ဩဂုတ် ၁၃ရက် ၂၀၂၄

မနေ့က ထရမ့်နဲ့ အီလွန်တို့ရဲ့ စကားဝိုင်းဟာ အနှောက်အယှက်တွေကြောင့် ၁နာရီလောက် နောက်ကျပြီးမှ စတင်နိုင်ခဲ့ပါတယ်။ ပလက်ဖောင်မျိုးစုံ အကောင့်ပေါင်းစုံကနေ တဆင့် ပြန်တင်ကြတာကို ဝင်နားထောင်ကြတာ နေ့မကူးခင် အားလုံးပေါင်း ၉၉၈သန်း (၁ဘီလီယံနီးပါး) ရှိတယ်လို့ အီလွန်က မနေ့ညက တင်ထားပါတယ်။ တိုင်းပြည်ကို ချစ်ကြတဲ့ လူတော် ဒီမိုကရက်ဟောင်း နှစ်ယောက် အပြန်အလှန်လေးစားသမှုနဲ့ တိုင်းပြည်အတွက် ဘယ်လိုတွေကောင်းအောင် လုပ်ပေးရမယ်ဆိုတာကို ၂နာရီလောက် ပြောသွားကြတာပါ။ ထရမ့်ကအစကတည်းက အီလွန်အပေါ် တန်ဖိုးထားလေးစားပေမယ့် အီလွန်က ထရမ့်ကို လုပ်ကြံမှုဖြစ်ပြီးနောက်မှ အန်ဒေါ့စ်လုပ်ခဲ့တာပါ။ ဒါပေမယ့် စကားဝိုင်းက စကတည်းက နွေးနွေးထွေးထွေးရှိခဲ့ပါတယ်။ ဒီလိုအရည်အချင်းတွေကြောင့်ပဲ ထရမ့်ဟာ ဟူစိန်က အန္တရာယ်အကြီးဆုံးလို့ ဆိုတဲ့ ကင်ဂျုံအွန်လိုလူကိုတောင် ကလေးလေးလို ဖြစ်သွားအောင် လုပ်နိုင်ခဲ့တာပါ။

စကားပွဲအကြောင်း ကြေငြာရုံရှိသေးတယ်၊ စတောင်မစရသေးခင်မှာ အီးယူကော်မရှင်နာတဦးဖြစ်တဲ့ Thierry Breton က အီလွန်ကို ထရမ့်ကို အင်တာဗျူးတာဟာ လူများများကြည့်လေ များများတာဝန်ရှိလေဖြစ်လို့ အန္တရာယ်ဖြစ်နိုင်တဲ့စကားတွေ အကြီးကြီးပြန့်သွားနိုင်တယ်လို့ သတိပေးစာထုတ်ခဲ့ပါတယ်။ ဒီကနေ့တော့ အဲဒီစာဟာ အီးယူဥက္ကဋ္ဌရော ကော်မရှင်ရဲ့သဘောပါ မပါရှိဘူးလို့ ကော်မရှင်က ကြေငြာသွားပါတယ်။ လူများများကြည့်လေ တာဝန်ကြီးလေဆိုတာ မှန်သလို လူတယောက်ပဲကြည့်လည်း မှန်တာပြောဖို့ ပြောတဲ့/ ရေးတဲ့သူမှာ တာဝန်ရှိတာပါပဲ။ အန္တရာယ်ဖြစ်လားဆိုတာက ဘယ်သူ့အပေါ်လည်းဆိုတာပေါ် မူတည်ပါတယ်။ အနာရှိတဲ့သူ အပြစ်လုပ်ထားတဲ့သူက လေပြေတိုက်လည်း စပ်မှာ၊ နာမှာပါပဲ။ ဒီစကားဝိုင်းက ပြည်သူအတွက် ဘာအန္တရာယ်မှမရှိတာ နားထောင်သူတိုင်း သိပါတယ်။

