မကြာသေးခင်က အင်တာနက်ပေါ်မှာ ဆွေးနွေးကြတဲ့ အကြောင်းအရာလေးတခု တွေ့မိပါတယ်။ အဲဒါက ဆူပါမားကက်တိုင်းမှာ ရှိကြတဲ့ shopping cart တွေနဲ့ ပတ်သက်ပြီး လူတွေရဲ့ အမူ အကျင့် စိတ်နေစိတ်ထား စတာတွေကို တစေ့တစောင်း အကဲခတ်လို့ ရနိုင်တယ်ဆိုတာပါ။
ဈေးဆိုင်တွေမှာ တွန်းလှည်းလေးတွေ ထားပေးထားတာက ဝယ်သူတွေ အဆင်တပြေ ဈေးဝယ်နိုင်အောင် ဆိုင်ရှင်တွေက ထားပေးကြတာပါ။ တချို့ဆိုင်တွေမှာ ဆိုင်ပြင် ထုတ်လို့မရအောင် အကာအရံတွေ ထားရှိတာမျိုးရှိသလို တချို့ကလည်း ဆိုင်နဲ့ ဝေးဝေးကို ယူမသွားနိုင်အောင် sensor လေးတွေ တပ်ထားတာမျိုး ရှိကြပါတယ်။ တချို့ဆိုင်တွေမှာ ကွာတားစေ့တစေ့ထည့်ပြီးမှ လှည်းကို ယူသုံးလို့ရပြီး အသုံးပြုပြီး ပြန်ထားတဲ့အချိန်မှာ အဲဒီကွာတားစေ့ ပြန်ရပါတယ်။ များသောအားဖြင့်က ပိုက်ဆံမပေးရပဲ အလွယ်တကူယူသုံးလို့ရသလို ဈေးဝယ်ပြီးချိန်မှာလည်း ကိုယ့်ကားအထိ ယူသွားနိုင်ကြပါတယ်။ ကားရပ်နားကွင်းထဲမှာ လှည်းတွေပြန်ပို့ဖို့ နေရာတွေ ထားရှိပေးကြပါတယ်။
ဈေးဝယ်တွန်းလှည်းတွေကို အသုံးပြုတုန်းမှာလည်း ကားမောင်းတာတွေ၊ လမ်းသွားတာတွေလိုပါပဲ၊ လူတွေရဲ့ အတွင်းစိတ် တစိတ်တဒေသကို မြင်နိုင်ပါတယ်။ ပစ္စည်းရွေးနေတုန်း လှည်းအလွတ်ကို သူများတွန်းသွားတာလည်းရှိရဲ့၊ ရှေ့မကြည့်၊ ဘေးမကြည့်၊ လွတ်/မလွတ်မကြည့်နဲ့ တွန်းတဲ့သူလည်း ရှိရဲ့၊ အများသွားနေတဲ့လမ်းမှာ ဘေးမကပ်ပဲ ဒီတိုင်းကြီးရပ်ထားတာလည်းရှိရဲ့၊ အစုံပါပဲ။ ပြဿနာ အများဆုံးကတော့ ပြန်ထားတဲ့နေရာမှာပေါ့။ ဒီသီအိုရီက ဇောင်းပေးထားတာလည်း အဲဒီအပိုင်းပါပဲ။
တချို့က ပြန်ထားပေးဖို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ သွားထားကြတယ်၊ တချို့က ကိုယ့်ကားနားမှာပဲ ဖြစ်သလို ထားခဲ့ကြတယ်၊ တချို့ကတော့ မသန်စွမ်းသူတွေ ကားရပ်တဲ့ နေရာမှာတောင် မဆင်မခြင်သွားပို့ထားကြတာတွေလည်း ရှိပါတယ်။ တချို့တလေကတော့ တမိုင်လောက်ဝေးတဲ့ အိမ်အထိတောင် တွန်းသွားပြီး ပစ်ထားလိုက်ကြတာတွေလည်း ရှိပါတယ်။
တွန်းလှည်းပြဿနာကို ဖြေရှင်းဖို့ ဝင်းအပြင်ကို ထွက်လိုက်တာနဲ့ ဘီးတွေကို လော့ချတဲ့စနစ်မျိုးကို လော့စ်အိန်ဂျလိစ်နဲ့ ကလာခ်ကောင်တီ နီဗားဒါးတို့မှာ လုပ်ကြသလို ဝါရှင်တန်ပြည်နယ်က အချို့မြို့တွေမှာ ဝင်းအပြင်က ဈေးဝယ်တွန်းလှည်းတွေအတွက် ဆိုင်တွေကို ဒဏ်ရိုက်ကြပါတယ်။ ဗာဂျီးနီးယားပြည်နယ် ဖဲဖက်စ်ကောင်တီ ကြီးကြပ်ရေးဘုတ်က ဈေးဆိုင်ဝင်းအပြင်ကို တွန်းသွားသူတွေကို ဒဏ်ငွေ $500 ချထားဖို့နဲ့ နယူးဂျာစီဆီနိတ်တာက မသန်မစွမ်းပါကင်မှာ တွန်းလှည်းတွေလာထားရင် ဒဏ်ငွေ $250 ရိုက်ဖို့ အဆိုတင်ကြတယ်ဆိုတော့ ဒီပြဿနာက ခပ်သေးသေးမဟုတ်တော့တာ ထင်ရှားလာပါတယ်။
