ပြီးခဲ့တဲ့အပတ်ကတဲက ဒလဝဲအိမ်မှာ ရောက်နေတဲ့ ဘိုင်ဒန်တို့မိသားစုမှာ ဘိုင်ဒန်ကတော့ မနေ့က ပြန်လာတယ်ဆိုပြီး ဗီဒီယိုတက်လာသလို အဲဒီမတိုင်ခင်ကလည်း ဖုံးပြောတယ်ဆိုတဲ့ အသံဖိုင် တက်လာပါတယ်။ အိမ်ဖြူပြန်ဖို့ လေယာဥ်ပေါ် မတက်ခင် သတင်းထောက်တွေက ဝိုင်းမေးကြတာ တွေကို တခွန်းမှ ပြန်မပြောပဲ မျက်မှန်အမဲကြီး တပ်ပြီး လေယာဥ်ပေါ်ကို တက်သွားတာပါ။ စကားသိပ်ပြောချင်တဲ့ ပုံမှန်ဘိုင်ဒန်ပုံစံနဲ့ ကွဲလွဲနေသလို ဘေးမှာအမြဲဖေးမစောင့်ကြပ်နေတတ်တဲ့ ဂျေလ်လည်း အတူတွဲမတွေ့ပါဘူး။
ဒီကနေ့မှာပြုလုပ်တဲ့ အိမ်ဖြူကနေ လူကိုယ်တိုင် ရုပ်သံလွှင့်တာမှာလည်း သူနဲ့ သူ့မိသားစုပဲ ပါပါတယ်။ ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်မြဲဖြစ်တဲ့ သတင်းထောက်တွေ အစိုးရပိုင်းထိပ်တန်းပုဂ္ဂိုလ်တွေပါ ပါဝင်တဲ့ သတင်းစာရှင်းလင်းပွဲပုံစံမလုပ်ပဲ ဘယ်သူနဲ့မှ အတွေ့မခံတဲ့ပုံစံနဲ့ ကြေငြာသွားပြီး တမိသားစုလုံးရဲ့ မျက်နှာတွေကလည်း အသုဘရှင်မျက်နှာတွေလို မသာမယာဖြစ်နေတဲ့အပြင် ထူးခြားတိတ်ဆိတ်နေတာ တွေ့ရပါတယ်။ သူ့သဘောနဲ့သူချတဲ့ ဆုံးဖြတ်ချက်ဆိုရင် စိတ်ဒုံးဒုံးချ ဆုံးဖြတ်ပြီးတဲ့အခါ စိတ်လက် ပေါ့ပါးသွားရမှာလေ။
ဘိုင်ဒန်ကနေ့ပြော(ဖတ်)သွားတဲ့ထဲမှာ ဆူပရင်းကုတ်ကို မြေလှန်မယ့် အစီအစဥ်ရှိတာ ထည့်ပြောသွားပါတယ်။ ဒီကနေ့အမေရိကန် လက်ဝဲတွေဖျက်ချင်သလောက် မပျက်သေးတာဟာ ဆူပရင်းကုတ်ကြောင့်ရော ဖက်ဒရယ်စနစ်ကြောင့်ရော ပါပါတယ်။ ဆူပရင်းကုတ်ပါ အာဏာသိမ်းခံလိုက်ရရင် တိုင်းပြည်ကြီး အဖတ်ဆယ်နိုင်ဖို့ ဝေးသထက် ဝေးသွားတော့မှာပါ။ ကမလာက ကိုယ်ပိုင်အရည်အချင်းနဲ့ ဒီနေရာ ရောက်လာတာလည်းမဟုတ်၊ ကိုယ်ပိုင်စဥ်းစားဉာဏ် ရှိသူလည်း မဟုတ်တော့ လက်မဲတွေကြိုးဆွဲသမျှ အဆုံးအထိ သွားမယ့်သူပါ။ သူမမိသားစုက ဟာမာ့စ်ကို ထောက်ခံပြီး သူမကိုယ်တိုင်က ရာဇဝတ်ကောင်တွေကို ပစားပေးခဲ့သူဖြစ်လို့ သူမက ဘိုင်ဒန်ထက် ပိုဆိုးနိုင်တာဖြစ်ပါတယ်။
