နိုဝင်ဘာ ၃ရက်မနက်အထိ ဒါဇင်နဲ့ချီတဲ့ ပြည်နယ်တွေမှာ လူပေါင်း ၇၅သန်း ကြိုတင်မဲ ပေးခဲ့ပြပြီး ဖြစ်ပါတယ်။ အဲဒီထဲက ၄၁.၅သန်းက လူကိုယ်တိုင်မဲပေးခဲ့ကြပြီး ၃၄.၇သန်းက စာတိုက်မဲ ပြန်ပို့ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဖလော်ရီဒါတက္ကသိုလ်ရဲ့ အီလက်ရှင်လက်ဘ်က စာတိုက်မဲပေါင်း ၆၇သန်းကို လူတွေက တောင်းခံထားခဲ့ကြတယ်လို့ဆိုပါတယ်။ ၂၀၂၀တုန်းက လူကိုယ်တိုင် ကြိုတင်မဲပေးခဲ့ကြတာ ၃၅သန်းဖြစ်ပြီး ၆၅သန်းက စာတိုက်မဲဆိုတော့ ဒီနှစ်မှာ လူကိုယ်တိုင် ကြိုတင်မဲပေးကြတဲ့ပမာဏက အများကြီးပိုများပါတယ်။
စာတိုက်မဲဆိုတာ မြန်မာပြည်က ပျက်ကွက်မဲသဘောပါပဲ။ မတူတာက အပြာပြည်နယ်အများစုမှာ စာတိုက်မဲက မတောင်းလဲ ပို့ပေးတာပါပဲ။ ကယ်လီဖိုးနီးယားမှာ မပို့ပါနဲ့လို့ ရွေးလဲ ပို့တာပါပဲ၊ ခုတော့ ရွေးခွင့်တောင် မရှိတော့ပါဘူး။ စာတိုက်မဲတွေ ပြန်ပို့တဲ့အခါ ဘဲလော့ဘောက်စ်ဆိုတဲ့ ပုံးထဲကို သွားထည့်ရပါတယ်။ အိုင်ဒီစစ်ဖို့ဝေးလို့ စီစီတီဗီလည်းမရိုက်၊ ဘယ်သူမှ စောင့်ကြည့်နေတာမဟုတ်လို့ လူတယောက်ထဲက ဘယ်နှစ်ခုပဲလာထည့်ထည့် ထည့်လို့ ရနေပါတယ်။ ထည့်တဲ့လူက မဲပေးခွင့်ရှိသူ ဟုတ်/မဟုတ် ဘယ်သူမှလည်း မသိပါဘူး။ လူအိုရုံတွေ၊ ရေရှည်ကုသပေးတဲ့နေရာတွေ၊ အခြေအနေမဲ့တွေရဲ့ မဲတွေကိုပါ ဝယ်ယူ/လှိမ့်ပြောပြီး ယူလို့ရနေပါတယ်။ အဲဒီလိုလုပ်ခဲ့ကြတဲ့ သာဓကတွေ ရှေ့က ရကပတွေမှာ အများကြီးရှိခဲ့ပါတယ်။
ပါတီအလိုက် ကြိုတင်မဲပေးကြသူများနံပါတ် ထုတ်ပြန်ပေးတဲ့ ပြည်နယ် ၂ဒါဇင်လောက်မှာ ဒီမိုကရက်တွေက ၁၄.၆သန်း မဲပေးခဲ့ပြီး ရီပါဘလစ်ကန်တွေက ၁၃.၉သန်းဆိုတော့ ဒီမိုကရက်က ၁.၇ပွိုင့် နဲ့ အနည်းငယ် အသာရနေပါတယ်။ ပါတီမဝင်ထားသူ ၁၀သန်းလောက်လဲ မဲပေးခဲ့ပါတယ်။ လက်ရှိစီးပွားရေးအခြေအနေအရ ပါတီမဝင်ထားသူအများစုက ဘယ်သူ့ကိုပေးမယ်ထင်ကြပါသလဲ။
အီရီဇိုးနားမှာ ရီပါဘလစ်ကန်မဲက ဒီမိုကရက်မဲထက် ၁၈၀,၀၀၀လောက် သာနေပါတယ်။ ပါတီမဝင်သူတွေရဲ့မဲက ပြည်နယ်မှာ ခုထိ ရထားတဲ့မဲအားလုံးရဲ့ ၂၆.၇% ဖြစ်ပါတယ်။ ဒီပြည်နယ်မှာ လူကိုယ်တိုင် ကြိုတင်မဲပေးတာမျိုးမရှိပဲ စာတိုက်မဲပဲ ရှိပါတယ်။
နီဗားဒါးက ကြိုတင်မဲအားလုံးမှာ ရီပါဘလစ်ကန်က ၄သောင်းအသာနဲ့ ဦးဆောင်နေပါတယ်။ လူကိုယ်တိုင် ကြိုတင်မဲပေးတာကလည်း အားကောင်းလှပါတယ်။ ဒါပေမယ့် ပြည်နယ်ဆူပရင်းကုတ်က အောက်ရုံးလိုပဲ ရကပနောက် ၃ရက်အထိ ရောက်လာသမျှ မဲတွေကို စာပို့တဲ့ရက် မထင်ရှားရင်တောင်မှ ထည့်ရေရမယ်လို့ အမိန့်ချထားတဲ့အတွက် မနိုင်မချင်းများ ရေမှာလားလို့ စောင့်ကြည့်ရဦးမှာပါပဲ။ အမှန်တော့ ရကပနေ့ရောက်အောင် မထည့်နိုင်တဲ့မဲက ပယ်မဲပါ၊ ပယ်မဲကို ထည့်ရေတာက ခြေ/ဥကို ချိုးဖောက်တဲ့ သူခိုးဥပဒေပါပဲ။
