ထရမ့်က ကနေဒါကို USA ရဲ့ ၅၁ခုမြောက်ပြည်နယ်အဖြစ် လုပ်မှပဲ လက်ရှိရနေတဲ့ အခွင့်အရေးတွေ ရမယ်လို့ ထရူဒိုကို ပြောလိုက်တာဟာ ကျီစားလိုက်တာတခုထက် ပိုပါတယ်။ ကနေဒါရဲ့ လူဦးရေက ကာလီဖိုးနီးယားလောက်ပဲရှိပေမယ့် GDP က ကယ်လီဖိုးနီးယားရဲ့ တဝက်စွန်းစွန်းလေးပဲ ရှိတာပါ။ ကနေဒါရဲ့ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံက အမေရိကန်ပြည်ထောင်စုဖြစ်ပြီး ကနေဒါပြည်ပပို့ကုန် အားလုံးရဲ့ ၄ပုံ ၃ပုံကို အမေရိကန်က ဝယ်ယူနေတာဖြစ်ပါတယ်။ ကနေဒါက လက်ရှိဝယ်ယူ/တင်သွင်း နေတဲ့ ကားတွေ ရေနံ/ဓါတ်ငွေ့တွေက ထရမ့်လက်ထက် အမေရိကန်မှာ အလွယ်တကူထုတ်နိုင်မှာ ဖြစ်သလို အမေရိကန်က ကနေဒါကနေ မရှိမဖြစ် ဝယ်ရမယ်ဆိုတဲ့အရာ မရှိသလောက်ဖြစ်ပြီး NAFTA ကြောင့်သာ အကျိုးအမြတ်များနေတာဖြစ်တဲ့အတွက် ကုန်သွယ်ခွန် ကောက်လိုက်ရင် ကနေဒါရဲ့ စီးပွားရေး အကြပ်တွေ့သွားနိုင်ပါတယ်။
ဒါဟာ ထရမ့်ကြောင့်မဟုတ်ပဲ ကနေဒါကို ၁၀နှစ်လောက် အုပ်စိုးခဲ့ပေမယ့် အမေရိကန်ကို မတရား မှီနေရတဲ့အခြေအနေက လွတ်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ထရူဒိုကြောင့်ပဲ ဖြစ်ပါတယ်။ ထရူဒိုမှာ ကုန်သွယ်ခွန်မကောက်ပါနဲ့လို့ ထရမ့်ကို လာတောင်းပန်ရုံ အပြင် ဘာပလန်မှ မရှိသလို အပေးအယူ အလျော့အတင်း ညှိနှိုင်းဖို့လည်း ပြင်ဆင်ထားပုံ မရပါဘူး။ ဒါ့အပြင် ထရမ့်က ရယူဖို့ စိတ်ဝင်စားကြောင်း နှစ်ပေါင်းများစွာပြောနေခဲ့တဲ့ ဂရင်းလန်ကိုပါ အရယူနိုင်ခဲ့ပြီး ကနေဒါက အမေရိကန်နဲ့ ပူးပေါင်းလာခဲ့ရင် အနာဂတ်မှာ အရေးပါတဲ့ ကုန်သွယ်ရေကြောင်းလမ်းတခုနဲ့ စစ်ရေးအချက်အချာဒေသတခု ဖြစ်လာနိုင်တဲ့ အာတိတ်သမုဒ္ဒရာနဲ့ အမေရိကန်ဟာ တဆက်တစပ်တည်း ဖြစ်သွားတော့မှာပါ။
လောလောဆယ်မှာ တရုတ်က ရုရှားနဲ့ပေါင်းပြီး အာတိတ်ဒေသကို စိုးမိုးဖို့ ကြိုးစားနေတာ နှစ်အတော်ကြာလာပါပြီ။ လက်ရှိမှာ အလက်စ်ကားကိုပိုင်တဲ့ အမေရိကန်က ရေခဲခွဲသင်္ဘော ၂စီးပဲရှိပြီး ဘယ်ရေခဲပင်လယ်နဲ့မှမနီးတဲ့ တရုပ်က ၄စီးပိုင်တဲ့အပြင် ခေတ်အမီဆုံးတစီးကို ထုတ်လုပ်နေပါပြီ။ အာဖရိကမှာရော တောင်အမေရိကမှာပါ ချစ်တီးနည်းနဲ့ တရုပ်ကြီး နယ်ချဲ့လာတာ ဘိုင်ဒန်တက်နေတဲ့ ၄နှစ်အတွင်း အတော်ခရီးရောက်နေပါပြီ။ ဂရင်းလန်မှာ လေဆိပ်တွေဆောက်ပေးဖို့ တရုပ်က ကန်ထရိုက်ရတာကို အမေရိကန်ကဝင်ဖျက်ခဲ့လို့သာ မဖြစ်မြောက်သွားတာပါ။ ကနေဒါနဲ့ ဂရင်းလန်တို့က အမေရိကန်နဲ့ပေါင်းမလား တရုတ်ဝါးမြိုတာခံမလားဆိုတာကို ရွေးရတော့မယ့် အခြေအနေက နီးလာပါပြီ။ ဗိုက်နာမှဆိုရင်တော့ ညှိနှိုင်းရေးမှာ တပန်းရှုံးမှာပါ။
