နိုဝင်ဘာ ၁၄ရက် ၂၀၂၄

ရကပပြီးတာ တပတ်ကျော်လာခဲ့ပေမယ့် မဲတွေက ရေတွက်ဆဲဖြစ်ပြီး ထရမ့်ရတဲ့မဲက ၇၆သန်း ကျော်သွားပါပြီ။ ပင်ဆယ်လ်ဗေးနီးယားဆီးနိတ်နေရာမှာ ရီပါဘလစ် ဒေ့ဗ်ကန်မက်ကောမစ်က မဲ ၂၉,၃၃၈ အသာနဲ့ နိုင်ထားပေမယ့် မဲက ၀.၄၃%ပဲကွာလို့ ပြည်နယ်ဥပဒေအရ နိုဝင်ဘာ ၂၀မတိုင်ခင် ပြန်ရေရမှာ ဖြစ်ပြီး နိုဝင်ဘာ ၂၇နောက်ဆုံးထားပြီး ပြည်နယ်ဝန်ကြီးဆီ အစီရင်ခံရမှာဖြစ်ပါတယ်။ ၀.၅ကွာရင်တော့ ပြန်ရေစရာမလိုပါဘူး။ ပြန်ရေရင်လည်း ကွာတာက ရာဂဏန်းထက် မပိုတတ်ပါဘူး။ မက်ကောမစ်က ထည့်ရတဲ့မဲတွေထဲမှာ ရက်စွဲမပါတဲ့ မဲတွေ ပါနေကြောင်း၊ ပြည်နယ်ဥပဒေအရ ရက်စွဲမပါရင် ပယ်မဲဖြစ်ရမှာကို ထည့်ရေလို့ တရားစွဲထားပါတယ်။ ရက်စွဲမပါဘူးဆိုတာက ရကပပြီးပြီး နောက်ရက်မှ ယူသွင်းလာတဲ့မဲတွေလည်း ဖြစ်နိုင်တာပါပဲ။ ရှုံးသွားတဲ့ ဒီမိုကရက်အမတ် ဘော့ဘ်ကေစီက လက်ရှိဆီနိတ်တာဖြစ်ပါတယ်။

အားလုံးမျှော်လင့်နေခဲ့ကြတဲ့အတိုင်းပဲ ထရမ့်က ရောဘတ်ကနေဒီဂျူနီယာကို ဝန်ထမ်း ၈သောင်းနဲ့ ဘတ်ဂျက် ၁.၇ထရီလီယံရှိတဲ့ ကျန်းမာရေးနဲ့လူမှုရေး ဝန်ကြီးဌာနကို DHHS ကို ဦးဆောင်ဖို့ လျာထားလိုက်ပါတယ်။ ဘစ်ဖာမာနဲ့ ဘစ်ဖုဒ်ကုမ္ပဏီကြီးတွေရဲ့ ပေးစာကမ်းစာနဲ့ အူစိုနေတဲ့ အမတ်တွေကတော့ ကနေဒီကို အတည်ပြုဖို့ ခက်ခဲအောင် လုပ်ကြပါလိမ့်မယ်။ ခြစားနေတဲ့ အမေရိကန်ကျန်းမာရေး လောကကြီး ပြန်လည်တည့်မတ် လာအောင်၊ ပြည်သူတွေကို တလွဲအသိတွေနဲ့ မကျန်းမာအောင် လုပ်နေတာတွေ ပြန်ပြင်နိုင်ရင် တကမ္ဘာလုံးအကျိုးရှိမှာပါပဲ။​ ဘယ်ပါတီ ဘယ်သူကိုပဲ ထောက်ခံသည်ဖြစ်စေ တိုင်းပြည်ကောင်းလာတဲ့ အကျိုးဆက်ကို လူတိုင်း ခံစားကြရမှာပါ။

