ဒီကနေ့ ထရမ့်က ရှေ့နေချုပ်အဖြစ် လျာထားတဲ့ Matt Gaetz က ဆီနိတ်တာတွေနဲ့ တွေ့အပြီးမှာ သူ့ကို အတည်ပြုဖို့ ကြန့်ကြာမှာကို သိရှိသွားတဲ့အတွက် ရာထူးကို လက်မခံတော့ဘူးလို့ ကြေငြာလိုက်ပါတယ်။ Matt က ထရမ့်အစိုးရသစ်ကို အိမ်ဖြူရောက်ရောက်ချင်း အရှိန်အဟုန်ပြည့် လုပ်ငန်းစစေချင်တယ်လို့ ဆိုပါတယ်။ ထရမ့်က Matt မှာ ကောင်းမွန်တဲ့အနာဂတ်ရှိပြီး ရှေ့ဆက်ပြီး သူ့ရဲ့ အောင်မြင်မှုတွေ တွေ့ရဖို့ မျှော်လင့်ပါတယ်လို့ ဆိုပါတယ်။
Matt မှာ လိင်မှုစွဲချက်တခု ရှိတာကို လစ်ဗြဲမီဒီယာတွေက ဇောင်းပေးဖော်ပြကြပေမယ့် ကွန်ဂရက်စ်မှာ ရာနဲ့ချီတဲ့ အလားတူအမှုတွေအတွက် လျော်ကြေးပေးပေးတဲ့ ရန်ပုံငွေတောင် ထားရတာကိုတော့ မဖော်ပြကြပါဘူး။ ပြစ်မှုရှိတာခိုင်လုံတယ်၊ ပေါင်းလဲမစားဘူး၊ ကြိုးဆွဲလည်း မခံဘူးဆိုရင် အပြင်မှာလည်း တရားစွဲ ထောင်ချခံရပြီးဖြစ်မှာပါ။ ပြစ်မှုဘယ်လိုခိုင်လုံပေမယ့် ခြစားနေတဲ့ တရားရေးစနစ်မှာ ဘာမှကိုထိလို့မရသူတွေရှိတာ ဘိုင်ဒန်တို့ ကလင်တန်တို့ ပလိုးစီတို့က သက်သေပါ။
Matt က ၁၁၈ ကွန်ဂရက်စ်က နှုတ်ထွက်ပြီးဖြစ်ပေမယ့် ၁၁၉ကွန်ဂရက်စ်သက်တမ်းအတွက် နိုင်ထားတာဖြစ်တော့ ၁၁၉အတွက် ပြန်ဝင်ဖို့ပြောရင် ဖြစ်နိုင်သလို တချို့က မာကိုရူဘီယိုနေရာမှာ ခန့်စေချင်ကြပါတယ်။
ထရမ့်က လစ်လပ်သွားတဲ့ ရှေ့နေချုပ်ရာထူးအတွက် ဖလော်ရီဒါရှေ့နေချုပ်ဟောင်း Pam Bondi ကို လျာထားလိုက်ပါတယ်။ Pam ဟာ ရှေ့နေလုပ်သက် အနှစ် ၂၀ကျော်ရှိပြီး ကြမ်းတမ်းရာဇဝတ်မှုတွေကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့တဲ့အတွက် ဖလော်ရီဒါပြည်နယ်သူ/သားတွေ အေးချမ်းခဲ့ပါတယ်။ သူမဟာ ဖလော်ရီဒါရဲ့ ပထမဆုံးအမျိုးသမီးရှေ့နေချုပ်အဖြစ် လွယ်လွယ်လေး သေစေနိုင်တဲ့ မူးယစ်ဆေးမှောင်ခိုသွင်းတာတွေကို ဟန့်တားနိုင်ခဲ့တဲ့အတွက် ဖန်တနောလ်ဆေးလွန်သေနှုန်း ကျသွားခဲ့ပါတယ်။
သူမရဲ့ အောင်မြင်မှုတွေကြောင့် ထရမ့်က အရင်သူ့အစိုးရလက်ထက်မှာ အိုပီရွိုက်နဲ့ ဆေးအလွဲသုံးစားမှုကော်မရှင်မှာ ခန့်ထားခဲ့ခြင်းဖြင့် အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူမဟာ ရှေ့နေချုပ်သစ်အနေနဲ့ တရားရေးဌာနကို ပါတီ/ပုဂ္ဂိုလ်ရေးအကျိုးအတွက် အသုံးမချစေပဲ အမေရိကန်ကို လုံခြုံတဲ့နိုင်ငံဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ လစ်ဗြဲမီဒီယာများကတော့ သူမဟာ Matt Gaetz ထက်တောင် ဆိုးလိမ့်ဦးမယ်လို့ ဆိုနှင့်နေကြပါပြီ။
