နိုဝင်ဘာ ၁၇ ရက် ၂၀၂၄

၂၀၂၄ရကပမှာ ထရမ့်ရတဲ့မဲက ၇၆သန်းခွဲကျော်သွားပါပြီ၊ မဲတွေကတော့ ဆက်ရေတုန်းပါပဲ။ ကမလာရတဲ့မဲကို မဖော်ပြဘူးဆိုတာက ID မလိုဘူးဆိုတဲ့မဲတွေဟာ အမှန်အကန်လို့ မယူဆသလို ညတွင်းချင်းမပြီးပဲ အချိန်ဆွဲရေနေတဲ့ မဲတွေကိုလည်း အစစ်အမှန်အဖြစ် မယူဆလို့ပါ။ လောလောဆယ် အောက်လွှတ်တော်မှာ ရီပါဘလစ်ကန်နေရာ ၂၂၀ ရနေပါတယ်။

အရွေးချယ်ခံသမ္မတထရမ့်က Chris Wright ကို စွမ်းအင်ဝန်ကြီးနဲ့ အသစ်ဖွဲ့စည်းလိုက်ပြီး ပြည်ထဲရေးဝန်ကြီးလောင်း Doug Bergum ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အမျိုးသားစွမ်းအင်ကောင်စီမှာ အဖွဲ့ဝင်အဖြစ် တာဝန်ပေးလိုက်ပါတယ်။ Chris နဲ့ Doug တို့ဟာ အရင်ကလည်း အလုပ်အတူတူ တွဲလုပ်ခဲ့ကြဖူးသူတွေ ဖြစ်ကြပါတယ်။ အမေရိကန်စွမ်းအင်ကောင်စီက စွမ်းအင်ကဏ္ဍဖွံ့ဖြိုးမှုမှာ အဟန့်အတားဖြစ်နေတဲ့ ကြိုးနီစနစ်တွေကို ပယ်ရှားပေးသွားမှာဖြစ်ပြီး တိုင်းပြည်စီးပွားရေး အစိတ်အပိုင်းအားလုံးမှာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ပေးသွားမှာဖြစ်သလို အသစ်အသစ်သော တီထွင်ကြံဆမှုများကိုလည်း အားပေးသွားမှာဖြစ်ပါတယ်။

ခရစ်စ်က နျူကလီးယား၊ ဆိုလာ၊ ဂျီအိုသာမယ်လ်၊ ရေနံနဲ့ ဓါတ်ငွေ့၊ စတဲ့ စွမ်းအင်ကဏ္ဍမျိုးစုံမှာ လုပ်ခဲ့ဖူးသလို နည်းပညာရှင်၊ လုပ်ငန်းရှင်လည်း ဖြစ်ပါတယ်။ ခရစ်စ်ဟာ အမေရိကန်ကို စွမ်းအင်အမှီအခိုကင်းတဲ့နိုင်ငံအဖြစ် ပို့ပေးခဲ့တဲ့ American Shale Revolution ကို စတင်ဖော်ဆောင်ခဲ့သူတဦးလည်း ဖြစ်ပါတယ်။ Shale revolution ဆိုတာက အမေရိကန်မှာ ရေနံနဲ့ ဓါတ်ငွေ့အထွက်တိုးအောင် ဟိုက်ဒရောလစ်နည်းနဲ့ ဖောက်တာ၊ အလျားလိုက် တူးတာတွေ ဖြစ်ပါတယ်။ အမေရိကန်ရေနံတွင်းတွေရဲ့ ၃ပုံ၁ပုံလောက်က တွင်းကြပ်တွေဖြစ်တော့ အခုလိုနည်းတွေနဲ့တူးတာက ပိုထိရောက်တယ်လို့ ဆိုပါတယ်။ စွမ်းအင်ကဏ္ဍမှာ အမေရိကန်က ဦးဆောင်နိုင်လာတာနဲ့အမျှ ငွေဖောင်းပွမှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကို ပြေလျော့စေမှာ ဖြစ်ပါတယ်။

