တနေ့က ဖြစ်သွားတဲ့ လေယာဥ်နဲ့ ရဟတ်ယာဥ် ဝင်တိုက်တာမျိုးက ဖြစ်လေ့မရှိပေမယ့် အဲဒီလေဆိပ်မှာပဲ အဲဒီမတိုင်ခင်တရက်က လေယာဥ်က တည့်တည့်ဝင်လာနေတဲ့ ရဟတ်ယာဥ်ကို လမ်းကြောင်းပြောင်းပြီး ရှောင်လိုက်ရတာမျိုး နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ တကြိမ်က ယခုဖြစ်စဥ်မတိုင်ခင် တရက်အလိုကပါ။ အခုတော့ FAA က ရေဂင်လေဆိပ်နားမှာ ရဟတ်ယာဥ်မပျံဖို့ ကန့်သတ်လိုက်ပါပြီ။ ရေဂင်လေဆိပ်က လေကြောင်းထိန်းသိမ်းရေးတာဝါမှာ ပုံမှန်ဆို လူ ၃၀ခန့်ထားရမှာပေမယ့် ခုတော့ ၁၉ဦးနဲ့ ဖြစ်အောင် လုပ်နေကြရတာဖြစ်ပြီး အခင်းဖြစ်ချိန်မှာ ပုံမှန် ကွန်ထရိုလာ ၂ဦးရှိရမယ့်အစား ကြီးကြပ်သူက တဦးကို စောစောပေးပြန်လိုက်တဲ့အတွက် ၁ယောက်ပဲ ကျန်ခဲ့တာပါ။ တိုက်လုလု ဖြစ်သွားခဲ့တဲ့ နောက်တရက်မှာပဲ ၂ဦးနေရာမှာ ၁ဦးပဲ ထားလိုက်တာ ဖြစ်ပါတယ်။
ဒီမိုကရက်အုပ်ချုပ်မှုအောက်မှာ သူတို့ရဲ့ လက်ကိုင်ဒုတ် (သို့) သူတို့ခြစားတာ ဖုံးဖိပေးမယ့်ဌာနများမှာ လူအများကြီးတိုးခန့်ဖို့ လုံးပမ်းကြပေမယ့် ပြည်သူ့ဘဝ၊ ပြည်သူ့လုံခြုံရေးနဲ့ ပတ်သက်တဲ့ဌာနတွေမှာ DEI နဲ့ ခန့်ဖို့လောက်အတွက်ပဲ အာရုံစိုက်ခံရပါတယ်။ အိုဘမလက်ထက်ကစခဲ့တဲ့ DEI မူတွေအရ လုပ်ငန်းခွင်လိုအပ်ချက်နဲ့ သင့်တော်တဲ့ အရည်အချင်း၊ စိတ်ဓါတ်ကြံ့ခိုင်မှုတွေထက် အသားအရောင်၊ လိင်၊ လိင်စိတ်တိမ်းညွှတ်မှု စတာတွေနဲ့ရွေးကြတဲ့အတွက် လစာကောင်းတဲ့ လေကြောင်းထိန်းလို အလုပ်မျိုးမှာတောင် လူမပြည့်တာတွေ ဖြစ်လာပါတယ်။ ၂၀၂၄အတွင်းမှာ လေကြောင်းထိန်းအလုပ် လျောက်လွှာပေါင်း ၁၀၀၀ကျော်ကို အသားအရောင်ကြောင့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃မှာ ဘိုင်ဒန်တို့ နိုမီနိတ်လုပ်တဲ့ FAA အုပ်ချုပ်ရေးမှုး ဖိလစ်ဝါရှင်တန်ကို ဆီးနိတ်မှာ အတည်ပြုဖို့ မေးမြန်းကြတုန်းက လူမည်းဖြစ်သူ ဖိလစ်ကို ရီပါဘလစ်ကန်ဆီနိတ်တာ Ted Budd က လေကြောင်းနဲ့ ပတ်သက်တဲ့ အခြေခံကျကျ မေးခွန်းတွေကိုတောင် ဖြေနိုင်ခြင်းမရှိတာ တွေ့ရပါတယ်။ အဲဒါကြောင့် ဖိလစ် နောက်ဆုတ်သွားခဲ့လို့ Space X ကို နည်းမျိုးစုံနဲ့ နှောက်ယှက်ခဲ့ပြီး ၂၀ရက်နေ့က နှုတ်ထွက်သွားတဲ့ Whitaker တက်လာတာပါ။