မြောက်ကာရိုလိုင်းနားမှာ ကြိုတင်မဲ စပေးလို့ရကတဲက ရီပါဘလစ်ကန်တွေက ဦးဆောင်လာတာ အခုအချိန်အထိ ၄၂၀၀၀ အသာရနေဆဲပါ။ အစဥ်အလာအရ ရီပါဘလစ်ကန်က ကြိုတင်မဲပေးတာနည်းပြီး ရကပနေ့မှ ထွက်ပေးကြပေမယ့် အခုတကြိမ်မှာ ကြိုတင်မဲမှာထဲက အားကောင်းနေတဲ့အတွက် ဒီမိုကရက်တွေ ပြာနေပြီး ညစ်နည်းပေါင်းစုံ သုံးလာနိုင်တာကို သတိထားကြဖို့ လိုပါတယ်။
ပန်ဆယ်လ်ဗေးနီးယားမှာ ၁.၇သန်းပဲ ကြိုတင်မဲ ပေးထားခဲ့ကြပေမယ့် ဒီမိုကရက်တွေက စာတိုက်မဲနဲ့ ၄သိန်းလောက် သာနေပါတယ်။ မဲပေးဖို့ မှတ်ပုံတင်ထားသူက ၉သန်းဆိုတော့ ၅ရက်နေ့ကျမှ အများကြီး ထပ်ထွက်လာဦးမှာလားဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ။ ဒီပြည်နယ်က ကြိုတင်မဲလာပေးတဲ့သူတွေကို မဲပေးခွင့်မပြုပဲ ပိတ်ချပစ်တဲ့ ပြည်နယ်ဖြစ်လို့ ညစ်လုံးတွေ လုပ်လာနိုင်တာကို ကြိုပြင်ထားကြဖို့ လိုပါမယ်။
အိုင်အိုဝါမှာ နိုင်ငံသားဟုတ်ကြောင်း သက်သေမခိုင်လုံတဲ့လူပေါင်း ၂၀၀၀ကျော်ကို စီစစ်ခွင့်မပေးဖို့ ဘိုင်ဒန်ခန့်ထားတဲ့ ခရိုင်တရားသူကြီးက ဆုံးဖြတ်ပေးတာကို ပြည်ထောင်စုတရားသူကြီးက စီစစ်ခွင့် ပေးလိုက်ပါတယ်။ မစီစစ်စေချင်တာက civil liberty union နဲ့ လက်တင်အမေရိကကလာတဲ့ အိုင်အိုဝါသားတွေလို့ခေါ်တဲ့အဖွဲ့ဖြစ်ပြီး စီစစ်ချင်တာက ရီပါဘလစ်ကန် ရှေ့နေချုပ်နဲ့ ပြည်နယ်အတွင်းရေးမှုးတို့ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ နိုင်ငံသားဖြစ်တာသေချာမှ မဲပေးခွင့်ရတာကို မစစ်ရဘူးဆိုတာက အမေရိကန်မှာပဲရှိတဲ့ စူးရောက်တဲ့အတွေးအခေါ်ပါ။
မနေ့က ကမလာက ကာလီဖိုးနီးယားကို သူ့မဲပို့လိုက်ပါတယ်။ ကာလီဖိုးနီးယားမှာ လူတယောက်ကို ငွေ ၉၅၀အောက် ခိုးရင် ဖမ်းလို့မရတဲ့ဥပဒေကို ကမလာရှေ့နေချုပ်လုပ်တုန်းက ပြဌာန်းခဲ့တာပါ။ အခုတော့ အဲဒီဥပဒေကို ပြန်လှန်ဖို့ မဲပြားထဲမှာ ဆန္ဒခံယူထားပါတယ်။ အဲဒီအပေါ် ကမလာဘယ်လိုမှတ်ချက် ပေးမလဲလို့ မေးတဲ့အခါ ကမလာက ရကပက နီးနေပြီ၊ ခုတောင် တနင်္ဂနွေနေ့ဖြစ်နေပြီဆိုတော့ ဘာမှ မပြောတော့ပါဘူးလို့ ရှောင်ထွက်သွားပါတယ်။