ကမ္ဘာမှာ တိုက်မဟုတ်ပဲ အကြီးဆုံးကျွန်းတခုဖြစ်တဲ့ ဂရင်းလန်က ဒိန်းမတ်အပိုင်ဖြစ်ပြီး လူဦးရေ ၄သောင်း၆ထောင်ကျော် ရှိပါတယ်။ ဒိန်းမတ်က အပိုင်ဆိုပေမယ့် ဂရင်းလန်သားတွေ ဒိန်းမတ်ကို သွားတဲ့အခါ ဒုတိယတန်းစားနိုင်ငံသားတွေလို ဆက်ဆံခံရတယ်လို့ ပြောကြပြီး တရုတ်က လေယာဥ်ကွင်းကန်ထရိုက်ရသွားတုန်းကလည်း အမေရိကန်က ဖိအားပေးခဲ့လို့သာ ဒိန်းမတ်အစိုးရက ကန်ထရိုက်ဖျက်ပြီး လေယာဥ်ကွင်းဆောက်ဖို့ ငွေထုတ်ပေးခဲ့တာဖြစ်ပါတယ်။
အာတိတ်ဒေသက ရေခဲတွေနဲ့ပြည့်နေလို့ ကမ္ဘာ့ကုန်သွယ်ရေးအတွက် မသုံးခဲ့ကြပေမယ့် လွန်ခဲ့တဲ့ အနှစ် ၄၀နဲ့စာရင် ရေခဲထုက တဖြည်းဖြည်း အရည်ပျော်လာတာကြောင့် ဒီတိုင်းဆက်သွားရင် အရှေ့ဖျားနိုင်ငံတွေက ကုန်စည်တွေကို အမေရိကန်အရှေ့ခြမ်းနဲ့ ဥရောပကိုရောက်ဖို့ အာတိတ်ကို ဖြတ်သွားတဲ့ လမ်းကြောင်းတခု ပေါ်ပေါက်လာနိုင်ပါတယ်။ အဲဒီလမ်းသာဖြစ်လာခဲ့ရင် အကွာအဝေး၊ လောင်စာ၊ အချိန် အများကြီး သက်သာသွားမှာဖြစ်ပြီး လက်ရှိကမ္ဘာ့ရေကြောင်းကုန်သွယ်ရေးမှာ အဓိကကျတဲ့ ပနားမားတူးမြောင်းနဲ့ စူးအက်ဇ်တူးမြောင်းတို့ကို ဖြတ်စရာမလိုတော့တဲ့အတွက် နိုင်ငံရေး စီးပွားရေး စစ်ရေး ပြဿနာတွေ အကြပ်ကိုင်တာတွေ အကြမ်းဖက်တာတွေကို ရှောင်ရှားနိုင်သွားမှာပါ။
မနေ့က ထရမ့်ရဲ့ သားကြီး ဒွန်ဂျူနီယာနဲ့ ချာလီကာ့ခ်တို့အဖွဲ့တွေ ထရမ့်ဖို့စ်ဝမ်းလေယာဥ်ကြီးနဲ့ ဂရင်းလန်ကို သွားပြီး ဒေသခံတွေနဲ့ စကားစမြည်ပြောခဲ့ကြတာမှာ ဒေသခံတွေက အမေရိကန်နဲ့ ပေါင်းဖို့ စိတ်အားထက်သန်နေကြကြောင်း ပြောကြတာတွေ့ရပါတယ်။ စစ်အေးတိုက်ပွဲတုန်းက ဂရင်းလန်မှာ ဆိုဗီယက်ဖက်က ဒုံးကျည်တွေကို ထောက်လှမ်းဖို့ ရေဒါစနစ်တွေ သွားရောက် တပ်ဆင်ထားခဲ့ပြီး စစ်အေးတိုက်ပွဲပြီးတဲ့အချိန်မှာ $1 နဲ့ အဆောက်အဦတွေ ပစ္စည်းတွေအားလုံးကို ဒေသအစိုးရဆီ ပြန်ရောင်းခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကမ္ဘာကြီးဟာ ရန်လိုမှုတွေ မြင့်တက်နေတဲ့အတွက် အရေးပါတဲ့နေရာတွေ ကိုယ့်ဖက်မှာရှိနေဖို့ လိုပါတယ်။ ထရမ့်က ဂရင်းလန်ကိစ္စကို