မနေ့က ဒုသမ္မတလောင်းဒီဘိတ်မှာ ဗန့်စ်က ဒုသမ္မတလောင်းတယောက်အဖြစ် သူ့ရဲ့ အရည်အချင်းကို အပီအပြင် ပြသနိုင်ခဲ့သလောက် တင်မ်ကတော့ မြို့နယ်အဆင့်လောက်မှာတောင် နိုင်နိုင်တဲ့ အရည်အချင်းရှိသူမဟုတ်တာ ထင်ရှားနေပါတယ်။ ထရမ့်နဲ့ ကမလာဒီဘိတ်လိုပဲ ၃ယောက် ၁ယောက် ဒီဘိတ်ဖြစ်တဲ့အပြင် ဗန့်စ်ကို အတင်းဖက်ချက်၊ မိုက်ခ်ပိတ်၊ မုသားတွေဆင်နဲ့ ဗျာများနေကြတာလည်း ရီစရာကောင်းသလို စိတ်မကောင်းစရာလည်း ဖြစ်ပါတယ်။ တင်မ်တို့ ကမလာတို့လိုအဆင့်နဲ့ ကမ္ဘာမှာ ဘယ်လိုပွဲလည်တင့်ကြမှာတဲ့လဲ၊ အဲဒီ ၂ယောက်လုံးက ဘက်မလိုက်တဲ့ဌာနတွေမှာလုပ်မယ့် ဒီဘိတ်ဆိုရင် တီဆားကြောက်သလို တွန့်ကြလွန်းလို့ အစဥ်အလာကိုဖျက်ပြီး ဒီမိုကရက်ဘက်လိုက်တဲ့ ဆီမှာချည့် လုပ်ပေးနေရတာ ရှက်တတ်ရင် ရှက်စရာပါ။
ဒီဘိတ်သာ ဘက်လိုက်တဲ့ဌာနမှာ လုပ်ဖို့ သဘောတူလို့ရပေမယ့် သတင်းစာရှင်းလင်းပွဲကျတော့ သူတို့လူချည့်ထည့်ထားဖို့ မလွယ်တဲ့အတွက် လုံးဝ မလုပ်ရဲဘူးဖြစ်နေတာ တွေ့ရမှာပါ။ မလွယ်ဘူးလို့ပဲပြောတာက ရာထူးမရခင်အထိ မလွယ်တာကြောင့်ပါ၊ ရာထူးရသွားပြီးရင် ဘိုင်ဒန်လိုပဲ တတ်နိုင်သလောက် ဇော်မဲလုံးမနဲ့ လွှဲထားပြီး သတင်းစာရှင်းလင်းပွဲလုပ်ရင်လည်း မေးခွန်းကြိုတင်ရမယ်တို့၊ အခန်းကျဥ်းကျဥ်းလေးမှာလုပ်ပြီး လူမဆန့်လို့ ဘယ်နှစ်ဦးပဲ ဝင်ခွင့်ပေးမယ်၊ လျောက်လွှာတင်ပါတို့နဲ့ ရှောင်တိန်သိုင်းကျင့်ကြဦးမှာပေါ့။
ကလိန်တန်တို့ အိုဘမတို့က ကမလာကိုရွေးတာ အသားရောင်နဲ့ လိင်ကြောင့်ဖြစ်သလို ကမလာနဲ့တွဲဖို့ တင်မ်ကို ရွေးလိုက်တာကလည်း လူဖြူယောက်ျားဖြစ်နေလို့ပါပဲ။ ဂျော့ရှပီယိုက တင်မ်ထက်စာရင် အများကြီးတော်ပြီး အရေးပါတဲ့ပြည်နယ်မဲတောင် ရယူပေးနိုင်ခြေရှိသူပါ။ ဒါပေမယ့် ဂျူးဖြစ်နေတဲ့အတွက် အကြမ်းဖက်လက်မဲတွေလိုလားတဲ့လူ ဖြစ်မလာခဲ့ပါဘူး။ အရည်အချင်းထက် အိုင်ဒန်ဒတီကို ပိုအလေးထားတဲ့ ဒီမိုကရက်တွေက ကမလာကို လူမည်း အမ ဆိုပြီး ပွဲထုတ်ထားတော့ သူ့နဲ့ ဘဲလန့်စ်ဖြစ်အောင် လူဖြူယောက်ျားကိုပဲ ရွေးထားတာပါ။ တရုပ်ဘောမတာလည်း ပါမှာပေါ့။