၉၅၀အောက် တရားခွင်ခိုးခွင့်ပြုတဲ့ အဲဒီဥပဒေကို ၅၉%သောမဲနဲ့ ၂၀၁၄က အတည်ပြုခဲ့တယ်ဆိုတော့ လူတွေက စာပဲမဖတ်တာလား၊ သရုပ်မှန်ထက် ဆွယ်ပြောတွေကိုယုံလို့ မျက်စိမှိတ်မဲပေးကြတာလား၊ မိုးခဲတာလား၊ တခုခုပါပဲ။ မိုးခဲတယ်ဆိုလို့ မိုးခဲတာ ဖက်ဒရယ်ရကပမှာပဲ ရှိတာမဟုတ်သလို ၂၀၂၀ကမှ စတာလည်း မဟုတ်ပါဘူး။ ကာလီဖိုးနီးယားက မဲဥပဒေနဲ့ လုပ်နေတာတွေကိုကြည့်ရင် အစိုးရဖြစ်စေချင်သလို ဖြစ်နိုင်တယ်ဆိုတာ သိပါလိမ့်မယ်။ အစိုးရလုပ်ချင်သလို ဖြစ်နိုင်နေမှတော့ ပြည်သူ့ဆန္ဒက ဘယ်လောက်မှ အရေးမပါတော့ပါဘူး။ အဲဒါကမှ အာဏာရှင်ပါ၊ ကိုယ်မကြိုက်ပေမယ့် ပြည်သူ့ဆန္ဒ အလေးထားနေတဲ့သူက အာဏာရှင် မဟုတ်ပါဘူး။
ကမလာ့မဲဆွယ်ပွဲတခုမှာ လူအုပ်ထဲကတဦးက ဂျီးဆပ်စ်အစ်ကင်းလို့ အော်ပြောလိုက်တော့ ကမလာက မင်းလာတာ ပွဲမှားနေပြီလို့ ပြောခဲ့တာက သူကိုယ်သူ ခရစ်ယာန်ဖြစ်ပါတယ်လို့ ပြောထားတာနဲ့ လွဲနေပါတယ်။ ရုတ်တရက်တုန့်ပြန်တာက ရင်ထဲကလာတာအစစ်ဖြစ်တော့ သူ့ကိုယ်သူ ခရစ်ယာန်လို့ ပြောတာက သူ့ကိုယ်သူလူမည်းလို့ ပြောတာလိုပဲ အလိမ်ဖြစ်နေတာပါ။ ကိုယ့်လူမျိုးနဲ့ ဘာသာတောင် လိမ်တယ်ဆိုရင် တခြားမလိမ်တာ ဘာများရှိဦးမှာမို့လဲ။
ကမလာရဲ့ ရန်းနင်းမိတ်တင်မ်ဝေါ့လ်ဇ်ဆိုတာက တရုပ်ကိုဘာလို့ လုံးဝမကောင်းမပြောနိုင် မလွန်ဆန်နိုင် ဖြစ်နေရသလဲဆိုတော့ သူက ၁၉၈၉ တရုပ်မှာ စာသွားပြနေတုန်းက စီစီပီအရာရှိကြီးတဦးရဲ့ သမီးနဲ့ ငြိခဲ့ပါတယ်။ အရာရှိက သူ့သမီးကို အနောက်နိုင်ငံသားနဲ့ပတ်သက်ရင် သေခန်းဖြတ်မယ်ဆိုလို့ ခိုးတွဲခဲ့ကြတာပါ။ တင်မ်က ယခုအသက် ၅၉ရှိပြီဖြစ်တဲ့ ဂျန်နာဝါန်းကို လက်ဆောင်တွေဖို့ပြီး အိပ်ယာထဲထိ ခေါ်ဆောင်နိုင်ခဲ့ပေမယ့် လက်ထပ်ဖို့တော့ လုံးဝစကားမစခဲ့တာကြောင့် ဂျန်နာက ရှက်ဒေါသနဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိတောင် တွေးခဲ့တယ်လို့ ဆိုပါတယ်။ တင်မ်ကို ဂျန်နာက ပြဿနာမရှာခဲ့ပေမယ့် သူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကို စီစီပီက အကုန်မှတ်တမ်းတင်ထားခဲ့တာပါ။
တင်မ်ရဲ့ အညှာကို ကိုင်လိုက်နိုင်ပြီဖြစ်တဲ့ စီစီပီဟာ တင်မ်ကို ယူအက်စ်က တရုပ်အော်ပရေးရှင်းတွေ အတွက် အသုံးချဖို့ ကြိုးစားလာခဲ့တာ အခုအတိုင်းဆို အောင်မြင်တယ်လို့ ဒေးလီးမေးလ်က လဇ်ဝှီလာက တင်ပြထားပါတယ်။ တင်မ်ထက် ဓန ဩဇာကြီးသူတွေလည်း မစားကောင်းတဲ့ အသီးကင်းလေးတွေစားမိပြီး စီစီပီပင့်ကူအိမ်မှာ မိနေကြတာကြောင့် လုံးဝ မလွန်ဆန်ရဲကြတာလို့ ဖတ်ခဲ့ဖူးပါတယ်။ တရုပ်ဩဇာခံတက်ရင် မြန်မာပြည်ရော တရုပ်မျက်စေ့ကျနေတဲ့နိုင်ငံလေးတွေ အတွက် အိပ်မက်ဆိုးပါပဲ။