ဒီဇင်ဘာ ၁၅ ရက် ၂၀၂၄

ထရမ့်က ခိုးဝင်တွေကို ပြန်ပို့မယ့်ကိစ္စမှာ မူရင်းလာခဲ့တဲ့နိုင်ငံတွေက ပြန်လက်မခံခဲ့ရင် အဲဒီနိုင်ငံတွေနဲ့ လက်တွဲအလုပ်လုပ်မှာမဟုတ်ဘူးလို့ အတိအလင်းသတိပေးလိုက်ပါတယ်။ ကိုယ့်နိုင်ငံသားတွေကို ဘာဖြစ်လို့ ပြန်လက်မခံချင်ကြတာလည်းဆိုတော့ ထရမ့်ပြောထားသလိုပါပဲ၊ သူတို့နိုင်ငံမှာ ဆန်ကုန် မြေလေးတဲ့အပြင် ထိန်းသိမ်းစားရိတ်သိပ်ကြီးတဲ့ ရာဇဝတ်သား လူဆိုးကြီးတွေ ဖြစ်နေကြလို့ပါပဲ။ အဲသလိုနိုင်ငံတွေက အမေရိကန်ကို ပစ္စည်းတင်ပို့ချင်တဲ့အခါ အကောက်ခွန်အများကြီး စည်းကြပ်မှာ ဖြစ်လို့ သူတိုတိုင်းပြည်တွေ အမေရိကန်နဲ့ အလုပ်လုပ်ဖို့ ခက်ခဲသွားလိမ့်မယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်အစိုးရက လူဝင်မှုဗီဇာ ပြန်ရုတ်တဲ့ကိစ္စတွေမှာ ဖက်ဒရယ်တရားရုံးတွေက ပြန်ဆန်းစစ်ခွင့် မရှိဘူးလို့ ကနေ့ ဆူပရင်းကုတ်က တရားသူကြီး ၉ဦးစလုံးက ဆုံးဖြတ်ပေးလိုက်ပါတယ်။ အဲဒါကြောင့် ခိုးဝင်တွေ ပြန်ပို့ခံရရင် သူတို့အမှုကို ဖက်ဒရယ်တရားရုံးတွေဆီ အသနားခံဖို့ ပိုခက်သွားတော့မှာပါ။

တရုပ်ပြည်မှာလည်း ပြည်တွင်းစီးပွားရေးရော အလုပ်အကိုင်တွေပါ မကောင်းနေကြတဲ့အတွက် လူငယ်တွေက အမေရိကန်ဗီဇာ လျောက်ထားမှုတွေ စံချိန်တင်များပြားနေတဲ့အတွက် အဝင်မှာ လက်နက်ပါ/မပါ စစ်ဖို့ ဖြတ်ရတဲ့စက်တွေတောင် ပျက်ကုန်တယ်လို့ ဆိုပါတယ်။ အမေရိကန်ကို လာဖို့မလွယ်သူတွေကလည်း အနောက်နိုင်ငံ ဘယ်နိုင်ငံရောက်ရောက် ထွက်ဖို့ ကြိုးစားနေကြပါတယ်။ ပြည်ပရောက် တရုတ်လူငယ်တွေကလည်း ပြည်ပဆိုတော့ ကိုယ့်နိုင်ငံလိုမဟုတ်ပေမယ့် ရှာလို့ရတဲ့ပိုက်ဆံနဲ့ စိတ်အေးအေးချမ်းချမ်းတော့ နေနိုင်တယ်လို့ ဆိုကြပါတယ်။

