာတွေကို ယူကရိန်းမှာ ထားပြီး ယူကရိန်းသူဌေးကြီးကပိုင်တယ်လို့ လုပ်ထားတာပါ။ ယူကရိန်းကိစ္စက မြန်မာအများ ထင်နေကြတာထက် အများကြီး နက်နဲရှုပ်ထွေးပါတယ်။ ဒီမိုကရက်အလံအောက်ကနေ အမေရိကန်ကိုသာမက ကမ္ဘာကိုပါ စိုးမိုးဖို့ကြိုးစားနေသူတွေက သူတို့ရဲ့ အတွင်းသရုပ်တွေကို ဖော်ထုတ်မယ့်သူတွေ ပြည်ဖျက်မယ့်သူတို့အကြံကို ပျက်အောင်လုပ်မယ့် ပြည်သူဘက်ကရပ်တဲ့ ထရမ့်ကို လွယ်လွယ်နဲ့တော့ အနိုင်ပေးမှာ မဟုတ်ပါဘူး။ ထရမ့်အောင်ပွဲဟာ ပြည်သူ့အောင်ပွဲဖြစ်တဲ့ အတွက် ပြည်သူတွေအနေနဲ့ ပိုနိုးကြားကြဖို့ ပိုတက်ကြွကြ ပိုသတိရှိကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Tin Omma Myo

Leave a comment