စက်တင်ဘာ ၂၄ရက် ၂၀၂၄

ထရမ့်ကို ဂေါက်ကွင်းမှာ လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့ ရိုင်ယန်ဝက်စ်လေရုသ်ဟာ ပင်ဆယ်လ်ဗေးနီးယားမှာ ထရမ့်မျက်နှာကို သေနတ်နဲ့ပစ်ခဲ့တဲ့ သောမတ်စ်ခရွတ်စ်လိုပဲ ကမ္ဘာမှာ အာဏာအရှိဆုံး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးတခုဖြစ်တဲ့ ဘလက်ရော့ခ်ရဲ့ ကြော်ငြာတွေမှာ ပါခဲ့ဖူးသူဖြစ်နေတာ တွေ့ရပါတယ်။​ ရုသ်က ရေးထားတဲ့ စာထဲမှာ ငါကတော့ ဒီလုပ်ငန်းကို အောင်မြင်အောင် အဆုံးမသတ်နိုင်ခဲ့ဘူး၊ အောင်မြင်စွာ အဆုံးသတ်ပေးနိုင်မယ့်သူကို ငါက တသိန်းခွဲ ပေးပါမယ်လို့ ရေးထားပါတယ်။ သူဟာ ထရမ့်ဂေါက်ကွင်းထဲကို မဖမ်းမိခင် ၁၂နာရီလောက် ကြိုရောက်နေတာဖြစ်ပြီး ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားတာကို အလွန်မြင့်မြတ်တဲ့အလုပ်လို့ ခံယူထားပုံရတဲ့အပြင် အမှုမှာလည်း အသနားခံတာ၊ ညှိနှိုင်းတာမျိုး မလုပ်ကြောင်း သိရပါတယ်။ ရုသ်ကို ရာဇဝတ်ပြစ်မှု ကျခံထားဖူးသူက သေနတ်ကိုင်ဆောင်မှု၊ သေနတ်က စီရီရယ်နံပါတ်ဖျက်ထားတဲ့ သေနတ်ကိုင်ဆောင်မှုတို့အပြင် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမှုဖြင့်ပါ စွဲချက်တင်ထားတာပါ။ ရုသ်ရဲ့ သားကလည်း ကလေးအဖော်အချွတ်ဖိုင်ပေါင်း ရာကျော်ပိုင်ဆိုင်မှုနဲ့ အဖမ်းခံထားရပါတယ်။

ဂျော်ဂျာပြည်နယ် ရကပဘုတ်အဖွဲ့က မဲတွေကို လက်နဲ့ရေဖို့ ဥပဒေတရပ်ကို ၃-၂နဲ့ အတည်ပြုပါတယ်။ မဲရုံတွေမှာ လာပေးတဲ့မဲအရေအတွက်ကို လက်နဲ့ရေပြီး စက်ကရေတာနဲ့ ပြန်တိုက်စစ်မှာ ဖြစ်ပါတယ်။ အဲဒါကို ရီပါဘလစ်ကန်တွေက ထောက်ခံပြီး ဒီမိုကရက်တွေက ကန့်ကွက်ကြပါတယ်။

၂၀၂၀တုန်းက ဩဂုတ်လကတည်းက နယူးယောက်တိုင်းမ်စ်နဲ့ ၂၀၁၆ခုနှစ်ကမှ စထောင်တဲ့ Axios media, Opinion ဂျာနယ်တို့က ရကပရလာဒ်ကို သိရဖို့ နေ့များစွာကြာနိုင်သလို ရသတ္တပတ်များစွာလည်း ကြာသွားနိုင်တာကြောင့် ရကပညဆိုတဲ့ အသုံးအနှုန်းကို ပြန်စဥ်းစားကြဖို့ ရေးထားကြတာကို ရီဒက်တစ်ချန်နယ်က ပြန်လည်ဖော်ထုတ်လိုက်ပါတယ်။ ၂၀၂၀တုန်းက အဲဒီလို နမိတ်ပြ လမ်းကြောင်းခင်းစကားတွေ ကြိုထဲ့ထားသလိုပဲ အခုတခါမှာလည်း အိုဘမထုတ်လုပ်ဖြန့်ချီတဲ့ ပြည်တွင်းစစ် အမည်ရှိတဲ့ရုပ်ရှင်က ဒီနှစ် ဧပြီလမှာ ထွက်လာခဲ့ပါတယ်။​ အသားပေးထားတာတော့ ထရမ့်မုန်းတီးရေးပါပဲ။ နယူးယောက်တိုင်းမ်စ်နဲ့ တိုင်းမ်စ်မဂ္ဂဇင်းတွေကလည်း ရကပညမှာ ရလာဒ် သိရမှာမဟုတ်ဘူး၊ ကြာဦးမှာလို့ ပြည်သူကို ကြိုနှူးထားပါပြီ။