ဒီဘိတ်မှာ တင်မ်ကို နာမည်ကြီးတီယန်မင်အရေးအခင်းကာလမှာ တရုပ်ပြည်ကိုသွာခဲ့တာကို ဖုံးထားပြီး ဟောင်ကောင်ကို သွားခဲ့တယ်လို့ပြောတာကို ရှင်းခိုင်းတဲ့အခါ အဖြေကို တည့်တည့်မဖြေပဲ တခါတလေတော့ သူလည်း စတူးပစ်ပါတယ်လို့ပဲ ရှောင်ပြောသွားပါတယ်။ တရုပ်ဘာလုပ်လုပ် အကောင်းမြင် ချီးကျူးနေသူက ဒီမိုကရေစီရဲ့ ဘက်တော်သား၊ လွတ်လပ်မှုမြတ်နိုးသူ ပြည်သူတွေရဲ့ ဘက်တော်သားဖြစ်နိုင်ပါ့မလား။ သူက ဟန်းနီးမွန်းတောင် တရုပ်ပြည်ကို သွားခဲ့တာပါ။
ဒီမိုကရက်တွေက ပြည်သူသေနတ်ကိုင်မှာ အသေကြောက်တာကို မဲမရမှာစိုးတာနဲ့ပဲ ကမလာတို့က သေနတ်ကိုင်တာ မတားပါဘူးလို့ ရပ်တည်ချက်ပြောင်းခဲ့တဲ့အပေါ် မေးမြန်းမှုကိုတော့ တင်မ်က ကျောင်းတွေမှာ ပစ်ခတ်သူတွေနဲ့ ဘော်ဒါတွေလို ခင်သွားတဲ့အကြောင်း ပြောခဲ့တာကို အင်တာနက်တခုလုံး ဟာဒယရွှင်ဆေး တိုက်လိုက်သလို ဖြစ်သွားခဲ့ပါတယ်။ သူ့အပြောအတိုင်း စတူးပစ်တွေ တွေးတတ် လုပ်တတ် ပြောတတ်တဲ့ သာဓကပါပဲ။ သူပေးတဲ့အကြောင်းပြချက်က သေနတ်ပေးကိုင်ရမယ့်အကြောင်းမဟုတ်တာတော့ အားလုံးရှင်းကြမယ်ထင်ပါတယ်။ အများယောင်လို့ လိုက်လို့ယောင် အမောင် တောင်မှန်းမသိ မြောက်မှန်းမသိ ဆိုတာမျိုး ဖြစ်နေတာပါပဲ။
အိမ်ဈေးတွေ မတရားမြင့်နေလို့ အိမ်ပိုင်ဖို့ အခက်အခဲဖြစ်နေကြသူတွေ၊ အိမ်ငှားခ အလျဥ်မီဖို့ ခက်ခဲနေကြသူတွေအတွက် ဘာလုပ်ပေးမှာလဲလို့မေးတော့ တင်မ်က အိမ်ခန်းပေါင်း ၃သန်းဆောက်ဖို့ လုပ်ထားတယ်၊ ဒေါင်းပေးမန့်ပေးဖို့ပါ ကူညီမယ့်အစီအစဥ်တွေပါတယ်တဲ့။ ကမလာပေးဝင်ထားတဲ့ လူသန်း၂၀လောက်မပါပဲ အရင်ရှိနှင့်နေတဲ့လူတွေအတွက်တောင် ဒီအိမ်ခန်း ၃သန်းက ဘယ်လိုမှ မလောက်ပါဘူး။ ကွက်ပေးရင် လည်း လက်သင့်ရာ စားတော်ခေါ်မှာဖြစ်လို့ မရတဲ့လူတွေအတွက်က မမျှတပြန်ပါဘူး။ ဒေါင်းပေးမန့်ကူပေးရင်တောင် လစဥ်ပေးရမှာက ပုံမှန်အလုပ်နဲ့လူတွေ တတ်နိုင်တဲ့ အနေအထား မဟုတ်နေပါဘူး။ လိုက်မနိုင်အောင် တက်နေတဲ့ မီးဖိုး ရေဖိုး ဆီဖိုး အစားအစာဖိုးနဲ့တင် အိမ်/ အိမ်ခန်းပိုင်ဖို့ လစဥ်ပေးရမယ့်ပိုက်ဆံကိုတောင် စိတ်ကူးမယဥ်နိုင်သူတွေက အများစုပါ။ ဖယောင်းချက်လောက် ကပ်တတ်ရုံနဲ့ ဆရာဝန်မခေါ်နိုင်သလိုပါပဲ။ တကယ့်ပြဿနာကို ရှင်းနိုင်တဲ့လူတက်မှသာ ပြည်သူတွေဘဝ အဆင်ပြေသာယာမှာပါ။
