မနေ့က ကြိုတင်မဲပေးတဲ့ နောက်ဆုံးနေ့အထိ ၆၉သန်းကျော်သောသူတွေ မဲပေးခဲ့ကြပြီးဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ ၂၀၂၀မှာ ကြိုတင်မဲပေးကြတဲ့နံပါတ်လောက် မများပေမယ့် ၂၀၂၀က မဲစုစုပေါင်းရဲ့ ၄၄%နီးပါးရှိတယ်လို့ ဆိုပါတယ်။ ကြိုတင်မဲပေးကြသူအများစုက ပုံမှန်မဲပေးကြသူတွေဖြစ်ပြီး အသစ်တွေထဲက ကြိုတင်မဲပေးကြသူတွေထဲမှာ အများဆုံးက ပန်ဆယ်လ်ဗေးနီးယားက ဒီမိုကရက်မိန်းမများနဲ့ အီရီဇိုးနားက ရီပါဘလစ်ကန်ယောက်ျားများဖြစ်ကြပါတယ်။ ၁၉၈၀ကစလို့ မိန်းမတွေဟာ ဒီမိုကရက်ကို မဲပေးကြတာများပြီး ယောက်ျားတွေက ရီပါဘလစ်ကန်ကို မဲပေးကြတာ များပါတယ်။ မိန်းမတွေက မဲစောစောနဲ့ ပုံမှန်ပေးလေ့ရှိကြပြီး ယောက်ျားတွေက သူတို့ကြိုက်တဲ့သူမှ မဲထွက်ပေးကြတာဖြစ်ပါတယ်။
နီဗားဒါးမှာ ကြိုတင်မဲတွေကို ၂ပတ်အလိုကနေ မနေ့ကအထိ ပေးရတာမှာ ရီပါဘလစ်ကန်တွေက မကြုံစဖူးတဲ့ပမာဏ ထွက်ပေးခဲ့ကြပါတယ်။ မဲပေးဖို့မှတ်ပုံတင်ထားပြီး ပုံမှန်မဲပေးသူ ၂သန်းစွန်းစွန်းမှာ ၉သိန်းခွဲနီးပါးလောက် မဲပေးပြီးပါပြီ။ ရီပါဘလစ်ကန် ၃၆၅,၂၈၃၊ ဒီမိုကရက် ၃၂၀,၅၂၇နဲ့ ဘယ်ပါတီမှ မဝင်ထားသူ ၂၅၉,၆၂၆ တို့ဖြစ်ပါတယ်။ စာတိုက်မဲတွေမှာတော့ ဒီမိုကရက်က ၁၉၀,၅၂၀၊ ရီပါဘလစ်ကန်က ၁၄၂,၈၆၉နဲ့ ဘယ်ပါတီဝင်မှ မဟုတ်သူက ၁၃၈,၀၀၉ ဖြစ်ပါတယ်။
ဒီမိုကရက်တွေကြီးစိုးတဲ့ ကလာ့ခ်ကောင်တီမှာတောင် ဂျီအိုပီတွေက ၁၄၇,၇၁၇ နဲ့ဦးဆောင်နေပြီး ဒီမိုကရက်က ၁၀၀,၇၄၄နဲ့ ဘယ်ပါတီမှမဝင်သူက ၅၁,၃၇၂ ကြိုတင်မဲ ပေးပြီးကြပါပြီ။ ပုံမှန်အားဖြင့် ဒီမိုကရက်တွေက ကြိုတင်မဲပေးကြတာ များပြီး ရီပါဘလစ်ကန်အများစုက ရကပနေ့မှာမှ လူကိုယ်တိုင်ထွက်ပြီး မဲပေးကြလေ့ရှိကြတော့ အဲဒီလိုသာဖြစ်လာရင် နီဗားဒါးဟာ ၂၀၀၄ကစပြီး ပထမဆုံးနီတဲ့ပြည်နယ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