အစ္စရေးက ဟဇ်ဘိုလာပစ်မှတ်တွေကို တိုးမြှင့်တိုက်ခိုက်လာတဲ့အချိန်မှာ ဘိုင်ဒန်-ဟဲရစ်အစိုးရက အရှေ့အလယ်ပိုင်းကို အမေရိကန်တပ်တွေ ထပ်တိုးပို့မယ်လို့ ကြေငြာလိုက်ပါတယ်။ ပန်တဂွန် ပြန်ဝန် ဗိုလ်ချုပ် ပက်ရိုက်ဒါက တပ်အင်အားဘယ်လောက်ကို ဘယ်လိုကိစ္စတွေအတွက် ပို့ပေးတယ်ဆိုတာကို ပြောမသွားပါဘူး။

နောက်သတင်းတခုမှာ ဘိုင်ဒန်က သူ့သက်တမ်းမပြည့်မီ ဂါဇာမှာ အပစ်ရပ်စဲရေး သဘောတူညီမှုရဖို့ သူ့အစိုးရအဖွဲ့ဝင်တွေကို အပြင်းအထန် ဖိအားပေးနေတယ်လို့ ဆိုပါတယ်။ စစ်မရပ်နိုင်ရင် အုပ်ချုပ်သူတဦးအနေနဲ့ ဘိုင်ဒန်နာမည်ပျက်ရမှာကို မလိုလားပုံပါပဲ။ ကမလာကတော့ သူ့နာမည်ခံရတာမဟုတ်တဲ့အတွက် ဘယ်သူ ဘယ်လောက်သေသေ၊ အမေရိကန် ဓါးစာခံတွေ လွတ်လွတ် မလွတ်လွတ် သိပ်ပူပုံ မရပါဘူး။ အောက်တိုဘာ ၇ ရက်တုန်းက ဟာမာ့စ်က လူ ၉၇ဦး ပြန်ပေးဆွဲသွားခဲ့တာမှာ ခုထိ အမေရိကန် ၇ဦး သူတို့လက်ထဲမှာပါ။ အဲဒီ ၇ဦးထဲက ၃ဦးကတော့ သေဆုံးသွားပြီလို့ ယုံကြည်ထားကြပါတယ်။ အပစ်ရပ်ဖို့ ဘာညှိနှိုင်းမှုမှ လုပ်မနေတော့ ဘိုင်ဒန်ထွက်တဲ့ အထိ အပစ်ရပ်ဦးမှာမဟုတ်ဘူးလို့ အတွင်းစည်းကလူတချို့က ထင်မြင်ကြပါတယ်။

