ကလိုင်းမိတ်ချိန့်အာဂျင်ဒါက ဘယ်သူ့အကျိုးအတွက်လဲ။

လာမယ့်ရကပမှာ စဥ်းစားတတ်တဲ့သူတိုင်းက တိုင်းပြည်အတွက်ရော ကမ္ဘာကြီးအတွက်ပါ ဘယ်သူက ကောင်းကျိုးပိုပြုနိုင်မလဲ ဆိုတဲ့ ပေတံနဲ့တိုင်းပြီး မဲပေးကြမယ်လို့ ယုံကြည်ပါတယ်။ ကမ္ဘာကြီးကို ဒီမိုကရက်တွေ မောင်းနေတဲ့ ကလိုင်းမိတ်အာဂျင်ဒါက ကမ္ဘာကြီးကို အမှန်တကယ် ကောင်းစေလိုတာလား၊ ဂျင်းကျွေးနေတာလားဆိုတာကို သိအောင်လုပ်ဖို့ လိုလာပါပြီ။ ကမ္ဘာမြေထု လေထု ကျန်းမာဖို့အတွက် အဓိကက သစ်ပင်တွေလို့ပြောရင် မမှားနိုင်ပါဘူး။ ကလိုင်းမိတ်ချိန့် အော်နေတဲ့ ဘယ်ဒီမိုကရက်ကများ သစ်ပင်စိုက်ဖို့ အမှိုက်ထွက်နည်းဖို့ ပြောကြပါသလဲ။

ကမ္ဘာကြီးကို ကာဗွန်ဖွတ်ပရင့်တွေလျော့ချဖို့အတွက် ကလိုင်းမိတ်လက်ချာပေးဖို့ ဒါဗို့စ်ကို သွားကြတဲ့ ဒီမိုကရက်နဲ့ ဒီမိုကရက်မိတ်ဆွေအီလိကြီးများရဲ့ ကိုယ်ပိုင်လေယာဥ်တစင်း တနာရီထွက်တဲ့ ကာဗွန်က ကားတစီး ပျမ်းမျှတနှစ်စာထွက်တဲ့ ကာဗွန်နဲ့ တူတယ်ဆိုတာ သိပါသလား။ ဒီမိုကရက်မိတ်ဆွေ ဆယ်လီများ ကိုယ်ပိုင်လေယာဥ်တဝီဝီနဲ့ ကမ္ဘာပတ် မုန့်စား၊ ဈေးဝယ်ထွက်နေကြတာက ကမ္ဘာကြီးကို မထိခိုက်ပဲ မသွားမဖြစ် သွားရတဲ့ အလုပ်/ကျောင်းတွေအတွက် ထွက်တဲ့ ကာဗွန်ကမှ ကမ္ဘာကြီးကို ရွေးပူစေတယ်ဆိုတဲ့ လော့ဂျစ်ကလည်း စဥ်းစားစရာပါပဲ။

သို့ကလို သူတို့နဲ့ အပေါင်းအပါများက ကာဗွန်တန်ပေါင်းများစွာ ပျော်ပျော်ကြီး ထုတ်လွှင့်နေကြပေမယ့် ပြည်သူကိုတော့ လျှပ်စစ်ကားပဲ သုံးကြဖို့ ကွန်ကွန်ကယ်လီမှာ ရာဇသံပေးထားပါပြီ။ ၂၀၃၅မှာ ကယ်လီဖိုးနီးယားမှာရောင်းမယ့် ကားအသစ် ထရပ်ကား SUV အသစ်အားလုံးက zero emission vehicle လျှပ်စစ်ကား ဖြစ်ရပါမယ်တဲ့။ ဘိုင်ဒန်-ဟဲရစ်အစိုးရကတော့ ၂၀၃၂မှာ အမေရိကန်မှာရောင်းတဲ့ ကားအသစ်တွေအားလုံးရဲ့ ၃ပုံ ၂ပုံက လျှပ်စစ်ကားဖြစ်ရပါမယ်လို့ ဒီနှစ်မတ်လမှာ အမိန့် ထုတ်သွားပါတယ်။ ကမလာက ပိုအစွန်းရောက်သူ ဆိုတော့ ပိုဆိုးလာဖို့ပဲ ရှိပါတယ်။ အဲဒါဆိုရင် ပြည်တွင်းကားစက်ရုံလုပ်သားတွေ စက်ပြင် စတဲ့ အလုပ်တွေ အကုန်လုံး ပါသွားပါတော့မယ်။ အဲဒီအတွက် လျှပ်စစ်တိုးထုတ်ဖို့ စီစဥ်ထားတာရှိလားဆိုတော့လည်း လုံးဝ လုံးဝ မရှိပါဘူး။ ခုတောင် အပူလှိုင်းဖြတ်၊ မုန်တိုင်းတိုက်ရင် မီးဖြတ်တာ အကျင့်ဖြစ်နေကြပါပြီ။ အေအိုင်က ပါဝါအလွန်စားတဲ့အတွက် တရုပ်နောက် မကျန်ခဲ့ဖို့ အဲဒီကိစ္စကိုလည်း ထည့်မစဥ်းစားလို့ မဖြစ်ပါဘူး။