ကြိုတင်မဲတွေကိုကြည့်ရင် ပန်ဆယ်လ်ဗေးနီးယား၊ ဖလော်ရီဒါ၊ အီရီဇိုးနား၊ နီဗားဒါး၊ မြောက်ကာရိုလိုင်းနားတို့မှာ ရီပါဘလစ်ကန်တွေက ၂၀၂၀တုန်းကနံပါတ်တွေရဲ့ ၈၂.၃-၉၇.၇% အထိ မဲထွက်ပေးခဲ့ကြပေမယ့် ဒီမိုကရက်တွေကတော့ ၂၀၂၀က နံပါတ်တွေရဲ့ ၅၅.၁-၇၇.၆ %လောက်ပဲ မဲထွက်ပေးကြတယ်လို့ သိရပါတယ်။ ၂၀၂၀ကတော့ ပန်ဒဲမစ်ကာလဆိုတော့ ကြိုတင်မဲတွေက အများဆုံးပေးတဲ့နှစ် ဖြစ်တဲ့အတွက် အဲဒီနှစ်ကကြိုတင်မဲကို မှီဖို့တော့ မလွယ်ပါဘူး။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ် Bucks ကောင်တီမှာ ကြိုတင်မဲလာပေးကြသူတွေကို မဲရုံက ၅နာရီမှ ပိတ်မှာဖြစ်ပေမယ့် ၂နာရီမထိုးခင်ကတည်းက မဲဆက်ပေးလို့မရအောင် ထပ်မစီတော့ဖို့ တားမြစ်လိုက်ပါတယ်။ ပုံမှန်က တန်းဘယ်လောက်ရှည်ရှည် ၄နာရီမခွဲခင် စီနေတဲ့လူတိုင်းကို မဲပေးခွင့်ပေးရမှာပါ။ တန်းကလည်း ဘလောက်ပေါင်းများစွာရှည်နေတာမဟုတ်ပါဘူး၊ သူတို့အားလုံး ပေးမယ်ဆိုရင်တောင် ၃နာရီမထိုးခင် ပြီးနိုင်ပါတယ်။ ဒီကြားထဲ ဘတ်စ်တွေနဲ့ ပင့်လာတဲ့ လူအုပ်စုကို မဲရုံတာဝန်ခံတွေက ရှေ့က ဖြတ်သွင်းပေးလိုက်ပါသေးတယ်။ ရကပနေ့မှာ အဲဒီလိုညစ်တာတွေကို ရှောင်ရှားနိုင်အောင် စောနိုင်သလောက် စောစောသွားပြီး မဲပေးကြဖို့ လိုပါတယ်။
မစ္စစ္စပီမှာ မဲပေးတဲ့နေ့အပြီး နောက် ၅ရက်အတွင်း ရောက်လာတဲ့ စာတိုက်မဲတွေကို ထည့်ရေတွက်ဖို့ ဒီနှစ်အစောပိုင်းက ဥပဒေလုပ်ခဲ့တဲ့အပေါ် လစ်ဘာတေးရီးယန်းပါတီ၊ ရီပါဘလစ်ကန်ပါတီတို့က ကန့်ကွက်ခဲ့တာကို အောက်ရုံးက ပယ်ချခဲ့ပေမယ့် 5th Circuit အယူခံရုံးက အောက်ရုံးဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ပေးခဲ့ပါတယ်။ ရကပပြီးတဲ့နောက်မှ ရောက်လာတဲ့ စာတိုက်မဲတွေကို ထည့်ရေရမယ်ဆိုတာ ၂၀၂၀တုန်းကလိုပဲ မနိုင်မချင်း မဲမပေးသူတွေရဲ့ မဲတွေကိုရိုက်ထုတ် သယ်လာပြီး ရေမှာနဲ့ တူတူပါပဲ။ မိန်းက မဲစာရင်းတွေကို အပြင်လူမသိစေချင်လို့ ကန့်သတ်ထားတာကို တရားမျှတမှု စောင့်ကြည့်ရေးအဖွဲ့က တရားစွဲ၊ အထက်ရုံးတက်ပြီး ကြည့်လို့ရအောင်လုပ်ခဲ့လို့ သိရတာပါ။