ဒိန်းမတ်က ဆွေးနွေးဖို့ သဘောမတူရင် ကုန်သွယ်ခွန်အများကြီး ကောက်မယ်၊ လိုအပ်ရင် စစ်ရေးပါသုံးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အယ်လ်အေမီးလောင်တာမှာ တနာရီ မိုင် ၁ရာကျော် လေပြင်းကြောင့် အများကြီးပျက်စီးပြီး လူ့အသက်တွေပါ ပါသွားနိုင်တယ်လို့ သတိပေးခဲ့တဲ့ မြို့ဝန် Karen Bassက မြို့မှာအဆင်သင့်ရှိမနေပဲ ဂါနာနိုင်ငံမှာ ရောက်နေပြီး လမ်းဘေးက မီးသတ်ပိုက်ခေါင်းတွေ ကလည်း ရေတွေခန်းနေတဲ့ အတွက် မီးက ၂ရက်အတွင်းမှာ ဧက ၂သောင်းကျော်အထိ ကျယ်ပြန့် သွားခဲ့ပါတယ်။ မီးက တနေရာထဲမဟုတ်ပဲ ၆နေရာအနည်းဆုံးလောင်တာဖြစ်ပြီး Palisades မီးက ဧက ၁၅၈၀၀ကျော်၊ မနေ့ညကမှ စလောင်တဲ့ Eaton မီးက ဧက ၁၁၀၀၀ကျော်၊ Hurst မီးက ဧက ၇၀၀ကျော်နဲ့ ထိန်းထားနိုင်မှု 0% ဖြစ်ပါတယ်။ Woodley မီးက ဧက ၃၀ လောင်တာကတော့ ထိမ်းထားနိုင်ပါပြီ။
မီးကြောင့် အနည်းဆုံး လူ ၅ဦး သေဆုံးပြီး တသိန်းကျော် ရှောင်တိမ်းနေရပါတယ်။ Eaton မီးက ဘာကြောင့်လဲဆိုတာ မသိရသေးပေမယ့် တခြားကမီးတွေကတော့ မရှင်းပဲထားတဲ့ ခြုံပုတ်ခြောက်တွေက စတာလို့ ဆိုကြပါတယ်။ ဟောလီဝုဒ်မင်းသား မင်းသမီးတချို့ရဲ့ အိမ်တွေလည်း ပြာကျသွားခဲ့ပါတယ်။ မကြာသေးမီကမှ အိမ်ပြန်ပြင်ထားတဲ့ James Wood က အိမ်မှာ မနေ့ကပဲ ရေကူးနေသေးတယ်၊ ဒီနေ့ပြာကျသွားပြီလို့ X မှာတင်ထားပါတယ်။
မီးသတ်ပိုက်ခေါင်းတွေ ရေခန်းရတဲ့ကိစ္စအပါအဝင် မီးဒီလောက်ကြီးသွားတာ နျူဆမ်ရဲ့ လက်ချက်လို့ ထရမ့်ကပြောသွားပါတယ်။ နျူဆမ်က ပိုနေတဲ့မိုးရေနဲ့ မြောက်ပိုင်းတောင်တန်းတွေပေါ်က စနိုးတွေ ပျော်ကျတဲ့ ရေဂါလံသန်းပေါင်းများစွာကို လှောင်ထားဖို့ကိစ္စကို လက်မှတ်ထိုးဖို့ ငြင်းဆန်ခဲ့တာပါ။ သူ့အကြောင်းပြချက်က delta smelt ဆိုတဲ့ ငါးသေးသေးလေးတွေ မျိုးတုန်းမှာစိုးလို့ပါတဲ့။ ငါးမျိုးမတုန်းအောင် လူတွေသေ၊ ဘဝတွေပျက်ပေးရမယ့်ပုံပါပဲ။ မီးသတ်ခေါင်းတွေတင် ရေခန်းတာ မဟုတ်ပါဘူး၊ မီးသတ်ဖို့ လေယာဥ်တွေလည်း မရှိ၊ ဖီးမားကပိုက်ဆံတွေလည်း ခိုးဝင်တွေအတွက် အကုန်သုံးထားတော့ မတ်လ နောက်တခါဘတ်ဂျက်ဘေလ်တင်တဲ့အထိ ခါလီပါပဲ။ လုပ်တာကတော့ ထရမ့်ကို အကြပ်တွေ့စေဖို့ ချောက်တွေအများကြီး သေချာဖန်တီးထားတဲ့ထဲက တခုပေါ့၊ ထိတာက ကိုယ့်ပြည်နယ်က ကိုယ့်ပြည်သူတွေ ဖြစ်နေတာပါ။ ဒါပေမယ့် ဒီမိုကရက်ခေါင်းဆောင်များ၊ မိတ်ဆွေများနဲ့ သူတို့အောက်ဆွဲ ဆယ်လီတွေရဲ့အိမ်တွေပါတာတော့ မတွေ့မိပါဘူး။