အရင်က ဘိုင်ဒန်မကြိုက်ပဲနဲ့ ခုမှ သူ့အတွက် စိတ်ပူပြနေတာလားဆိုရင် ခုလည်း မကြိုက်သလို စိတ်ပူတာကလည်း သူ့အတွက်မဟုတ်ပါဘူး။ နိုင်ငံရေးမှာ မကောင်းတဲ့အစဉ်အလာဖြစ်လာမယ့် ဘယ်ဟာကိုမှ အစ မလုပ်စေချင်တာကြောင့်ပါ။ အစရှိသွားရင် နောင်ကို ပို၍ပို၍ ဆိုးလာဖို့ပဲ ရှိတာ မြန်မာနိုင်ငံထက် ပိုသင့်တော်တဲ့ ဥပမာ မရှိပါဘူး။ ကောင်းတဲ့အလုပ်နဲ့ အမြင့်တက်ဖို့သာ အရှိန်ယူရတာပါ။ ဆုတ်ယုတ်ဖို့ ဆင်းတာကမြန်ချင်သလောက်မြန်လို့ရပါတယ်။ တရားမျှတမှုဆိုတာ ကိုယ့်ပါတီ၊ ကိုယ့်မိသားစု၊ ကိုယ်နှစ်သက်သူတွေအတွက်သာ မဟုတ်ပဲ ကိုယ့်ရန်သူ၊ ကိုယ်မနှစ်သက်သူတွေအတွက်ပါ ရစေဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် တောရိုင်းဥပဒေလိုပဲ နိုင်ရာစားဖြစ်ကုန်မှာပါ။
ဘိုင်ဒန်ရာထူးကထွက်မယ်၊ စာက ရေးနေပြီ၊ ဘယ်နေ့မှာ ထုတ်ပြန်မယ်၊ ဘယ်တော့ လူကိုယ်တိုင်ပြောမယ်ဆိုတာတွေက တပတ်လောက်ကြိုထွက်နေတဲ့အပြင် အဲဒီနောက်ပိုင်းမှာတောင် ဘိုင်ဒန်က ဝင်ပြိုင်မယ်လို့ ပြောဆဲဖြစ်ပြီး မဲဆွယ်ပွဲခရီးစဥ်တွေပါ အကုန်စီစဥ်ထားပြီးဖြစ်ပါတယ်။ ပရက်စ်စက္ကထရီမက ဘိုင်ဒန် ပြိုင်ပွဲကထွက်တာဟာ သူက ဒုတိယသက်တမ်း မထမ်းဆောင်နိုင်တော့လို့မဟုတ်ပါဘူး၊ တိုင်းပြည်နဲ့ ပါတီအတွက် အကောင်းဆုံးဖြစ်မယ့်လမ်းကို ရွေးလိုက်တာပါလို့ ဖာပါတယ်။ သူတို့တွေပါးစပ်က အမှန်ကို မပြောတတ်တော့ဘူးထင်ပါရဲ့။ နောက်ဆင်ခြေတခုအဖြစ် ဘိုင်ဒန်က ကမလာ ထရမ့်နဲ့ပြိုင်ရင် နိုင်မယ်ဆိုတာကို သံသယရှိလို့ ပြိုင်ပွဲက မထွက်သေးတာလို့ ဖြန့်လာကြပြန်ပါတယ်။ ဘယ်လိုဆင်ခြေပဲ ပေးပေးပါ၊ လူထုမဲနဲ့လာတာမဟုတ်တော့ ကမလာကို ဒီမိုကရေစီနည်းနဲ့ ရွေးတာ မဟုတ်တာတော့ ထင်ရှားနေပါတယ်။ ဂျိုးကို ရွေးတာလည်း ဒီမိုကရေစီကျလှတာမဟုတ်ပေမယ့် ကမလာလောက် ရုပ်ပျက်ဆင်းပျက်တော့ မဟုတ်ဘူးလို့ ဆိုရမှာပါ။
ဘိုင်ဒန်ပြိုင်ပွဲက နှုတ်ထွက်တယ်ဆိုတဲ့နေ့မှာပဲ ဟန်းတားက ဖောက်စ်နယူးစ်ကို တရားစွဲထားတဲ့ အမည်ဖျက်မှုကို ရုပ်သိမ်းလိုက်ပါတယ်။ တကယ်ဆို သူ့အဖေ ဆက်မပြိုင်တော့တာနဲ့ သူ့အမှု ရုပ်သိမ်းစရာအကြောင်း မရှိဘူးလေ။ လူမြင်ကွင်းထွက်ရမယ့်ကိစ္စတွေ အတတ်နိုင်ဆုံး ရှောင်ဖယ်လိုက်တာလားလို့ တွေးမိပါတယ်။ ဒီပုံစံနဲ့သာ ဆက်သွားလို့ အခြေအနေတွေ ဆက်လက် ရှုပ်ထွေးနေရင် ရာထူးကပါ တခါတည်း ဂျောင်းလိုက်ဖို့ အများကြီး ဖြစ်နိုင်သွားပါပြီ။
