ထရမ့်က ဘိုင်ဒန်အပြင် ဟန်းတားလက်ပ်တော့ပ်က ရုရှားက ဝါဒဖြန့်တာပါလို့ ဆိုင်းထိုးခဲ့တဲ့ FBI 51 ဦး ကိစ္စကို ကြိုးကိုင်ခဲ့တဲ့ ဘိုင်ဒန့်နိုင်ငံခြားဝန်ဘလင်ကန်၊ ဘိုင်ဒန့်အမျိုးသားလုံခြုံရေးအကြံပေး Jake Sulivan, ဒုရှေ့နေချုပ်ဟောင်း လီဆာမိုနာကိုနဲ့ ရှေ့နေ ၃ဦးကို နိုင်ငံတော်လုံခြုံရေးနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ၊ ရုံးတွေ၊ ဖိုင်တွေဆီကို ဝင်ထွက်ခွင့် ရုတ်သိမ်းလိုက်ပါတယ်။ ဘိုင်ဒန်တို့က တရုတ်ဆီက ဝါးထားတာ၊ တရုတ်နဲ့ပေါင်းပြီး ပြည်သူအပေါ် ဘိန်းစစ် ပိုးစစ် ဆင်တာ၊ တနိုင်ငံလုံးက လျို့ဝှက်နေရာတွေပေါ် တရုတ်ဘောပျံတွေ ပေးပျံတာ၊ အိုဘမ၊ ဘိုင်ဒန်၊ ဘလင်ကန် စတဲ့ တဖွဲ့လုံး တရုတ်ကို လေနဲ့တောင် မမာရဲတာတွေကြည့်ရင် ခုလိုရုတ်သိမ်းတာက ဖြစ်သင့်တဲ့ကိစ္စပါ။
တချို့က ထရမ့်ရဲ့ပေါ်လစီတွေကို ထောက်ခံတဲ့ အမေရိကန်က မြန်မာနွယ်ဖွားတွေကို အမေရိကန် မစစ်ပဲနဲ့ အတင်းကြီး အမေရိကန်ဘက်လိုက်ပြနေသလိုလို ပြောကြပါတယ်။ အမေရိကန်ဆိုတာ လူမျိုးမဟုတ်တဲ့အတွက် နိုင်ငံသား ဖြစ်လာရင် ဖြူဖြူ မဲမဲ ဝါဝါ ညိုညို ပဲသံဝဲဲဝ ငပိသံဝဲဝဲ အကုန်အမေရိကန်အစစ်ပါပဲ။ ထရမ့်ပေါ်လစီတွေကို ထောက်ခံတဲ့လူတွေက လူမျိုးစုံ၊ ဘာသာစုံ၊ ကျား/မ အစုံ၊ အလွှာစုံဖြစ်တော့ လူဖြူမှ အမေရိကန်လို့ထင်ပြီး ထရမ့်ကို မဘသလို့ စွပ်စွဲတဲ့ မြန်မာပြည်က ဉာဏ်မျက်မှေးတွေရဲ့ စူးရောက်မှုကလည်း အံ့မခန်းပါပဲ။ ပြုနိုင်ငံသားဖြစ်လို့ တိုင်းပြည်အရေးမှာ ဝင်မပါသင့်ဘူးထင်တဲ့သူတွေက မြန်မာပြည်က ဧည့်/ပြုနိုင်ငံသားတွေကျတော့ မြန်မာပြည်အပေါ် သစ္စာရှိစေချင် ကောင်းစားစေချင်ကြမှာမဟုတ်ဘူးလား။