မနေ့က ဇတ်ကဘတ်က ဖေ့စ်ဘုတ်မှာ ဂျန်ဒါနဲ့ ခိုးဝင်ကိစ္စတွေအကြောင်း ဆွေးနွေးကြတာကို ဘလော့လုပ်တာတွေရှင်းပစ်လိုက်မှာဖြစ်သလို ဖက်ချက်အဖွဲ့အစား X လို community note စနစ်ကိုပဲ သုံးသွားတော့မယ်လို့ ကြေငြာသွားပါတယ်။ သူဘာဖြစ်လို့ ဒီလိုကြေငြာရတာလဲ၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို အလေးထားလာလို့လား၊ ပြိုင်ဖက် X ကို ယှဥ်ဖို့လားလို့မေးရင် မဟုတ်ပါဘူး။ ထရမ့်က သူတက်လာတာနဲ့ ပြည်သူ့အသံကို ဆင်ဆာလုပ်တာတွေကို မြေလှန်တော့မှာမို့လို့ပါ။
ဆင်ဆာတွေကို ဖြိုဖို့နဲ့ပတ်သက်ပြီး ထရမ့်က ရွေးကောက်ပွဲအပြီး ရက်ပိုင်းမှာတင် အောက်ပါအချက် ၅ချက်နဲ့ ရာဇသံပေးထားတာပါ။ ဖရီးစပိချ်မရှိရင် လွတ်လပ်တဲ့တိုင်းပြည်ရှိတော့မှာမဟုတ်လို့ ဒီကိစ္စတွေကို အရေးတကြီး ဖော်ဆောင်သွားမယ်လို့ ဆိုပါတယ်။
၁။ ဘယ်ဖက်ဒရယ်အေဂျင်စီမဆို လူတဦး/ တဖွဲ့နဲ့ ပူးပေါင်းပြီး ပြည်သူ့အသံကို မစ်/ဒစ်အင်ဖော်မေးရှင်းလို့ လေဘယ်တပ်ပြီး ကန့်သတ် ပိတ်ပင်တာမျိုး၊ မလုပ်အောင် သမ္မတအမိန့်နဲ့ တားမြစ်မယ်။ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ပြီးဖြစ်စေ ကန့်သတ်ပိတ်ပင်တာမှာ ပါဝင်ပတ်သက်နေတဲ့ ဘယ်ဖက်ဒရယ်အရာရှိကိုမဆို ဖော်ထုတ်အရေးယူမယ်၊ FBI DHS, DHHS, DOJ ဘယ်ကပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ်ပါ။
၂။ တရားရေးဌာနက ဆင်ဆာလုပ်တာတွေကို စုံစမ်းဖော်ထုတ်ပြီး ပြည်သူ့အခွင့်အရေးနဲ့ ရကပစည်းမျဥ်းတွေ၊ ကမ်ပိန်းငွေဆိုင်ရာဥပဒေတွေ၊ securities law, antitrust law ချိုးဖောက်မှုတွေနဲ့ တရားစွဲမှုတွေ ပြုလုပ်မယ်။
၃။ ပြည်သူကို ကန့်သတ်၊ ချုပ်ချယ်ပြီး သတင်းအမှားတွေပေးနေတဲ့ တက်ခ်ကုမ္ပဏီကြီးတွေကို အကာအကွယ်ပေးထားတဲ့ Section 230 ကို ပြန်ပြင်မယ်။
၄။ လွတ်လပ်စွာပြောဆိုခွင့်ကို အပြစ်ပေးတဲ့ တက္ကသိုလ်တွေကို federal grant တွေ ချေးငွေတွေ ထောက်ပံ့ကြေးတွေ ဖြတ်တောက်မယ်။
၅။ Digital Bill of Rights ကိုပြဌာန်းမယ်၊ အစိုးရအဖွဲ့အစည်းတွေက ပြည်သူရဲ့ ဆိုရှယ်မီဒီယာ စသည်ကို စစ်ချင်ရင် တခြားပိုင်ဆိုင်မှုတွေစစ်သလိုပဲ တရားရုံးက ဝရမ်းနဲ့မှ စစ်ခွင့်ရှိစေရမယ်။