ဘိုင်ဒန်အစိုးရက ရုရှားနဲ့ အကျဥ်းသားလဲလှယ်တာကို အကြီးအကျယ်အောင်မြင်မှုကြီးအဖြစ် ဝေဝေဆာဆာ ဖော်ပြကြပါတယ်။ အမေရိကန်တွေ လွတ်လာတာ ဝမ်းသာစရာပါ။ ဒါပေမယ့် ခေါင်းဆောင်ကောင်းရင် အစကတဲက အဖမ်းခံရဖို့ မရှိပါဘူး။ ဖမ်းတာလည်း အမှန်တကယ် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့ အမှု/အပြစ်တွေ မဟုတ်ပါဘူး။ ဂျာနယ်လစ်တွေကို သူလျိူလုပ်သလိုလို ပြောပြီး ဖမ်းထားတာပါ။ တကယ် မူးယစ်ဆေးတွေ့လို့ ပြစ်မှုထင်ရှားနဲ့ ဖမ်းတာက WNBA က ဘရစ်တနေ ဂရင်နာပါ။ သူမကိုကျတော့ ၂၀၂၂မှာ ဘိုင်ဒန်တို့က ကြိုးစားပမ်းစားကယ်ခဲ့ပါတယ်။ ဘရစ်တနေနဲ့ လဲခဲ့တာက ရုရှားက လက်နက်ကုန်သည်အကြီးစား ဗစ်တာဘောက်ပါ။
အခုတကြိမ်မှာ ရုရှားက ပြန်လွှတ်လိုက်တဲ့ အမေရိကန်တွေက အပြစ်မရှိတဲ့ ဂျာနယ်လစ်တွေ အရပ်သားတွေ ဖြစ်နေပြီး ရုရှားဘက်က ပြန်ရလိုက်တာက ကေဂျီဘီတဖြစ်လဲ FSB က အကြီးစားအရာရှိဟောင်း Krasikov, ရုရှားအစိုးရအတွက် ငွေဖြူဖွတ်တဲ့လုပ်ငန်းတွေ၊ အမေရိကန်က လက်နက်ဆန်း၊ လျှပ်စစ်ပစ္စည်းဆန်းတွေကို ဝယ်ပို့ပေးရတဲ့လုပ်ငန်းတွေမှာ ပါဝင်တဲ့ FSB လို့ ယူဆရတဲ့ Vadim Konoshchenok, အမေရိကန်ကွန်ပြူတာကွန်ယက်ကနေ ခိုးယူထားတဲ့ ကော်ပိုရိတ်လျှို့ဝှက် သတင်းတွေနဲ့ စတော့တွေ ဝယ်ရောင်းလုပ်ပြီး ၉၃သန်း မြတ်သွားတဲ့ Vladislav Klyushin, ၉သန်းဖို့ ဘဏ်/ဆိုင်ဘာဟက်ကာနဲ့ ခရက်ဒစ်ကဒ်နံပါတ်တွေခိုးပြီး မြေအောင်ကမ္ဘာကို ရောင်းစားတဲ့ သန်း၅၀တန် ဆိုင်ဘာလူလိမ်ဂိုဏ်းက Roman Seleznev နဲ့ ရုရှားစပိုင်တွေဖြစ်ကြတဲ့ Artem Dultsev, Anna Duleseva, Mikhail Mikushin & Pavel Rubtsov တို့ဖြစ်ပါတယ်။
Krasikov ဟာ Chechen-ရုရှား စစ်မှာ ရုရှားတွေကို တိုက်ခဲ့တဲ့ Chechen ဖိုက်တာဟောင်း Zelimkhan “Tornike” Khangoshvili ကို သတ်မှုနဲ့ ဘာလင်မှာ ထောင်ဒဏ်တသက်ကျခံနေရတာ ဖြစ်ပါတယ်။ အဲဒီလိုလူတွေနဲ့ လဲဖို့ အပြစ်မဲ့တဲ့အမေရိကန်တွေကို ဖမ်းထားတာဖြစ်ပါတယ်။ Khangoshvili ဟာ ပူတင်ရဲ့လူ လက်ရှိချက်ချညာခေါင်းဆောင် Ramzan Kadyrov ရဲ့ ရန်ဖက်ဖြစ်ပါတယ်။