ပို့ဆောင်ရေးမှာ အဓိကကျတဲ့ လေဆိပ်ကြီးတွေ၊ ကုန်စည်တင်ပို့မှုဗဟိုဌာနတွေတည်ရှိရာ Essex ကောင်တီ နယူးဂျာစီမှာ ပြီးခဲ့တဲ့အပတ်ကတဲက ဒရုန်းတွေအများကြီး အုပ်စုလိုက် ဟိုဟိုဒီဒီ ပျံသန်းနေကြပါတယ်။ အခုတော့ မေရီလန်းအထိတောင် ရောက်နေပြီလို့ သိရပါတယ်။​ အစိုးရက အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်သူလွှတ်တဲ့ ဒရုန်းလဲဆိုတာ မသိဘူးလို့ ဆိုထားပေမယ့် အီရန်တို့ တရုတ်တို့က မဟုတ်သလို စစ်ရေးအရ အရေးကြီးတဲ့နေရာတွေပေါ် ပျံနေတာမဟုတ်ဘူးလို့တော့ ဖာသွားပါတယ်။ အဲဒါဆိုရင် တကယ်မသိတာ မဖြစ်နိုင်ပါဘူး။ အစိုးရက မသိဘူးဆိုတာကို ထရမ့်ကလည်း သံသယရှိပုံပါပဲ။ ထရမ့်က အစိုးရကလုပ်တာမဟုတ်၊ ဘယ်သူလုပ်တာမှန်းလဲမသိ ဆိုရင် ပစ်ချဖို့သာ အကြံပြုထားပါတယ်။

အခုပျံသန်းနေတဲ့ ဒရုန်းတွေက အရွယ်စုံဖြစ်ပြီး မျက်မြင်သက်သေတချို့ရဲ့အဆိုအရ တချို့ဒရုန်းတွေဟာ ကျောင်းကားတစီး လောက်တောင် ကြီးမားတယ်လို့ ဆိုကြပါတယ်။ တရုတ်ပြည်မှာ ကားအရွယ်လောက်ရှိတဲ့ ဒရုန်းတွေ အုပ်စုဖွဲ့ပျံနေတာတော့ ရှိခဲ့ပါတယ်။ ဒီအရွယ်ဒရုန်း ဆိုရင် အပျော်ပျံတဲ့ ဒရုန်းတော့ ဖြစ်နိုင်စရာမရှိပါဘူး။ အဆိုပါဒရုန်းတွေကြောင့် ဟတ်ဆန်ဗယ်လီက  စတီးဝပ်နိုင်ငံတကာလေဆိပ် ပိတ်ခဲ့ရပါတယ်။ တချို့က အာရုံလွှဲတာလို့ ပြောကြပေမယ့် နောက်ထပ် မဖြစ်အောင်ဆိုရင် မှတ်လောက်အောင် ပညာပေးမှပဲ ဖြစ်မှာပါ။

မနေ့ညမှာတော့ ဘော်စတွန်က လိုဂန်လေဆိပ်မှာ အန္တရာယ်ရှိတဲ့ ဒရုန်းပျံသန်းမှုနဲ့ လူ ၂ဦးကို ဖမ်းဆီး ခဲ့ပါတယ်။  သူတို့ပျံသန်းတဲ့ ဒရုန်းနဲ့ နယူးဂျာစီကဒရုန်းတွေ ဆက်စပ်မှု ရှိ/မရှိက မရှင်းလင်းပါဘူး။ ပြည်ထဲရေးဝန် မယောကာ့စ်က ဖက်ဒရယ်မှာ ဒရုန်းတွေကို ပစ်ချဖို့ လုံလောက်တဲ့အခွင့်အာဏာ မရှိဘူးလို့ ဆိုပါတယ်။ အဲလိုသာဆိုရင် လုပ်ကြံချင် ဖျက်ဆီးချင်ကြသူတွေအတွက် အခွင့်ထူးကြီး ဖြစ်မနေပေဘူးလား။ အိုဘမတို့ ကလင်တန်တို့အိမ်တွေဘက် ပျံနေတာဆိုရင် ဒီလိုပြောပါ့မလား။ လွှတ်တော် ဒီမိုကရက်တွေကတော့ ဖက်ဒရယ်အစိုးရအနေနဲ့ ပိုကောင်းတဲ့ ဒရုန်းထောက်လှမ်း/ နောက်ယောက်ခံတဲ့ နည်းပညာကို အသုံးပြုဖို့ ဘတ်ဂျတ်တိုးတောင်းနေကြပါတယ်။