The Federal Communications Commission မှာ လက်ရှိ စီနီယာရီပါဘလစ်ကန်အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ Brendan Carr ကို အဆိုပါကော်မရှင်ရဲ့ အမြဲတမ်းဥက္ကဋ္ဌအဖြစ် ခန့်အပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိရာထူးမတိုင်ခင်က ဘရန်ဒန်က FCC မှာ အထွေထွေအကြံပေးလုပ်ခဲ့ပြီး ထရမ့်ကပဲ သူ့ကို ကော်မရှင်နာအဖြစ် ခန့်ထားပေးခဲ့တာပါ။ အဲဒီနောက် ဆီးနိတ်မှာ ၃ကြိမ်တိတိ ကန့်ကွက်သူမရှိ အတည်ပြုခံခဲ့ရပါတယ်။ ဘရန်ဒန်က ဖရီးစပိချ်အတွက် တိုက်ပွဲဝင်နေသူဖြစ်ပြီး အမေရိကန်တွေရဲ့ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ အခြေအမြစ်မရှိ တရားစွဲခြင်းမျိုးကို ဆန့်ကျင် တိုက်ဖျက်ခဲ့သူဖြစ်ပါတယ်။

ထရမ့်က ရှေ့နေ Will Owen Scharf ကို သမ္မတရဲ့ လက်ထောက်နဲ့ အိမ်ဖြူ Staff Secretary အဖြစ် ခန့်အပ်သွားမှာပါ။ Will က အလွန်တော်တဲ့ ရှေ့နေတဦးဖြစ်ပြီး ရကပအပေါ် မလျော်ဩဇာ လွှမ်းစေတဲ့ အမှုတွေ၊ ထရမ့်အပေါ် မတရားစွဲဆိုခဲ့တဲ့ အမှုတွေကို အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ထရမ့်အရင်အစိုးရလက်ထက်က တရားသူကြီးတွေ ခန့်အပ်ရာမှာ အများကြီး ကူညီခဲ့သူလည်း ဖြစ်ပါတယ်။ Staff Secretary ဆိုတာက အိမ်ဖြူကို ရောက်လာတဲ့ မီမိုတွေ၊ အစီရင်ခံစာတွေ၊ ခန့်အပ်မယ့်သူစာရင်းတွေ၊ ထောက်လှမ်းရေးရီပို့တွေ၊ အချိန်ဇယားတွေ၊ စာဝင်/ထွက်တွေ၊ မိန့်ခွန်းမူကြမ်းတွေ စတာတွေထဲမှာ ဘယ်ဟာက သမ္မတစားပွဲပေါ် ရောက်ရမယ်ဆိုတာကို ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့အပတ်က ဗြိတိန်ဝန်ကြီးချုပ်စတာမ်မာနဲ့ ပြင်သစ်သမ္မတမက်ခရွန်တို့ ပြင်သစ်မှာ တွေ့ဆုံ ဆွေးနွေးကြပြီး ထရမ့်တက်လာရင် ယူကရိန်းအပေါ် ထောက်ပံ့မှုတွေ ရပ်သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ရှိန်မြှင့်ရန်အတွက် ရုရှားအတွင်းပိုင်းအထိ Storm Shadow တာဝေးပစ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခွင့် ယူကရိန်းကိုပေးဖို့နဲ့ ဘိုင်ဒန်ကိုပါ ဖြောင်းဖြနိုင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ခေါင်းဆောင် ၂ဦးဟာ အရှေ့အလယ်ပိုင်းကိစ္စ၊ အမေရိကန်နဲ့ ဥရောပကြား ဖြစ်လာနိုင်မယ့် ကုန်သွယ်မှုစစ်ပွဲတွေကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြပါတယ်။ ကနေ့တက်လာတဲ့ သတင်းမှာတော့ ဘိုင်ဒန်က ရုရှားအတွင်းပိုင်းအထိ တာဝေးပစ်ဒုံးကျည်တွေနဲ့ဆော်ဖို့ ယူကရိန်းကို ခွင့်ပြုလိုက်တယ်လို့ ဆိုပါတယ်။ အဲဒါဟာ ယူကရိန်း-ရုရှားစစ်အပေါ် ထားရှိတဲ့ ဝါရှင်တန်ရဲ့ ပေါ်လစီနဲ့ ဆန့်ကျင်နေပါတယ်။