ရေနံ၊ ဓါတ်ငွေ့၊ ကျောက်မီးသွေးတွေက အမေရိကန်မှာ ပေါများလှသလို ထုတ်လုပ်တဲ့ နည်းပညာလည်း ကမ္ဘာမှာ အမြင့်ဆုံးဖြစ်လို့ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ပါတယ်။ အဲဒီလို ပြည်တွင်းမှာ ဖောဖောသီသီလည်းထွက်၊ သန့်သန့်ရှင်းရှင်းလည်း ထုတ်နိုင်တဲ့ ရေနံ၊ ဓါတ်ငွေ့တွေကို ပိတ်ပင်ပြီး ဗင်နီဇွဲလားလို ထုတ်လုပ်မှုနည်းပညာနိမ့်တဲ့နိုင်ငံတွေက ရေနံကို ဝယ်သုံးတာက ပြည်သူတွေအတွက်လည်း စားရိတ်စက ထိုးတက်သွားသလို ပတ်ဝန်းကျင်အတွက်လည်း ဘယ်လိုမှ ပိုမကောင်းနိုင်ပါဘူး။ ဒီမိုကရက်နဲ့ ကမ္ဘာ့ရွာ ကလိုင်းမိတ်သမားတွေက ကမ္ဘာမှာ အသန့်ရှင်းဆုံး ဈေးအချိုဆုံး လျှပ်စစ်ထုတ်ပေးနိုင်တဲ့ နျူစွမ်းအင်ကိုလည်း လိုက်ပိတ်ပင်ကြပြန်ပါတယ်။ ခုခေတ် နည်းပညာတွေက အရင်ကထက် အများကြီးတိုးတက်နေပြီဖြစ်လို့ နျူစွမ်းအင်ကို စိတ်ချလက်ချ သုံးစွဲလို့ ရနေတဲ့ကြားက ပိတ်ပင်ကြတာလည်း အံ့ဩစရာပါ။

လျှပ်စစ်ကားတစီးထုတ်လုပ်တာဟာ ရိုးရိုးကားတစီး ထုတ်လုပ်တာထက် ဓါတ်သတ္တု ၆ ဆ ပိုကုန်ပြီး ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်တဲ့ စက်ရုံဆောက်တာက အလားတူဓါတ်အားထုတ်ပေးဖို့အတွက် ဓါတ်ငွေ့ကနေ လျှပ်စစ်ထုတ်တဲ့စက်ရုံဆောက်တာထက် ဓါတ်သတ္တု ၉ ဆ ပိုကုန်ပါတယ်။ ဒါ့အပြင် အဲဒီလျှပ်စစ်ကားအာဂျင်ဒါက လောလောဆယ် ဈေးကွက် လိုအပ်ချက်ထက် ၂၀၄၀မှာ လစ်သူယံ ၄၂ဆ၊ ဂရက်ဖိုက် ၂၅ဆ၊ ကိုဘော့ ၂၁ဆ၊ နစ်ကယ် ၁၉ဆ၊ မြေရှား ၇ဆ တိုးပြီး လိုအပ်လာမှာ ဖြစ်ပါတယ်။ ဓါတ်သတ္တုတွေတူးတာ ပတ်ဝန်းကျင်အတွက် ဘယ်လောက်ဆိုးသလဲဆိုတာ မြန်မာပြည်က စံပယ်တောင်၊ ကြေးစင်တောင်၊ လက်ပံတောင်းတောင်တွေက သက်သေပါပဲ။

