ထရမ့်အုပ်ချုပ်ခဲ့တဲ့ ၄နှစ်တာကာလမှာ ဘယ်စစ်ပွဲအသစ်မှ မစခဲ့သလို မတူကွဲပြားတဲ့ ပြည်သူတွေကြား ရန်တိုက်တာလည်းမရှိ၊ ပြည်သူကို ဥပဒေအမျိုးမျိုးနဲ့ နှောင်ဖွဲ့ချုပ်ချယ်တာမျိုးလည်း မရှိခဲ့တဲ့ ထရမ့်ကို တချိန်လုံး ဟစ်တလာကြီး၊ ဖက်ဆစ်ကြီးလို့ ခေါ်နေခဲ့တဲ့ဘိုင်ဒန်က ထရမ့်အနိုင်ရပြီးတော့ အိမ်ဖြူကို ဖိတ်ခေါ်ကာ အာဏာကို ချောချောမွေ့မွေ့ လွှဲပေးပါ့မယ်ဆိုပြီး သွားအဖြဲသားနဲ့ နှုတ်ဆက်ခဲ့ပါတယ်။ အဲဒါကို ဆာရာဂွန်ဇာလေ့စ်က နောက်ကွယ်မှာ ချောက်ချဖို့လုပ်နေတာကို ဖုံးကွယ်ချင်တဲ့ သကာအုပ် အပြုံးလို့ သုံးသပ်ပါတယ်။ သူသုံးသပ်သလိုပဲ ချောက်ချတာတွေက တကယ်ကို လိုက်လာတာပါ။
ယူကရိန်း-ရုရှားစစ်ကို ထရမ့်က အမြန်ဆုံးရပ်အောင် ညှိနှိုင်းပေးသွားမယ်လို့ ကတိပေးထားတဲ့ကြားက ဘိုင်ဒန်တို့က တတိယကမ္ဘာစစ်ဖြစ်သွားနိုင်တဲ့အထိ စစ်ရှိန်မြင့်သွားအောင် ထွက်ခါနီးမှ ထွက်ခတ်ခတ် သွားခဲ့ပါတယ်။ သူတို့အာဘော်မီဒီညာတွေမှာတော့ ဘိုင်ဒန်တို့က မထွက်ခင် ယူကရိန်းကို အင်အားအကောင်းဆုံးအနေအထားတခု ဖန်တီးပေးခဲ့ဖို့အတွက် တွန်းလုပ်သွားမယ်လို့ အစိုးရအရာရှိကြီးတဦးက ပြောထားကြောင်း ရိုက်တာမှာ တင်ထားပါတယ်။
တာဝေးပစ် ဒုံးကျည်တွေ သုံးခွင့်ပေးလိုက်တာက ယူကရိန်းအင်အား ဘယ်လောက်ကောင်းသွားသလဲ မသေချာပေမယ့် အလောင်းတွေတော့ တောင်လိုပုံသွားတာပါပဲ။ အဲဒါကိုတော့ ဘယ်သတင်းဌာနကမှ မဖော်ပြကြပါဘူး။ ဥရောပနိုင်ငံတွေမှာတော့ ရုရှားက နေတိုးကို တိုက်ခိုက်လာမှာကို ကာကွယ်ဖို့ တပ်အင်အား ၈သိန်း ချထားဖို့ စီစဥ်နေတာကို လျို့ဝှက်ဂျာမန်စာရွက်စာတမ်းတွေမှာ ဖော်ပြထားတယ်လို့ နယူးယောက်ပို့်စ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ယူကရိန်းကို ဒီနှစ်ဆန်းမှာ ချေးထားတဲ့ စီးပွားရေးချေးငွေထဲက ၄.