နိုဝင်ဘာ ၁၈ ရက် ၂၀၂၄

ထရမ့်က ဝစ္စကွန်ဆင်အမတ်ဟောင်းလည်းဖြစ် ဖောက်စ်နယူးစ်မှာ contributor လည်းဖြစ်တဲ့ Sean Duffy ကို ပို့ဆောင်ရေးဝန်ကြီးအဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။ ရှောန်က ဝစ္စကွန်ဆင်ရဲ့ သတ္တမခရိုင်မှာ အစိုးရရှေ့နေအဖြစ် ၈နှစ်ကျော် လုပ်ခဲ့သူဖြစ်ပြီး သူ့ဇနီး ရေချယ် ကမ်ပို့စ်-ဒဗ်ဖီက Fox & Friends Weekend မှာ co-host ဖြစ်ပါတယ်။ ရှောန်က ပို့ဆောင်ရေးကမောက်ကမ ဖြစ်မှုတွေ အတွက် ဘိုင်ဒန့်ပို့ဆောင်ရေးဝက ပိ ဘူတဂျပ်ကို ဝေဖန်လေ့ရှိသူပါ။ သူက မင်နီဆိုးတားသမိုင်းမှာ အကြီးဆုံး လမ်းနဲ့ တံတားပရောဂျက်ကြီးကို ဆောက်ခွင့်ရအောင် ဒီမိုကရက်အမတ်တွေနဲ့ တွဲပြီး ဥပဒေပိုင်းဆိုင်ရာအခက်အခဲတွေကို ကျော်လွှားရှင်းလင်းပေးခဲ့သူ ဖြစ်ပါတယ်။

ရှောန်က အမေရိကန်ရဲ့ အဝေးပြေးလမ်းမကြီးတွေ၊ ဥမင်လှိုဏ်ခေါင်းတွေ၊ တံတားတွေ၊ လေဆိပ် တွေကို ပြန်လည်တည်ဆောက်သွားမှာ ဖြစ်သလို တိုင်းပြည်ရဲ့ ဆိပ်ကမ်းတွေ၊ ရေကာတာတွေကို လုံခြုံရေးချို့ယွင်းမှုမရှိစေပဲ စီးပွားရေးဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမှာပါ။ ဒါ့အပြင် လေယာဥ်မှူးတွေ၊ လေကြောင်းထိန်းသိမ်းသူတွေကို DEI နဲ့မရွေးပဲ အရည်အချင်း၊ အတွေ့အကြုံနဲ့ ရွေးတဲ့ဓလေ့ကို ပြန်ကျင့်သုံးစေမှာဖြစ်လို့ အမေရိကန်ဝေဟင်ဟာ ဘေးကင်းတော့မှာပါလို့ ထရမ့်က ရေးထားပါတယ်။

ပင်တဂွန်ကို စာရင်းစစ်ဝင်ရာမှာ တနှစ် ၈၂၄ဘီလီယံကျော် ဘတ်ဂျက်ကို ဘယ်တွေမှာသုံးတယ်ဆိုတဲ့ ငွေစာရင်းကို အတိအကျ မပြနိုင်ပါဘူး။ အဲဒီလို မပြနိုင်တာလည်း ၇နှစ်ဆက်တိုက် ရှိနေပါပြီ။​ ပင်တဂွန်ရဲ့ အစိတ်အပိုင်း ၂၈ခုမှာ ၉ခုကပဲ ငွေစာရင်းတွေ မှန်ကန်တယ်လို့ စာရင်းစစ်က မှတ်ချက်ပေးထားတာပါ။ ကျန်တာတွေက ကွာနေတာ/ မပြည့်စုံတာ/ စိုးရိမ်စရာရှိတာတွေ ဖြစ်ပါတယ်။ ၂၀၂၈ဆိုရင်တော့ ငွေစာရင်းမှန်ပြနိုင်ဖို့ တိုးတက်မှုရှိလာပြီလို့တော့ ဆိုပါတယ်။

အီလွန်နဲ့ ဗီဗိတ်ခ်တို့ဦးဆောင်မယ့် DoGE ကို ထရမ့်က ၂၀၂၆ ဇူလိုင် ၄ရက်ကို နောက်ဆုံးထားပြီး ရှင်းလင်းဖို့ ရက်သတ်မှတ်ပေးထားပါတယ်။ အဲဒီရက်ကို သတ်မှတ်ရတာက အမေရိကန်ရဲ့ နှစ် ၂၅၀မြောက် မွေးနေ့မှာ မွေးနေ့လက်ဆောင်အဖြစ်နဲ့ ပေးချင်တာ ဖြစ်ပါတယ်။ အီလွန်ကတော့ အဲဒီလောက်မကြာပါဘူးလို့ ဆိုပါတယ်။ ထရမ့်က အမေရိကန်ရဲ့  နှစ်၂၅၀မြောက်မွေးနေ့ကို အကြီးအကျယ်ကျင်းပဖို့ ပြောထားဖူးတော့ ကမ္ဘာအနှံ့ကလူတွေ လာလည်ဖို့ အခွင့်အလမ်းပါပဲ။ လာလည်ချင်သူများ ခုထဲက ငွေကြိုစုထားကြပါ။