မိန်းပြည်နယ်မှာ ၂၀၂၀တုန်းက မဲပေးကြသူတွေက မဲပေးပိုင်ခွင့်ရှိသူတွေရဲ့ ၁၀၁% ဖြစ်နေပါတယ်။ ပုံမှန် ရကပတွေမှာ မဲပေးနိုင်သူရဲ့ ၅၀-၆၀%လောက်ပဲ မဲပေးကြတာကနေ သွားမဲဆွယ်သမျှ ကျီးနဲ့ဖုတ်ဖုတ် ဖြစ်နေတဲ့ ဘိုင်ဒန့်ကျမှ မဲပေးနိုင်သူရဲ့ ၁၀၁% ဆိုတာ သွေးရိုးသားရိုး ဟုတ်နိုင်ပါ့မလား။ ဒီနှစ်တော့ ဒီလိုမဖြစ်ဖို့ အားလုံးဝိုင်းကြိုးစားကြဖို့ လိုပါတယ်။
ဝါရှင်တန်ဒီစီမှာ ပြောင်း/သေ/ထပ် စတဲ့ မဲစာရင်းက ဖယ်သင့်တာတွေကို မဖယ်ပဲ ဆက်ထားနေလို့ ဂျူဒစ်ရှယ်ဝေါချ့်က တရားစွဲပြီး ပြင်ခိုင်းခဲ့တာ ၁သိန်း၈သောင်းနီးပါး မဲစာရင်းက ထုတ်ပစ်ခဲ့နိုင်ပါတယ်။ အပြာရင့်ပြည်နယ်မှာတောင် အခုလိုမဲစာရင်းကို မသန့်မရှင်းလုပ်တာဆိုတော့ အကြိတ်အနယ်ပြိုင်ရမယ့်ပြည်နယ်တွေမှာဆိုရင် ဗျူရိုကရက်တွေကို အပိုင်ကိုင်ထားတဲ့ ဒီမိုကရက်တွေက မညစ်ပဲနေပါ့မလားဆိုတာ စဥ်းစားစရာပါ။
ဗာဂျီနီးယားမှာ နိုင်ငံသားဖြစ်ကြောင်း အထောက်အထားမစုံလင်သူတွေကို မဲစာရင်းကနေ ပယ်ဖျက်ပစ်ခဲ့တာကို အောက်ရုံးက ပြန်ထည့်ဖို့အမိန့်ချပေမယ့် ဆူပရင်းကုတ်က ချက်ချင်းပဲ ဖျက်ခွင့်ပြုပေးခဲ့ပါတယ်။
ဗီဒီယိုတွေ သတင်းတွေထဲမှာ မဲပေးစက်က ထရမ့်ကို ရွေးလို့မရအောင် လုပ်ထားတာ၊ မဲစာရွက်တွေမှာ ထရမ့်အတွက် ဖြည့်ရမယ့်နေရာမှာ စာတွေရိုက်ထားတာ၊ နိုင်ငံသားမဟုတ်သူတွေ မဲပေးတာ စသဖြင့် တွေ့နေရပါတယ်။ အဲဒါကို ကမလာတို့လက်ကိုင် အက်ဖ်ဘီအိုင်က ရုရှားလက်ချက်ပါလို့ ရှောင်ဖြေပါတယ်။ ရုရှားကလုပ်တယ်လို့ ဆိုရအောင် ပူတင်က ပျော့ညံ့ပြီး သူထင်ရာလုပ်လို့ရမယ့် ခေါင်းဆောင်ကို အလိုရှိတာမဟုတ်ဘူးလား။ ထရမ့်တက်ရင် စစ်ရပ်သွားနိုင်ပေမယ့် အဲဒီလိုရပ်ဖို့ နာမယ့်နေရာ ရွေးရိုက်မှာလေ။ သူ့ရေနံပိုက်လိုင်းတွေကို ပိတ်ပစ်လိုက်ရင် အခုလိုကမ္ဘာ့အကြီးဆုံး နံပါတ် ၄စီးပွားရေး ဘယ်ဖြစ်နိုင်တော့မလဲ။ ၂၀၁၆တုန်းကလည်း ဒီဓါတ်ပြားပဲ ဖွင့်ခဲ့တာပဲလေ။ စစ်လိုက်တော့မှ ဟေလာရီလက်ချက် ဖြစ်နေတာမဟုတ်လား။
