ဒီကနေ့ ဂျန် ၆မှာ ကွန်ဂရက်စ်မှာကျင်းပတဲ့ နှစ်ရပ်ပေါင်းလွှတ်တော်မှာ အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူရတဲ့ လက်ရှိဒုသမ္မတ ကာမလာဟဲရစ်က ၂၀၂၄ရကပရလာဒ်ကို တရားဝင် အတည်ပြု ပေးခဲ့ပြီး ၂၀ရက်နေ့မှာ ၄၇ဦးမြောက် သမ္မတထရမ့်နဲ့ ဒုသမ္မတ ဂျေဒီဗန့်စ်တို့ ကျမ်းသစ္စာ ကျိမ်ဆိုကြမယ်လို့ ကြေငြာသွားပါတယ်။ သူကိုယ်တိုင် ပါဝင်ယှဥ်ပြိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ ရကပမှာ ပြိုင်ဖက်ကို သမ္မတအဖြစ် အတည်ပြုပေးရတာ ကာမလာတဦးတည်းကြုံရတာတော့ မဟုတ်ပါဘူး။ ၂၀၀၁တုန်းက အယ်လ်ဂေါလည်း ကြုံခဲ့ရပါတယ်။ အယ်လ်ဂေါတုန်းက ပေါ်ပြူလာဗုတ်မှာ ၅သိန်းကျော် ပိုရခဲ့ပြီး ဖလော်ရီဒါကို နောက်ဆုံးအချိန်အထိ အကျိတ်အနယ်ဖိုက်ပြီးမှ electoral vote ၂၇၁/၂၆၆ နဲ့ ကပ်ပြုတ်ခဲ့တာပါ။
တက်လာမယ့် ထရမ့်အစိုးရသစ်ရဲ့ အိမ်ဖြူတော် ဝန်ထမ်းချုပ် Susie Wiles က အစိုးရအဖွဲ့သစ်အတွက် စည်းမျဥ်းတွေ ချမှတ်ထားရှိပြီးဖြစ်ကြောင်း Mark Caputo နဲ့ အင်တာဗျူးမှာ ဖော်ပြထားပါတယ်။ အသက် ၆၇နှစ်ရှိပြီဖြစ်တဲ့ ဝိုင်းလ်စ်က ထရမ့်ရဲ့ ရကပ ၃ခုလုံးမှာ ဝင်ရောက် ကူညီပေးခဲ့ပြီး ပြီးခဲ့တဲ့ ရကပမှာ ပူးတွဲကမ်ပိန်းမန်နေဂျာ လုပ်ခဲ့သူပါ။ ဆူဇီဦးစီးတဲ့ ကမ်ပိန်းဟာ အရင်ကမ်ပိန်းတွေထက် ပိုမိုစနစ်ကျပြီး သတင်းယိုစိမ့်တာမျိုး ပိုနည်းခဲ့ပါတယ်။ ဆူဇီက လူရှေ့ထွက်ရတာ မကြိုက်ပဲ နောက်ကွယ်ကနေ တဖွဲ့လုံးကို စည်းကမ်းရှိရှိ ကျစ်ကျစ်လစ်လစ် ထိထိရောက်ရောက် မောင်းနှင်နိုင်ခဲ့တဲ့အတွက် ဆူဇီကို “The Ice Maiden” လို့ ခေါ်ကြကြောင်း ထရမ့်က အနိုင်မိန့်ခွန်းမှာ ဖော်ထုတ်ချီးကျူးသွားသူဖြစ်ပါတယ်။ ဆူဇီရဲ့ အရည်အချင်းကြောင့်ပဲ ထရမ့်က ပထမဆုံးအမျိုးသမီး အိမ်ဖြူဝန်ထမ်းချုပ်အဖြစ် ခန့်အပ်ခဲ့တာပါ။
ဆူဇီက ထရမ့်ရဲ့ အစိုးရအဖွဲ့သစ်မှာ လူသစ်/လူဟောင်းတွေ ရောနေပေမယ့် အများစုက လူငယ်တွေ ဖြစ်ကြပြီး အားလုံးဟာ နာရီရှည် ရေကုန်ရေခမ်း အလုပ်လုပ်ကြဖို့ မျှော်လင့်ထားကြရမှာဖြစ်ကြောင်း၊ သူ့အနေနဲ့ အဖွဲ့လိုက် လုပ်ဆောင်မှုအပေါ်မှာပဲ ယုံကြည်မှုရှိပြီး အများနဲ့ ပူးပေါင်းမဆောင်ရွက်နိုင်သူ၊ ငါတို့ရဲ့ ရည်မှန်းချက်အပေါ် အာရုံမထားသူ၊ တကိုယ်တော် ထင်ပေါ်ချင်သူတွေအတွက် West Wing မှာ နေရာမရှိကြောင်း၊ အစိုးရသစ်အတွက် အလုပ်လုပ်ပေးသူအားလုံးဟာ အလုပ်ကြိုးစားရမှာဖြစ်ပြီး တခုတည်းသော ဦးတည်ချက်ကိုသာ ရှေ့ရှူရမှာဖြစ်ကြောင်း၊ ရည်မှန်းချက်တွေ၊ ဘယ်အချိန် ဘာပြီးမယ်ဆိုတာတွေကို ငါ့ကိုရော အဖွဲ့ကိုပါ အသိပေးဖို့နဲ့ ရည်မှန်းချက်ထက် ကျော်လွန်အောင် လုပ်ဖို့အတွက် တာစထွက်ကတဲက အရှိန်အဟုန်ပြည့် ထွက်နိုင်အောင် ကြိုတင်ပြင်ဆင်ထားရမှာ ဖြစ်ကြောင်း၊ တာထွက်ပြီးလည်း အရှိန်မကျပဲ နေ့တိုင်းနေ့တိုင်းမှာ အကောင်းဆုံး လုပ်ဆောင်သွားဖို့ လိုကြောင်း ပြောကြားသွားပါတယ်။
ဆူဇီက တချို့လူတွေ နောက်ကွယ်မှာ ပြောနေကြသလို ထရမ့်ကို စီမံနေတာမဟုတ်ပဲ ကမ်ပိန်းကိုပဲ စီမံတာဖြစ်ကြောင်း၊ သူနဲ့ ထရမ့်ကြား ဘာပြောတယ်ဆိုတာ ဘယ်သူ့ကိုမှ အသိမပေးသလို ထရမ့်နဲ့ သဘောမတူတာရှိရင်လည်း အများရှေ့မှာ ဘယ်တော့မှ မပြောကြောင်း၊ အစိုးရအဖွဲ့ဝင်တွေ အိမ်ဖြူ ဝန်ထမ်းတွေဟာ ထရမ့်ရဲ့ work ethic လိုမျိုးကို ယူဆောင်လာရမှာဖြစ်ကြောင်းလည်း အင်တာဗျူးမှာ ပြောကြားသွားပါသေးတယ်။
ထရမ့်ရဲ့ work ethic နဲ့ energy အကြောင်းပြောရရင် ရကပမတိုင်ခင် နောက်ဆုံးရက်တွေက ၇၂နာရီဆက်တိုက် နာရီနဲ့ချီကြာတဲ့ rally တွေမှာ စကားပြောတာတွေအပါအဝင် မအိပ်မနေ လှုပ်ရှားခဲ့တဲ့အကြောင်း ကမ်ပိန်းက အနီးကပ်လူများနဲ့ ဒွန်ဂျူနီယာတို့က ပြောထားပါတယ်။ အသက် ၄၀ကျော် ဒွန်ဂျူနီယာတောင် ပင်ပန်းနေချိန်မှာ အသက် ၇၈နှစ်ရှိပြီဖြစ်တဲ့ ထရမ့်က အရှိန်မကျပဲ တက်ကြွနေသေးတာကို အားလုံးက ဩချနေကြတာပါ။
ဆူဇီရဲ့ အရည်အချင်းကို ပြီးခဲ့တဲ့သောကြာနေ့က ပြုလုပ်တဲ့ လွှတ်တော်စပီကာရွေးပွဲမှာ စမြင်နိုင်ကြောင်း လွှတ်တော်မှာ ရောက်နေခဲ့တဲ့ ဆူဇီနဲ့ မာဂျိုရီတေလာဂရင်း ယှဥ်တွဲတွေ့ရတဲ့ပုံက သက်သေခံနေပါတယ်။ အရင်က ရီပါဘလစ်ကန်စပီကာရွေးတိုင်း အကြိမ်များစွာ ပြန်ကျော့ရလေ့ ရှိပေမယ့် ဒီတခါမှာ မြန်မြန်ဆန်ဆန် ပြီးသွားခဲ့ပါတယ်။
ဘိုင်ဒန်က ထရမ့်ကျမ်းကျိန်ပြီး အိမ်ဖြူတက်မယ့်နေ့မှာ နိုင်ငံတော်အလံတွေကို တဝက်ပဲ ဖြစ်နေအောင် သမ္မတဟောင်း ကာတာသေဆုံးတာကို အကြောင်းပြပြီး ဒီဇင်ဘာ ၂၉ကစလို့ တလတိတိ တဝက်ပဲ လွှင့်ထူရမယ်လို့ အမိန့်ထုတ်လိုက်ပါတယ်။ အဲဒီအမိန့်အရ ဇန်နဝါရီ ၂၈အထိ တဝက်ဖြစ်နေမှာဆိုတော့ သမ္မတသစ်တက်မယ့် ဇန်နဝါရီ ၂၀မှာလည်း တဝက်ပဲဖြစ်နေမှာပါ။ ထရမ့်က အဲဒီအကြောင်းကို ကနေ့မှ သိတာဖြစ်ပြီး ဒီမိုကရက်တွေက ငါတို့ဂုဏ်ယူရမယ့် အမေရိကန်အလံကိုပဲ အမြဲပြဿနာရှာနေတယ်၊ ပြီးခဲ့တဲ့ ၄နှစ်လုံးလည်း ငါတို့တိုင်းပြည်ကို ဖျက်သွားလိုက်ကြတာ၊ အခုလည်း သမ္မတကာတာသေတာကို အကြောင်းပြုပြီး ဘယ်ကျမ်းကျိန်ပွဲမှာမှ မကြုံဖူးသေးတဲ့ အလံတဝက်လွှင့်တာ လုပ်ကြတယ်၊ ဘယ်အမေရိကန်က ဝမ်းသာမလဲ၊ ကြည့်ကြတာပေါ့လို့ ရေးသွားပါတယ်။