ထရမ့်က ခိုးဝင် ၁၅သန်းခန့်ကို ပြန်ပို့ဖို့အတွက် national emergency ကြေငြာသွားမှာဖြစ်ပြီး စစ်ဖက် အရင်းအမြစ်တွေကို သုံးစွဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ထရမ့်က ဘော်ဒါဇာအဖြစ် ခန့်ထားမယ့်  တွံမ်ဟိုမန်ကလည်း ပျောက်ဆုံးနေတဲ့ ခိုးသွင်းကလေး ၃သိန်းခန့်ကိုလည်း ရအောင်ပြန်ရှာမယ်လို့ ဆိုပါတယ်။ သူ့နယ်စပ်လုပ်သက်အတွင်း နှိပ်စက်ခံထားရတဲ့ ၅နှစ်သားလေးနဲ့ အကြိမ်ကြိမ်မုဒိမ်းကျင့် ခံထားရတဲ့ ၉နှစ်သမီးလေးကို လုံးဝမေ့လို့မရပဲ မိဘမပါပဲ​ ဝင်လာတဲ့ ကလေးတွေ အဲဒီလို အမြတ်ထုတ် မခံရအောင်၊ အသက်ရှင်လျက် ငရဲကျနေတာမျိုးမဖြစ်အောင် ဖော်ထုတ်သွားမယ်လို့ ဆိုပါတယ်။  

အီလွန်က ဥပဒေထိန်းသိမ်းတဲ့ အဖွဲ့အစည်း regulatory agency တွေဟာ ၁၉၆၀က ၆သောင်းနီးပါးပဲ ရှီခဲ့ပေမယ့် ၂၀၂၀မှာ ၃သိန်းနီးပါး ဖြစ်လာခဲ့ကြောင်း၊ အသုံးစားရိတ်ကလည်း ၄ဘီလီယံလောက်ကနေ ၇၀ဘီလီယံလောက်အထိ ဖြစ်လာကြောင်း၊ တိုင်းပြည်လူဦးရေက ၁၉၆၀နဲ့စာရင် ၂ဆပဲရှိတာဖြစ်လို့ အခုလို တက်နေတာတွေဟာ ကစားပွဲမှာ ကစားသမားထက် ဒိုင်ပိုများနေသလို ဖြစ်နေတာကြောင့် အဓိပ္ပါယ်မရှိကြောင်း X မှာ ဖော်ပြသွားပါတယ်။

ဘိုင်ဒန်က ရုရှားအတွင်းပိုင်းကို တာဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ယူကရိန်းကို ခွင့်ပြုလိုက်တာဟာ မီးကို ဓါတ်ဆီပက်လိုက်သလိုပါပဲလို့ ပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဝေဖန်လိုက်ပါတယ်။ ဘိုင်ဒန်က ကိဗ်အစိုးရကို တကယ်ပဲ အဲဒီလိုခွင့်ပေးခဲ့တယ်ဆိုရင် ဒါဟာ တင်းမာမှုတွေ တိုးလာအောင် လုပ်ရုံမက ဒီစစ်ပွဲမှာ အမေရိကန်ရဲ့ ပါဝင်မှုလယ်ဗယ်အသစ်ဖြစ်လာပြီလို့ ဆိုပါတယ်။ ရုရှား-ယူကရိန်းစစ်မှာ ရုရှားဘက်က ကူတိုက်ပေးဖို့ မြောက်ကိုရီးယားက တပ်အင်အား ၁၁,၀၀၀ ကို စေလွှတ်ထားတာပါ။ စောင့်ကြည့်သူတွေကတော့ ဘိုင်ဒန်က တတိယကမ္ဘာစစ်ကို မဖြစ်ဖြစ်အောင် တွန်းနေသလိုပဲလို့ သုံးသပ်ကြပါတယ်။ ဇယ်လင်းစကီးက တာဝေးပစ်ဒုံးကျည်တွေက သူ့ရဲ့ စစ်နိုင်ဖို့ပလန်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားက တာဝေးပစ်ဒုံးကျည်မရှိရင်၊ နျူလက်နက်ပိုင်ရှင်မဟုတ်ရင်တော့ သူပြောတာက ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ ရုရှားက စစ်အင်အားကြီးနိုင်ငံတခုဖြစ်လေတော့ ဇယ်လင်းစကီးကိုပဲ စိတ်ဆေးရုံပို့ရမလို ဖြစ်နေတာပါ။