မကြာသေးမီက ပေဂျာနဲ့ ဝေါကီတော်ကီတွေ ပေါက်ကွဲမှုဖြစ်ရာက လက်ဘနွန်နဲ့ ဆီးရီးယားမှာ အနည်းဆုံး ၃၇ဦး သေဆုံးပြီး ၃ထောင်ခန့် ဒဏ်ရာရရှိသွားပါတယ်။ အစ္စရေးကို စွပ်စွဲကြပေမယ့် အစ္စရေးက ငြင်းပယ်နေဆဲပါ။ သင်ခန်းစာက အခုလို ရိုးရိုးရှင်းရှင်း ပစ္စည်းလေးတွေမှာ သုံးထားတဲ့ နည်းပညာနဲ့တောင် စစ်တခု ဆင်နွှဲလို့ ရနေပါလားဆိုတာပါ။ ဆက်စပ်တွေးကြည့်ရင် အမေရိကန်တွေ သုံးနေတဲ့ ဖုံးတွေ၊ ကွန်ပြူတာတွေ၊ လျှပ်စစ်ကားတွေ အပါအဝင် ပစ္စည်းတွေရဲ့ ဘက်ထရီတွေကို ရန်ဖက် တရုပ်နိုင်ငံမှာ ထုတ်လုပ်တာက အများစုဖြစ်နေတာဟာ နိုင်ငံတော် လုံခြုံရေးအတွက် သတိထားစရာ ဖြစ်နေပါတယ်။ ဖုံးတွေမှာ ဆိုရင်လည်း အပေါ်မှာ လုပ်ထားတာ ဘယ်လောက် ဖျက်ဖျက်၊ ဘယ်လိုပဲ ရီဆက်ချချ၊ hardware အဆင့်ကို ဝင်နိုင်ရင် ပြန်ဖော်လို့ရတယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် အမေရိကန်ကားတွေမှာ တရုပ်နဲ့ ရုရှားနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဆော့ဖ်ဝဲနဲ့ ဟာ့ဒ်ဝဲ သုံးတာကို ဘန်းဖို့ ဘိုင်ဒန်အစိုးရက အဆိုပြုထားပါတယ်။ ဆော့ဖ်ဝဲဘန်းကို ၂၀၂၇မော်ဒယ်တွေမှာ စတင်သက်ရောက်စေဖို့ဖြစ်ပြီး ဟာ့ဒ်ဝဲဘန်းကိုတော့ ၂၀၃၀ကျမှ သက်ရောက်စေဖို့ ဖြစ်ပါတယ်။ အဲဒီအဆို အတည်ဖြစ်ရင်တောင် အဲဒီမတိုင်ခင်ကားတွေမှာ သက်ရောက်မှုမရှိတဲ့အတွက် လုပ်ချင်ရင် အဆိုးကြီးတွေ ဖြစ်နိုင်ပါသေးတယ်။ တရုပ်ကို မလှုပ်ဝံ့အောင် ထိန်းထားနိုင်မယ့် ခေါင်းဆောင်တက်မှပဲ တကယ့်လုံခြုံမှု ရမှာပါ။

ကျောင်းတွေမှာ နေ့လည်စာဘာတွေကျွေးရမယ်ဆိုတဲ့ လမ်းညွှန်ချက်ကို ချမှတ်ပေးနေတဲ့ အဖွဲ့ကို အဓိက ငွေထောက်ပံ့ပေးနေတာက အိုဇမ်ပစ် ဆီးချိုထိန်းဆေးထုတ်တဲ့ ဒိန်းမတ်က နိုဗိုနော်ဒစ်စ်ကုမ္ပဏီ ဖြစ်ပါတယ်။ အဲဒီအဖွဲ့က ၂၀၂၅မှာ နောက်တကြိမ်တွေ့ဆုံမှာဖြစ်ပြီး တနိုင်ငံလုံးမှာ ကလေးတွေကို ကျောင်းမှာ ဘာတွေကျွေးရမယ်ဆိုတာ ဆုံးဖြတ်ကြမှာဖြစ်ပါတယ်။ အိုဇမ်းပစ်နဲ့ အလားတူဆေးတွေကို ကြွက်တွေမှာ စမ်းသပ်တဲ့အခါ သိုင်းရွိုက်အကျိတ်/ ကင်ဆာအပါအဝင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တာ တွေ့ရှိထားပါတယ်။ ဒါ့အပြင် တခြားဖြစ်နိုင်ခြေတွေထဲမှာ ပန်ကရိယ မုန့်ချိုအိတ် ရောင်ယမ်းခြင်း၊ အမြင်အာရုံပြောင်းလဲခြင်း၊ ကျောက်ကပ်ပျက်ခြင်း၊ ဆီးအိမ်ပြဿနာတွေနဲ့ ဓါတ်မတည့်တာတွေ ပါဝင်ပါတယ်။

