မမျှော်လင့်ပဲ ရေလွှမ်းခဲ့တဲ့ မြောက်ကာရိုလိုင်းနားနဲ့ တန်နက်စီတို့မှာ ရောက်ရှိနေတဲ့ ဖီးမားတပ်ဖွဲ့ဝင်တွေဟာ အလွယ်တကူဝင်လို့မရတဲ့နေရာကို မဝင်ပေးနိုင်ဘူးဆိုလို့ ဒေသခံတွေက ပေါက်ကွဲနေကြပါတယ်။ အမေရိကန်မှာ ထုံးစံအတိုင်း တခုခုဖြစ်ရင် လာဝိုင်းကူကြတဲ့လူတွေ ဝိုင်းလှူကြတာတွေ ရှိပါတယ်။ အဲဒီလို အပြင်က လာကူကြ၊ လာလှူကြတဲ့လူတွေကိုလည်း လာခွင့်မပြုပါဘူးတဲ့။ အဲဒီဒေသကလူတွေက မီးမရ၊ ရေမရအပြင် ရေလွှမ်းတဲ့ ဒေသတွေဟာ ကျယ်ပြန့်လွန်းလို့ ပြည်သူရဲ့ အကူအညီမပါပဲ ဒုက္ခရောက်နေတဲ့လူတွေဆီ အကူအညီ အမြန်ဆုံး ရောက်နိုင်ဖို့ လုံးဝ မလွယ်ပါဘူး။
အီလွန်က ရေဘေးဒုက္ခသည်တွေဆီ ကယ်ဆယ်/ကူညီရေးပစ္စည်းတွေ အစားအစာတွေ ချပေးမယ့် ရဟတ်ယာဥ်တွေ ဆင်းသက်နိုင်ဖို့ ကွင်းအကြီး၂ခုကို မီးအပြည့်အစုံနဲ့ ဆင်ထားပေးတဲ့အပြင် ဆက်သွယ်ရေးအဆင်ပြေဖို့အတွက် စတားလင့်ခ်ပေါင်း ၃၀၀ကျော်ကိုလည်း အဲဒီဒေသအတွက် ချထားပေးလိုက်ပါတယ်။ ပြဿနာက ဖီးမားက မအလတို့လိုပဲ ကူညီ/ကယ်ဆယ်ပစ္စည်းတွေကို ဝင်မရအောင် ပိတ်တာတွေ၊ လာကူတာတွေကို သိမ်းပြီး သူတို့ပိုင်သလို လုပ်ပစ်တာတွေ ကြုံနေရတာပါ။ နောက်တခါ စတားလင့်ခ်တွေ လာလှူရင် မီးသတ်အစောင့်တယောက်ယောက်မပါပဲ ပေးမဝင်ဘူးလို့လည်း ဆိုပါတယ်။ သွေးရိုးသားရိုးဆိုရင် ဘာကိုကြောက်နေစရာလိုမလဲ။ လာကူတဲ့လူတွေကိုပဲ သေချာစနစ်ကျအောင် ဝိုင်းကူဖို့ပဲ ရှိတာပါ။ လာကူတာလည်း ကလေကချေ တောကြောင်တွေမှ မဟုတ်တာ။
အဲဒီသံသယတွေကို ပိုအားကောင်းစေတာကတော့ ဖီးမားအတွင်းလူတယောက်ရဲ့ ဖောက်ချချက်ပါ။ ဘေးအန္တရာယ်ကျရောက်နေတဲ့လူတွေကို ကူညီပေးတဲ့အဖွဲ့ကိုယ်တိုင်က ပြဿနာတွေ အပြည့်နဲ့လို့ အမတ် မက်ဂိတ်စ်ကပြောသွားပါတယ်။ ဒီနေ့လည်အထိ ဟယ်လင်းမုန်တိုင်းကြောင့် သေဆုံးမှုဟာ ၂၂၃ဦးအထိ ရှိသွားပြီဖြစ်လို့ မုန်တိုင်းကျပြီး နောက်တရက်ကမှတ်တမ်းထက် ၄ဆနီးပါး ဖြစ်နေတာပါ။ မီးမရတာတော့ လူသိန်းချီပါတယ်။ ပြဿနာတွေရဲ့ အရင်းခံက စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့ ဘိုင်ဒန်-ဟဲရစ် အစိုးရဖြစ်ပါတယ်။ ဖီးမားက ဘိုင်ဒန်တို့လက်အောက်မှာ အရင်ကလို မဟုတ်တော့တာ အမှန်ပါပဲ။
ဖီးမားဘတ်ဂျက်တွေကို ခိုးဝင်တွေအတွက် ခွဲပေးနေရတယ်ဆိုတာ ဖီးမားတာဝန်ရှိသူတွေက ငြင်းထားပေမယ့် ဘိုင်ဒန်-ဟဲရစ်အစိုးရဟာ သူတို့ကိုမဲပေးမယ့် ရာဇဝတ်ကောင်တွေ ခိုးဝင်တွေကို ပင့်ဖို့ လေယာဥ် စင်းလုံးငှားတာတွေ၊ ဟိုတယ်တွေမှာ ထားတာတွေ၊ ဖုံးနဲ့ ငွေဖြည့်ထားတဲ့ ခရက်ဒစ်ကဒ်တွေ ပေးတာတွေကို ဘယ်ကပိုက်ဆံနဲ့ ပေးသလဲဆိုတာ မရှင်းပြနိုင်ဖြစ်နေပါတယ်။ ၂၀၂၂ရကပတုန်းက မဲလိုချင်တော့ ထရမ့်ဝယ်ဖြည့်ထားခဲ့တဲ့ တိုင်းပြည် အရံရေနံတွေရဲ့ တဝက်လောက်ကို ထုတ်ရောင်းခဲ့သူဆိုတော့ အရေးပေါ်ကိစ္စတွေအတွက် သိပ်မစဥ်းစားတာ ပေါ်လွင်နေပါတယ်။
