ထရမ့်ဟာ သူ့အစိုးရအတွက် ဒီနေ့ဆက်လက်ရွေးချယ်သွားတာကတော့ အီလွန်နဲ့ ဗီဗိတ်ခ် ရာမာဆွာမိ တို့ ၂ဦးကို DOGE (Department of Government Efficiency) အတွက် ရွေးချယ်လိုက်ပါတယ်။ ဒီဌာနသစ်က အိမ်ဖြူစီမံခန့်ခွဲမှုနဲ့ ဘတ်ဂျက်ရုံးနဲ့အတူ ဖက်ဒရယ်အစိုးရယန္တယားရဲ့ အပြင်ကနေ လှုပ်ရှားသွားမှာဖြစ်ပါတယ်။ အစိုးရဗျူရိုကရေစီယန္တယားကနေ မလိုအပ်တဲ့ အသုံးစားရိတ်တွေ၊ ဥပဒေတွေကို ဖျက်သိမ်း/ဖြေလျော့သွားမှာဖြစ်ပြီး အစိုးရအေဂျင်စီတွေကို ပုံစံအသစ်နဲ့ ပြန်လည်တည်ဆောက်မှာ ဖြစ်ပါတယ်။
တောင်ဒါကိုတာဂါဗာတာ ခရစ္စတီနုမ်က ဝန်ထမ်းပေါင်း ၂၆၀,၀၀၀ ကျော်ရှိတဲ့ DHS ပြည်တွင်းလုံခြုံရေး ဝန်ကြီးဖြစ်လာမှာဖြစ်ပြီး လူဝင်မှုနဲ့ ဘေးအန္တရာယ်စီမံမှုတွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။
Fox & Friends Weekend က co-host Pete Hegseth ကိုတော့ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်သွားမှာပါ။ Pete ဟာ ခြေလျှင်တပ်က ဗိုလ်ကြီးဟောင်းတဦးဖြစ်ပြီး အာဖဂန်နဲ့ အီရတ်တို့မှာ တာဝန်ထမ်းဆောင်ခဲ့ကာ ကြေးကြယ်ပွင့်၂လုံး ရထားသူဖြစ်ပါတယ်။ တပ်ထဲမဝင်ခင် ပရင်စတန်တက္ကသိုလ်က ဘွဲ့ရခဲ့သလို တပ်ကထွက်လာပြီးနောက် ဟားဗတ်တက္ကသိုလ် ကနေဒီဂါးဗားမန့်ကျောင်းကနေ ပါ့ဘလစ်ပေါ်လစီနဲ့ မဟာဘွဲ့ရထားတာပါ။ ဖောက်စ်မှာရှိစဥ် သူ့ရဲ့ စစ်ရေးအပေါ်အမြင်တွေ သုံးသပ်ချက်တွေက ကြည့်ရှုသူပြည်သူအများရဲ့ အမြင်နဲ့ ကိုက်ညီမှုရှိလို့ သူ့အစီအစဥ်ကို လူကြိုက်များကြကြောင်း ဖောက်စ်က တာဝန်ရှိသူတဦးက ဆိုပါတယ်။ Pete ကို ရွေးလိုက်တာဟာ လူအများအံ့အားသင့်စရာဖြစ်ပေမယ့် ပင်တဂွန်ဟာ ကမ္ဘာမှာအကြီးဆုံး ဗျူရိုကရက် ယန္တယားကြီးတခုဖြစ်လို့ အပြင်က အမြင်သစ် အတွေးသစ်ရှိတဲ့သူကို ခေါ်ခန့်တာ ဖြစ်နိုင်ပါတယ်။
အရင်ထရမ့်အစိုးရလက်ထက်က Director of National Intelligence လုပ်ခဲ့တဲ့ ဂျွန်ရက်ကလစ်ဖ်က အခုအစိုးရသစ်မှာ စီအိုင်အေဒါရိုက်တာ ဖြစ်လာတော့မှာပါ။ ရှေ့နေလည်းဖြစ် အောက်လွှတ်တော် အမတ်ဟောင်းလည်းဖြစ်၊ အရှေ့ပိုင်းတက္ကဆက်စ်ရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးနဲ့ အမျိုးသားလုံခြုံရေး အကြီးအကဲဖြစ်ခဲ့တဲ့ ဂျွန်က တိုင်းပြည်ရဲ့ အမြင့်ဆုံး ထောက်လှမ်းရေးရာထူး ၂ခုလုံးကို ဦးဆောင်ဖူးသူ တဦးအဖြစ် ပထမဆုံး မှတ်တမ်းဝင်တော့မှာပါ။ ဂျွန်က လွှတ်တော်ထောက်လှမ်းရေးကော်မီတီဝင် ဖြစ်ခဲ့ပြီး ၂၀၁၆ ထရမ့်ကမ်ပိန်းအပေါ် အက်ဖ်ဘီအိုင် တန်ပြန်ထောက်လှမ်းရေးက ရုရှားကိုလူးရှင်းဆိုပြီး ဝင်စစ်တဲ့ အကြောင်းရင်းတွေအပေါ် မေးခွန်းထုတ်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၀ရကပမှာလည်း တရုတ်က ဝင်ရှုပ်နေတယ်လို့ ကွန်ဂရက်စ်ကို ပေးပို့တဲ့စာမှာ သုံးသပ်ပြထားသူဖြစ်ပါတယ်။