ရုရှားက အမေရိကန်မှာ ဘယ်သူတက်တက် သိပ်စိတ်မဝင်စားသလို နေပြပေမယ့် တကယ်တမ်းက ကမလာတက်စေချင်တာ ဖြစ်ပါတယ်။ အဲဒီလို မူမရှိတဲ့၊ တိုင်းပြည်မချစ်တဲ့ ပျော့ညံ့သူတွေ ဦးဆောင်မှ ကိုယ့်ဆီက အပြစ်သေချာမပြနိုင်တဲ့ ဂျာနယ်လစ်တွေကို ဖမ်းပြီး သူတို့ဆီက တကယ့် အန္တရာယ်ကောင်တွေနဲ့ လဲလို့ရမှာကိုး။ ထရမ့်လို ခေါင်းဆောင်လက်ထက်မှာ အပြစ်မရှိတဲ့ အမေရိကန်တွေကို အဲဒီလို လွယ်လွယ်လေး ဖမ်းလို့ရနိုင်ပါ့မလား။ အခုဘိုင်ဒန်တို့ လုပ်ပြတာဟာလည်း ရကပနှစ်မှာမို့လို့ ထရမ့်တင် အကျဥ်းသားလဲလှယ်တာမျိုး လုပ်နိုင်တာမဟုတ်ပါဘူး၊ ငါတို့လည်း လုပ်နိုင်ပါတယ်လို့ ပြချင်ရုံသက်သက်ပါ။ တကယ်လွတ်စေချင်ရင် ခုထိစောင့်စရာ လိုလို့လား။ ဒီမိုကရက်တွေလုပ်သမျှဟာ နိုင်ငံရေးအမြတ် တွက်ချက်ပြီးလုပ်တာတွေပဲဖြစ်နေတာက ပြည်သူအတွက် ဝမ်းနည်းစရာ ဖြစ်နေတာပါ။
ဒီမိုကရက်တွေ နိုင်ငံရေးတန်းညှိဖို့ကြိုးစားတာပြောရရင် ထရမ့်သေနတ်ပစ်ခံရပြီး လူထုထောက်ခံမှုရော၊ အလှူငွေတွေရောပါ ဆောင့်တက်သွားတာကို အားကျပြီး ဒီမိုကရက်တွေကလည်း ဂျန်၆က ဇတ်လမ်းကြီး ပြန်ဆွဲထုတ်လာပြန်ပါပြီ။ အဲဒီတုန်းက ပိုက်ဗုံးက ကမလာရှိတဲ့နေရာနဲ့ ပေ ၂၀လောက်အထိ ရောက်လာခဲ့တဲ့အကြောင်း ပြန်ဖော်ကြပါတယ်။ သူတို့ထည့်မပြောတာက အဲဒီပိုက်ဗုံးက သူတို့အက်ဖ်ဘီအိုင်က ချထားတယ်ဆိုတာကိုပါ။ သေချာစစ်ရင် ပေါ်ကုန်မှာစိုးတော့ အဲဒီမှာရပ်ထားပြီး မပြည့်စုံတဲ့သတင်းနဲ့ ယုံထင်ကြောင်ထင် လုပ်ကြပါတယ်။ တကယ်သာ ထရမ့်ဘက်သားက လုပ်ခဲ့တာဆိုရင် အခုလောက်ဆို သေဒဏ်တောင် ကျနေလောက်ပါပြီ။ ဒီတထွာလောက်ပိုက်ဗုံးကို တိတ်တိတ်လေး ချသွားတာတောင် မြင်နိုင်တဲ့ SS က သေနတ်ကြီးနဲ့ ခေါင်မိုးပေါ်လျောက်နေတဲ့လူတကောင်လုံး ကျတော့ သူတို့ကလွဲရင် ကျန်တဲ့သူမြင်နေတာ ထူးဆန်းပါနေတယ်။