ဖီးမားရဲ့ ဘတ်ဂျက်နဲ့ ဘိုင်ဒန်-ဟဲရစ်တို့ ညံ့ဖျင်းပုံကို ဖတ်ရတော့ ပြီးခဲ့တဲ့ ဘေးကြီး၂ခုကို ပြန်သတိရမိပါတယ်။ မနှစ် ဩဂုတ်လတုန်းက မောင်းဝီ ဟာဝိုင်အီမှာ ဖြစ်ပွားခဲ့တဲ့ လူရာကျော်သေခဲ့တဲ့ မီးလောင်မှုဟာ အဲဒီမနက်က ငြိမ်းသတ်ပြီးသားမီးကနေ မီးပြန်လာအချိန်မှာ ပြတ်ကျနေတဲ့ မီးကြိုးတွေက မီးပွားတွေ ဖြစ်ပြီး အောက်မှာရှိတဲ့ ခြုံရိုင်းတွေဆီကူးကာ ကျယ်ပြန့်သွားခဲ့တာဖြစ်တယ်လို့ စုံစမ်းစစ်ဆေးခဲ့ကြသူများရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဩဂုတ် ၈ရက် နံနက် ၆း၃၄မှာ မီးငြိမ်းဖို့ ရောက်လာတဲ့ မီးသတ်တွေဟာ ၂နာရီခွဲလောက် အကြာမှာ မီးငြိမ်းနိုင်ခဲ့ပြီး ပတ်ဝန်းကျင်မှာပါ မီးကြိုးတွေကအစ စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီမှာကျန်တယ်ဆိုတဲ့ မီးကြွင်းမီးကျန်က ပြန်လောင်သည်ဆိုသည့်တိုင် ၁၄၅၂နာရီတောင် ကြာအောင် လောင်ခဲ့တာကတော့ အကြီးစားပဟေဠိတခုပဲ ဖြစ်နေပါသေးတယ်။
လမ်းဘေးက သံပြားနဲ့လုပ်ထားတဲ့ ဆိုင်းတွေ၊ အလူမီနီယံဆိုင်းဘုတ်တွေ စတီးအဆောက်အဦတွေ အရည်ပျော်ရတဲ့မီးက ဘယ်လိုလုပ်ပြီး အဲဒီလောက်တောင် ပြင်းသွားတာလဲဆိုတာနဲ့ လမ်းတွေပိတ်ထားတော့ ပြည်သူတွေ ဘယ်မှ ရှောင်မရဖြစ်ပြီး အိမ်ထဲမှာတင် မီးကျွမ်းနေတဲ့အလောင်းတွေက အဖြေအစစ် လိုအပ်နေဆဲပါ။ တွေ့ရှိချက်တခုမှာတော့ မီးသတ်က အဝင်/အထွက် လက်မှတ်ထိုးရတဲ့ မှတ်တမ်းကို ထုတ်ပြန်ရာမှာ မှင်မည်းတွေနဲ့ ဆင်ဆာဖြတ်ထားတာတွေ အတော်လေးပါလာပြီး အဝင်လက်မှတ်ပဲရှိ၊ အထွက်လက်မှတ် မရှိတာတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ဆင်ဆာပါလာပြီဆိုတော့ သဘောပေါက်ကြပေါ့။
ဖေဖေါ်ဝါရီလကုန်လောက်က ဖြစ်ခဲ့တဲ့ ပန်ဟန်ဒယ်လ် တက္ကဆက်စ်က မီးဟာလည်း ပဟေဠိတွေနဲ့ပါ။ ဂါဗာနာအက်ဘော့က လုပ်သက်ရလာတာနဲ့အမျှ သဘာဝဘေးပေါင်းစုံ ကြုံခဲ့ဖူးပြီးဖြစ်ပါတယ်။ အရင်အကြိမ်တွေမှာ လောင်ခဲ့တဲ့မီးတွေက အိမ်တိုင်တွေ၊ စတီးတိုင်တွေ စတာတွေ ကျန်သေးပေမယ့် အခုတကြိမ်မီးလို အကုန်လုံး ပြာကျသွားခဲ့တာမျိုး မတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။ အဲဒီမီးမှာ အထိအနာဆုံးက နွားမွေးတဲ့လုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။ မီးထဲပါမသွားတဲ့ နွားတွေမှာတောင် မျက်လုံးကန်းတာတွေ၊ ခွာတို့ အမွှေးတို့ ကျွတ်ကျတာတွေ ဖြစ်လာကြပါတယ်။ အမေရိကန်တလွှားကို တင်ပို့နေတဲ့ အမဲသားတွေရဲ့ ၈၈% က ပန်ဟန်ဒယ်လ်မြို့ကလာတာဆိုတော့ တနိုင်ငံလုံးမှာ အမဲသားဈေးတွေ မိုးထိုးသွားတာ ဘေဂိတ်တို့လို ဒီမိုကရက်တွေလို လူတွေကို အသားမစားစေချင်သူတွေ၊ ကြပ်တည်းစေချင်၊ မကျန်းမာစေချင်သူတွေ အကြိုက်ဖြစ်နေတာပါ။
အခုနောက်ဆုံး ပတ်ဝန်းကျင်ဆောင့်ရှောက်ရေးအေဂျင်စီ အီးပီအေရဲ့ စည်းမျဥ်းအသစ်အရ အသားထုတ်စက်ရုံတွေက ထွက်လာတဲ့ ရေဆိုး ပေါင်သန်း၁၀၀ကို နှစ်စဥ်လျော့ချဖို့လို့ ဆိုပါတယ်။ အဲဒီစည်းမျဥ်းအသစ်ကို လိုက်နာဖို့ အခက်အခဲရှိတဲ့ အသားထုတ်စက်ရုံ အနည်းဆုံး တဒါဇင်လောက်ဟာ ရှေ့နှစ်မှာ ပိတ်သိမ်းရတော့မှာဖြစ်လို့ တက်နေတဲ့ အသားဈေးတွေ အများကြီး ထပ်တက်ဦးမှာအပြင် ဘာသာစကားပြဿနာမရှိပဲ အလုပ်လုပ်လို့ရတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး လျော့ပါးသွားမှာ ဖြစ်ပါတယ်။
အခုလို ရီဆက်ရှင်ဖြစ်လုနီးနေတဲ့ အချိန်မှာ ပတ်ဝန်းကျင်အကြောင်းပြချက်နဲ့ အလုပ်အကိုင်တွေ လျော့ပါးအောင်၊ ကုန်ဈေးနှုန်းတွေ တက်အောင် လုပ်တာဟာ ပြည်သူ့အကျိုးအတွက် မဖြစ်နိုင်တာတော့ ထင်ရှားနေပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းတယ်ဆိုတဲ့ အနှစ်သာရက လူတွေအကျိုးဖြစ်ဖို့ဆိုရင် လူတွေ ကြပ်တည်းနေတဲ့ အလုပ်အကိုင်ရှားပါးနေတဲ့အချိန်မှာ အခုလို စည်းမျဥ်းအသစ်ထုတ်တာလည်း မသင်္ကာစရာပါပဲ။ တကယ်ဆို အားလုံးအတွက် အကောင်းဆုံးဖြစ်မယ့် နည်းလမ်းတခုကို အဖြေရှာပြီး ပူးပေါင်းဆောင်ရွက်ကြသင့်ပါတယ်။
ရီပါဘလစ်ကန်ဒုသမ္မတလောင်း ဂျေဒီဗန့်စ်က ဒီဘိတ်မှာ ကတိပေးခဲ့တဲ့အတိုင်း ဖက်ဒရယ်ရီဆာ့ဗ်ဘဏ်ရဲ့ ဂါဗာနာတဦးဖြစ်တဲ့ မီရှဲဘိုမန်ရဲ့ မှတ်ချက်ကို ဖော်ပြခဲ့ပါတယ်။ မီရှဲဘိုမန်က တိုင်းပြည်ထဲကို ဝင်လာတဲ့လူဦးရေ များတဲ့အလျောက် စားသုံးသူတွေရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလိုအပ်ချက်ဟာ လက်ရှိစနစ်ကြီးကနေ ပေးနိုင်တာထက် အများကြီး ပိုနေမှာဖြစ်လို့ ကုန်ပစ္စည်းရော ဝန်ဆောင်မှုတွေပါ ဈေးတက်/ဈေးဖောင်းပွနိုင်တယ်လို့ သုံးသပ်ပါတယ်။ အလားတူပဲ အဲဒီလူတွေ မရှိခင်ကတောင် ဈေးကွက်ထဲမှာ အိမ်တွေမလောက်ငတဲ့အတွက် အိမ်ဝယ်/ငှားစရိတ်က မြင့်နေတာဆိုတော့ အဲဒီပေါ်မှာ သန်းပေါင်းများစွာသော နေစရာလိုအပ်ချက်တွေ ထပ်ပေါင်းလိုက်ရင် အိမ်ဈေးတွေ၊ အိမ်ငှားခတွေက အများကြီးကို ဆက်တက်နေဦးမယ့်အကြောင်းလည်း ရေးထားပါတယ်။ ရှေ့ဆက် ပိုမဆိုးချင်ရင် လူရွေးမမှားပါစေနဲ့။