အစ္စရေးဆိုင်ရာ အမေရိကန်သံအမတ်အနေနဲ့ အာကန်ဆောဂါဗာနာဟောင်းလည်းဖြစ်၊ နှစ်ခြင်းခရစ်ယာန်မင်နစ်စတာလည်းဖြစ်၊ ရေဒီယိုဟို့စ်လည်းဖြစ်တဲ့ မိုက်ခ်ဟပ်ကဘီကို ခန့်ထားမှာ ဖြစ်ပါတယ်။ မိုက်ခ်က တိုင်းပြည်ကိုချစ်သူဖြစ်သလို ဘာသာရေးကိုင်းရှိုင်းသူတဦးအနေနဲ့ အစ္စရေးအပေါ် မေတ္ထာရှိသူလည်းဖြစ်လို့ သူ့သမီး ဆာရာဟက်ကဘီဆန်းဒါးစ်က ဒီရာထူးအတွက် သူ့ဖခင်ထက် သင့်တော်တဲ့သူ မရှိပါဘူးလို့ ဆိုပါတယ်။
နယူးယောက်က အိမ်ခြံမြေလုပ်ငန်းရှင်/ရှေနေ စတီဗင် ဝစ်ကော့ဖ်ကိုတော့ အရှေ့အလယ်ပိုင်းအတွက် အထူးသံတမန်အဖြစ် ခန့်အပ်သွားမှာပါ။ စတီဗင်က နိုင်ငံခြားရေးပေါ်လစီ အတွေ့အကြုံမရှိတဲ့ ဂျူးတဦးဖြစ်ပေမယ့် အများလေးစားပြီး အောင်မြင်တဲ့လုပ်ငန်းရှင်တဦးဖြစ်သလို ပရဟိတတွေလည်း အတော်လေးလုပ်နေသူဖြစ်ပါတယ်။ ဒီရာထူးဟာ ခုမှ ဖန်တီးလိုက်တာဖြစ်ပြီး အီရန်ရဲ့ ခြိမ်းခြောက်မှု၊ အစ္စရေးနဲ့ ဟာမာ့စ်၊ ဟဇ်ဘိုလာ၊ ပါလက်စတိုင်းတို့နဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကြားဝင်ညှိနှိုင်း/ ထိန်းညှိပေးဖို့ တာဝန်ရှိလာမှာဖြစ်တဲ့အပြင် အရင်ထရမ့်အစိုးရလက်ထက်မှာ အစ္စရေးနဲ့ ယူအေအီး၊ ဘာရိန်း၊ ဆူဒန်နဲ့ မော်ရိုကိုတို့နဲ့ ချုပ်ဆိုနိုင်ခဲ့တဲ့ အဘရာဟမ်အက်ကော့တွေ ပိုကျယ်ကျယ်ပြန့်ပြန့် လုပ်လာနိုင်ဖို့ တာဝန်ရှိလာမှာပါ။
ဒီနှစ် ရကပမှာ ထရမ့်ကို တခဲနက်မဲပေးခဲ့ကြသူတွေထဲမှာ အစဥ်အလာ မဲမပေးခဲ့ကြတဲ့ အားမစ်ရှ် တွေရော နေးတစ်ဖ်အမေရိကန်တွေပါ ပါနေပါတယ်။ ဒီမိုကရက်တွေရဲ့ လက်ဝဲစွန်း အာဂျင်ဒါတွေက အားမစ်ရှ်တွေရဲ့ ဘဝနေထိုင်မှုကို အသက်ရှူကြပ်လာစေတာကြောင့် မဲပေးမှဖြစ်တော့မယ်လို့ သဘောပေါက်ပြီး မဲထွက်ပေးခဲ့ကြတာဖြစ်ပါတယ်။ မကြိုချက်ရသေးတဲ့ နွားနို့ကို ရောင်းချတာဟာ တကမ္ဘာလုံးမှာ နှစ်ပေါင်း ထောင်ချီရှိနေခဲ့တာဖြစ်ပေမယ့် ကော်ပိုရိတ်ကြီးတွေရဲ့ လက်ဝေခံဖြစ်တဲ့ ဒီမိုကရက်တွေက အက်ဖ်ဒီအေနဲ့ပေါင်းပြီး နည်းမျိုးစုံနဲ့ နွားနို့တောင်သူတွေကို ထောင်ချ၊ ဒဏ်ငွေချ၊ ပစ္စည်းတွေ ဖျက်ဆီး စတဲ့နည်းမျိုးစုံနဲ့ ကြပ်လာနေခဲ့ကြတာ အနည်းဆုံး ၁၅နှစ်လောက် ရှိနေပါပြီ။ ကျန်ပြည်သူတွေက ရရာစားကြပေမယ့် အားမစ်ရှ်တွေက နို့စိမ်းပဲ စားသူတွေဖြစ်လို့ မခံနိုင်ကြတာပါ။