အလံတိုင်ဝက်လွှင့်တာက ဝမ်းနည်းခြင်း အထိမ်းအမှတ်ဖြစ်ပြီး မြန်မာနိုင်ငံမှာဆိုရင် မှတ်မိသလောက် အာဇာနည်နေ့တရက်ပဲ လွှင့်ကြတာပါ။ ဒီမှာတော့ အတော့ကို ဖောင်းပွပုံရပါတယ်။ ခဏခဏတွေ့နေရတာပါပဲ။ ဒီမိုကရက်တွေက ထရမ့် ကျမ်းကျိန်ပြီးမှ အမိန့်ထုတ်လို့ရမှာ ဆိုတော့ ဒီပွဲအတွက် ဘာမှလုပ်လို့ ရမှာမဟုတ်တဲ့အကြောင်း ညစ်တွေးလေးတွေနဲ့ ပျော်နေလောက်ပါပြီ။
ဘိုင်ဒန်က အရပ်သားထဲက အမြင့်ဆုံးဆုဖြစ်တဲ့ Presidential Medal of Freedom ဆုရယူမယ့် ၁၉ဦးကို မနေ့က ကြေငြာခဲ့ပါတယ်။ အဲဒီဆုက ဒေါ်စုရခဲ့တဲ့ ဆုမျိုးပါ။ ဒါပေမယ့် ဘိုင်ဒန်ပေးမယ့် သူတွေက ဒေါ်စုတို့လို တိုင်းပြည်နဲ့ ပြည်သူလွတ်မြောက်မှုအတွက် ဘဝကို စတေးခဲ့သူတွေ မဟုတ်ပဲ ဆိုရော့စ်တို့၊ ဟေလာရီတို့ လဇ်ချေနီတို့လို ပြည်သူ့ရန်သူအကြီးစားတွေ ပါနေတာပါ။ အိုဘမတုန်းကလည်း အလွမ်းသင့်တဲ့ လိင်မုဆိုးတွေကိုပါ ပေးခဲ့တာပါပဲ။ သူတို့ရွေးချယ်ပုံကတော့ မြန်မာပြည်က မအလလိုပါပဲ၊ လက်သင့်တဲ့သူ၊ သူတို့ကို ဖား/ပင်းတဲ့သူ၊ သူတို့အသုံးချနိုင်မယ် ထင်တဲ့သူတွေပဲပေါ့။
ကနေ့မှာပဲ ကနေဒါဝန်ကြီးချုပ်ထရူဒိုက ဝန်ကြီးချုပ်အဖြစ်ကရော လစ်ဘရယ်ခေါင်းဆောင်အဖြစ်ကပါ နှုတ်ထွက်တော့မယ်လို့ ကြေငြာသွားပါတယ်။ ထရူဒိုက Governor General Mary Simon ကို လွှတ်တော်ကို မဖျက်သိမ်းပဲ မတ်လ ၂၄ရက်နေ့အထိ ရွှေ့ဆိုင်းထားဖို့ တောင်းဆိုခဲ့တာကို GG က ခွင့်ပြုလိုက်ပါတယ်။ ထရူဒိုက ဒီနှစ်ရကပကို ဝင်ရောက်ချင်ပေမယ့် လစ်ဘရယ်ပါတီတွင်း ပြဿနာတွေကြောင့် သူ့အနေနဲ့ ဆက်လက်ဦးဆောင်လို့ မဖြစ်နိုင်တော့တာပါ။
လစ်ဘရယ်ပါတီထဲမှာ ပြဿနာတွေဖြစ်နေတာ ရက်သတ္တပတ်အတန်ကြာသွားပြီဖြစ်ပြီး ကုန်ဈေးနှုန်းကြီးမြင့်တာတွေ၊ ရာဇဝတ်မှု ထူပြောတာတွေနဲ့ ကုန်သွယ်ခွန်တွေကြောင့် ထရူဒိုအပေါ် လူထုထောက်ခံမှု ကျလာသလောက် ကွန်ဆာဗေးတစ်ပြိုင်ဖက်ဖြစ်တဲ့ Pierre Poilievre က စစ်တမ်းတွေမှာ လူကြိုက်များလာနေပါတယ်။ ကွန်ဆာဗေးတစ်တွေက ထရူဒို လွှတ်တော်ကို မဖျက်သိမ်းတဲ့အတွက် ဝေဖန်ကြသလို ချက်ချင်း ရကပွဲလုပ်ပေးဖို့ တောင်းဆိုနေကြပေမယ့် ထရူဒိုက လစ်ဘရယ်ပါတီကို ပြန်စုစည်းဖို့ အချိန်ယူချင်သေးတာကြောင့် ရကပကို ချက်ချင်းမလုပ်သေးတာ ဖြစ်ပါတယ်။