အရင်ထရမ့်အစိုးရလက်ထက်က ယာယီရှေ့နေချုပ်လုပ်ခဲ့တဲ့ Iowa က Matthew Whitaker ကို လာမယ့်အစိုးရသစ်ရဲ့ NATO သံတမန်အဖြစ် ထရမ့်က ရွေးချယ်ထားပါတယ်။ အရင် ထရမ့်လက်ထက်တုန်းကလည်း Matthew ရဲ့ရာထူးကို အတည်ပြုတဲ့လုပ်ငန်းစဥ်မှာ တရားစွဲမှုတွေများစွာနဲ့ ရင်ဆိုင်ခဲ့ရလို့ ၄လကျော်လောက်ပဲ ယာယီရှေ့နေချုပ်လုပ်ခဲ့ရတာပါ။ သူ့နောက်က ထရမ့်နောက်ကျော ဓါးနဲ့ထိုးမယ့် ဝီလီယံဘားကိုကျမှ ဆီးနိတ်က ချောချောချူချူ အတည်ပြုပေးခဲ့ပါတယ်။ Matthew က သစ္စာရှိ၊ မျိုးချစ်စိတ်ရှိသူ ဖိုက်တာတဦးဖြစ်ပြီး ဘုရှ်၄၃လက်ထက်မှာ Iowa တောင်ပိုင်းခရိုင်တရားရုံးမှာ အစိုးရရှေ့နေအဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပါတယ်။
ထရမ့်က ကုန်သွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ထားတဲ့ Howard Lutnick ဟာ Wall street မှာ နှစ် ၃၀ကျော် ကျင်လည်လာခဲ့သူဖြစ်ပြီး ထရမ့်လိုပဲ tariff ကို အင်မတန်နှစ်သက်သူဖြစ်ပါတယ်။ ၁၉၀၀ပြည့်နှစ်တွေတုန်းက အမေရိကန်မှာ ဝင်ငွေခွန်မရှိပဲ tariff ပဲရှိကြောင်း Howard က မဲဆွယ်ပွဲ တခုမှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် ရှုပ်ထွေးပွေလီလှတဲ့ အခွန်စည်းမျဥ်းတွေကို လွယ်အောင်ပြင်မယ်၊ အစိုးရအလေအလွင့်တွေ တတ်နိုင်သမျှ ဖြတ်တောက် လျော့ချမယ်၊ စွမ်းအင်နဲ့ စီးပွားရေးကဏ္ဍ စတာတွေက မလိုအပ်တဲ့ဥပဒေတွေ ပယ်ရှားလိုက်လို့ စီးပွားရေး ဖွံ့ဖြိုးလာရင် တိုင်းပြည် အကြွေးတွေ မြန်မြန်ကျေမှာဖြစ်ပြီး ပြည်သူတွေပေးနေရတဲ့ အခွန်ခေါင်းစဥ်တွေပါ လျော့သွားပါလိမ့်မယ်။
တရားရေးရာထူးနဲ့ လုပ်ပိုင်ခွင့်ကို ပါတီ/ပုဂ္ဂိုလ်ရေးလက်နက်တခုအနေနဲ့ အမြဲသုံးပြီး ခိုးဝင် အားပေးတဲ့ မန်ဟက်တန် DA Alvin Bragg ရဲ့ လက်ထောက်ကို ခိုးဝင်ဗင်နီဇွဲလား တီဒီအေဂိုဏ်းဝင်တဦးက ဓါးပြတိုက်သွားတဲ့အပြင် သူမရဲ့အိမ် သူမရှေ့မှာပဲ မဖွယ်မရာ အာသာဖြေပြခဲ့ပါတယ်။ အဲဒီလူဟာ ဒီနှစ်တနှစ်ထဲမှာတောင် အလားတူပြစ်မှုတွေနဲ့ ၆ကြိမ် အဖမ်းခံထားရသူ ဖြစ်ပြီး ပြည်သူ့အခွန်တွေနဲ့ နေထိုင်နေသူဖြစ်ပါတယ်။ ၆ကြိမ်အဖမ်းခံခဲ့ဖူးသူဆိုတော့ အပြစ်ပေးတဲ့ ဥပဒေ/ အစိုးရရှေ့နေက မထိရောက်လို့ ပြန်ပြန်လွတ်လာတာပါ။ မန်ဟက်တန်မှာ ခိုးဝင်တွေကို ဟိုတယ်တွေမှာ ထားလေ့ရှိပြီး တည ၄၀၀-၅၀၀အထိ ကုန်ကျတယ်ဆိုတဲ့ နေစားရိတ်ကို ပြည်သူတွေက ကျခံရတာပါ။