ကမ္ဘာမှာ ရေနံ/ဓါတ်ငွေ့ ထုတ်လုပ်မှုက ပြန့်ပြန့်နှံ့နှံ့ ရှိသလောက် ပြောခဲ့တဲ့ ဓါတ်သတ္တု ၅မျိုး ထုတ်လုပ်မှုက ကမ္ဘာ့နေရာအနည်းငယ်မှာပဲ ရှိတာဖြစ်ပါတယ်။ ကြေးနီ၊ နစ်ကယ်၊ ကိုဘော့၊ လစ်သူယံနဲ့ မြေရှားတွေထုတ်လုပ်မှုရဲ့ ၃၅-၈၅% ကိုတော့ တရုပ်က ချုပ်ကိုင်ထားတာပါ။ ၁၃နိုင်ငံပါဝင်တဲ့ အိုပက်က ကမ္ဘာ့ရေနံဈေးကွက်ရဲ့ ၄၀%လောက်ပဲရှိတာနဲ့ ယှဥ်ကြည့်ရင် ဒီမိုကရက်တွေရဲ့ အာဂျင်ဒါက တရုပ်ရဲ့ အရေးပါမှုကို လျော့ပါးစေမလား၊ အများကြီး ကြီးထွားစေမလားဆိုတာ သိနိုင်ပါတယ်။ သူတို့ပြောတဲ့ Sustainable ဆိုတဲ့ ပလန်က တကယ် sustainable ဖြစ်တာ မဟုတ်သလို ကလိုင်းမိတ်ကို ကောင်းစေမယ်ဆိုတဲ့ ပလန်ကလည်း ကမ္ဘာမြေကို ပတ်ဝန်းကျင် အညစ်ညမ်းခံပြီး လိုအပ်တဲ့ ဓါတ်သတ္တုတွေ မြေလှန်ပြီး အဆပေါင်းများစွာ တိုးတူးမှရမယ့် အနေအထား ဖြစ်နေပါတယ်။ အဲဒီလို လုပ်ဖို့တောင်မှ တရုပ်ကို မခယပဲ မဖြစ်နိုင်တာ တွေ့ရမှာပါ။

ဒီမိုကရက်တွေက လက်ဝဲဝါဒကို ခြေစုံပစ်သွားချင်နေကြတာရယ်၊ တရုပ်အကျိုးများပြီး ကျန်တဲ့လူ အကျိုးယုတ်မယ့်ကိစ္စတွေ တွန်းနေတာရယ်၊ တရုပ်အစိုးရက ကမ္ဘာမြေကို အညစ်ညမ်းစေဆုံး ဖြစ်နေတာတောင် တရုပ်ကို ဘာလုပ်ရမယ်မပြောပဲ ကိုယ့်ပြည်သူတွေကိုပဲ နင်းကန်ကြပ်နေတာရယ်၊ ၊ တရုပ်က ဘယ်လိုဘူလီလုပ်လုပ် လေနဲ့တောင် မဝေဖန်ဝံ့တာရယ်၊ တရုပ်လိုလားသူဆိုရင် ရကပနိုင်ဖို့ တရုပ်လက်တံတွေက အင်တိုက်အားတိုက် ဝင်ကူနေတာရယ်၊ ယူအန်ကစလို့ ကမ္ဘာ့အဖွဲ့အစည်းတွေ တော်တော်များများ တရုပ်ကြိုးဆွံရာ ကနေကြရတာရယ်၊ အားလုံးကို ခြုံကြည့်လိုက်ရင် ကလိုင်းမိတ်ချိန့် အာဂျင်ဒါဟာ ဒီမိုကရက်တွေက တရုပ်အကျိုးစီးပွား တိုးတက်ဖို့၊ တရုပ်အာဏာ ပြန့်ပွားဖို့အတွက် မားကက်တင်း ဆင်းပေး အော်ပရေးရှင်း ဝင်ပေးနေတာလို့ပဲ မြင်မိပါတယ်။

Leave a comment