မနှစ်က တရုပ်ဘောပျံတွေ အလက်စ်ကားဘက်ကနေ ပြည်တွင်းက စစ်ရေးအချက်အချာနေရာတွေ အားလုံးနီးပါးကို ဖြတ်သွားခဲ့တုန်းကလည်း တာဝန်ရှိသူတွေက အခုလိုပဲ ဘာမှအန္တရာယ်မရှိပါဘူးလို့ ပြောခဲ့ကြတာပါ။ လူသူမနီးတဲ့နေရာမှာ ပစ်ချလို့ရတုန်းက မပစ်ချခဲ့ကြပဲ လူနေထူတဲ့နေရာတွေ ရောက်လာမှ လူထိမှာ အိမ်တွေထိမှာစိုးလို့ မပစ်ချတာပါလို့ ယုတ္တိမရှိတဲ့ ဆင်ခြေပေးခဲ့ကြတာပါ။

လောလောဆယ်တော့ နယူးယောက်ဂါဗာနာ ဟိုချူးလ်ရဲ့ တောင်းဆိုမှုနဲ့ ဖက်ဒရယ်က အဆင့်မြင့် ဒရုန်းထောက်လှမ်းရေးစနစ်ကို နယူးယောက်နဲ့ အနားကပြည်နယ်တွေဆီ ပို့ပေးမယ်လို့ ဆိုပါတယ်။ ဘယ်သူပဲလွှတ်လွှတ် ထရမ့်ကတော့ သူ့အိမ်ဖြူနန်းတက်ပွဲမှာ ရှီကို ဖိတ်ထားလိုက်ပါတယ်။ အရင်က အမေရိကန်သမ္မတ အိမ်ဖြူတက်ပွဲကို ဘယ်တရုတ်ခေါင်းဆောင်မှ တက်ခဲ့တဲ့အစဥ်အလာ မရှိခဲ့ပါဘူး။

မက္ကဆီကိုကို အကောက်ခွန် ၂၅% စည်းကြပ်မယ်လို့ ထရမ့်က ခြိမ်းခြောက်လိုက်ပြီး ရက်ပိုင်းအတွင်း လူလုပ်အိုပီရွိုက် ၁,၁၀၀ ကီလိုကို ဖမ်းမိသိမ်းဆည်းလိုက်ပါတယ်။ အဲဒါက သမိုင်းမှာ အကြီးဆုံး ဖမ်းဆီးတာဖြစ်ပါတယ်။ အသွားအလာတွေကို လိုက်နေတာတော့ ကြာပြီလို့ ဆိုပါတယ်။ သူတို့နိုင်ငံထဲမှာ ဖြန့်တာမဟုတ်တာရော၊ အဲဒီကနေ မက္ကဆီကန်တွေ ဝင်ငွေကောင်းနေတာရော၊ ငွေဖြူဖွတ်တာတွေကနေ ပိုက်ဆံရနေတာရော၊ ဖမ်းဖို့ မက်လုံးမရှိလို့ လွှတ်ထားတာလည်း ဖြစ်နိုင်တာပါပဲ။ ဒါ့အပြင် တရုတ် shopping mall ကြီးတခုထဲက ဒေါ်လာသန်းပေါင်းများစွာတန်တဲ့  လူသုံးကုန်ပစ္စည်းအတု counterfeit တွေကို ဖမ်းဆီးလိုက်တာဟာလည်း သမိုင်းမှာ အကြီးမားဆုံး ဖြစ်နေပြန်ပါတယ်။ တရုတ်တွေဟာ မက္ကဆီကိုက တရားမဝင်လုပ်ငန်းတွေ အတုအပလုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ငွေမဲမှောင်ခိုဂိုဏ်းတွေရဲ့ ဆရာကြီးလည်းဖြစ်ပါတယ်။