အဲဒီ တီဒီအေဂိုဏ်းက အလျင်အမြန် ကြီးထွားပြန့်ပွားလာပြီး အခုဆို ၁၆ပြည်နယ်မှာ ခြေကုပ်ရယူထားပါပြီ။ ရောက်တဲ့ပြည်နယ်မှာ အကြမ်းဖက်မှုတွေ သိသိသာသာ တက်လာပါတယ်။ ထရမ့်က အခုလို ပြည်သူကို ဒုက္ခပေးတဲ့ ဆိုးသွမ်းခိုးဝင်တွေကို ပြန်ပို့မှာကို အပြာရင့်ပြည်နယ်တွေက sanctuary city မြို့ဝန်တွေက အာခံတဲ့ကမ်ပိန်းတွေလုပ်ပြီး ခိုးဝင်တွေ အဖမ်းမခံရအောင် ကာကွယ်ပေးသွားမယ်လို့ ကျုံးဝါးနေကြပါတယ်။ သူတို့တကယ် ကာကွယ်ပေးသင့်တာ ပြည်သူကိုပါ။
ခိုးဝင်တဦးရဲ့ ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ လေကံရိုင်လေကို သတ်တဲ့ ခိုးဝင်ကို ဘိုင်ဒန်တို့က လေယာဥ်လက်မှတ်ဖရီးပေးပြီး ဂျော်ဂျာကို ခေါ်လာတာပါ။ သူနာပြုကျောင်းသူလေကံက ဂျော်ဂျာတက္ကသိုလ်မှာ မနက်ခင်း jogging လုပ်နေစဥ် ဗင်နီဇွဲလား ခိုးဝင် ဟိုဆေးအီဘားရားက မုဒိမ်းကျင့်ဖို့ ဆွဲခေါ်တာကို လေကံက အကြောက်အကန် ရုန်းကန်ခဲ့လို့ ခေါင်းကို ကျောက်တုံးနဲ့ အကြိမ်ကြိမ် ထုသတ်ခံခဲ့ရတာပါ။ ဟိုဆေးက အရင်ကလည်း ပြစ်မှုတွေ ရှိခဲ့သူဖြစ်ပြီး ဒီမိုကရက်တွေက အရေးမယူပဲ လမ်းပေါ်ဒီတိုင်း ပြန်ပြန်လွှတ်ထားခဲ့တာပါ။ ခုတော့ ထောင် ၂သက်ကျော် ကျသွားပါပြီ။ မီဒီညာတွေပါးစပ်ထဲ ရောက်တော့ ခိုးဝင်တွေကို နှင်ချင်သူက လူဆိုးဖြစ်ပြီး လူဆိုးခိုးဝင်တွေကို လက်ခံ ပံ့ပိုးပေးမှ သူတော်ကောင်းတွေလို ဖြစ်နေတာပါ။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ် Bucks ကောင်တီက ပြည်သူတွေဟာ မနေ့က ခွင့်ယူပြီး ကောင်တီကော်မရှင်နာအစည်းအဝေးကို အလုံးအရင်းနဲ့ သွားရောက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ကောင်တီက ဒီမိုကရက်အရာရှိတွေဟာ လက်ရှိဒီမိုကရက်ဆီနိတ်တာ ဘော့ဘ်ကေစီနဲ့ ရီပါဘလစ်ကန် စိန်ခေါ်သူ ဒေ့ဗ်မက်ကောမစ်တို့ရဲ့ ဆီးနိတ်နေရာရကပမှာ ပြည်နယ်ဆူပရင်းကုတ်က တားထားပါလျက်သားနဲ့ ရက်စွဲမပါ/ အမှား/ ရက်လွန်မဲတွေကို ထည့်ရေနေတာကြောင့် သွားပြီး ကန့်ကွက်ကြတာဖြစ်ပါတယ်။ ဘယ်လိုပဲ ပယ်မဲတွေ ထည့်ရေရေ မဲကွာခြားမှုက ၂သောင်းနီးပါး ရှိနေသေးတဲ့အတွက် ဒီနေ့တော့ ဘော့ဘ်ကေစီက အရှုံးပေးသွားပါပြီ။ ပြည်သူညီတဲ့ ကျေးဇူးပါပဲ။