၆၅ဘီလီယံကို လျော်ပေးသွားဖို့ ဘိုင်ဒန်တို့ စီစဥ်နေကြပါတယ်။ အဲဒါကို နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူ မက်သျူးမေလာက အတည်ပြုသွားပါတယ်။ အဲဒီငွေဟာ ယူကရိန်းကို ပေးဖို့ လျာထားတဲ့ ၆၀ဘီလီယံဖိုး အကူအညီတွေထဲက ချေးငွေအဖြစ် ၉ဘီလီယံပေးတဲ့ထဲက တဝက်ကျော် ဖြစ်ပါတယ်။ ကွန်ဂရက်စ်က ရီပါဘလစ်ကန်တွေက ဒီအစီအစဥ်ကို ပိတ်ဆို့ဖို့ ဆုံးဖြတ်ချက်တခု ထုတ်ရန် စိုင်းပြင်းနေကြပေမယ့် ဒီမိုကရက်ကြီးစိုးတဲ့ ဆီးနိတ်ကို ဖြတ်နိုင်ဖို့ မလွယ်သလို ဖြတ်နိုင်ခဲ့ရင်တောင် ဘိုင်ဒန်က ဗီတို သုံးနိုင်ပါသေးတယ်။ ဖေဖော်ဝါရီ ၂၀၂၂ကတဲက ယူကရိန်းကို ၁၇၅ဘီလီယံ ကူခဲ့တာပါ။ ထရမ့်မတက်ခင် နောက်ထပ် ၇ဘီလီယံထပ်ပေးသွားမယ်လို့ ဘိုင်ဒန်က ကတိပြုထားပါတယ်။
ဘိုင်ဒန်တို့အုပ်စု ထွက်ခတ်ခတ်ခြင်း နောက်တခုက ခိုးဝင်တွေကို လူတွေ့မေးမြန်းတာတွေ မလုပ်တော့ပဲ ICEရဲ့ SmartLINK App မှာ digitally check-in လုပ်ဖို့ ခွင့်ပြုလိုက်တာပါ။ လုပ်ထုံးအသစ်မှာ Digitally check-in လုပ်ဖို့ ငါက ဒီနာမည်နဲ့လူပါ၊ ငါက ရာဇဝတ်သား မဟုတ်ပါဘူး၊ ငါက အခုဘယ်မှာပါ၊ ဆိုတာလေး ဟုတ်ဟုတ် မဟုတ်ဟုတ် ဖြည့်လိုက်ရုံနဲ့ တရားဝင် check-in လုပ်ပြီးသွားပါပြီ။ အဲဒီ App က အရင်က အဖမ်းခံရတဲ့ရာဇဝင် ရှိခဲ့သလား၊ ဝရမ်းတန်းလန်းရှိနေသေးသလား စတာတွေကို စစ်ဆေးပေးနိုင်ခြင်း မရှိသလို သုံးစွဲသူတွေရဲ့ တည်နေရာကိုလည်း မှတ်တမ်းတင်ခြင်း မရှိတဲ့အတွက် ရာဇဝတ်ကောင်တွေ အလွယ်တကူ တရားဝင်ကိုယ်ရောင်ဖျောက်နိုင်တဲ့ အခွင့်အရေးကို ဖန်တီးပေးထားလိုက်တာပါပဲ။
ပြစ်မှုတခုခုကြောင့် ဖမ်းမိပြီး ပြန်လွှတ်ပေးထားတဲ့ ခိုးဝင်တွေကို electronic monitoring လုပ်ဖို့ လိုအပ်တဲ့ဥပဒေတွေကိုလည်း ဖြေလျော့ပေးလိုက်တဲ့အတွက် ပြစ်မှုရှိတဲ့ ခိုးဝင်တွေဟာ သူတို့ကို စောင့်ကြည့်တာ၊ ခြေရာခံတာတွေကို မကြိုက်ရင် ငြင်းဆိုခွင့်ရှိပြီး လျော့ပေါ့/ ပယ်ဖျက်ပေးရန် ပြန်လည်သုံးသပ်ပေးဖို့ တောင်းဆိုနိုင်တယ်လို့ ဆိုပါတယ်။
ဒါတွေက ထရမ့်နိုင်သွားပြီးတော့မှ ဘိုင်ဒန်တို့ လုပ်လိုက်တဲ့ အပြောင်းအလဲတွေပါ။ ဘယ်အပြောင်းအလဲတခုကမှ ပြည်သူအတွက် အကျိုးရှိစေတာ မပါပါဘူး။ သူတို့အိတ်ဖောင်းဖို့၊ ရည်ရှည်ဝါးနိုင်ဖို့၊ သူတို့နိုင်ငံရေးအမြတ်ထုတ်ဖို့၊ မစားရတဲ့အမဲ သဲနဲ့ပက်ဖို့ စတာတွေအတွက်ပဲ လုပ်နေတာ ကြည့်ရင်မြင်ပါလိမ့်မယ်။