အဆိုပါအဖွဲ့က ကလေးတွေ ကျန်းမာစေမယ့် အစားအသောက်တွေကို လမ်းညွှန်မလား၊ သူတို့ကို လာဘ်ထိုးထားတဲ့ဆေးကုမ္ပဏီကြီးက ဆေးတွေ တသက်လုံး ဝယ်ယူသုံးစွဲနေရမယ့် ဈေးကွက်ကြီးတခု ဖန်တီးပေးမလား စဥ်းစားကြည့်ပါ။ ခုခေတ်မှာ ကလေးတွေကြား ဆီးချိုဖြစ်ပွားမှုနှုန်း မတရားမြင့်လာတာနဲ့ အိုဇမ်းပစ်ကို ကလေးတွေပါ သောက်နေရတဲ့အထိ ဖြစ်လာတာတွေဟာ ဆက်စပ်စဥ်းစားသင့်တဲ့ ကိစ္စတွေပါ။ မနှစ်အောက်တိုဘာတုန်းကလည်း လက်စာပရိုဆိုတဲ့ စိတ်ကျသူတွေသောက်တဲ့ဆေးတခုကို အသက် ၇နှစ်ကလေးကစပြီး ပေးဖို့ အက်ဖ်ဒီအေက အတည်ပြုပေးခဲ့ပါတယ်။ တိုင်းပြည်ကို ကျန်းမာစေချင်တဲ့ အစိုးရဆိုရင်တော့ အရင်းအမြစ်ကို သေချာဖော်ထုတ် ကုစားမှာပါပဲ။ ကိုယ့်အိတ်ဖောင်းဖို့လောက်ပဲ ကြည့်တဲ့အစိုးရဆိုရင်တော့ ခံကြဦးပေါ့။

မီရှဲအို ချမှတ်ပေးခဲ့တဲ့ မိုင်ပလိတ် ငါ့ပန်းကန်ပြားမှာလည်း ဆီးချိုဖြစ်စေမယ့် အသီးနဲ့ အနှံတွေက ပန်းကန်တဝက်မကယူထားပြီး သစ်သီးအုပ်စုမှာ သွေးထဲသကြားဓါတ်ဆောင့်တက်စေမယ့် အသီးဖျော်ရည်ကို ရွေးစရာတခုအနေနဲ့ ပေးထားပါတယ်။ အောက်ဆိုလိတ်ဓါတ်များလို့ ကျောက်တည်နိုင်ခြေ၊ သံဓါတ်နည်းနိုင်ခြေ၊ အဆစ်/အရွတ် ပျက်စီးနိုင်ခြေများတဲ့ ပဲတွေကို ဟင်းသီးဟင်းရွက်အုပ်စုမှာရော ပရိုတိန်းအုပ်စုမှာပါ ထည့်ထားပြီး အောက်ဆိုလိတ်ဓါတ် လျော့ပါးအောင် ဘယ်လိုချက်ပြုတ်ပြင်ဆင် ရမယ်ဆိုတာ ပြောမထားပါဘူး။ နို့ထွက်ပစ္စည်းမှာ ထောပတ်ကို ပြောမထားပဲ အရင် စိုက်ပျိုးရေးဌာနကထုတ်တဲ့ အစာပိရမစ်မှာပါတဲ့ အဆီအုပ်စုကိုပါ လုံးဝ ဖျောက်ထားပါတယ်။ အဆီနဲ့ အသားက ဟိုတုန်းကလူတွေ သက်ရှည်ကျန်းမာကြတဲ့ အဓိကအကြောင်းတခုပါ။ အဆီနဲ့ အသားအရေးပါမှုကို ဖျောက်ထားတာက လူတွေကျန်းမာစေလိုတဲ့ ရည်ရွယ်ချက် ဖြစ်နိုင်ပါ့မလား။

နယူးယောက်မှာလည်း ဂါဗာနာဟိုချူးရဲ့ ထိပ်တန်းလက်ထောက်တဦးက တရုပ်စပိုင်ဖြစ်နေသလို မြို့ဝန် အဒမ်စ်ခန့်ထားတဲ့ တနိုင်ငံလုံးမှာ အကြီးဆုံး အစိုးရကျောင်းစနစ်တခုဖြစ်တဲ့ နယူးယောက်မြို့ အစိုးရ ကျောင်းတွေရဲ့ အကြီးအကဲ ဒေးဗစ်ဘန့်ခ်စ်ဟာ အက်ဖ်ဘီအိုင်က အိမ်ဝင်စီးပြီး၊ သူ့ဖုံးတွေ သိမ်းဆည်းခံရပြီးတဲ့နောက် ရာထူးမှ နှုတ်ထွက်သွားပါတယ်။ ပြစ်မှုစွဲထားတာမရှိပေမယ့် နယူးယောက်ကျောင်းတွေမှာ ကန်ထရိုက်/ပါမစ်ရသူ Lindsay’s tech-ed Co 21stCentEd  က သူ့ညီရဲ့ ပုလဲအလိုင်းယန့်စ်အကြံပေးအဖွဲ့ကို ငှားရမ်းထားခဲ့တာက တားမြစ်ချက်ချိုးဖောက်တာ ဖြစ်နေပါတယ်။

Leave a comment