ဈေးကွက်စီးပွားရေးမှာ စားသုံးသူက ရွေးချယ်ရတာပါ။ အရက်ကျတော့ ကြိုက်သလောက်ရောင်း၊ ဖန်တနိုင်းလ်လဲ နယ်စပ်ကြီးဖွင့်ပေးပြီး တနှစ် လူသိန်းချီ သေစေနေတဲ့ အစိုးရက နွားနို့အစိမ်းကျမှ ခါးတောင်းကြိုက်ဖမ်းနေတာဟာ လူထုကျန်းမာရေးကြောင့်လို့ ထင်ရင်တော့ အကြီးကြီးလွဲနေပါပြီ။ အခုလည်း ကော်စ်ကိုက ကာ့ကလန်တံဆိပ်ထောပတ် ပေါင် ၇၉,၂၀၀ ကို လေဘယ်မှာ “နို့ပါသည်” “ခရင်မ်ပါသည်” လို့ ရေးမထားလို့ဆိုပြီး အက်ဖ်ဒီအေက ရီကောလုပ်ခိုင်းခဲ့ပါတယ်။ ထောပတ်ပါဆိုမှ နို့မပါ ခရင်မ်မပါလို့ ဟိုဟာပါရမှာလား။ ဒီလောက် ကုန်ဈေးနှုန်းတွေကြီးနေတဲ့ အချိန်မှာ လုပ်ရက်တာ အံ့မခန်းပါပဲ။ အစားအစာလောကအပေါ် ဂိတ်စ်တို့လို ကမ္ဘာ့ရွာမုဆိုးတွေရဲ့ တိုက်ခိုက်မှုပါ။
နေးတစ်ဖ်အမေရိကန်တွေကကျတော့ ဆီဈေးတက်တာ ကုန်ဈေးနှုန်းတက်တာက သူတို့ကို အများကြီး ထိခိုက်စေသလို ဖွံ့ဖြိုးမှုနောက်ကျတဲ့ လူ့အသိုင်းအဝိုင်းအဖြစ် သူတို့ကို အမည်တပ်ခံနေရတာမျိုးကနေ ရုန်းထွက်ချင်တာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနောက်ကျတယ်ဆိုရင် အစိုးရဆီက အထောက်အပံ့ အနည်းအကျဥ်း ရမှာဖြစ်ပေမယ့် နယ်မြေအသိုင်းအဝိုင်းတခုလုံးရဲ့ ပညာရေး စီးပွားရေး ဖွံ့ဖြိုးမှသာ ဂုဏ်ယူလောက်တဲ့လူ့ဘောင်ကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ပေးစာကမ်းစာလောက်နဲ့ တင်းတိမ်နေရင် ဘဝတိုးတက်ဖို့ မလွယ်တာကို မျိုးနွယ်စုအကြီးအကဲတွေက သဘောပေါက်လာကြပုံပါပဲ။
ထရမ့်က အရင်တခါကလိုပဲ ပဲရစ်ကလိုင်းမိတ်သဘောတူညီချက်ကနေ ထွက်မယ်လို့ ဆိုပါတယ်။
မနေ့က အမေရိကန်ရဲ့ စစ်ပြန်များနေ့ဖြစ်ပါတယ်။ ဘိုင်ဒန်-ဟဲရစ်အစိုးရဟာ တိုက်လေယာဥ်ပုံကို နောက်ခံထားပြီး “ယနေ့ရော နေ့တိုင်းပါ ငါတို့က စစ်မှုထမ်းဟောင်းများနဲ့ လက်ရှိစစ်မှုထမ်းများ အားလုံးကို သူတို့ရဲ့ အလုပ်နဲ့ ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ရှိပါတယ်”လို့ ရေးသားဂုဏ်ပြု ခဲ့ပါတယ်။ ပြဿနာက တိုက်လေယာဥ်က အမေရိကန်တိုက်လေယာဥ်မဟုတ်ပဲ တရုတ်ရဲ့ ကိုယ်ပျောက်တိုက်လေယာဥ်ဖြစ်နေတာပါ။ အမေရိကန်တိုက်လေယာဥ်က F-35ပါ။ တရုတ်က အမေရိကန်နည်းပညာကို ခိုးပြီးထုတ်တဲ့တိုက်လေယာဥ်ကို J-35 လို့ အမည်ပေးထားပါတယ်။ မဟာမိတ်နိုင်ငံတခုခုကဆိုရင်တောင် အဲသလောက် ရုပ်ဆိုးမှာ မဟုတ်ပါဘူး။ တမင်ပဲတင်တင်၊ မှားပြီးပဲ တင်တင် ပြိုင်ဖက် ရန်လိုသူနိုင်ငံက ဖြစ်နေတဲ့အပေါ် ရှင်းချက်ထုတ် (သို့) တာဝန်ယူမှု တာဝန်ခံမှု တခုခုတော့ ရှိသင့်ပါတယ်။ ထရမ့်အစိုးရများ အဲဒီလိုမှားမိရင် မိုးမီးလောင်အောင် ဝိုင်းဆိတ်ကြ ဆဲကြဦးမှာပါ။