ကနေဒီကို ခန့်လိုက်တာက အမေရိကန်ပြည်သူတွေမှာ နာတာရှည်ရောဂါတွေက ကပ်ရောဂါတခု အလား ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေတာကို အဆုံးသတ်ဖို့ ဖြစ်ပါတယ်။ ကနေဒီက သူဟာ ကလေးတွေကို ကကဆတွေအများကြီးထိုးခိုင်းနေတာကို အယုံအကြည်ရှိသူမဟုတ်ပေမယ့် ကကဆဒေတာတွေကို ကြည့်ဦးမယ်၊ အန္တရာယ်သိပ်မရှိတဲ့အုပ်စုတွေကို ထိုးချင်ရင်ထိုးဖို့ မတားမြစ်ဖူးလို့ ဆိုပါတယ်။ ပြည်သူကို အကျိုးအပြစ်ကို အသိပေးပြီးမှ ရွေးချယ်ခွင့်ပေးတာလည်း အပေါင်းလက္ခဏာတခုပါပဲ။ သောက်သုံးရေမှာ ဖလူအိုရွိုက်ထဲ့တာကတော့ လိုကယ် မြူနီစပယ်ကလုပ်တာဆိုတော့ ဖက်ဒရယ်က ဝင်တားနိုင်ဖို့ မသေချာသေးပါဘူး။

ထရမ့်က ပြည်ထဲရေးဝန်ကြီးအဖြစ် မြောက်ဒါကိုတာဂါဗာနာ ဒပ်ဂ်ဘာဂမ်ကို လျာထားမှာဖြစ်ပါတယ်။ ထရမ့်ရဲ့မျှော်လင့်ချက်က ဖောင်းပွနေတဲ့ ဥပဒေတွေ၊ လိမ်ညာမှုတွေနဲ့ အလုပ်မတွင်မှုတွေကို လျော့ချသွားဖို့ပါပဲ။ ခြစား၊ ပျက်စီး၊ အလုပ်မဖြစ်တဲ့ ဗျူရိုကရေစီတွေကို ရှင်းပစ်လိုက်ရပါမယ်။ မိန်းကလေးငယ်တွေကို လိင်အစိတ်အပိုင်းဖြတ်တောက်တာတွေကိုလည်း လုံးဝရပ်အောင် လုပ်ရပါမယ်လို့ ထရမ့်က ဒီနေ့ မာရာလေဂိုမှာလုပ်တဲ့ ဂါလာမှာ ပြောကြားသွားပါတယ်။ ကလေးသတ်တာမှ အမျိုးသမီးအခွင့်အရေးလို့ ဟစ်နေတဲ့ ဒီမိုကရက်တွေ အမျိုးသမီးအခွင့်အရေး တကယ်ချိုးဖောက်ခံနေရတဲ့ ဒီလိုကိစ္စတွေ၊ ကျားတွေ မ လို့လိမ်ပြီး မနဲ့ ဝင်ပြိုင်တာတွေ အဲဒါတွေကျတော့ မျက်စေ့မှိတ်နေကြတာ ထောက်ခံသူများ မသင်္ကာမဖြစ်မိကြဘူးလား။

ဂျော်ဂျာက အမတ်ဟောင်း ဒပ်ဂ်ကောလင်းစ်ကို စစ်မှုထမ်းဟောင်းများဝန်ကြီးအဖြစ် ခန့်အပ်ဖို့ လျာထားလိုက်ပါတယ်။ ဒပ်ဂ်ကိုယ်တိုင်က ရေတပ်စစ်ပြန်နဲ့ အရံလေတပ်က သင်းအုပ်ဆရာတဦး ဖြစ်ပါတယ်။ လွှတ်တော်ထဲမှာတုန်းက စစ်မှုထမ်းဟောင်းများရေးရာကော်မီတီမှာ  ပါဝင်ခဲ့ပါတယ်။ စစ်မှုထမ်းတွေရဲ့ တန်ဖိုးကိုတောင် ထရန်စ်တွေ ဒီအီးအိုင်တွေနဲ့ မထေမဲမြင်ပြုနေတဲ့ ဘိုင်ဒန်အစိုးရဟာ စစ်ပြန်တွေရဲ့ ဘဝ၊ ကျန်းမာရေး၊ လူမှုရေး စတာတွေကို လစ်လျူရှုထားတာ ကြာခဲ့ပါပြီ။ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားခဲကြတဲ့ စစ်ပြန်တွေအကျိုးအတွက် အတတ်နိုင်ဆုံး လုပ်ပေးသွားဖို့ မျှော်လင့်ပါတယ်။  

