ဩဂုတ် ၃၀ရက် ၂၀၂၄

မနေ့က ကမလာရဲ့ ဘိုင်ဒန်ဆင်းပြီးနောက် ပထမဦးဆုံး အင်တာဗျုူးကို CNN မှာ ပြုလုပ်ခဲ့ပါတယ်။ ထရမ့်အင်တာဗျူးတွေလို live လွှင့်တာမဟုတ်ပဲ တိပ်သွင်းပြီး တည်းဖြတ်ပြီးမှ ပြန်လွှင့်တာဖြစ်ပါတယ်။ အမေရိကန်တင်မက လွတ်လပ်တဲ့ကမ္ဘာကြီးရဲ့ ခေါင်းဆောင်လုပ်ချင်တဲ့သူက ကြိုရေးထားတာကို ဖတ်ပြရတာမဟုတ်ရင် တီ ဆားနဲ့တို့သလို ကြောက်နေတာ ဖြစ်သင့်ပါသလား။ ထုတ်လွှင့်ပေးတဲ့သူက CNN က Dana Bash ဆိုတော့ သက်သက်ညှာညှာလည်းမေးမယ်၊ မေးခွန်းလည်း ကြိုရနိုင်မယ်၊ ကြိုလည်း လေ့ကျင့်ထားလို့ရမယ်၊ ဒါတောင် ဘေးမှာ ယောက်ျားတယောက်မပါပဲ မသွားရဲတာဆိုတော့ ပြောစရာစကားတောင် မကျန်တော့အောင်ပါပဲ။ အင်တာဗျူးက အားလုံးပေါင်းမှ ၂၇မိနစ်လားပါ၊ မေးခွန်းမေးတဲ့အချိန်နဲ့၊ တမ်ပွန်တင်မ်ပြောတာနဲ့ နှုတ်ဆက်စကားတွေ နှုတ်လိုက်ရင် သူ့အတွက်က ကျန်လှ ၁၀မိနစ်ပါ။ အဲဒီထဲမှာ ဝေ့နေတာနဲ့၊ မဖြေချင်တဲ့ဟာကို နောက်မေးခွန်းသွားပါဆိုပြီး လူလည်ကျတာနဲ့ဆိုတော့ မဲဆန္ဒရှင်တွေ သိချင်တာ ဘာမှ သိပ်မပါတော့ပါဘူး။

ပထမဆုံးနေ့မှာ ဘာတွေလုပ်မလဲလို့မေးတော့ လူလတ်တန်းစားကို အားကောင်းအောင်လုပ်မယ်၊ လူတွေက သူ့ရဲ့ “လမ်းသစ်ကြီး”ကိုလိုက်ဖို့ အဆင်သင့်ဖြစ်နေပြီ၊ စသဖြင့် မဆိုင်တာတွေအများကြီး လျောက်ပြောနေလို့ ဒိန်နာက တခါထပ်မေးရတယ်၊ ပထမနေ့မှာပြောတာ၊ ဘာလုပ်မှာလဲတဲ့။ မေးခွန်းကို နားမလည်တာလား၊ သမ္မတတွေ ဘာလုပ်ကြတယ်ဆိုတာ မသိတာလား၊ လိမ်ချင်လို့ ဝါးချနေတာလား တခုခုပါပဲ။ အိမ်ဖြူနဲ့ မနီးစပ်သူတောင် လေ့လာဖူးရင် ပထမနေ့မှာ ဘာတွေလုပ်ကြတယ်ဆိုတာ သိကြတာပဲမို့ မဖြေနိုင်တာ ညံ့ဖျင်းလွန်းပါတယ်။

