အရင်ထရမ့်အစိုးရလက်ထက်က Small Business Administration ကို ဦးဆောင်ခဲ့တဲ့ Linda McMahon ကို ထရမ့်က အစိုးရသစ်ရဲ့ ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ၄နှစ်မှာ the America First Policy Institute နဲ့ America First Works တို့ မှာ ဘုတ်အဖွဲ့ဥက္ကဋ္ဌလုပ်ခဲ့ပြီး ပြည်နယ် ၁၂ခုမှာ Universal School Choice ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
School choice ဆိုတာက အိမ်လိပ်စာ/ ဝင်ငွေပေါ် မူမတည်ပဲ တက်ချင်တဲ့ကျောင်းကို ရွေးလို့ရတာမျိုးပါ။ ပညာရေးဝကအနေနဲ့ လင်ဒါက school choice ကို ပြည်နယ်တိုင်းမှာ ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပြီး မိဘတွေက သူတို့သားသမီးတွေအတွက် အကောင်းဆုံးပညာရေးကိုပေးဖို့ ဆုံးဖြတ်နိုင်စေမှာ ဖြစ်ပါတယ်။ လင်ဒါရဲ့ ပညာရေးနဲ့ စီးပွားရေးနယ်က အတွေ့အကြုံတွေနဲ့ အမေရိကန်ပညာရေးကို ကမ္ဘာ့ထိပ်ဆုံးရောက်အောင် ပြန်ပို့ပေးမှာဖြစ်သလို ပညာရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်အဝဝကို ပြည်နယ်တွေကတဆင့် မိဘတွေ ဆုံးဖြတ်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ အဲဒီအတိုင်းဆိုရင် ပညာရေးဌာနကို ဖျက်သိမ်းဖို့ လုပ်သွားမယ့်သဘောပါပဲ။
ထရမ့်က Dr. Oz Show က ဒေါက်တာမာမက်အော့ဇ်ကို မက်ဒီကိတ်နဲ့ မက်ဒီကဲလုပ်ငန်းများရဲ့ အုပ်ချုပ်သူအဖြစ် ခန့်ထားသွားမှာပါ။ အမေရိကန်ဟာ ကျန်းမာရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့အတွက် ပြည်သူတွေ မကျန်းမာတဲ့အပေါ်မှာ စီးပွားရှာတာတွေနဲ့ နာတာရှည်ရောဂါတွေ ပပျောက်ဖို့ မာမက်နဲ့ အာအက်ဖ်ကေတို့ အတူတကွ လက်တွဲလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါက်တာအော့ဇ်နဲ့ သူ့ဇနီးလီဆာတို့က HealthCorps ဆိုတဲ့ non-profit ထောင်ပြီး တနိုင်ငံလုံးက ကျန်းမာရေးစောင့်ရှောက်မှုမလုံလောက်တဲ့ သန်းချီတဲ့ ဆယ်ကျော်သက်တွေရဲ့ ဘဝကို အနှစ် ၂၀ကျော် ကူညီပေးလာတာဖြစ်ပါတယ်။