ပြောသွားကြတာတွေက အများသိပြီးသားတွေများလို့ လူသိနည်းမယ့်ဟာလေးကိုပဲ ရေးပေးပါမယ်။ အမေရိကန်က ကမ္ဘာ့ထိပ်တန်း နံပါတ် ၁နိုင်ငံဖြစ်ပေမယ့် ခုအထိ ကျည်ဆံရထားလိုမျိုး မြန်နှုန်းမြင့်ရထားတွေ မရှိသေးပါဘူး။ တခြားဖွံဖြိုးပြီးနိုင်ငံတိုင်းလိုလိုမှာ ကျည်ဆံရထားရှိပါတယ်။ တရုပ်နဲ့ ရုရှားမှာလည်း ရှိပါတယ်။ အမေရိကန်လို ကျယ်ပြန့်ပြီး ချမ်းသာတဲ့နိုင်ငံကြီးမှာ ကျည်ဆံရထားမရှိတာ စီးပွားရေး လူမှုရေး တပန်းရှုံးသလို ရှက်စရာလည်း ကောင်းပါတယ်။ အီလွန်ရဲ့ ဂြိုလ်တုတွေ အောင်မြင်သလို လူရော ကုန်စည်ပါ ပို့နိုင်တဲ့ tunnel ကလည်း အောင်မြင်ရင် အမေရိကန်မှာတင်မက ကမ္ဘာကိုပါ အကျိုးများစေမှာပါ။ ဒါပေမယ့် tunnel ပရောဂျက် အောင်မြင်ဖို့နဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့က အစိုးရဘက်က support ပေးဖို့ လိုပါတယ်။ အခုလို ဒီမိုကရက်အစိုးရတွေ နောက်လိုက်မီဒီညာတွေက အသည်းအသန်လိုက်တိုက်ခိုက်နေပုံနဲ့ ဘယ်လိုမှ လုပ်လို့ မရနိုင်ပါဘူး။    

ဆန်ဖရန်နဲ့ အယ်လ်အေကြားမှာ ၂၀၁၅ကတဲက စဖောက်နေတဲ့ အမြန်ရထားလမ်းကြောင်းက ခုထိ ဘာဆိုဘာမှ ပြစရာမရှိသေးပါဘူး၊ Merced နဲ့ Bakersfield ကြား တဖြတ်ပြီးဖို့ ရည်မှန်းထားပေမယ့် ဘယ်တော့ဆိုတာလည်း မပြောနိုင်ပြန်ဘူး၊ ငွေကတော့ ၂၀၂၃နှစ်ကုန် အထိ ၁၁.၂ဘီလီယံ ကုန်နှင့်ပါပြီ။​ အဲဒီတဖြတ်ပြီးဖို့ နောက်ထပ် ၂၈-၃၅ဘီလီယံ ထပ်ကုန်မယ်ဆိုတဲ့သတင်းနောက်ပိုင်း  အဲဒီရထားလမ်း သတင်းတွေ တက်မလာတော့ပါဘူး။ ဒီမိုကရက်တွေအစွမ်းနဲ့ ဥပဒေတွေကြပ်၊ မဟုတ်တဲ့ကိစ္စတွေမှာ နင်းသုံး၊ ဟုတ်တဲ့ကိစ္စတွေမှာ ဘုံး၊  လုပ်ငန်းရှင်တွေအတွက် ရေမြေကောင်းမဟုတ်တော့ ထွက်ပြေးနိုင်တဲ့သူပြေး၊ မပြေးနိုင်ရင် ပိတ်တော့ အခွန်ကဝင်ငွေလျော့၊ ဇီးသီးဗန်းတွေကမှောက်၊ အုပ်ချုပ်မှုက ညံ့ဖျင်းဆိုတော့ ဒီမိုကရက်တွေတက်နေသမျှ ကျည်ဆံရထား/လမ်းဖြစ်လာဖို့ လမ်းမမြင်တော့ပါဘူး။ ကမလာလို လက်ဝဲစွန်းတက်ရင် အဲဒီထက် အများကြီးဆိုးပါဦးမယ်။

Leave a comment