ဒီဇင်ဘာ ၂၂ ရက် ၂၀၂၄

ထရမ့်က ငါတို့လက်ထက်မှာ common sense ကို ပြန်လည်ထွန်းကားစေပြီး  အမေရိကန် ပြည်ထောင်စုကို ရွှေခေတ်ကို ပြန်ရောက်အောင်လုပ်ဖို့ ငါတို့အားလုံးမှာ တာဝန်ရှိတယ်လို့ ဒီဇင်ဘာ ၁၉-၂၂အထိ ကျင်းပတဲ့ AmericaFest 2024 ပွဲရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ ကနေ့မှာ ကျုံးဝါးသွားပါတယ်။​ အဆိုပါပွဲကို Turning Point USA က ကြီးမှူးကျင်းပတာဖြစ်ပါတယ်။ TP USA က ကောလိပ်တွေကိုသွားပြီး လူငယ်တွေနဲ့ စကားပြောခြင်းဖြင့် လက်ဝဲမှိုင်းမိတဲ့ အမြင်/အတွေးတွေ ရှိနေတဲ့ လူငယ်တွေကို common sense ပြန်ရအောင် ဆွေးနွေးပေးနေကြတာပါ။

ရောဘတ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် အတည်ပြုပေးဖို့ အပြင်းထန်ဆုံး ငြင်းဆန်နေတာက ရီပါဘလစ်ကန် ဆီနိတ်တာ Lindsay Graham ဖြစ်နေပါတယ်။ RFK Jr. ကို ကျန်းမာရေးဝန်ကြီးခန့်နိုင်တယ်ဆိုတာ ရကပမတိုင်ခင်ကတဲက ဖြစ်နိုင်ခြေတခုအဖြစ် ထရမ့်က ချပြထားပြီးသားပါ။ အဲဒါကို သိလျက်နဲ့ လူထုက တခဲနက်မဲပေးခဲ့တယ်ဆိုတာ လူထုဆန္ဒပဲမဟုတ်လား။ ဘစ်ဖာမာခွံ့ထားတဲ့သူတွေကတော့ လူထုကျန်းမာလာရင် သူတို့ဝင်ငွေနဲသွားမှာစိုးတော့ RFK Jr. တက်မှာကို ကြိုက်ကြမှာမဟုတ်ပါဘူး။ ဒါဆို လင်ဇီကရော ဘယ်သူ့ဖက်ကလဲဆိုတာ မေးစရာ ဖြစ်လာပါတယ်။

ကာဝန်အဖြစ် လျာထားတဲ့ Pete Hegseth ကိုလည်း စစ်ကြိုက်သူ နီယိုကွန်တွေ နီယိုလစ်ဘ်တွေ အပါအဝင် စစ်လက်နက် ထုတ်လုပ်ရောင်းချတာများမှ ငွေရွှင်တဲ့သူတွေက အကြီးအကျယ် ဆန့်ကျင်ကြပါတယ်။ ခက်တာက ဒီမိုကရက်တွေက မြန်မာပြည်က အစိမ်းတွေလို လူညီသလောက် ရီပါဘလစ်ကန်တွေထဲမှာ ကွန်ဆာဗေးတစ်တွေ၊ လစ်ဘာတေးရီးယန်းတွေအပြင် စစ်ကြိုက်တဲ့ နီယိုကွန်တွေပါ ပါနေတဲ့အတွက် အများစုနေရာ ရပင်ရငြားသော်လည်း အမှန်တကယ် အများစု ဖြစ်မနေပါဘူး။ ဒါပေမယ့် အဲဒါကို ကိုင်တွယ်ဖို့ TP USA မှာ အစီအစဥ်ရှိပါတယ်။ အဲဒါက ထရမ့်ခန့်တဲ့သူကို ကန့်ကွက်တဲ့ ရီပါဘလစ်ကန်ဆီနိတ်တာရဲ့ ပြည်နယ်မှာ လူထုစည်းဝေးပွဲလိုမျိုး ပွဲကြီးကြီးလုပ်ပြီး လူထုကို အင်နဲ့အားနဲ့ဖြစ်အောင် စည်းရုံးပြီး ကန့်ကွက်တဲ့အမတ်ကို ဖိအားပေးဖို့ ဖြစ်ပါတယ်။ ရွေးကောက်ခံအမတ်တွေက လူထူဆန္ဒနဲ့ကင်းပြီး လုပ်လို့မရတဲ့အတွက် လူထုဖြစ်ချင်တာ ဖြစ်ခွင့်ရစေဖို့ လူထုအားကိုပဲ အသုံးချရမှာပါ။

ဂျိုးဘိုင်ဒန်ဟာ သမ္မတလုပ်ဖို့မပြောနဲ့၊ ပုံမှန်ကျန်းမာသူတယောက်အဖြစ်တောင် နေ့စဥ်ဘဝကို စီမံနိုင်ခြင်း မရှိခဲ့တာကို အတွင်းစည်းကလူတွေနဲ့ မီဒီညာတွေပေါင်းပြီး ၄နှစ်ကျော်လုံး ဖုံးကွယ်ထားခဲ့ ကြတာပါ။ အဲဒါကြောင့်လည်း ဒီမိုကရက်တွေက ဘယ်လောက်ပဲ အရည်အချင်းမဲ့မဲ့ ကိုယ့်ထဲကလူတွေပဲ လှည့်ပတ်သုံးကြတာ ဖြစ်ပါတယ်။ အခုအိမ်ဖြူ ပြန်/ဝန် Press Secretary Karine Jean-Pierre က ဘေလ်ကလင်တန်လက်ထက်ကတည်းက ဒီအသိုင်းအဝိုင်းထဲမှာ ကျင်လည်နေတာပါ။

ကျန်တဲ့ အရေးပါတဲ့နေရာက လူတွေအကုန်လုံးကလည်း ကလင်တန်တို့ အိုဘမတို့လက်ထက်မှာ သူတို့နဲ့ သူတို့မိဘတွေလက်ထက်ကတဲက သစ္စာရှိလာသူတွေ ဖြစ်ကြပါတယ်။ အဲဒါကြောင့် ကလင်တန်နဲ့ အိုဘမတို့က မပေါက်ကြားပဲ အိမ်ဖြူကို ချယ်လှယ်နေနိုင်တာ ဖြစ်မှာပါ။ မီဒီယာက ဖုံးပေးရတာကတော့ မီဒီယာရှယ်ယာအများစုကို S&P 500 ရဲ့ ၈၈%ကို ကိုင်ထားတဲ့ ဘလက်ရော့ခ်၊ ဗန်ဂတ်၊ စတိတ်စထရိ စတဲ့ လက်မဲအင်စတီကျူးရှင်း သုံးခုက ပိုင်တာဆိုတော့ သခင့်အလိုကျ ထွက်ကြရတာပေါ့။ ဒါနဲ့စကားမစပ် စီးပွားရေးဘယ်လောက်ကျကျအိမ်ဈေးတွေ စွတ်စက်တက် နေတာလည်း အဲဒီ ၃ခုက လိုက်ဝယ်နေလို့ပါပဲ။ အိမ်ပိုင်ထားသူတွေက ဈေးတက်ရင်ပျော်ပေမယ့် နောက်မျိုးဆက်တွေ အိမ်ပိုင်ဖို့ ခက်လာရင် အိမ်ထောင်မပြုကြတော့တာ၊ ကလေးမယူကြတော့တာ၊ စိတ်ဖိစီးတာ စတဲ့ ဆိုးကျိုးတွေ အများကြီးဆက်လိုက်လာပါလိမ့်မယ်။  

ဘိုင်ဒန်က ထရမ့်လက်ထက်က ဘတ်ဂျက်အခက်အခဲများစွာကြားက တည်ဆောက်ပေးခဲ့တဲ့ မက္ကဆီကိုနယ်စပ်က နယ်ခြားတံတိုင်းအစိတ်အပိုင်းတွေကို သူခိုးဈေးနဲ့ ရောင်းစားပစ်နေတယ်လို့ သတင်းထွက်လာပါတယ်။ ၂၀၂၁တုန်းကလည်း ထရမ့်လက်ထက်က နယ်ခြားတံတိုင်းဆောက်ဖို့ လအနည်းငယ်ပဲကျန်တဲ့ ပိုက်ဆံပေးထားပြီးသား ကန်ထရိုက်တွေကို ဆက်ဆောက်ခွင့် မပေးတော့ပဲ အကန့်အသတ်မရှိ ရပ်ပစ်ခဲ့တာပါ။  