DEI ကြောင့် လေကြောင်းထိန်းတွေတင်မက လေယာဥ်မှူးတွေလဲ မလောက်မင ဖြစ်နေတဲ့အတွက် ဝန်နဲ့အားမမျှ ဖြစ်နေတာပါ။။ ၂၀၂၃အတွင်း အမေရိကန်ပြည်တွင်းမှာ လေယာဥ်တိုက်လုနီးနီး ၁၉ကြိမ် ဖြစ်ခဲ့တယ်လို့ ဟန်နတီက ဆိုပါတယ်။ အဲဒီအရေအတွက်က နှစ်ပေါင်းများစွာအတွင်းမှာ အများဆုံးဖြစ်တဲ့အပြင် ၂၀၂၄မှာလည်း အဲဒီထက် မနည်းတဲ့ အကြိမ်ရေ ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ရေဂင်လေဆိပ်မှာတင် အကြိမ်ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ ဒါတွေကို သိလျက်နဲ့ ပြုပြင်ဖို့ မကြိုးစားခဲ့တဲ့ မီဒီယာဖေးဗရိတ် ပိ ဘူတဂျပ်ကို မဝေဖန်ပဲ ခုမှတက်မယ့်ဝန်ကြီးသစ်နဲ့ ရက်သားအစိုးရသစ်ကို ဝိုင်းဖဲ့ကြတာဟာ သေဆုံးသွားကြသူတွေကို အင်မတန်အားနာစရာကောင်းပါတယ်။
အပေါ်က လေယာဥ်တိုက်မှုဖြစ်ပြီး ၄၈နာရီတောင် မပြည့်သေးတဲ့အချိန်မှာ ဖီလာဒဲလ်ဖီးယားမှာ အရေးပေါ်ကယ်ဆယ်ရေးလေယာဥ်လေးတစီး ပျံတက်ပြီး မကြာမီမှာပဲ လူနေရပ်ကွက်ထဲကို ပျက်ကျပြန်ပါတယ်။ လေယာဥ်ပေါ်ပါ လူ ၆ဦးအပါအဝင် အနည်းဆုံး လူ ၇ဦးသေဆုံးကာ ၁၉ဦး ဒဏ်ရာရရှိပြီး အိမ်အချို့နဲ့ ကားအချို့ မီးလောင်ပျက်စီးသွားပါတယ်။
အရင်အပတ်က ဆီးနိတ်မှာ လရင့်ကိုယ်ဝန်ဖျက်ချတာ မအောင်မြင်ပဲ အရှင်မွေးထွက်လာတဲ့ ကလေးတွေကို ကျန်းမာရေးဝန်ထမ်းတွေက အဲဒီအရွယ်မှာ ပုံမှန်မွေးထွက်လာတဲ့ ကလေးတွေနည်းတူ ကျန်းမာရေးစောင့်ရှောက်မှုပေးရမယ့် ဥပဒေကြမ်းကို ဒီမိုကရက်ဆီနိတ်တာ ၄၇ဦးစလုံးက ကန့်ကွက်မဲပေးခဲ့ကြပါတယ်။ ဒီဥပဒေကြမ်းက အောက်လွှတ်တော်မှာ တက္ကဆက်စ်က ဒီမိုကရက်အမတ် Henry Cuellar က ရီပါဘလစ်ကန်အားလုံးနဲ့အတူ မဲပေးခဲ့တဲ့အတွက် ၂၂၀-၂၁၀ နဲ့ အဆိုအောင်ခဲ့တာပါ။ ဒီမိုကရက်ပြည်နယ်တွေမှာ လရင့်ကိုယ်ဝန် ဖျက်ချဖို့ အားပေးတာအပြင် အပြင်ကို အရှင်ရောက်လာရင်တောင် (သူ့ဖာသာသေအောင်) ပစ်ထားလိုက်ကြတာပါ။ ကမလာနဲ့ အတူဝင်ပြိုင်တဲ့ မင်နီဆိုးတားဂါဗာနာ တင်မ်ဝေါ့ဇ်ရဲ့ပြည်နယ်မှာ အဲဒီလို အပြင်ရောက်ပြီးမှ ပစ်ထားခံလိုက်ရတဲ့ ကလေးပေါင်း တနှစ်ကို ၁၈ဦးလောက်ရှိတယ်လို့ ဆိုပါတယ်။