ထရမ့်အစိုးရသစ်မှာ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဖြစ်လာမှာကတော့ Cantor Fitzgerald က ဥက္ကဋ္ဌနဲ့ စီအီးအို Howard Lutnick ဖြစ်ပါတယ်။ Howard က Cantor Fitzgerald ကို ၁၉၈၃ကတဲက စဝင်ခဲ့ကာ ရာထူးအဆင့်ဆင့်တက်ပြီး စီအီးအိုဖြစ်တော့ အသက် ၂၉နှစ်ပဲ ရှိပါသေးတယ်။ 9/11 ဖြစ်တော့ သူ့ရဲ့ ညီနဲ့ အချစ်ဆုံးသူငယ်ချင်းအပါအဝင် ရုံးဝန်ထမ်း ၉၆၀အနက် ၆၅၈ဦးကို ဆုံးရှုံးခဲ့ရပြီးနောက် သေဆုံးဝန်ထမ်းတွေရဲ့ မိသားစုတွေကို စောင့်ရှောက်ခဲ့သူ၊ အကြမ်းဖက်/ သဘာဝဘေး စတာတွေကြောင့် ထိခိုက်ရသူတွေကို ကူညီနေခဲ့တာဖြစ်ပါတယ်။ သူက ထရမ့်ရဲ့ တားရစ်ဖ်နဲ့ ကုန်သွယ်မှုအာဂျင်ဒါတွေကို ဦးဆောင်သွားမှာဖြစ်သလို US Trade Representative ရုံးရဲ့ တာဝန်တွေကိုပါ ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
အမေရိကန်အစိုးရ အသုံးစာရိတ်ကို လူဦးရေနဲ့စားရင် ၁၉၇၀မတိုင်ခင်က လူတဦးကို $6771 ရှိခဲ့ရာက ၂၀၂၂မှာ $27.679 အထိ တက်သွားခဲ့ပါတယ်။ ကဗဖြစ်တဲ့နှစ်မှာတော့ ၃သောင်းကျော်သွားခဲ့ပါတယ်။ အဲဒီပိုက်ဆံတွေထဲက ပြည်သူဆီ ဘယ်လောက်အကျိုးခံစားရသလဲဆိုတာတော့ ကိုယ်တိုင်သိကြမှာပါ။
ဘိုးရင်းကုမ္ပဏီက အမေရိကန်လေတပ်ကမှာတဲ့ ကုန်တင်စစ်လေယာဥ်တွေမှာသုံးတဲ့ soap dispenser တွေအပေါ်မှာ အမြတ် အဆ၈၀ တင်ထားသလို အိမ်သာကမုတ်အဖုံးတခုကို ၁သောင်းချပါတယ်တဲ့။ ပင်တဂွန်က စာရင်းစစ်လို့မရနိုင်တာ ဘာတွေကြောင့်ဆိုတာ ရိပ်မိကြပြီထင်ပါတယ်။
၂၀၂၂တုန်းက ဖက်ဒရယ်အစိုးရရဲ့ Accountability Office က ၂၄၇ဘီလီယံကို ပရိုဂရမ်ပေါင်း ၈၂ခုမှာ မလျော်မကန်တွေ သုံးထားတယ်လို့ တွေ့ရှိထားပါတယ်။ အဲဒီထဲမှာ မက်ဒီကိတ်က ၈၁ဘီလီယံနဲ့ မက်ဒီကဲက ၄၇ဘီလီယံပါနေပါတယ်။ အခုလို မဟားဒရားတွေသုံးထားတာဟာ အခွန်ထမ်းပြည်သူတွေကို ပမာမခန့်ပြုတာပါပဲ။ အလေအလွင့်တွေရှင်းပြီး ကျစ်လစ်တဲ့ အစိုးရအဖွဲ့ဖြစ်လာရင် ပြည်သူပေးရတဲ့အခွန်လည်း နည်းသွားပါလိမ့်မယ်။ အဲဒီအခါကျရင် ထရမ့်ကို ရွေးတာ ပုဂ္ဂိုလ်ရေးကိုးကွယ်လို့လား၊ ပါတီစွဲလား၊ ယောက်ျားမို့လား၊ သူဌေးမို့လား၊ ပြည်သူ့အကျိုးအတွက်ကြောင့်လားဆိုတာ ရှင်းသွားပါလိမ့်မယ်။