ဘိုင်ဒန်တုန်းက ပထမနေ့မှာတင် executive order နဲ့ ၁၇ခု လုပ်ခဲ့ပါတယ်။ အဲဒီထဲမှာ တရုပ်ချယ်လှယ်နေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို ပြန်ဝင်တာ၊ ပဲရစ်ကလိုင်းမိတ်သဘောတူညီချက်ကို ပြန်ဝင်တာ၊ ရေနံတူးခွင့်နဲ့ ကီးစတုန်းပိုက်လိုင်းပါမစ်တွေ ပိတ်ပစ်တာ၊ မက္ကဆီကိုနယ်စပ်မှာ တံတိုင်း ဆောက်လက်စတွေ ရပ်ပစ်ခဲ့တာ၊ ထရမ့်ချခဲ့တဲ့ အမိန့်ဥပဒေအားလုံးကို ညတွင်းချင်း freeze လုပ်ပစ်ခဲ့တာတွေ ပါဝင်ပါတယ်။ executive order မဟုတ်ပေမယ့် အီရန်နဲ့ နျူစာချုပ်ကို ပြန်အသက်သွင်းပြီး အီရန်ကို ငွေပြန်ထောက်ပံ့ခဲ့တာလည်း တက်လာလာချင်း လုပ်ခဲ့တာပါပဲ။ ခုတော့ ကမလာက လူမကြိုက်တာပြောမိရင် မဲလျော့သွားမှာစိုးလို့ နှာစေးပြနေတာလည်း ဖြစ်နိုင်ပါတယ်။ နှာစေးပြတာက သူတို့ဘက်ကြည့်ရင် ပါးနပ်တယ်ဆိုနိုင်ပေမယ့် အမှန်က ပြည်သူကို မလေးစားတာပါ။

ရေနံတူးခွင့်နဲ့ ပတ်သက်ပြီးမေးတော့ ၂၀၂၀ ဒီဘိတ်ကတည်းက အခုအထိ တူးခွင့်ပေးဖို့ တစိုက်မတ်မတ် ထောက်ခံခဲ့ပါတယ်လို့ လိမ်ပါတယ်။ ၂၀၁၉ကနေ ပြီးခဲ့တဲ့အပတ်အထိ တူးခွင့် ပိတ်မယ်ပဲ တောက်လျောက်ပြောခဲ့တာပါ။ စိတ်ပြောင်းသွားတာလားလို့ မေးတာကိုတောင် သူ့ရဲ့ စံတန်ဖိုးတွေက မပြောင်းပါဘူးလို့ မျက်နှာပြောင်ပြောင်နဲ့ ထပ်လိမ်ပြန်တယ်။ တွေ့သမျှဗီဒီယိုအထောက်အထားတွေက တူးခွင့်ပိတ်တာကို ထောက်ခံတယ်ဆိုတာချည့်ပါပဲ။ တူးခွင့်ပေးတာ ထောက်ခံတယ်လို့ ပြောခဲ့တဲ့ အထောက်အထား ဘယ်နားမှာမှမရှိလို့ ပြလည်း မပြနိုင်ပါဘူး။ သူတို့ပြတဲ့သက်သေက သူ့ကမ်ပိန်းက ထုတ်တဲ့ စာလေးတစောင်ပါ။ စာက ခါတော်မီ ခုမှ ရိုက်ထုတ်လိုက်တာ ဖြစ်ပါလိမ့်မယ်။

ကုန်ဈေးနှုန်းကြီးတာ ငွေဖောင်းပွတာနဲ့ ပတ်သက်ပြီးတော့ ကမလာက ကုန်ဈေးနှုန်းထိန်းချုပ်မယ်လို့ ထပ်ပြောသွားပါတယ်။ ကုန်ဈေးနှုန်းဆိုတာ အစိုးရက ထိန်းချုပ်လို့ရတယ်လို့ ထင်နေရင် အဲဒါ မအလ ဦးနှောက်ပါပဲ။ ဗိုနေဝင်းလက်ထက်ကတဲက ကုန်ဈေးနှုန်းထိန်းချုပ်တာတွေ အကြိမ်ကြိမ်လုပ်လာတာ ဘယ်တုန်းကများ အောင်မြင်ခဲ့ဖူးလို့လဲ။ ဈေးနှုန်းထိန်းချုပ်လိုက်တဲ့ပစ္စည်းတိုင်း မှောင်ခိုဈေးကွက်ထဲ ရောက်ပြီး ပိုရှား ပိုဈေးကြီးကုန်တာပဲ မဟုတ်လား။

