ဇန်နဝါရီ​၂၀ ရက် ၂၀၂၅

ဘိုင်ဒန်က မဆင်းခင် ပြည်သူအတွက် အကောင်းဆုံးအလုပ်လုပ်ပေးမယ့် ထရမ့်အတွက် အခက်အခဲတွေ အများကြီး ဖန်တီးထားခဲ့သလို တိုင်းပြည်နဲ့ ပြည်သူအတွက် အန္တရာယ်ကောင်တွေကို ဘွဲ့ထူး ဂုဏ်ထူးတွေပေးပြီး နောက်ဆုံး မဆင်းခင် နာရီပိုင်းအလိုမှာကျမှ သူ့ကိုယ်စား လာဘ်ယူပြီး ဝေမျှစားကြတာ ပေါ်လွင်နေတဲ့ သူ့မိသားစု၊ တရုတ်နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တဲ့ ကဗပိုးကို မရအရ တင်သွင်းကာ အမေရိကန်ပြည်သူ သန်းပေါင်းများစွာကို အသေမများ များအောင် ဗလောင်းဗလဲပြော မောင်းခဲ့ပြီး  စာတိုက်မဲနဲ့မိုးခဲဇတ်လမ်းဖြစ်အောင် အရောက်ပို့ခဲ့တဲ့ ဒေါက်တာဖောက်ချီ၊ အရင်ထရမ့်လက်ထက်နှောင်းပိုင်းမှာ တရုတ်ဖက်ကို စစ်ဖက်ကိစ္စမှန်သမျှ​ ထရမ့်ကိုကျော်ပြီး သူ့နဲ့ ဆက်သွယ်ဖို့ ပြောခဲ့တဲ့အပြင် အာဖဂန်က နောက်ဆုံးပေါ် အမေရိကန်လက်နက် ယာဥ်ယန္တယားတွေကို တရုတ်နဲ့ အကြမ်းဖက်တွေလက်ထဲ တမင်ထားပစ်ခဲ့တဲ့ တရုတ်ကြောက် ဗိုလ်ချုပ်ကြီးမီလီ၊ လက်နက်ဆိုလို့ အပ်တိုတချောင်းတောင် မကိုင်ကြပဲ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ထရမ့်ထောက်ခံသူတွေ၊ ပြည်ချစ်တွေကို ဂွင်တွေ ချောက်တွေ အမျိုးမျိုးဆင်ပြီး ကာပီတို ဝင်စီးသူတွေ နိုင်ငံတော်ပုန်ကန်သူတွေ အဖြစ် စွပ်စွဲထောင်ချခြင်းဖြင့် ထရမ့်ကို ရကပ ပြန်မဝင်နိုင်အောင် ကြိုးစားခဲ့တဲ့ ဂျန် ၆ ကော်မီတီဝင် ၂ပါတီ ခြအမတ်များကို လွတ်ငြိမ်းပေးခဲ့ပါတယ်။

ဘာအမှုမှ မဆင်ရသေးတဲ့ သူတွေကို လွတ်ငြိမ်းပေးတဲ့ဆင်ခြေက ထရမ့်က သူတို့ကို လက်စားခြေနိုင်တာကနေ ကြိုကာကွယ်တာပါတဲ့။ လက်စားခြေမှာကို ကြောက်တယ်ဆိုတော့ သူတို့က ထရမ့်အပေါ် (သို့) ပြည်သူအပေါ် အမှားကျူးလွန်ထားတယ်ဆိုတာကို ဝန်ခံလိုက်တာပါပဲ။ အဲဒီလူတွေ အမှားကျူးလွန်တာကို ဘိုင်ဒန် (သို့) သူ့ရဲ့ကြိုးဆွဲ အိုဘမ/ကလင်တန်/ပလိုးစီတို့က မိသားစုမဟုတ်ပဲ ဘာလို့လွတ်ငြိမ်းပေးတာလဲဆိုတော့ ခုံရုံးတင်စစ်လိုက်လို့ အဲဒီလူတွေအပြစ်ပေါ်သွားရင် တနွယ်ငင် တစင်ပါ အကုန် တသီကြီး ပေါ်မှာကို ကြောက်ကြတာပါ။ အဲဒီလူတွေကို ချစ်လွန်းလို့တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရက်တွေအတွင်း ဘိုင်ဒန့်ညီ ဂျိမ်းစ်ဘိုင်ဒန်က ဘိုင်ဒန်ကိုထိုးတဲ့ လာဘ်တချို့ကို သူ့နာမည်နဲ့ယူပေးရပြီး ဂျိုးကို ရှယ်ယာပေးရတော့ ဂျိမ်းကို တရားစွဲမယ်ဆိုတဲ့ အသံထွက်လာတာနဲ့ စိတ်ချရအောင် တပြုံလုံး ပါဒန်ပေးလိုက်ပုံပါပဲ။