ပလိုးစီဟာ သူ့တူမ အလက်စစ်ပလိုးစီကို Department of Housing and Urban Development မှာ ကလိုင်းမိတ်အတိုင်ပင်ခံအနေနဲ့ ထည့်ထားတော့ သူ့တူမက ဘာမှမလုပ်ရပဲ တခါတလေ အာဝင်ချောင် ပြရုံနဲ့ တနှစ်ကို $၁၈၁,၆၄၈ အခန့်သားရနေတာပါ။ အစိုးရဌာနတွေမှာ ကလိုင်းမိတ်တို့၊ ဒိုင်ဗာစတီအရာရှိတို့ဆိုတဲ့ ရာထူးတွေက ဘာမှလုပ်ရတာမဟုတ်ပဲ ဘတ်ဂျက်တင်မယ့်ရာသီမှမူလီဝင်ကြပ်ပြီး ဘတ်ဂျက်တိုးရအောင်၊ သူတို့ ဩဇာကိုက်တဲ့လူခန့်အောင်၊ ဆွေမျိုးညာတကာတွေကို စားကွက်ဖော်ပေးထားတာမျိုးပါပဲ။ ပလိုးစီတူ နျူဆမ်က ဘာစီးပွားရေးမှ မလုပ်ပဲ ၉သန်းတန်အိမ်ကြီး ဝယ်လိုက်တာလည်း ဘယ်ကပိုက်ဆံလို့ ထင်ပါသလဲ။ ဟူစိန်တို့ ဘိုင်ဒန်တို့လည်း အလားတူပါပဲ။
ထရမ့်က နိုင်ငံခြားရေးဝကခန့်လိုက်တဲ့ ဖလော်ရီဒါပ ဆီနိတ်တာမာကိုရူဘီယိုက ဆီးနိတ်ကနေ ဇန်နဝါရီ ၂၀ ထရမ့်ကျမ်းကျိန်ပြီးမှ နှုတ်ထွက်မှာဖြစ်ပြီး လစ်လပ်သွားတဲ့ သူ့ရဲ့ ဆီးနိတ်နေရာကို ဖလော်ရီဒါ ဂါဇာနာဒီဆန်းတစ်စ်က ခန့်အပ်ရမှာဖြစ်ပါတယ်။ အဲဒီနေရာအတွက် ရီပါဘလစ်ကန်ဆီနိတ်တာတချို့ ဖြစ်စေချင်တာက သမ္မတထရမ့်ရဲ့ ချွေးမ လာရာထရမ့်ဖြစ်ပါတယ်။ လာရာက ရကပမတိုင်ခင်မှာ ရှုံးပွဲဆက်နေတဲ့ RNC မှာ co-chair အဖြစ် ထရမ့်နဲ့ ရီပါဘလစ်ကန်ခေါင်းဆောင်တွေက အရွေးချယ်ခံဖို့ အမည်စာရင်းတင်သွင့်ခဲ့ပြီးနောက် အရွေးချယ်ခံရသလို အစွမ်းလည်းပြနိုင်ခဲ့ပါတယ်။ အခုလည်း လာရာက သူ့ကိုရွေးရင် ဂုဏ်ယူစွာလက်ခံမှာဖြစ်ကြောင်း၊ ဒါပေမယ့် ဒါက ဂါဗာနာရဲ့ ရွေးချယ်မှုဖြစ်ပြီး သူနဲ့တော့ ခုထိစကားမပြောရသေးကြောင်း ပြောကြားသွားပါတယ်။
ယူကရိန်းက တာဝေးပစ်ဒုံးကျည်နဲ့ ရုရှားအတွင်းပိုင်းကို ပစ်လာခဲ့ရင် နေတိုးက ရုရှားကို တိုက်ခိုက်တယ်လို့ ယူဆမှာဖြစ်ပြီး ရုရှားက လက်တုန့်ပြန်မယ်လို့ သတိပေးထားသလို နျူလက်နက် ပဋိဉာဥ်ကိုလည်း ပြင်ဆင်ချက်တွေပြုလုပ်ခဲ့ပါတယ်။ အဆိုပါသတိပေးချက်နဲ့ ပတ်သက်ပြီး အိမ်ဖြူ အမျိုးသားလုံခြုံရေးကောင်စီက ဒါကမျှော်လင့်ပြီးသားပါ၊ ရုရှားတွေ အဲဒီလိုပြောလာတာ ၂နှစ်လောက် ရှိနေပြီလို့ တုန့်ပြန်ပါတယ်။ စစ်ရှိန်မြှင့်တဲ့ အမေရိကန်ရဲ့ အကြောင်းပြချက်က