ဗန့်စ်က စပရင်းဖီးလ် အိုဟိုင်းအိုးမှာ ရောက်နေတဲ့ ဟေတီက ခိုးဝင်တွေအကြောင်းပြောတော့ မော်ဒရေတာက သူတို့က တရားဝင်နေတာပါလို့ ဒီမိုကရက်နာရေးတစ်အတိုင်း ကာကွယ်ပါတယ်။ တရားဝင်တာက ကမလာရဲ့ မက်ဂျစ်ဝါန်းနဲ့ လုပ်လိုက်လို့ ချက်ခြင်းတရားဝင်တယ်လို့ ဖြစ်သွားတာဖြစ်ကြောင်း၊ အဲဒီလိုဖြစ်ဖို့ ဟန်းဖုံးကနေ စီဘီပီဝမ်းအက်ပ်နဲ့ လွယ်လွယ်လေး လုပ်လို့ရကြောင်း၊ ဒီဘက်နယ်စပ်ထဲ မရောက်ခင်ကို လုပ်လို့ရနေကြောင်း ဗန့်စ်က ရှင်းပြတော့ ဟုတ်ပါပြီဆိုပြီး ချက်ခြင်းဖြတ်ချသွားပါတယ်။
ကမလာတို့ တရားမဝင်လူတွေခိုးသွင်းနေတာကို မြန်မာတွေက လူဝင်မှုအားပေးတယ်ဆိုပြီး သူတို့ကိုပါ အဲဒီလိုဆက်ဆံတော့မလိုလို ထင်ကြပါတယ်။ ကမလာ့နောက်လိုက်တွေက ထရမ့်တက်ရင် ပြည်ဝင်ခွင့် ပိတ်မယ်လို့ ခြောက်ထားကြတာလဲ ပါမှာပေါ့။ တကယ်တမ်းက ကမလာတို့က ဘယ်သူဝင်ဝင် ကြိုဆိုနေတာ မဟုတ်ပါဘူး။ ကျူးဘားက နိုင်ငံရေးကြောင့် အမှန်တကယ်ထွက်ပြေးလာမယ့်လူတွေကို တတ်နိုင်သလောက် အလာမခံပါဘူး။ ဘာလို့လဲဆိုတော့ ကျူးဘားကလူတွေက ကွန်မြူနစ်အနံ့ရရင်ကို အန္တရာယ်မှန်းသိတဲ့အတွက် သူတို့ကို မဲပေးမှာ မဟုတ်လို့ပါ။ သူတို့ကို မဲပေးမယ့် လူဆိုး သူခိုး မုဒိမ်းကောင် လူသတ်ကောင်တွေဆိုရင်တော့ လေယာဥ်စင်းလုံးလွှတ်ပြီး ပင့်ကြပါတယ်။ အဲဒါက မြန်မာတွေကို မထိဘူးလို့ မထင်ပါနဲ့။ တရားဝင်ဝင်လာတဲ့လူတွေ အကုန်လုံးရဲ့ ကေ့စ်တွေက အကုန်နောက်ရောက်ပြီး သူတို့ကို မဲပေးဖို့ စပယ်ရှယ်ခေါ်သွင်းလာတဲ့လူတွေကိုသာ ဖူးဖူးမှုတ်ပြီး ရှေ့က ထည့်ပေးမှာပါ။ အရင်ထရမ့်တက်နေတုန်းကလည်း မြန်မာတွေ ဝင်လာနေကြတာပဲလေ။ ဘာပြဿနာ ရှိလို့လဲ။ ဒီကရှေ့လျောက် ထရမ့်က အမေရိကန်မှာ ပညာသင်ထားသူတွေကို ဂရင်းကဒ်ပေးဖို့ပါ စဥ်းစားထားတယ်လို့ ပြောပါတယ်။ ထရမ့်တက်လာလည်း ကိုယ့်မှာ အကြမ်းဖက်ရာဇဝင်မရှိရင် ဒီကိုလာဖို့၊ ခိုလှုံခွင့်လျောက်ဖို့ ဘာမှ ပြဿနာ မရှိပါဘူး။ အလိမ်တွေကို မယုံကြပါနဲ့။
ပြီးခဲ့တဲ့အပတ်က ဖလော်ရီဒါရဲ့ ဘစ်ဘန်းဒေသမှာ အဆင့်၄ဟာရီကိန်း ဟယ်လင်း တိုက်ခတ်သွားခဲ့ပါတယ်။ ဖလော်ရီဒါက ဟာရီကိန်းနဲ့ မစိမ်းသလို ဂါဗာနာ ဒီဆန်းတစ်ကလည်း ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးအတွေ့အကြုံ ရှိတဲ့အတွက် လျှပ်စစ်အမြန်ဆုံး ပြန်ရအောင် လုပ်ပေးခြင်း၊ တံတားတွေ စစ်ဆေးခြင်း၊ လမ်းရှင်းခြင်း စတဲ့လုပ်ငန်းတွေကို ဖိဖိစီးစီး