ဒီမိုကရက်တွေက နိုင်ငံသားမဟုတ်သူတွေ/ ခိုးဝင်တွေ မဲပေးတာမျိုး မရှိပါဘူးလို့ လိပ်ခေါင်းထွက်မတတ် အော်နေပေမယ့် တဖက်မှာ မဲပေးသူကို အိုင်ဒီမတောင်းရဘူးတို့၊ တောင်းရင် ဥပဒေချိုးဖောက်တာတို့၊ စတဲ့ဥပဒေတွေကို ပြဌာန်းထားတာဆိုတော့ မပြေးသော် ကန်ရာရှိ ဖြစ်နေပြီပဲ။
ထရမ့်နဲ့ ကမလာ နှစ်ဦးလုံးက ၄နှစ်စီ အုပ်ချုပ်ခဲ့တဲ့သူတွေပဲမို့ ဘယ်သူက တိုင်းပြည်အတွက် ပိုကောင်းတယ်ဆိုတာ ကလေးတောင် သိပါတယ်။ မနေ့ကထွက်လာတဲ့ job report မှာ အောက်တိုဘာအတွင်း အလုပ်အကိုင် ၁၂၀၀၀လောက်ပဲ တိုးလာပါတယ်။ ဟာရီကိန်းတွေကြောင့်လို့ အကြောင်းပြပေမယ့် ဒီလောက်နည်းစရာတော့ မရှိဘူးလေ။ ကမလာလိုလူမျိုးနဲ့ ထရမ့်လိုလူမျိုးတောင် အကြိတ်အနယ်ယှဥ်ပြိုင်ရတယ်ဆိုရင် တခုခုတော့ လွဲနေပြီ။ ကမလာမပြောနဲ့ မအလက ဒီမိုကရက်ပလက်ဖောင်မှာ ဝင်ပြိုင်ရင်တောင် မြန်မာပြည်မှာထက်တော့ မဲရဦးမှာပဲ။
ထရမ့်တက်ရင် ရောဘတ်ကနေဒီ၊ အီလွန်၊ တူလ်စီဂစ်ဘတ် စတဲ့ ဒိတ်ဒိတ်ကြဲဒီမိုကရက်ဟောင်းတွေ၊ ဂျေဒီ၊ ဗီဗိတ်တို့လို ငယ်ရွယ်ထက်မြက်သူတွေ၊ ငွေကြေးဈေးကွက်ကို နောကျေအောင် နားလည်တဲ့ ဂုရုကြီးတွေ အားလုံးက တိုင်းပြည်ချစ်ကြသူတွေ၊ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ ဖွဲ့စည်းမဲ့ အစိုးရအဖွဲ့ဟာ အမေရိကန်ကို အကြွေးတွင်းထဲကနေ အမြန်ဆုံးလွတ်ကင်းအောင် ကြိုးစားကြမယ့်အပြင် အရင်လို ကမ္ဘာ့အချမ်းသာဆုံး၊ အင်အားအကြီးဆုံးနိုင်ငံကြီးအဖြစ် နိုင်ငံသားအားလုံး ဂုဏ်ယူရအောင် စွမ်းဆောင်ပေးကြမှာဖြစ်ပါတယ်။ လွတ်လပ်မှု၊ ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့ ထရမ့်အစိုးရအဖွဲ့ဟာ ကမ္ဘာ့လူရမ်းကားများရဲ့ အိပ်မက်ဆိုးဖြစ်သလောက် ကမ္ဘာအရပ်ရပ်က လွတ်လပ်ဖို့ကြိုးစားနေတဲ့ လူ့အဖွဲ့အစည်းများရဲ့ အားကိုးရာ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်။
အင်္ဂါနေ့ကျရင် စောစောမဲသွားပေးကြပါ၊ စာတိုက်မဲရှိရင် လိုလိုမယ်မယ် ဆောင်ထားပြီး လူကိုယ်တိုင်ပေးဖို့ အခွင့်မရရင် မဲပုံးထဲထည့် မရရင် ညနေမတိုင်ခင် စာတိုက်ပုံးထဲ ထည့်ဖြစ်အောင် ထည့်ကြပါ။