ရုရှားဖက်က မြောက်ကိုရီးယားက ဝင်တိုက်ပေးတာကြောင့်လို့ ဆိုပါတယ်။ ယူကရိန်းနောက်မှာလည်း ကမ္ဘာ့ရွာစားဖားတွေ အုပ်ချုပ်တဲ့ နိုင်ငံကြီးတွေက စကတဲက ကူနေတာပဲလေ။ ယူကရိန်းမှာ နောက်ဆုံး ကောက်ယူခဲ့တဲ့ စစ်တမ်းမှာ ယူကရိန်းပြည်သူ တဝက်ကျော်က ရုရှားနဲ့ဖြစ်နေတဲ့စစ်ကို အမြန်ဆုံး ပြီးသွားစေချင်တဲ့ ဆန္ဒရှိကြကြောင်း သိရပါတယ်။
ဘိုင်ဒန်က မီးစိမ်းပြပြီး နောက်တနေ့မှာပဲ ယူကရိန်းက ဒုံးကျည် ၆လုံးပစ်ခဲ့တာမှာ ၅လုံးကို ရုရှားတွေက ပစ်ချနိုင်ခဲ့ပြီး နောက်ဆုံးတလုံးကို ပစ်ချရမှာ စင်လာတဲ့အစက မြေပေါ်ကျပြီး မီးလောင်ခဲ့ပါတယ်။ သေဆုံး ဒဏ်ရာရမှုတော့ မရှိပါဘူး။ ယူကရိန်းကသုံးသွားတဲ့ ဒုံးကျည်က အမေရိကန်က Lockheed Martin ကထုတ်တဲ့ ATACMS ဆူပါဆိုးနစ်ဒုံးကျည်ဖြစ်ပြီး တလုံးကို ၂သန်းနီးပါး ပေးရတာပါ။ ပူတင်က ယူကရိန်းအနေနဲ့ ဒီလိုဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ဆိုတာ အမေရိကန်/ဥရောပက သယ်လာပေးမှ ရမှာဖြစ်သလို ပစ်မှတ်ကို ဂြိုလ်တုနဲ့ရှာတဲ့အတွက် အဲဒါကိုလည်း အမေရိကန်/ဥရောပက ကူညီမှပဲ ဖြစ်နိုင်မှာမျိုးပါ။ ပစ်ခတ်ရာမှာလည်း အမေရိကန်/အီးယူကူနိုင်တာပါပဲ။ အဲဒါကြောင့် ဒီစစ်က ရုရှား-ယူကရိန်းစစ်ဆိုတာထက် ရုရှားနဲ့ အမေရိကန်+ဥရောပစစ် လို့ပဲ မြင်ပါတယ်လို့ ဆိုပါတယ်။
ပုံမှန်အားဖြင့် ရကပပြီးတဲ့အခါ ထွက်မယ့်အစိုးရက လူထုဆန္ဒကို လေးစားသောအားဖြင့် အပြောင်းအလဲ ကြီးကြီးမားမား သိပ်မလုပ်ကြတော့ပဲ နောက်တက်မယ့်အစိုးရကို စောင့်ကြတာပါ။ အခုလို ဘိုင်ဒန်က နျူလက်နက်တွေ ပါလာနိုင်တဲ့အထိ စစ်ရှိန်မြှင့်လိုက်တာကတော့ ယုတ်မာပက်စက်လွန်းပါတယ်။ ထရမ့်နိုင်တာ ဝမ်းသာပုံရနေတဲ့ ဘိုင်ဒန်ကို နာမည်ဆိုးနဲ့ကျန်အောင် ဟူစိန်တို့ တွန်းတာလည်း ဖြစ်နိုင်တာပါပဲ။ အခုလည်း သူတို့ထွက်ရခါနီးမှ လစ်ဗြဲတရားသူကြီးတွေ တွန်းခန့်သွားဖို့ လုပ်နေပါပြီ။ ရီပါဘလစ်ကန်ခန့်တဲ့ တရားသူကြီးတိုင်းက ဥပဒေအတိုင်း ဆုံးဖြတ်ကြပေမယ့် ဒီမိုကရက်ခန့်တဲ့တရားသူကြီးအကုန်နီးနီးလောက်က ပါတီခေါင်းဆောင်တွေ လိုချင်တဲ့အတိုင်း ဆုံးဖြတ်ပေးကြပါတယ်။