လုပ်ပေးလျက်ရှိတဲ့အတွက် အရာရာဟာ မျှော်လင့်ထားတာထက် ပိုဆိုးသွားတာမျိုးမရှိခဲ့ပါဘူး။ သင်ခန်းစာယူစရာတခုက အရေးအကြောင်းဆိုရင် လျှပ်စစ်ကား၊ လျှပ်စစ် appliance တွေ၊ လေအားလျှပ်စစ် ဆိုလာပါဝါ၊ အဲဒါတွေ သုံးမရပါဘူးနော်။ ရေနံ ဓါတ်ငွေ့ဘန်းပြီး အကုန်လုံးကို လျှပ်စစ်ပြောင်းချင်တဲ့ ကမလာတို့အကြံက ပြည်သူ့အကျိုးဖြစ်ပါ့မလား စဥ်းစားစရာပါ။
ရေလွှမ်းခဲ့တဲ့ မြောက်ကာရိုလိုင်းနားမှာတော့ အငိုက်မိသွားတဲ့အတွက် တောင်ပေါ်က Ashville မြို့မှာတင် လူအနည်းဆုံး ၃၀သေဆုံးပြီး လူအများ ဒုက္ခရောက်ခဲ့ကြပါတယ်။ အဲဒီမှာ ပြောစရာတွေ အများကြီးရှိလာပါတယ်။ မိုးလေဝသက ခန့်မှန်းပေးတာ မှားနေလို့လား၊ ဘယ်တုန်းကမှ ရေမလွှမ်းခဲ့တဲ့ တောင်ပေါ်မြို့လေးမှာ ဘာကြောင့် ရေလွှမ်းရတာလဲ၊ စတာတွေပါ။ တောင်ပေါ်မြို့ဆိုတော့လည်း ရေလွှမ်းအာမခံက မထားကြဘူးလေ၊ အဲဒီတော့ လူတွေက ကြိုလည်း မရှောင်နိုင်၊ ဖြစ်လာတော့လည်း ပျက်စီးဆုံးရှုံးမှုတွေအတွက် အလျော်မရနိုင်တဲ့ဒုက္ခက နဲနဲနောနောမှ မဟုတ်တာပဲ။ ဘိုင်ကြီးနဲ့ ကမလာတို့ကလည်း ဝိကန်းဒ်ဆို အိမ်ဖြူမကပ် စာမလာ သတင်းမကြားဆိုတော့ ရေဘေးဒုက္ခတွေကို ပစ်ထားနိုင်ရက်တယ်လို့ ဝိုင်းဝေဖန်ကုန်ကြပြီ။ မျက်နှာများ ပူနေလားတော့မပြောတတ်ပါဘူး။
ဒီလိုနိုင်ငံကြီးတွေမှာ မိုးလေဝသက မှန်းတာလိုသွားတာတို့ဘာတို့ဆိုတာ ဖြစ်တတ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အဲဒီတော့ ဖြစ်နိုင်တဲ့အကြောင်းတွေထဲမှာ မသင်္ကာစရာတွေရှိမလားလို့ စစ်ကြတော့ ခုရေလွှမ်းတဲ့ဒေသဟာ လျှပ်စစ်ပစ္စည်းတွေအတွက် အရေးပါတဲ့ လစ်သူယံနဲ့ အေအိုင်စတဲ့ချစ်ပ်တွေ အတွက် မပါမဖြစ်တဲ့ ကွာ့ဇ်မိုင်းကြီးတွေ ဖြစ်နေတာ သတင်းဟောင်းတွေအရ သိရပါတယ်။ ကမ္ဘာ့အကြီးဆုံး ဘီလျံ၅၃၀ကျော်ဈေးကွက်ကြီး ဆိုပါတော့။ အဲဒီရေလွှမ်းမှုဟာ တန်နက်ဆီအရှေနဲ့ မြောက်ကာရိုလိုင်းနားအနောက်ပိုင်းက ရေတမံတွေဖောက်ချလိုက်တာ မဟုတ်ပါဘူးလို့ သက်ဆိုင်ရာက ငြင်းနေဆဲပါ။ သက်ဆိုင်ရာကငြင်းတာကတော့ လယ်ပြင်ဆင်သွားသလို ထင်ရှားနေလည်း ငြင်းတာပါပဲ။ မီဒီညာရော ထောက်လှမ်းရေးတွေကိုပါ ကိုင်ထားတာဆိုတော့လဲ မမပြည်ကလိုပေါ့၊ မမှန်မှန်းသိပေမယ့် အမှန်တရားက အကြောက်တရားအောက်မှာ ခေါင်းလျိုးနေရတာပါ။