ပင်ဆယ်လ်ဗေးနီးယားဆူပရင်းကုတ်က ရက်စွဲမပါ/ ရက်စွဲမှား၊ လက်မှတ်မပါ၊ လိပ်စာမပါဖြစ်နေတဲ့ စာတိုက်မဲတွေကို ထည့်ရေတဲ့ ဒီမိုကရက်တွေကြီးစိုးထားတဲ့ အီလက်ရှင်ဘုတ်ကို အဆိုပါမဲတွေက ပယ်မဲတွေဖြစ်ကြောင်း ထပ်မံ ဆုံးဖြတ်ပေးလိုက်ပါတယ်။ အရင်ကလည်း တရားရုံးက အဆိုပါ မဲမျိုးတွေကို ထည့်မရေဖို့ အမိန့်ချ ပေးပြီးသားပါ။ ဒါပေမယ့် ရွေးကော်အရာရှိတွေက လူတိုင်းက ဥပဒေကို နဲနဲတော့ ချိုးဖောက်ကြတာပါပဲ ဆိုပြီး တရားရုံးဆုံးဖြတ်ချက်ကို မျက်ကွယ်ပြုပြီး ဆက်ရေခဲ့ကြတာပါ။ အခုလည်း မဲ၂သောင်းကျော်အကွာနဲ့ ရှုံးနေတဲ့ လက်ရှိဆီနိတ်တာက အရှုံးကို လက်မခံသေးပါဘူး။

မင်နီဆိုးတားမှာတော့ head election judge တင်မိုသီမိုက်ကယ်စကိုတန်က အီလီးဂဲ ၁၁ဦးကို မဲပေးခွင့်ပြုခဲ့လို့ အဖမ်းခံသွားရပါတယ်။ မင်နီဆိုးတားမှာ မဲပေးတဲ့နေ့မှာလည်း မဲမှတ်ပုံတင်လို့ ရနေတဲ့အတွက် မဲရုံကို ရောက်လာကြတဲ့ မဲပေးဖို့မှတ်ပုံတင်မထားသူ ၁၁ဦးကို တင်မိုသီက မှတ်ပုံအရင်တင်ခိုင်းရမယ့်အစား ဘာဖောင်မှ ဖြည့်မနေနဲ့၊ ဒီစာအုပ်လေးနောက်မှာသာ လက်မှတ်ထိုးသွားဆိုပြီး မဲပေးခွင့်ပြုခဲ့တာပါ။ ခုတော့ ခံဝန်မလိုပဲ ပြန်လွှတ်လိုက်ပြီဖြစ်ပြီး ဇန်နဝါရီကျရင်တော့ ရုံးချိန်းလာရမှာပါ။ ပြစ်မှုထင်ရှားရင် ထောင် ၁၀နှစ် ကျနိုင်ပါတယ်။ တခြားက မဲကူလီကူမာလုပ်သူတွေနဲ့ မနိုင်မချင်းရေသူတွေလည်း ဒီလမ်းကိုလိုက်နိုင်ဖို့ မျှော်လင့်ပါတယ်။

ဘိုင်ဒန်က ကမ္ဘာ့ဘဏ်ရဲ့ International Development Association ကနေ အဆင်းရဲဆုံးနိုင်ငံတွေ အတွက်ဆိုပြီး ၄ဘီလီယံပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ အရင်တခါ ၂၀၂၁ ဒီဇင်ဘာတုန်းက ၃.၅ဘီလီယံထက် အများကြီး ပိုပေးထားတာပါ။ ကြားလို့တော့ကောင်းပါတယ်၊ ဒါပေမယ့် ဘိုင်ဒန်တို့ ကူသမျှက သူတို့အာဂျင်ဒါတွေ ကျင့်သုံးဖို့ သဘောတူတဲ့နိုင်ငံမှ အဲဒီအာဂျင်ဒါတွေအတွက် နဲနဲပါးပါး ရကြတာပါ။ အများစုက ဇီးသီးဗန်းနဲ့ သူတို့နဲ့ သူတို့မိတ်ဆွေတွေအိတ်ထဲပဲ ဖိတ်တာပါပဲ။ မယုံရင် ဘိုင်ဒန်တို့ကူလို့ ဆင်းရဲတွင်းကလွတ်သွား/ သက်သာသွားတဲ့နိုင်ငံများ ရှိပါသလား၊ ဒီမိုကရက်အစိုးရတွေ ပေးကမ်းလိုက်လို့ ဘဝတွေ တိုးတက်သွားတာများ ရှိပါသလား၊ အိမ်ယာမဲ့ပြဿနာအတွက် တနှစ်တနှစ် သုံးလိုက်တဲ့ဘတ်ဂျက်တွေ အိမ်ယာမဲ့တွေ လျော့ပါးသွားပါသလား၊ အကုန်လုံးရဲ့အဖြေက နိုးအပြင် ပိုဆိုးလာတာပါပဲ။

Leave a comment