ကမလာရဲ့ နိုင်ငံတော်လုံခြုံရေးအကြံပေး ဖိလစ်ဂေါ်ဒန်ဟာ ဘိုင်ဒန်-ဟဲရစ်အစိုးရရဲ့ အီရန်ဆိုင်ရာ အထူးသံတမန် Robert Malley အကြောင်း ပြည့်ပြည့်ဝဝ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်လိုက်တဲ့အခါမှာ အီရန်အတွက် အလုပ်လုပ်ပေးနေတဲ့ စပိုင်တွေနဲ့ ဆက်နွယ်မှုရှိနေတာ တွေ့ရှိခဲ့ရပါတယ်။ ရီပါဘလစ်ကန်ဆီနိတ်တာ ကော်တွန်နဲ့ အမတ်စတီဖာနစ်တို့က ပေးပို့တဲ့စာထဲမှာ ဂေါ်ဒန်ဟာ ဒီရာထူးကို မယူခင်က အီရန်ကာကွယ်ရေးဝန်ကြီးဌာနက အကြီးတန်းအရာရှိ Ariane Tabatabai နဲ့ ပူးပေါင်းပြီး အီရန်အစိုးရအပေါ် အမြင်ကောင်းလာအောင်၊ အီရန်နဲ့ အကျိုးစီးပွား တိုးတက်လာအောင် opinion piece ၃ပုဒ် ရေးခဲ့ကြောင်း၊ ၂၀၂၀ မတ်လတုန်းက ရေးခဲ့တဲ့ (ဝါဒဖြန့်) ဆောင်းပါးထဲမှာ အီရန်အပေါ် ဆန်ရှင်ဆက်ထားသွားရင် အရှေ့အလယ်ပိုင်းမှာ ကြီးမားတဲ့ ပဋိပက္ခကြီး ဖြစ်လာနိုင်ကြောင်း၊ နောက်တခုမှာတော့ ဆန်ရှင်ကြောင့် အီရန်က ဒေါပွပြီး အိမ်နီးချင်းတွေ၊ အရှေ့အလယ်ပိုင်းက အမေရိကန်အကျိုးစီးပွားနဲ့ နိုင်ငံသားတွေကို ဝင်တိုက်လိမ့်မယ်လို့ ရေးထားပါတယ်။
အမှန်က ထရမ့်လက်ထက်မှာ ဆန်ရှင်နဲ့ ခြိမ်းခြောက်မှုနဲ့ ဖိထားတော့ မလှုပ်ရဲတဲ့ အီရန်က ဘိုင်ဒန်တက်တော့မှ ဆန်ရှင်ကို အူယားဖားယား ဖြေလျော့ပေးခဲ့လို့ အစ္စရေးကို ဝင်တိုက်တဲ့ ကိစ္စတွေ ဖြစ်လာတာပါ။ သူ့စာတမ်းနဲ့ ပြောင်းပြန်ပါ။ ကမလာကတော့ အဲဒီလူကို မသိလို့ ခန့်ထားတာ မဖြစ်နိုင်ပါဘူး။ သူမက ဟာမာ့စ်တို့ အီရန်တို့လို တိုင်းပြည်ရန်သူမှန်သမျှ — မ မယ့်သူပါ။ အဲဒီဆောင်းပါးရေးတဲ့ Tabatabai ကို ကမလာက အလုပ်မဖြုတ်တဲ့အပြင် Robert Malley ရဲ့ လက်ထောက်အဖြစ် security clearance တောင် ပေးလိုက်သေးတာဖြစ်လို့ နိုင်ငံရဲ့ ထိပ်တန်းလျိူ့ဝှက်တွေကို သိခွင့် ဝင်ထွက်/သုံးစွဲခွင့် ရသွားပါသေးတယ်။ အခုလိုပေါ်သွားပြီးမှ Malley ကို လစာမဲ့ခွင့်ပေးပြီး security clearance ကို ပြန်ရုတ်ခဲ့တာပါ။