ဘိုင်ဒန်တို့ ကျုးလွန်ခဲ့တဲ့ အမှားတွေထဲမှာ ညံ့ဖျင်းလို့ ဖြစ်ခဲ့ရတာတွေပါသလို ကိုယ်ကိုးရှာချင်လို့ တမင်ကို ကြိုတင်စီစဉ်ထားတာတွေ အများကြီး ပါပါတယ်။ ထရမ့်အပေါ် (သို့) ထရမ့်နဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ အမှားတွေက ထရမ့်ကို မုန်းလွန်းလို့ဆိုတာထက် ထရမ့်​အာဏာပြန်ရမှာကို စိုးရိမ်တာကြောင့် ဉာဏ်နီဉာဏ်နက်မျိုးစဲုသုံးပြီး နည်းမျိုးစုံနဲ့ ညစ်ခဲ့ကြတာပါ။ ဤသည်ပင်လျှင် ၂၀၂၀ ရကပမှာ ထရမ့်နိုင်ခဲ့တာလို့ ဝန်ခံလိုက်တာပါပဲ။ ဒီမန်းရှားလိုင်ဒန်သာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ၈၁ သန်းသောမဲသာ အမှန်တကယ်ရခဲ့တယ်ဆိုရင် လချီကြာအောင် အချိန်ဆွဲ မဲရေစရာ မလိုသလို ခုလောက်ကြီး ရုပ်ပျက်ဆင်းပျက် ပိတ်ပြီးသားအမှု စွဲနိုင်တဲ့သက်တမ်းလွန်ပြီးသားအမှုဖြစ်တဲ့ ဖျာချပါတယ်ဆိုတဲ့အမှုကို ပြန်ဖွင့်ပြီး ပတ်လည်ရိုက်၊ ၃၄ခုပွါးပြီး ပြည်သူ့ဘဏ္ဍာ ဘီလီယဲနဲ့ချီ ဖြုန်းတီး အမှုဆင်တဲ့ ကိစ္စတွေ၊ ကဗပိုးလို ကိစ္စတွေ၊ ဂျန်၆ကိစ္စတွေ၊ နယ်စပ်ဖွင့်ပြီး လူဆိုး သူခိုး မုဒိမ်းကောင် အကြမ်းဖက် ဘာမှမစီစစ်ပဲ ဝင်စေတာတွေ၊ သတ်ဖို့ကြိုးစားတာတွေ လုပ်နေစရာ လိုပါ့မလား။

တကယ်တော့ အဲဒီလူတွေကို လွတ်ငြိမ်းပေးထားသည့်တိုင်အောင် စစ်စရာရှိတာတော့ ပေါ်အောင် စစ်သင့်ပါတယ်။ မအလလိုပဲ သူတို့သူဌေးဖြစ်အောင် အာဏာဆက်ကိုင်ထားချင်လို့ ဂွင်ဖန်တာက လူ့အသက်ပေါင်းများစွာ ဘဝပေါင်းများစွာ ပျက်စီးခဲ့ကြရတယ်လေ။ မိတ်အင်ချိုင်းနားကဗပိုးကြောင့် ကမ္ဘာတလွှား ယမ်းတချက်မဖောက်ပဲ ကမ္ဘာစစ်တခုစာလောက်ကို သေခဲ့ကြတာ။ ကျောင်းတွေပိတ် အလုပ်တွေပိတ်နဲ့ အလုပ်ပြုတ်ကျ၊ ဘဝပျက်ကြ၊ ကလေးတွေ စိတ်လေ၊ စိတ်ဓါတ်ကျ၊ အိမ်တွင်း အကြမ်းဖက်ခံရ၊ ပညာရေးတွေ နှောင့်နှေးကြနဲ့၊ အဲဒါတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု တခုခုတော့ ရှိသင့်တယ်မထင်ကြဘူးလား။ ပြစ်ဒဏ်မကျခံရရင်တောင် မှားခဲ့ကြောင်း ပြည်သူကို ဝန်ချတောင်းပန်တာလောက်တော့ ရှိသင့်ပါတယ်။