ထရမ့်က သူအရွေးခံပြီးတာနဲ့ စစ်ရပ်ဖို့ ကြိုးစားမယ်ဆိုတာကို မဖြစ်နိုင်အောင် လုပ်ပြချင်တာပဲဖြစ်ဖြစ်၊​ထရမ့်မတက်ခင် နောက်ဆုံးပိတ် အိတ်နဲ့လွယ်ချင်လို့ပဲဖြစ်ဖြစ် စစ်ရှိန်မြှင့်လိုက်ရင် စစ်လက်နက် ကန်ထရိုက်တာတွေနဲ့ သူတို့ပေးစာကမ်းစာ စားနေသူတွေပဲ အကျိုးရှိမှာပါ။ ရုရှားကလည်း သူမနာဖို့ လက်ဦးအောင် စစ်ရှိန်ပြန်မြှင့်ရင် ယူကရိန်းတွေသေနှုန်း အများကြီး တက်သွားပါလိမ့်မယ်။ ခုတောင် ရုရှားက လအတော်ကြာအတွင်း အကြီးဆုံးတိုက်ခိုက်မှု စတင်လိုက်ပါပြီ။ ကမ္ဘာ့ရွာသမားတွေကတော့ လူသေလေကြိုက်လေဆိုတော့ သူတို့အတွက် ခဲတလုံးနဲ့ ငှက်နှစ်ကောင်ပါပဲ။

ဘိုင်ဒန်က ပီရူးမှာ အာရှပစိဖိတ်ခေါင်းဆောင်တွေနဲ့ စုပေါင်းဓါတ်ပုံရိုက်ရာမှာ အမေရိကန်ဟာ ကမ္ဘာ့ဦးဆောင်နိုင်ငံတခုဖြစ်လို့ ရှေ့ဆုံးတန်းအလယ်မှာ အမြဲနေရာယူနေကျဖြစ်တာကို ခုတော့ ဘိုင်ဒန်ဟာ ဟိုးနောက်က ဒေါင့်အစွန်နားမှာ မထင်မရှား ရပ်နေရတဲ့အထိ တိုင်းပြည်သိက္ခာကို ချနိုင်ခဲ့ပါတယ်။ တရုတ်ရှီကတော့ ရှေ့ဆုံးအလယ်မှာ ခန့်ခန့်ကြီးပေါ့။ ဘိုင်ဒန်ကို မျက်စိမှိတ် ထောက်ခံသူများက ဆင်ခြေမျိုးစုံပေးကြမှာဖြစ်ပေမယ့် နိုင်ငံတကာစာမျက်နှာမှာ ခေါင်းဆောင်တွေရဲ့ နေရာဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ လေ့လာဖူးရင် သိပါလိမ့်မယ်။ ပြိုင်ဖက်ခေါင်းဆောင် နှစ်ယောက် လက်ဆွဲနှုတ်ဆက်ရင်း ဓါတ်ပုံရိုက်ရင်တောင် ဘယ်သူက ဘယ်ဘက်မှာဆိုတာကအစ စကားပြောပါတယ်။ နိုင်ငံရေးကို အနှစ် ၅၀ကျော်လုပ်လာတဲ့ ဘိုင်ဒန်က ဒါတွေကို နားမလည်လို့တော့ မဟုတ်တန်ရာပါဘူး၊ ရှီက ယူအက်စ်ကို အရာမသွင်းဘူးလို့ တမင် လုပ်ပြလိုက်တာဖြစ်သလို ဘိုင်ဒန်ကလည်း ကိုယ့်ကို ပေးကမ်းထားတဲ့သူကို မလွန်ဆန်နိုင်တာပါပဲ။။

ရကပမှာ ထရမ့်နိုင်သွားပြီး ယွမ်ဈေးက ဆင်းလိုက်လာပါပြီ။ ထရမ့်နိုင်ခြေရှိလာကတည်းက BRICs မှာလည်း ယွမ်ရဲ့ အရေးပါမှုက ကျလာပါပြီ။ ထရမ့်တက်ပြီး တားရစ်ဖ်တွေ စလိုက်ရင် တရုတ်ကုန်စည်တွေ ရောင်းအားတက်ဖို့ ယွမ်ဈေးကို ထပ်ချမှ ရပါတော့မယ်။ ယွမ်ဈေး ၅၀% လောက်အထိ ကျမယ်လို့တောင် မှန်းနေကြပါပြီ။​ ယွမ်ငွေတန်ဖိုးကျရင် ပြည်သူတွေအတွက် လူနေမှုကုန်ကျစားရိတ်တွေ အများကြီးတက်သွားတော့မှာပါ။ အရင်တခါက တရုတ်စီးပွားရေးက ကောင်းနေသေးလို့ အတော်အသင့် တောင့်ခံနိုင်ခဲ့ပေမယ့် ကဗနောက်ပိုင်းမှာ တရုတ်စီးပွားရေးက ဒေါင်ဒေါင်မြည်မဟုတ်တော့ပဲ ချိနဲ့တဲ့နေရာတွေ တိုးတိုးလာတဲ့အတွက် တရုတ်ပြည်သူတွေက ကုန်ဈေးနှုန်းကြီးလာမှာထက် အလုပ်မရှိတော့မှာကို ပိုပူနေကြတယ်လို့ သိရပါတယ်။