ထရမ့်က ဝီလီယံ မက်ဂင်းလေကို အိမ်ဖြူရှေ့နေအဖြစ် ခန့်အပ်သွားမယ်လို့ ကြေငြာလိုက်ပါတယ်။ အရင်ထရမ့်အစိုးရလက်ထက်က မက်ဂင်းလေက အိမ်ဖြူကက်ဘိနက်ဝန်ကြီးအဖြစ် ၂နှစ်ခွဲ လုပ်ခဲ့ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုသည်တွေကို ကမ်ပိန်းငွေကြေး၊ ကိုယ်ကျင့်တရား စတာတွေနဲ့ပတ်သက်ပြီး အမှုလိုက်ခဲ့တဲ့ အတွေ့အကြုံရှိပါတယ်။ သူက ရကပတွေ သန့်ရှင်းမျှတဖို့နဲ့ ဥပဒေစိုးမိုးရေးဘက်သား တွေကို နိုင်ငံရေးအတွက် အသုံးချတဲ့ကိစ္စတွေ အဆုံးသတ်ဖို့ စတာတွေအတွက် လုပ်ဆောင်သွားမှာပါ။

ထရမ့်က ဘော်ဒါဇာအဖြစ် ခန့်အပ်မယ့် တွမ်ဟိုမန်က စန်ကျူဝါရီစီးတီးတွေကို လူဝင်မှုနဲ့အကောက်ခွန် ICE ရဲပေါင်း ထောင်နဲ့ချီပြီး ဝင်စီးမှာဖြစ်တဲ့အတွက် လောလောဆယ် ရုံးမှာထိုင်လုပ်ရတဲ့ ICE ရဲတွေဟာ ရုံးထိုင်ကနေ ကွင်းထဲမှာ အလုပ်ဆင်းကြရတော့မှာဖြစ်ပါတယ်။ လက်ရှိ ICE ဝန်ထမ်းက ရုံးအလုပ်လုပ်တဲ့ အရပ်သားအပါအဝင် ၂၁,၀၀၀ ခန့်ရှိပါတယ်။ လောလောဆယ်မှာ ICE ဝန်ထမ်းတွေရဲ့ ၆၀-၇၀%လောက်က ရုံးထဲမှာအလုပ်လုပ်ကြတာပါ။ ICE ရဲတွေကတော့ ကွင်းဆင်းလုပ်ရမှာကို တက်ကြွနေကြတယ်လို့ ဆိုပါတယ်။

ဖီးမားအုပ်ချုပ်သူ ဒီယန်းခရစ္စဝဲလ်က ဖီးမားဝန်ထမ်းတဦးဟာ ထရမ့်ဆိုင်းနဲ့အိမ်တွေကို ဝင်မကူဖို့ သူ့အဖွဲ့ကို ညွှန်ကြားခဲ့ကြောင်း၊ အဲဒါဟာ လက်ခံနိုင်စရာမရှိဘူးလို့ X မှာတက်ရေးပြီး အဆိုပါဝန်ထမ်း ကို အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အဲဒီဝန်ထမ်းက ဆူပါဗိုက်ဇာ မာနီဝါရှင်တန်ဖြစ်ပြီး သူမက အဲဒီပေါ်လစီက ဖီးမားက အဲဒီအရင်ကထဲက ကျင့်သုံးနေတာဖြစ်ပြီး ဥပမာ ခွေးရှိတဲ့အိမ်၊ နိုင်ငံရေးအရ ရန်လိုနိုင်တဲ့အိမ်၊ ယဥ်ကျေးမှုမတူလို့ သူတို့လာတာ မကြိုက်ချင်တဲ့အိမ် စတာတွေကို avoidance မူနဲ့ ရှောင်ကြကြောင်း၊ သူမက အထက်ကပေးတဲ့အော်ဒါကို စာရွက်နဲ့ လိုက်မှတ်ရတာဖြစ်လို့ သူမရဲ့ လက်ရေးနဲ့စာကို အကြောင်းပြုပြီး သူမကို ခုတုံးလုပ်သွားတာပါ၊ ဒီအလေ့က ဂျော်ဂျာမှာလည်း ရှိပါတယ်လို့ ဖောက်စ်ကို ပြောကြားသွားပါတယ်။ ဖလော်ရီဒါရှေ့နေချုပ်က ဒီလိုခွဲခြားတာဟာ လက်မခံနိုင်စရာဖြစ်လို့ ဖီးမားအုပ်ချုပ်သူတွေကို တရားစွဲလိုက်ပါတယ်။

Leave a comment