အောက်လွှတ်တော်က လူနည်းစုခေါင်းဆောင် ဒီမိုကရက်အမတ် Hakeem Jeffries က အနည်းဆုံး ၁၀နှစ်လောက် ကြာလာပြီဖြစ်တဲ့ ဒီမိုကရက်လုပ်ထုံးအတိုင်း နိုင်ငံရေးရည်မှန်းချက်ကိုရောက်အောင် ဆူပူသောင်းကျန်းတဲ့နည်းများနဲ့ သွားကြဖို့ ဆော်ဩထားပါတယ်။ သူတို့ပါတီအာဏာရနေစဥ် (သို့) သူတို့လုပ်ချင်တာ လုပ်နေရစဥ်မှာ နိုင်ငံရေးအရ ဆူပူတာ အင်အားကြီးတဲ့ လက္ခဏာမဟုတ်သလို လွတ်လပ်တဲ့လူ့ဘောင်မှာ နေရာမရှိကြောင်း တွင်တွင်ပြောကြပေမယ့် အခုလို ထရမ့်အစိုးရသစ်က တက်လာတဲ့အခါကျမှ ထရမ့်အာဂျင်ဒါတွေကို ငါတို့က လွှတ်တော်မှာလည်း ဖိုက်မယ်၊ တရားရုံးတွေ မှာလည်း ဖိုက်မယ်၊ လမ်းတွေပေါ်မှာလည်း ဖိုက်မယ်လို့ ကနေ့ပြောသွားပါတယ်။ မက်ဆင်းဝေါတားစ် ကလည်း ထရမ့်အရင်သက်တမ်းတုန်းက ထရမ့်နဲ့ ဘက်သားတွေကို တွေ့ရင် တွေ့တဲ့နေရာမှာ ချကြဖို့ ပြောခဲ့တာပါ။ သူတို့ကိုကျ အင်ဆာရက်ရှင်းနဲ့ ဘယ်သူမှ မစွဲကြဘူးထင်ပါရဲ့။
အရင်အပတ်က ထရမ့်က LA မီးဆီ အသွား စက်တင်ဘာတုန်းက မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ မြောက်ကာရိုလိုင်းနားကို ဝင်ခဲ့ရာမှာ အခုအချိန်အထိ အစိုးရဆီက ဘာအကူအညီမှ မရသေးလို့ နေစရာမဲ့ ဒုက္ခရောက်နေကြသူတွေ အများကြီးရှိနေသေးတာ တွေ့ခဲ့ရပါတယ်။ ရတဲ့ အကူအညီက ဒေသခံ ခရစ်ယာန်ဘုရားကျောင်းတချို့က နေဖို့နေရာနဲ့ စားဖို့ ကူညီပေးနေတာဖြစ်ပါတယ်။ FEMA က တကယ်အလုပ်မလုပ်နေတာဆိုတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရတဲ့ထရမ့်က FEMA ကို ဖျက်သိမ်းကောင်း ဖျက်သိမ်းမယ်လို့ လေသံပစ်နေပါပြီ။ ဖျက်ရင် ဝိုင်းအော်ကြဦးမှာပါ။
ထရမ့်တက်လာကတည်းက အမုန်းစကားတွေ အုံနဲ့ကျင်းနဲ့ လောင်နေကြတဲ့ထဲမှာ အဆိုးဆုံးက မီရှီဂန်က ဒီမိုကရက်ပါတီပါ။ သူတို့က ထရမ့်ကို ဘုရင်မြှောက်မယ့် ထရမ့်ထောက်ခံသူတွေကို သစ္စာဖောက်တွေလို့ စွပ်စွဲပြီး မသေမချင်း ကြိုးကွင်းစွပ်ဖို့ ဆော်ဩနေကြပါတယ်။ ထရမ့် တတိယသက်တမ်းအတွက် အမတ်တဦးက ဖြစ်နိုင်ခြေတွေ အဆိုပြုတာပဲ ရှိပါသေးတယ်။ ဥပဒေမဲ့ လုပ်ကြမှာမဟုတ်ပဲ အများဆုံးဆက်တိုက် ၂ကြိမ်အထိ သမ္မတအဖြစ် ထမ်းဆောင်ခွင့် သတ်မှတ်ဖို့နဲ့ ပြည်နယ်တွေအားလုံးရဲ့ သုံးပုံ ၂ပုံ ထောက်ခံဖို့ စတဲ့ သတ်မှတ်ချက်တွေကို အကြမ်းဖျဥ်း ချပြနေရုံ ရှိပါသေးတယ်။ တကယ်ဖြစ်လာဖို့က အဝေးကြီးမှာပါ။