ကာလီဖိုးနီးယားမှာ ရကပပြီးရက်ပိုင်းအတွင်း နျူဆမ်အစိုးရက ကလိုင်းမိတ်ချိန့်အကြောင်းပြပြီး ဓါတ်ဆီတဂါလံအပေါ် အခွန်ကို $၀.၆၅  တင်လိုက်မှာဖြစ်လို့ တဂါလံအပေါ်မှာပေးရတဲ့ အခွန်ကတင် $2 ဖြစ်တော့မှာပါ။ ဒါကြောင့် အခွန်နည်းတဲ့ အနီပြည်နယ်တွေမှာ တဂါလံကို $3ကျော်ကျော်ရှိချိန်မှာ ကာလီဖိုးနီးယားက တဂါလံ $5နီးပါး ဖြစ်နေတာပါ။ ဒါက ရေတိုအတွက်ပါ၊ ၂၀၃၀ဆိုရင် တဂါလံကို $0.85၊ ၂၀၃၅ဆိုရင် တဂါလံ $1.50 ထိ အခွန်တိုးသွားမှာ ဖြစ်ပါတယ်။ လိုအပ်ရင် ဒီထက်တောင် ပိုနိုင်ပါသေးတယ်တဲ့။ အခွန်ဆိုလို့ ဝင်ငွေခွန်တင်လို့ထင်ရင် မှားပါမယ်။

ကလိုင်းမိတ်ချိန့်အကြောင်းပြချက်နဲ့ပဲ နျူဆမ်က လူနေမှုစားရိတ် ကြီးမြင့်လှတဲ့ ကာလီဖိုးနီးယားမှာ ပေါင် ၈၅၀၀အထက် လူနေလို့ရတဲ့ motor home အသစ်တွေကို ရောင်းချခွင့် လာမယ့် နှစ်ဆန်းတရက် နေ့ကစပြီး တားမြစ်သွားမှာဖြစ်ပါတယ်။ Motor Home တွေက လျှပ်စစ်ကား နည်းပါးသေးတာရယ်၊ ဈေးကြီးတာရယ်၊ အိမ်ဈေးတွေ အိမ်ငှားခတွေ ကြီးတာရယ်နဲ့ ပြည်သူတွေအတွက် ခက်ခဲဦးမှာပါ။

အဲဒီကလိုင်းမိတ်ချိန့်အာဂျင်ဒါက ဘယ်လောက်ဆိုးသလဲဆို ဘိုင်ဒန်အစိုးရက မဲဒီကဲကပိုက်ဆံတွေကို ဂရင်းနရူးဒီးလ်အတွက် ယူသုံးထားပါတယ်။ Inflation Reduction Act က ဒီမိုကရက်တွေရဲ့ သကာအုပ်ပေါ်လစီအတိုင်း နာမည်လှသလောက် အင်ဖလေးရှင်းကို ဘာမှကောင်းကျိုးမပြုပဲ သူတို့ရဲ့ အာဂျင်ဒါတွေကိုသာ တွန်းလုပ်တာဖြစ်ပါတယ်။ အဲဒီ Act အတည်ဖြစ်ပြီး ၂နှစ်အကြာမှာ မက်ဒီကဲထဲက ၂၆၀ဘီလီယံကို EV တွေအတွက် tax credit တွေ၊ ခိုးဝင်တွေအတွက် ကျန်းမာရေးအစီအစဥ်တွေ၊ ကျန်းမာရေးအာမခံကုမ္ပဏီကြီးတွေကို ထောက်ပံ့ကြေးပေးတာတွေအတွက် သုံးခဲ့ပါတယ်။ အဲဒါတွေကြောင့် မက်ဒီကဲဖန်ဒ်တွေ နည်းလာပြီး ရှေ့နှစ်ဆိုရင် မက်ဒီကဲပရီမီယံတွေ ဆောင့်တက်တော့မှာပါ။ အဲဒီလိုတက်မယ်ဆိုတာလည်း ရကပပြီးတဲ့အထိ မကြေငြာပဲ ဖုံးထားပါတယ်။ ပြည်သူ့အကျိုး ရှေ့ရှုသလား၊ မရှုသမလားဆိုတာ လုပ်ရပ်ပေါ်ကြည့်ရင် သိပါလိမ့်မယ်။

Leave a comment