ထရမ့်က Kari Lake ကို အစိုးရထောက်ပံ့ထားတဲ့ သတင်းဌာနဖြစ်တဲ့ VoA ကို ဦးဆောင်စေဖို့ လျာထားလိုက်ပါတယ်။ ဒါပေမယ့် ဒီရာထူးကို ထရမ့်အနေနဲ့ တိုက်ရိုက်ခန့်အပ်နိုင်တာ မဟုတ်ပါဘူး။ VoA ရဲ့ parent agency ဖြစ်တဲ့ US Agency for Global Media က CEO ရဲ့အောက်က ဘုတ်အဖွဲ့က ခန့်မှ ရမှာပါ။ ထရမ့်ရဲ့ ပထမသက်တမ်းတုန်းက ဒီမိုကရက်လက်ကိုင်ဒုတ်ဖြစ်တဲ့ အဲဒီအဖွဲ့ကို ဖျက်သိမ်းဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒီတခါတော့ ဘုတ်အဖွဲ့က Kari ကို ရွေးပြီး သူ့ရဲ့ဦးဆောင်မှုအောက်မှာ သတင်းအစစ်တွေ ပညာပေးအစစ်တွေကိုပဲ ထုတ်လွှင့်ပေးနိုင်အောင် ကြတ်မတ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

အမေရိကန်နဲ့ နေတိုးရဲ့ တဆင့်ခံစစ်ကို ဆင်နွဲနေတဲ့ ယူကရိန်းဟာ ဆီးရီးယားသူပုန်တွေကို လေ့ကျင့် ထောက်ပံ့ပေးနေတယ်လို့ အီရန်က စွပ်စွဲထားပါတယ်။ အဲဒီမတိုင်ခင်ကတည်းကလည်း ယူကရိန်းစစ်ဖက်က ဆီးရီးယားသူပုန်တွေကို လေ့ကျင့်ပေးနေကြောင်း သတင်းထွက်နေတာပါ။ တကယ်တော့ ယူကရိန်းက လေ့ကျင့် ထောက်ပံ့ပေးတယ်ဆိုတာ အမေရိကန်က တဖက်လှည့်နဲ့ ပေးတဲ့ သဘောပါပဲ။ အာဖဂန်မှာ ဘိုင်ဒန်တို့ ထားခဲ့တဲ့လက်နက် ယန္တရားတွေ ယူကရိန်းရောက်ကုန်သလိုပဲ ခုတခါ ယူကရိန်းကဟာတွေလည်း တဖက်လှည့်နဲ့ ဆီးရီးယားကို ရောက်လာပြန်ပါတယ်။ အဲဒီတော့ ပြဿနာအားလုံးရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေသလဲဆိုတာ ခန့်မှန်းကြည့်လို့ ရမယ်ထင်ပါတယ်။

ထရမ့်လက်ထက်မှာ ဖက်ဒရယ်ကပေးမယ့် အီးဗီခရက်ဒစ်ကို ဖျက်သိမ်းနိုင်ခြေရှိပေမယ့် နျူဆမ်က ကယ်လီဖိုးနီးယားမှာ တနည်းတဖုံဆက်ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ခရက်ဒစ်ပေးမယ့်ထဲမှာ တက်စ်လာမပါစေဖို့ ပြည်နယ်လွှတ်တော်နဲ့ အပူတပြင်း ကြိုးစားနေတာပါ။ တခြားအီးဗီကုမ္ပဏီတွေက တက်စ်လာလိုမဟုတ်ပဲ ကားအားသွင်းတဲ့နေရာတွေကအစ အစိုးရဆီက အများကြီး အထောက်အပံ့တွေ ယူထားကြတာပါ။ ကားလော်ဘီတွေဆီက စားထားရတာနဲ့ တန်အောင် လုပ်ပြပေးနေတာလား၊ အီလွန်ကို ပုဂ္ဂိုလ်ရေးအမုန်းနဲ့ ငြိုးနေတာပဲလားဆိုတာတော့ မသိနိုင်ပါဘူး။ နှစ်ခုလုံးလည်း ဖြစ်နိုင်တာပါပဲ။

Leave a comment