တကယ်တော့ ဈေးဝယ်တွန်းလှည်းကို သွားပြန်မထားရင်လည်း ဘယ်သူကမှ အရေးယူလို့ မရသလို မသန်စွမ်းသူတွေ ကားပေါ် တက်/ဆင်းခက်အောင် လုပ်မိရင်တောင် အရေးယူလို့ မရနိုင်ပါဘူး။ သွားပြန်ထားရင်လည်း ငွေကြေးအကျိုးအမြတ် တစုံတရာ ရှိမှာမဟုတ်ပါဘူး။ ဒါပေမယ့် ဈေးဝယ်တွန်းလှည်းတွေကို ပြန်ထားကြတာက လုပ်သင့်တဲ့အရာတခုကို ဘယ်သူ့တိုက်တွန်းမှုမှမပါတဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ပဲ လုပ်ကြတာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတွေမှာ ဥပဒေပြဌာန်းနေစရာမလိုပဲ လိုက်နာကြရတဲ့ စံတန်ဖိုးတွေရှိသလို ကိုယ့်နေထိုင်တဲ့ လူ့အဖွဲ့အစည်း အဆင့် ဘယ်လောက်မြင့်တယ် ဆိုတာကိုလည်း အဲဒီတန်ဖိုးတွေနဲ့ တိုင်းကြပါတယ်။ နေရာတကာ ဥပဒေနဲ့ လိုက်ထိန်းနေစရာမလိုပဲ ကိုယ်ပိုင်အသိစိတ်ဓါတ်နဲ့ ကိုယ့်တာဝန်ကိုယ်ယူတဲ့ လူ့အဖွဲ့အစည်းက အဆင့်မြင့်တာပါပဲ။
ဘာမှမဟုတ်လောက်ဘူးဆိုတဲ့ ကိစ္စသေးသေးလေးတွေကနေ လူမျိုးဂုဏ်သိက္ခာအထိ ထိပါးနိုင်လာတာ ကိုလည်း သတိပြုသင့်ပါတယ်။ မကြာသေးမီကပဲ တရုတ်ပြည်က ကမ္ဘာလှည့်ခရီးသွားတွေရဲ့ မသိတတ်မှုတွေကြောင့် ကမ္ဘာမှာ နာမည်ဆိုးထွက်နေရတာနဲ့ ဘယ်လိုအကြောင်းတွေကြောင့် ဒီလို ဖြစ်လာတယ်ဆိုတာကို တရုတ်ပညာရှင်တဦးကို မေးမြန်းထားတာကို ကြည့်လိုက်ရပါတယ်။ ကွန်မြူနစ်တရုတ်ပြည်က ကလေးတွေဟာ စာတော်ဖို့၊ အမှတ်အများဆုံးရဖို့၊ အမြန်ဆုံးဖြစ်ဖို့ စတာတွေကိုပဲ တချိန်လုံး သင်ကြားခံလာရပြီး အဲဒီလိုဖြစ်မှ ချီးကျူးခံ အသိအမှတ်ပြု ခံရတာကြောင့် အသိတရားရှိတဲ့ စာနာတတ်တဲ့ အရည်အသွေးတွေ ပျောက်ကွယ်နေတာလို့ အဆိုပါပညာရှင်က ဖြေကြားသွားပါတယ်။
လူ့အသိုင်းအဝိုင်းမှာ အသိတရားမရှိတဲ့လူတွေက လူ့အဖွဲ့အစည်းရဲ့ ဝန်ပို ဖြစ်လာတတ်ပါတယ်။ ပြန်မထားတဲ့သူတွေက ပြန်ထားရကောင်းမှန်းမသိတာ ဖြစ်နိုင်သလို မလုပ်ချင်သူတွေကလည်း ဆင်ခြေမျိုးစုံ ပေးကြတာပါပဲ။ ဒီနေရာမှာ ချွင်းချက်တွေကို ထည့်မပြောပါဘူး။ တမိနစ်လောက်တောင် မကြာတဲ့ မပင်ပန်းတဲ့အလုပ်တခုကို မလုပ်ချင်တာက ကိုယ့်ရဲ့ အသိတရားအဆင့်အတန်းကို ပြနေတာပဲ ဖြစ်ပါတယ်။ ကားမရှိလို့ အိမ်အထိ တွန်းသွားရတာပါဆိုတဲ့သူတွေက သူများတွန်းလှည်းကို ပြန်သွားပို့ပေးဖို့လောက်တော့ အသိစိတ် ရှိရပါမယ်။ ကိုယ့်ရဲ့ ပေါ့ဆ/တာဝန်မဲ့မှုဟာ အသိုင်းအဝိုင်းရဲ့ အဆင့်အတန်းကို ဆွဲချနေသလို ဖြစ်တဲ့အပြင် ကိုယ့်လူမျိုးတွေကိုပါ အထင်သေးစေနိုင်ပြီး ကလေးတွေအတွက် စံနမူနာကောင်းမဟုတ်ပေမယ့် သတိနဲ့ ဝီရိယလေး အနည်းငယ်ပိုထည့်လိုက်တာနဲ့ လူ့တန်ဖိုးရော အသိုင်းအဝိုင်းတန်ဖိုးပါ အများကြီးတက်သွားမှာဖြစ်ပါတယ်။