ဘိုင်ဒန်အစိုးရက ပြီးခဲ့တဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာ ၂လမှာ ဘတ်ဂျက်လိုငွေပြမှု ၆၇၄ဘီလီယံ ဖြစ်ခဲ့တဲ့အတွက် အောက်တိုဘာ ၁ရက်နေ့မှာစတဲ့ ဘဏ္ဍာရေးနှစ်သစ်ရဲ့ ပထမ ၃လမှာ ဘတ်ဂျက် လိုငွေပြမှုဟာ ၈၀၀ဘီလီယံကျော်သွားမှာဖြစ်လို့ သမိုင်းမှာ အကြီးဆုံးစံချိန် ဖြစ်လာတော့မှာပါ။ ရက်၁၀၀ဆိုရင် လက်ရှိကြွေးမြီထဲ ၁ထရီလီယံ ထပ်ထပ်ပေါင်းတော့မှာပါ။ ဒီနှုန်းအတိုင်းသွားရင် ၂၀၂၆ ဇန်နဝါရီ ၂၀ဆိုရင် ၄၀ထရီလီယံ ကြွေးတင်နေပါပြီ။ Continuing Resolution ဆိုတဲ့ အရင်ကပေးမြဲဘတ်ဂျက်အပေါ် မူတည်ပြီး အစီအစစ်မရှိပဲ ထပ်ထပ်ပေးနေတဲ့ဘေလ်တွေကြောင့် ဘတ်ဂျက်လိုငွေပြမှုက များသထက် များလာတာပါ။

အဲဒါကို ဖြတ်လမ်းနည်းနဲ့ အတည်ပြုချက် အမြန်လိုချင်တော့ လွှတ်တော်နားခါနီး ပွဲတော်ရက်ရောက်ဖို့ ရက်အနည်းငယ်အလို လူတွေ အလုပ်ထဲစိတ်မနှစ်နေချိန်ကျမှ လော်ဘီတွေက ဆွဲပေးလိုက်တဲ့ စာမျက်နှာပေါင်း ၁၅၀၀ကျော်ပါတဲ့ဥပဒေကြမ်းကို ၂၄နာရီအတွင်း အတည်ပြုရမယ်လို့ လုပ်ကြတာပါ။  ဒါက နှစ်တိုင်းလိုလုပ်နေကျပါပဲ။ မင်းတို့အတည်မပြုရင် အစိုးရယန္တယားကြီး ရပ်သွားတော့မှာ၊ စစ်သားတွေ လစာမရရင် မင်းတို့ကြောင့်ပဲဆိုပြီး ဖိအားပေးကြပါတယ်။ အမတ်အတော်များများ ကလည်း လော်ဘီတွေဆီက စားသောက်ထားကြသူတွေဆိုတော့ နဲနဲပါးပါး မူပြပြီး ကြမ်းပြပြီး ဘာမှ သိပ်ညှိမနေပဲ လျော့ပေးလိုက်ကြတာပါပဲ။​ (အဲဒီ ၁၅၀၀ကျော်မှာ ၈၀၀ကျော်က ဒီမိုကရက် ဟာကီးမ်ဂျက်ဖရေဆီက လာတာပါ။ ဒါတောင် ရီပါဘလစ်ကန်အများစုဖြစ်နေတဲ့အချိန်ပါ။)