ဘိုင်ဒန်ကိစ္စနဲ့ပတ်သက်ပြီး သုံးသပ်ရရင် ဘယ်လိုပဲဖြစ်ဖြစ် သူတို့တင်ထားတဲ့လူနဲ့ ပွဲပြီးအောင် က ရမယ့်ဟာကို မနိုင်နိုင်လောက်ဘူးဆိုတာနဲ့ ဒီမိုကရေစီဦးဆောင်နိုင်ငံကြီးဆိုတာကို ဘေးချိတ်ပြီး ရုပ်ပျက်ဆင်းပျက်တွေလုပ်တော့တာပါပဲ။ အဲဒါက ဘာကိုပြသလဲဆိုရင် လက်မဲတွေက အာဏာကို ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် လက်မလွှတ်ရအောင် ကြိုးစားမယ်ဆိုတဲ့ လက္ခဏာပါ။ အဲဒီလိုသာဆိုရင် ပြည်သူဘက်က သူတို့မနိုင်မချင်း ခိုးသွင်းရေတွက်မယ့် မဲပမာဏထက် အများကြီး ပိုရမှ ဖြစ်မှာပါ။ နိုင်သွားရင်ရော ပြီးပြီလားဆိုရင် မပြီးသေးပါဘူး။ လောလောဆယ် အနိုင်ရတဲ့ သမ္မတကို အထက်လွှတ်တော်က အတည်ပြုရမှာဆိုတော့ အထက်လွှတ်တော်မှာ ရီပါဘလစ်ကန်က ၄၉ဦးပဲ ရှိတာရယ်၊ အဲဒီထဲမှာ ရိုင်နိုတွေက ပါဦးမှာဆိုတော့ အဲဒီမှာလည်း ညစ်နိုင်ပါသေးတယ်။
နောက်ညစ်နည်းတခုက အခုနဲ့ နောက်သက်တမ်းအတွက် ကျမ်းမကြိမ်ခင်စပ်ကြားမှာ ထရမ့်ကို ထပ်လုပ်ကြံဖို့ ကြိုးစားနိုင်ပါသေးတယ်။ လုံခြုံရေးအဖွဲ့အစည်းတွေက သူတို့လက်ထဲမှာဆိုတော့ ထရမ့်ဘက်မှာ ဘုရားရယ်၊ သူ့ကံရယ်၊ ပြည်သူ့ကံရယ်ပဲ ရှိတယ်လို့ မြင်ပါတယ်။
SS ဒါရိုက်တာ ကင်ဘာလေချီတဲလ်ကတော့ နှစ်ပါတီအမတ်တွေ ဝိုင်းပြီး ဖိအားပေးလိုက်တာ ရာထူးက နှုတ်ထွက်သွားပါပြီ။ သူမကို တင်ထားတာက သူမနဲ့ ရင်းနှီးတဲ့ ဂျေလ်ဘိုင်ဒန်ဆိုတော့ ဇူလိုင် ၁၃ရက် နေ့က အသက်အန္တရာယ် လုပ်ကြံခံရမှာ သိပ်စိုးရိမ်စရာမရှိတဲ့ ဂျေလ်ကို SS ၁၂ဦးပေးထားပြီး ထရမ့်ကို ၃ဦးပဲ ပေးခဲ့တယ်ဆိုတာရယ်၊ အဲဒီနေ့က security briefing ကို မတက်စေခဲ့တာရယ်၊ ခရွတ်စ်ပစ်ခဲ့တဲ့ အမိုးပေါ်ကို လုံခြုံရေးချထားပေမယ့် ပူတယ်ဆိုပြီး ဆင်းသွားကြတာ၊ အဲဒီအဆောက်အဦဝန်းကျင်မှာ အစောင့်တွေ ချထားပေမယ့် ပူတယ်ဆိုပြီး အထဲဝင်နေကြတာရယ်၊ ကွင်းအဝင် စစ်ဆေးတဲ့အချိန်မှာ ခရွတ်စ်ကို မသင်္ကာစရာအဖြစ် တွေ့ရှိခဲ့ပေမယ့် နောက်တော့ မျက်ခြေပြတ်သွားတယ်လို့ ဒေသခံရဲက ကရော်ကမယ်ပြောတာ၊ တော်ရုံပစ်တတ်တဲ့သူ ဆိုရင်တောင် မလွဲနိုင်လောက်တဲ့ အကွာအဝေးကနေ ထရမ့်ကို အမြင့်က သေနတ်နဲ့ ချိန်နေတာကို တိုင်သူရှိလျက်နဲ့ လက်ဦးမှု မရယူတာ၊ ဒေသခံရဲအဖွဲ့ အစည်းတွေရဲ့ အဆိုအရ SS နဲ့ DHS တို့က ပိုမြင့်တဲ့ ပိုတာဝန်ရှိတဲ့ အဖွဲ့အစည်းတွေဖြစ်လို့ သူတို့ကနေ သတင်းအချက်အလက်တွေအားလုံးကို coordinate လုပ်ရမှာကို မလုပ်ပဲ ခေါင်းရှောင်နေခဲ့တာရယ်၊ အားလုံးကို ကြည့်ရင် လုပ်ကြံမှုမှာ အာဏာရှိသူတွေပါနေတာကို သက်သေခံနေတာပဲဖြစ်ပါတယ်။
ထရမ့်ကမ်ပိန်းက ကမလာဟာ ဘိုင်ဒန်ရထားတဲ့ ကမ်ပိန်းအလှူငွေ လက်ကျန် ၉၁.၅သန်းကို ဓါးပြတိုက် မောင်ပိုင်စီးလိုက်တယ်လို့ FEC ကို တိုင်ကြားထားပါတယ်။ ဘိုင်ဒန်က တရားဝင် နိုမီနီမဟုတ်ခဲ့သလို ကမလာကလည်း ဒုသမ္မတနိုမီနီမဟုတ်ခဲ့တာကြောင့် လက်လွှဲခွင့်မရှိဘူးလို့ ဥပဒေက ဆိုပါတယ်။ လာမယ့် နိုဝင်ဘာမှာ ဘိုင်ဒန်ကလည်း နိုမီနီဖြစ်မှာ မဟုတ်တော့သလို ကမလာကလည်း ဒုသမ္မတနိုမီနီ မဟုတ်တော့တဲ့အတွက် ကမ်ပိန်းဖန်းဒ်တွေ ဖြတ်ယူသွားတာဟာ ဥပဒေနဲ့မညီရင် ဘိုင်ဒန်ပြိုင်ပွဲက ထွက်တဲ့နေ့ကစလို့ ရက် ၆၀အတွင်း မူလအလှူရှင်တွေဆီကို ပြန်အမ်းပေးရမှာဖြစ်ပါတယ်။ လောလောဆယ်မှာ ကမလာက ဘိုင်ဒန်ရဲ့ ကမ်ပိန်းဖန်းဒ်တွေကို ယူသုံးနေတာဖြစ်လို့ ဆက်သုံးလို့ရ/မရ အဖြေအမြန်ထွက်ဖို့ လိုနေပါတယ်။
ဒီကနေ့ အမေရိကန်ရဲ့ အစဥ်အလာမဟာမိတ်ဖြစ်တဲ့ အစ္စရေးနိုင်ငံက ဝန်ကြီးချုပ် နေတန်ယာဟု ကွန်ဂရက်စ်ရဲ့ ဖိတ်ခေါ်ချက်နဲ့ လာမိန့်ခွန်းပြောပါတယ်။ ကမလာတို့ ပလိုးစီတို့အပါအဝင် ဒီမိုကရက်အမတ် တဝက်လောက် မတက်ပါဘူး။ ဒီစီမှာ နေတန်ယာဟုကို ဆန္ဒပြကြတဲ့လူတွေက အမေရိကန်အလံ၃ခုကို ဖြုတ်ချမီးရှို့ပစ်ပြီး ပါလက်စ်တိုင်းအလံ ၃ခုကို လွှင့်တင်ခဲ့ကြပါတယ်။ ကိုယ့်နိုင်ငံကိုယ် အဲဒီလောက်မုန်းကြတာက ဒီမိုကရက်တွေရဲ့ ဝိသေသလက္ခဏာပါပဲ။ အမေရိကန်အလံကို မုန်း၊ နိုင်ငံတော်သီချင်းကိုမုန်း၊ နိုင်ငံရဲ့ လူများစုဖြစ်တဲ့လူဖြူတွေနဲ့ လူများစု ကိုးကွယ်တဲ့ဘာသာဖြစ်တဲ့ ခရစ်ယာန်တွေကိုမုန်း၊ ရန်သူနဲ့ဆိုင်တာအကုန် မြတ်နိုး တန်ဖိုးထားကြတာ ဒီမိုကရက်တွေပါ။