ငွေဖောင်းပွတာလည်း 3% အောက်ကို ထိန်းထားပါတယ်တဲ့။ အဲဒါနားလှည့်ပါးရိုက်တာပါ။ 3% အောက် ဆိုတာက မနှစ်ကနဲ့ယှဥ်ရင် ဟုတ်ပါတယ်။ Cost of living က ၂၀၂၁ သူတို့စတက်စနဲ့ ယှဥ်ရင် ၂၀% တက်သွားတာ ကုန်ဈေးနှုန်းတွေက သက်သေပါပဲ။ စီးပွားရေးဒေတာတွေ သဘောတရားတွေ နားမလည်ရင်တောင် နေ့တိုင်းလို ဈေးဝယ်နေရတဲ့လူတွေက ကုန်ဈေးနှုန်းဘယ်လောက်တက်တယ် ဆိုတာကိုတော့ သိကြပါလိမ့်မယ်။

ဘိုင်ဒန်က တူးခွင့်မပေးဘူး၊ သူကပေးချင်တယ်လို့ ပြောရင်လည်း အဲဒါ လိမ်တာပါပဲ။ ဘိုင်ဒန်က အိမ်ဖြူမှာကို ဟုတ်တိပတ်တိ ရှိမနေတာ ကြာပါပြီ။ ရှိတုန်းကလည်း အိမ်ဖြူကို သူတကယ်အုပ်စိုးနေတာမဟုတ်လို့သာ ကူးအလုပ်ခံရတာပေါ့။ အိမ်ဖြူကို အိုဘမတို့ ကမလာတို့ပေါင်းချယ်လှယ်နေကြတာပဲဟာ။ သူလုပ်ပေးချင်တာရှိရင် ၂၀၂၁ကတဲက ဖြစ်နေပြီးပြီပေါ့။ ဘိုင်ဒန်က အခုဆို တုန်ချိနေပြီ၊ ကားထဲတောင် ကိုယ့်ဖာသာကိုယ် မဝင်နိုင်တော့လို့ အိမ်ဖြူကို သူအုပ်စိုးနေတာမဟုတ်တာ ထင်ရှားသထက် ထင်ရှားလာပါပြီ။ တိုင်းပြည်ကို ဘယ်သူတကယ်အုပ်စိုးနေသလဲဆိုတာ မေးခွန်းမထုတ်ကြပဲ ဒီမိုကရက်ဆိုတာနဲ့ ဘာအမြှီးဖြတ်လာလာ ထောက်ခံပြီးသားဆိုရင်တော့ မဟုတ်သေးဘူးလေ။

တကယ်ရေနံတူးခွင့်ပေးတယ်ဆိုရင် ထရမ့်လက်ထက်က ဓါတ်ဆီဈေးမျိုး ပြန်ဖြစ်ရမှာပေါ့။ မဖြစ်ဖူးဆိုရင် လိမ်တာ (သို့) တနေရာမှာ ညစ်ထားလို့ပါပဲ။ ဒီမိုကရက်တွေထုတ်တဲ့ ဥပဒေတွေက သူတို့ပေးတဲ့ ကတိတွေလိုပဲ အရောင်ကောင်းပိုးထိုးတွေပါ။ ခေါင်းစဥ်ကိုဖတ်ပြီး ပြောင်းပြန်ယူမှပဲ အမှန်ရပါမယ်။ ဥပမာ တူးခွင့်ပိတ်ထားတာကနေ တိတ်တိတ်လေး လက်သိပ်ထိုး တူးခွင့်ပြန်ဖွင့်ပေးလိုက်တာမျိုး၊ တူးခွင့်ပြုတယ်ဆိုပေမယ့် အဲဒီကုမ္ပဏီမှာ DEI တို့ ESG တို့က ဘယ်လောက်အမှတ်ရမှတို့ဆိုတဲ့ မဖြစ်နိုင်တဲ့ ကန့်သတ်ချက်တွေ လုပ်ထားလိုက်ရင် ဖွင့်သည့်တိုင် ဆီဈေးဘယ်ကျတော့မလဲ။ အိုဘမကဲဆိုလည်း Affordable Care Act ဆိုပေမယ့် ဘယ်နားမှ affordable မဖြစ်သလို လူများများဝယ်မှ ACA အလုပ်ဖြစ်မှာမို့လို့ ငယ်ရွယ်ပြီး ကျန်းမာတဲ့လူတွေပါ အကုန်လုံး မဝယ်မနေရလုပ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