ဒီမိုကရက်တွေလိုပဲ ဗျူရိုကရက်တွေကလည်း ပြည်သူ့အတွက် အလုပ်လုပ်ပေးဖို့ဆိုတာထက် ထရမ့်ကို အာခံဖို့ ကာပြန်ဖို့ပဲ ကြိုးစားကြတာမှာ DEI နဲ့ခန့်ထားသူတွေက အဆိုးဆုံးပါပဲ။ USDA က Inspector General Phyllis Fong က ထရမ့်အစိုးရက သူ့ကို အလုပ်ဖြုတ်တာကို မနာခံပဲ ပေကပ်နေလို့ လုံခြုံရေးတွေခေါ်ပြီး ထုတ်ရတဲ့အခြေအနေ ဖြစ်ခဲ့ပါတယ်။ အခု အမေရိကန်ပြည်ထောင်စုမှာ ဖြစ်နေတဲ့ ကြက်ဥရှားပါးမှု၊ ကြက်သား ကြက်ဥဈေးကြီးမှုတွေ ဖြစ်နေတာက USDA က ငှက်တုတ်ကွေးအကြောင်းပြပြီး သန်းနဲ့ချီတဲ့ကြက်တွေကို အကျိုးမဲ့သတ်ဖြတ်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ပြင်းပြင်းထန်ထန် ရောဂါဖြစ်ပွားမှု သိပ်မရှိပဲ ဖြစ်နိုင်ခြေနဲ့တင် အကုန်ဖြဲခြောက်တဲ့ အတွက် သူတို့အမြဲပြဿနာရှာနေတဲ့ နွားနို့အစိမ်းလုပ်ငန်းရှင်တွေလည်း အတော်ထိသွားခဲ့ပါတယ်။
စိုက်ပျိုးမွေးမြူရေးဌာန USDA ကနေ Phyllis Fong ဦးဆောင်ခဲ့တဲ့ Feeding Our Future Program က လိမ်ဆင်ကြီး တခုဖြစ်ပြီး ဆာလောင်နေတဲ့ ကလေးငယ်တွေဆီက သန်း ၂၅၀ ဘတ်ခဲ့တာလို့ အောက်လွှတ်တော် ပညာရေးနဲ့ လုပ်သားကော်မီတီက ဖော်ပြထားပါတယ်။ သူမဌာနက အီလွန်ရဲ့ Neuralink က brain implant လုပ်မယ့်အစီအစဥ်တွေကို ဝင်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
ကာ/ဝန်အသစ်က ပန်တဂွန်မှာ အသစ်ပြုလုပ်မယ့် နှစ်စဥ်မီဒီယာအလှည့်ပေးရေးအစီအစဥ်ကို စတင်ကျင့်သုံးသွားမှာဖြစ်ကြောင်း ကြေငြာပြီး အဲဒီအစီအစဥ်အရ ပန်တဂွန်မှာ အနှစ် ၅၀ကျော် နေရာယူထားခဲ့တဲ့ NY Times, NPR, Politico, NBC News စတဲ့ မိန်းစထရင်မီဒီယာတွေကို ဖယ်ရှားခိုင်းခဲ့ပြီး အဲဒီနေရာတွေမှာ One America News Network, NY Post, Breibert News Network and HuffPost တို့နဲ့ အစားထိုးသွားမှာဖြစ်ပါတယ်။ အသစ်ရောက်လာမယ့် ၄ခုမှာ ရှေ့ ၃ခုက ကွန်ဆာဗေးတစ်ဘက်ယိမ်းပြီး နောက်ဆုံးတခုက ပရိုဂရက်ဆစ်ဖြစ်ပါတယ်။ Rotation အသစ် စမှာက ဖေဖေါ်ဝါရီ ၁၄ရက်နေ့မှာပါ။