ဩဂုတ် ၁-၅ရက်အထိ ပြုလုပ်တဲ့ DNC virtual roll call မှာ ကမလာက ပါတီရဲ့ တရားဝင်နိုမီနီဖြစ်ဖို့ လိုအပ်တဲ့ဒလီဂိတ်အရည်အတွက်ထက် ကျော်သွားပြီဖြစ်လို့ တရားဝင်နိုမီနီဖြစ်သွားပါပြီ။ သူမဟာ ပရိုင်မရီမှာ လုံးဝဝင်မပြိုင်လိုက်ရပဲ အဆင်သင့် ကောက်တင်ခံရတဲ့ တဦးတည်းသော နိုမီနီပါ။ ၂၀၂၀တုန်းက ပရိုင်မရီမှာတော့ သူမရဲ့ပြည်နယ်ဖြစ်တဲ့ ကယ်လီဖိုးနီးယားမှာတောင် ရှုံးခဲ့ပြီး ဘဲဥ မကွဲခဲ့ပါဘူး။ အခုတော့ မီဒီညာများမန်းမှုတ်လိုက်တော့ တပြည်လုံးကပဲ တခဲနက် ဝိုင်းထောက်ခံနေကြသလို နံပါတ်လေးတွေက ကော့ပျံနေပါတယ်။ ဟေလာရီတုန်းကလည်း ထရမ့်က ပိုးလ်တွေမှာ ဂဏန်း၂လုံးတောင် သိပ်မပြည့်ချင်ပါဘူး။ မျက်စိမှိတ်ယုံတဲ့ ဒီမိုကရက်တွေချည့် ရွေးမေးရင် ၁၀၀% တောင် ပြပါလိမ့်ဦးမယ်။ စဥ်းစားတတ်တဲ့သူတွေကတော့ ချင့်ယုံကြမှာပါပဲ။
ကမလာနဲ့ တွဲပြိုင်မယ့်သူက ပင်ဆယ်လ်ဗေးနီးယားဂါဗာနာ ဂျော့ရှ်ရှာပီရိုဖြစ်ဖို့ များပါတယ်။ ပင်ဆယ်လ်ဗေးနီးယားက အရေးပါတဲ့ ဆွင်းစတိတ်ဖြစ်တဲ့အပြင် ဒိုနာအများဆုံး ယူလာနိုင်သူလည်း ဖြစ်တာကြောင့်လို့ ဆိုပါတယ်။ မူကတော့ ပြောစရာမလိုပါဘူး၊ ခုခေတ်မှာ ဘယ်ဒီမိုကရက်မှ မူမရှိပါဘူး၊ သူတို့မှာ ပြနိုင်တာဆိုလို့ အဘောရှင်းကိစ္စကို မိန်းမအခွင့်အရေးဆိုပြီး လိမ်ညာမှိုင်းတိုက်မယ်၊ လူမျိုးရေးအမုန်းမှိုင်းတိုက်ပြီး လူမည်းလူညိုမဲတွေကို ချူမယ်၊ ပြိုင်ဖက်ကို လိမ်ညာအပုတ်ချမယ်၊ အီလီးဂဲတွေ ၁၅သန်းလောက်သွင်း၊ မဲပေးခွင့်ရအောင်လုပ်ပြီး မိုးခဲမယ်ပေါ့၊ အဲဒါတွေပါပဲ။ အီလီးဂဲတွေ သိပ်မများတဲ့ မန်ဆာချူးဆက်လိုပြည်နယ်လေးမှာတောင် အီလီးဂဲတွေအတွက် ကုန်ကျငွေက တနှစ်ကို ၁ ဘီလီယံကျော်နေပါပြီ။ ပြည်နယ်လူဦးရေက ၇သန်းလောက်ပဲရှိတာဆိုတော့ တဦးချင်းစီအပေါ် တိုးလာမယ့် ဝန်ထုပ်ဝန်ပိုးက မနည်းပါဘူး။