မနှစ်က တနှစ်ထဲအတွင်းမှာ ဆေးလွန်သေတာ တသိန်း၊ မုဒိမ်းမှုပေါင်း တသိန်းကျော်၊ လူသတ်မှုပေါင်း ၁၇၀၀၀၊ အသက် ၁၈-၄၅အတွင်း အမေရိကန်လူငယ် လူလတ်တွေ သေဆုံးရတဲ့ အများဆုံးအကြောင်းရင်းက စီစီပီက အမေရိကန်နယ်စပ် မက္ကဆီကိုမှာ အကြီးအကျယ် ထောက်ပံ့ထုတ်လုပ်နေတဲ့ ဖန်တနောလ်၊ ကမ္ဘာ့ထိပ်တန်း နံပါတ် ၁ နိုင်ငံကြီးမှာ ဒါတွေက လက်ခံနိုင်စရာလား။ ဘိုင်ဒန်အစိုးရက အဲဒီကိစ္စတွေ ပြည်သူကို အစီရင်ခံသလား၊ အရေးတကြီး ဖြေရှင်းဖို့ ကြိုးစားသလား၊ အိမ်ယာမဲ့ကိစ္စလို ဇီးသီးဗန်းမှောက်လို့ကောင်းမယ့်ကိစ္စလည်းမဟုတ်၊ မဲရဖို့ လူပိန်းကြိုက် သွေးဆူအောင်လုပ်လို့ကောင်းတဲ့ ကိစ္စတွေလည်းမဟုတ်၊ ပေးထားခွံ့ထားလို့ မော်မကြည့်ရဲတဲ့ တရုတ်ကြီးနဲ့ ပြဿနာလည်း မဖြစ်ရဲ/မဖြစ်ချင် ဆိုတော့ အသာဖုံးထားလိုက်တာပါပဲ။ ဒီနံပါတ်တွေက ထရမ့်က အက်ဖ်ဘီအိုင်အကြီးအကဲခန့်မယ့် ကက်ရှ်ပတဲလ်က ပြောသွားတာပါ။

ပြီးခဲ့တဲ့ ၄နှစ်လုံးလုံး ဘိုင်ဒန်တို့ ပြည်သူခံစားနေရတာတွေ လစ်လျူရှုပြီး ကိုယ့်အာဏာမြဲဖို့အတွက် ထရမ့်အပါအဝင် အပြစ်မရှိသူတွေကို လုပ်ကြံဖန်တီးထားတဲ့ အမှုမျိုးစုံနဲ့ တရားစွဲ၊ ထောင်ချနိုင်သလောက်ချ၊ ထောင်ချီတဲ့လူတွေ အမှုရင်ဆိုင်ရတာ တချို့တွေဆို ရှေ့နေစားရိတ်၊ တရားရုံးစားရိတ်တွေ ရုံးချိန်းတွေကြောင့် အလုပ်ပြုတ်ကြတဲ့အပြင် နေတဲ့အိမ်ပါ ရောင်းရတဲ့အထိပါပဲ။ ဒါတွေကို ထရမ့်နဲ့ ပြည်ချစ်တွေ ဘယ်လောက်ရင်နာနာနဲ့ ကြည့်နေခဲ့ရမလဲဆိုတာ ကိုယ်ချင်းစာစိတ် ရှိသူတိုင်း အနည်းနဲ့အများ သိနိုင်ပါတယ်။ ကျမ်းကျိန်တဲ့နေ့မှာ ထရမ့်မျက်နှာမှာ ပျော်တဲ့ပုံစံထက် လေးနက်တဲ့ပုံစံဖြစ်နေတာက အဲဒါကြောင့်လို့ ထင်ပါတယ်။

ကျမ်းကျိန်ပွဲအပြီးမှာ ထရမ့်က အမေရိကန်ဟာ ရွှေခေတ်ကို ပြန်ရောက်ဖို့ ကနေ့က အစပဲလို့ ပြောသွားပါတယ်။ ပြည်သူကို အလေးမထား၊ တိုင်းပြည်ကို အင်အားရှိအောင်မလုပ်ပဲ ကိုယ်ချမ်းသာဖို့ပဲ လုပ်ခဲ့ကြတဲ့ခေတ်၊ နှစ်ပါတီခြတွေ ပြည်သူကို မျက်လှည့်ပြ၊ သရုပ်ဆောင်ပြပြီး တလှည့်စီအာဏာယူ အာဏာနဲ့ လုပ်စားခဲ့ကြတဲ့ခေတ် အဆုံးသတ်ပါပြီ။ အိုဘမလက်ထက်က အပြောင်းအလဲဆိုတဲ့ ကြွေးကြော်သံနဲ့ တက်လာခဲ့ပေမယ့် သူ့ရဲ့ အပြောင်းအလဲဆိုတာက တိုင်းပြည်ကို မွဲအောင်၊ အင်အားနည်းအောင်၊ ပညာရေး ပိုနိမ့်အောင်၊​ လူမျိုးရေးအမုန်း ပိုဆိုးအောင်လုပ်ခဲ့တဲ့ အပြောင်းအလဲပါ။ အခုထရမ့်ဖော်ဆောင်မယ့် အပြောင်းအလဲက တိုင်းပြည်ကို ပိုကောင်းအောင် ပြောင်းလဲပေးမယ့်အပြင် ကမ္ဘာကြီးတခုလုံးကိုပါ ကောင်းကျိုးတွေ သက်ရောက်စေမှာဖြစ်လို့ အေးချမ်း တိုးတက် ဖွံ့ဖြိုးတဲ့ တကယ့်ရွှေခေတ် ဖြစ်လာတော့မှာပါ။

Leave a comment