Bidenomics အလုပ်ဖြစ်တယ်လို့ သူပဲပြောခဲ့တာကို ဒိန်နာက ထောက်ပြပြီး အဲဒါကို ထောက်ခံသေးလားလို့မေးတော့ မေးတာကို တိုက်ရိုက်မဖြေပဲ ထရမ့်ပေါ်လစီတွေကို ကူးချပြီး ကုန်ထုတ်လုပ်ငန်းတွေ ပြည်တွင်းပြန်ရောက်လာအောင် လုပ်မှာတို့၊ မက်ဒီကဲဆေးတွေကို ဈေးနှုန်းထိန်းချုပ်တာလုပ်ထားတာကို ပြောပါတယ်။ စက်ရုံတွေ ပြန်လာစေချင်ရင် စီးပွားရေးလုပ်ငန်းတွေ လုပ်လို့အဆင်ပြေတဲ့ ပတ်ဝန်းကျင်တခု ဖန်တီးပေးရမှာပေါ့။ အနိမ့်ဆုံးလုပ်ခတွေ ဆွဲတင်တာရယ်၊ ငွေဖောင်းပွမှုမြင့်တာရယ်၊ အတိုးနှုန်းတွေမြင့်တာရယ်နဲ့တင် ပြည်ပကလုပ်ငန်းတွေ ပြန်လာဖို့မပြောနဲ့၊ ပြည်တွင်းက စီးပွားရေးတွေတောင် ပိတ်သိမ်းရတာတွေ အတော်များနေပါပြီ။ ယုံချင်တဲ့လူကတော့ လေလည်ပြလည်း ယုံဦးမှာပါပဲ။

ကမ္ဘာမှာ ကြောက်တတ်သူကို ဖြဲမယ့် အာဏာရှင်တွေ၊ လူမိုက်တွေ၊ အကြမ်းဖက်တွေ လက်ညှိုးထိုးမလွဲ ရှိနေတဲ့အပြင် တနိုင်ငံနဲ့ တနိုင်ငံ အသာစီးရဖို့ တွန်းတွန်းဖိဖိ ညှိနှိုင်းရတာတွေ၊ ချည်ပြီးတုပ်ပြီး ပြောရတာတွေ၊ လိပ်ခဲတည်းလည်းအခြေအနေမျိုးတွေကနေ အလိမ္မာသုံးပြီး ကိုယ့်နိုင်ငံ ကိုယ့်ပြည်သား မထိခိုက်အောင် ရှောင်ထွက်ရတာတွေ၊ ပြည်တွင်းမှာလည်း တယောက်တပေါက် အကြိုက်မျိုးစုံ ရှိနေတဲ့ထဲက ပြည်သူအများစုအတွက် အကောင်းဆုံး ဖြစ်မယ့်လမ်းကို သတ္တိရှိရှိ ရွေးချယ်ဖို့တွေ၊ ငွေရှင်ကြေးရှင်တွေရဲ့ မက်လုံးတွေ၊ ခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံပြီး မှန်တာ ဖြစ်သင့်တာကို လုပ်ရဲဖို့တွေ၊ အဲဒါတွေ လုပ်နိုင်ဖို့က သတ္တိရော၊ သမ္ဘာရော၊ အဟန့်ရော၊ အတွေ့အကြုံရော၊ ဉာဏ်ပညာပါလိုပါတယ်။ ပြုံးပြုံးလေး လိမ်တတ်ရုံ၊ ဟိုနေရာလေးကွက်ပြီး အတွေ့အကြုံများရုံနဲ့ ကမ္ယာကြီးကို ခေါင်းဆောင်နိုင်မယ်လို့ ထင်နေတာ မအလ ခေါင်းမျိုးနဲ့လူတွေပဲ ဖြစ်မှာပေါ့။   

Leave a comment