ဒီမိုကရက်တွေ ရကပနိုင်ဖို့ ခြတွေ ဝိုင်းအုံကြိုးစားနေတာမှာ ဘိုင်ဒန်-ဟဲရစ်အစိုးရက ဆိုရှယ်မီဒီယာမှာ ကွန်ဆာဗေးတစ်တွေကို ဆင်ဆာလုပ်တဲ့ နိုင်ငံတကာအုပ်စုတခုကို ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ကန်ထရိုက်တွေ ချပေးထားတာကို တွေ့ရတယ်လို့ နေရှင်နယ်ပါ့လ်စ်က ဝီလျံအပ်တန်က ရေးသားထားပါတယ်။ ဖောင်ဒေးရှင်းအော့ဖ်ဖရီးဒမ်းအွန်လိုင်းက ထုတ်ပြန်တဲ့ အထောက်အထားထဲမှာ ဘိုင်ဒန်-ဟဲရစ်အစိုးရဟာ ဂလိုဘယ်အလိုင်းယန့်စ်ဖော်ရက်စ်ပွန်းဆေးဘဲလ်မီဒီယာ (GARM) ကတဆင့် ပြည်သူ့အခွန်တွေသုံးပြီး ကွန်ဆာဗေးတစ်တွေကို ဆင်ဆာလုပ်နေကြောင်း၊ GARM က ကမ္ဘာပေါ်က ကြော်ငြာအားလုံးရဲ့ ၉၀% သုံးနေတဲ့ ကြော်ငြာအေဂျင်စီ ၄ခုဖြစ်တဲ့ IPG, Omnicom, WPP နဲ့ Publicis Groupe တွေပါဝင်တဲ့ ကမ္ဘာ့ကြော်ငြာသူများဖက်ဒရေးရှင်းကိုဖွဲ့ပြီး သူတို့အာဂျင်ဒါနဲ့ ဆန့်ကျင်သူတွေဆီမှာ ကြော်ငြာမထည့်ဖို့ အကြပ်ကိုင်ကြပါတယ်။
အီလွန်တွဒ်တာကို ဝယ်ပြီး ဖရီးစပိချ်ပလက်ဖောင်အဖြစ် လုပ်လိုက်တော့ ကြော်ငြာရှင်တွေ သပိတ်မှောက်ကြတာ မှတ်မိကြဦးမှာပါ။ အဲဒါက GARM လက်ချက်ဖြစ်ပြီး နောက်ကွယ်မှာ ဘိုင်ဒန်-ဟဲရစ်အစိုးရ ပါနေတာပါ။ IPG က ကျန်းမာရေးဝကဌာနနဲ့ ကာကွယ်ရေးဝကဌာနတွေကနေ ၁.၅ဘီလီယံဘိုး ကန်ထရိုက်ရထားတာဖြစ်ပြီး Omnicom က အာမီ၊ အဲဖို့စ်နဲ့ မက်ဒီကဲ၊ မက်ဒီကိတ်တွေနဲ့ ၅ဘီလီယံဖိုး ကန်ထရိုက်ရထားတာဖြစ်ပါတယ်။ WPP က နေဗီကနေ ၄၅၅သန်းဖိုး၊ Publicis Groupe က ကျန်းမာရေးဌာနကနေ ၃၉၄.၂သန်းဖိုး အသီးသီး ကန်ထရိုက်ရထားကြပါတယ်။ X ကိုတင် ဆင်ဆာလုပ်တာ၊ ကြော်ငြာသပိတ်မှောက်တာမဟုတ်ပါဘူး။ Spotify ကိုလည်း ကဗနဲ့ပတ်သက်တဲ့ အစိုးရပေါ်လစီကို ဝေဖန်တဲ့ လူနားထောင်တာအများဆုံး ဂျိုးရိုဂင်ကို ဆက်ပြောခွင့်ပြုထားလို့ ဖိအားပေးခဲ့တဲ့အပြင် spotify မှာဆက်ကြော်ငြာနေတဲ့ ကိုကာကိုလာကိုပါ တိုက်ခိုက်ခဲ့ပါတယ်။ ဂျိုးရိုဂင်တို့ တပ်ကာတို့က တသက်လုံး ဒီမိုကရက်ဖက်ကပါ။ အမြင်မတော်လွန်းတော့ ထောက်ပြမိတာကနေ သူတို့ကန်ထုတ်လိုက်လို့ ဒီဘက်လွင့်လာကြတာပါ။ ဒါဆိုရင် ဒီမိုကရေစီရဲ့ အန္တရာယ်က ဘယ်ပါတီလဲဆိုတာ ရှင်းလောက်ပါပြီ။