ဒီတခါဘေလ်ထဲမှာ ဟာရီကိန်းဒဏ်ခံထားရတဲ့ပြည်သူတွေကို ကူမှာ ပါသလို ယူကရိန်းက ဘိုင်အိုလက်ဘ်တွေ ပါတာပါပဲ။ အရွေးကောက်ခံသမ္မတကို အသိပေးတာမျိုး မရှိသလို အစိုးရဘတ်ဂျက် အလေအလွင့်မဖြစ်အောင် လုပ်ကြမယ့် အီလွန်နဲ့ ဗီဗိတ်ခ်တို့ကိုလည်း ဆွေးနွေးတိုင်ပင်ခြင်း မရှိပါဘူး။ အမတ်တွေကိုယ်တိုင်က ဘာပါတယ်ဆိုတာ ဖတ်ကိုမကြည့်ကြပဲ လူထုပိုက်ဆံကို လွယ်လွယ်ရ လွယ်လွယ်သုံးနေကြတာ စိတ်ပျက်စရာပါ။ အဲဒီလို သုံးချင်တိုင်း သုံးနေရတာကိုပဲ အကျင့်ကြီးပါနေသလိုပါပဲ။

ဒီတကြိမ်ကတော့ ရီပါဘလစ်ကန်စပီကာ မိုက်ခ်ဂျွန်ဆန်က သူ့ရာထူးလက်လွှတ်ရမှာစိုးတော့ အသည်းအသန်လိုက်ညှိလို့ စာမျက်နှာ ၁၀၀ကျော်ပဲရှိတဲ့ မရှိမဖြစ်တွေပဲ သုံးရမယ့်ဘေလ်တခု ထွက်လာပါတယ်။ ဒါက လူထုအားကြောင့်လို့ပဲ ပြောရမှာပါပဲ။

ဒီဇင်ဘာ ၁၉ရက်နေ့မှာ အသက် ၆၄နှစ်ရှိ တောင်ပိုင်းကာလီဖိုးနီးယားမြို့ကောင်စီဝင် John Chen နဲ့ နီးကပ်သူလည်းဖြစ်၊ ကမ်ပိန်းမန်နေဂျာလည်းဖြစ်တဲ့ Sun Yaoning  (ခ) Mike Sun ကို FBI က ဖမ်းဆီး လိုက်ပါတယ်။ Mike Sun က တရုတ်ဩဇာစိုးမိုးဖို့အတွက် တရုတ်အာဏာပိုင်တွေက ကျောထောက် နောက်ခံပေးထားသူ ဖြစ်ပြီး တောင်ပိုင်းကာလီဖိုးနီးယားက တရုတ်အသိုင်းအဝိုင်း ကြားမှာ John Chen ကိုကူနေတာ ၁၉၉၇ခုနှစ်ကတဲကလို့ ဆိုပါတယ်။ ကောင်စီဝင် John Chen ဟာလည်း နိုဝင်ဘာတုန်းက နယူးယောက်တရားသူကြီးက ဖ’လုံဂုံးအဖွဲ့ကို ကြပ်ပေးဖို့ ပြည်တွင်းအခွန်ကို လာဘ်ထိုးမှုနဲ့ လ ၂၀ ပြစ်ဒဏ် အချခံထားရသူဖြစ်ပါတယ်။ သူတို့နှစ်ဦးပေါင်းပြီး US News Center လို့ခေါ်တဲ့ မီဒီယာတခုကို ထောင်ထားတာပါ။ Mike Sun က ၂၀၂၂မှာ အကားဒီးယားမြို့ ကောင်စီဝင် Eileen Wang ရဲ့ ကမ်ပိန်း ဘဏ္ဍာရေးမှုးလည်း လုပ်ခဲ့ပါသေးတယ်။ တရုတ်အစိုးရက ဂျွန်တို့လို ခြနိုင်ငံရေးသမားတွေကတဆင့် တရုတ်ပြည်တင်မက ကမ္ဘာမှာပါရှိတဲ့ ဖ’လုံဂုံး ကျင့်သုံးသူတွေကို နှိပ်ကွပ်နေတာ ၂၅နှစ်ရှိလာခဲ့ပြီဖြစ်ပြီး တိုင်ဝမ်နဲ့ဆိုင်တဲ့ကိစ္စတွေမှာပါ တရုတ်ဖြစ်/မြင်စေချင်သလို ဖြစ်အောင် ကြိုးဆွဲနေတာဖြစ်ပါတယ်။

Leave a comment