ထရမ့်အစိုးရသစ်က ရုံးလာမတက်နိုင်တဲ့ ဝန်ထမ်းတွေ ထွက်ချင်ရင် ၈လစာပေးပြီး ထွက်ဖို့ သဘောတူထားတာ ၆၅,၀၀၀ လောက်ပဲ ရှိပါသေးတယ်။ ဘိုင်ဒန်တို့လက်ထက် အလုပ်အကိုင် နံပါတ် တက်တာတွေအားလုံးက ပုဂ္ဂလိကဘက်မှာမဟုတ်ပဲ အစိုးရဘက်မှာ ဖြစ်လို့ အစိုးရဝန်ထမ်းတွေ ဖောင်းပွနေတာပါ။ အစိုးရဘက်မှာ တက်ရင် အသုံးစားရိတ်ပဲ များလာမှာဖြစ်ပြီး ပုဂ္ဂလိကဘက်မှာ အလုပ်အကိုင်ဖွံ့ဖြိုးမှ တိုင်းပြည် GDP တက်မှာပါ။ ဥပမာပေးရရင် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးလာတာက အာဟာရပြည့်ဝ၊ သွေးလေလှည့်ပတ်မှုကောင်းလို့ ကျန်းမာလာတဲ့ သူနဲ့တူပြီး အစိုးရကဏ္ဍကတော့ ပြောင်းပြန်ပေါ့။
ဒီရာစုထဲ ဘယ်ဒီမိုကရက်လက်ထက်မှာမှ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးအောင် မလုပ်တတ်တဲ့ အပြင် အစိုးရဌာနတွေချဲ့၊ ယူကရိန်းကို ကူဖို့ဆိုပြီး လက်နက်တွေထုတ်တော့ job tata နံပါတ်တွေ တက်လို့ economy ကောင်းနေသလိုလို ဖိန့်လို့ရသလို အိမ်ကအလုပ်ပြပြီး အသားတင် လခယူ နှပ်နေရတဲ့ လူတွေက သူတို့ရဲ့ အမာခံမဲပေး ထောက်ခံသူတွေ ဖြစ်လာပြီလေ။ အဲဒါက ခြတွေအတွက် ကောင်းသလောက် တိုင်းပြည်က နာတာရှည်ရောဂါသည်လို ဖြစ်လာတော့ နေလို့ကမကောင်း၊ ဆေးကုရတော့ ပိုက်ဆံကုန်၊ သူများလည်း မကူနိုင်၊ ရောဂါကို မကုပဲ မွေးထားသ၍ စားသမျှကလည်း ရောဂါတိုးဖို့ဖြစ်နေသလိုပါပဲ။ ထရမ့်ကတော့ ဘိုင်ဒန်တို့ လုပ်သွားတာတွေက တော်တော် ဆိုးပေမယ့် ပြင်လို့မရတာ မဟုတ်ပါဘူး၊ အကုန်အကျများမှာဖြစ်ပေမယ့် ရအောင် ပြင်သွားပါမယ်လို့ ဆိုပါတယ်။
ကမ္ဘာမှာ လူဦးရေသိပ်များနေလို့ လျော့ဖို့လိုတယ်လို့ ယုံကြည်ကြတဲ့ ကမ္ဘာရွာဘက်သား ဘိုင်ဒန်တို့လက်ထက် တရုတ်၊ မက္ကဆီကို၊ ကနေဒါတို့နဲ့ပေါင်းပြီး ပြည်သူအပေါ် မူးယစ်ဆေးစစ်ပွဲ ဆင်နွဲကြတာမှာ မက္ကဆီကိုနယ်စပ်က မူးယစ်ဂိုဏ်း၊ လူကုန်ကူး၊ လိင်ကုန်ကူးဂိုဏ်တွေဆီကိုလည်း လက်နက်မှောင်ခိုက လုပ်လိုက်ပါသေးတယ်။ နယ်စပ်ကနေတိုက်ရိုက်သွားတာတော့ မဟုတ်ပါဘူး။ ယူကရိန်းကို ပေးတဲ့လက်နက်တွေက မျက်လှည့်ပြပြီး မက္ကဆီကန်ကာတဲလ်တွေလက်ထဲ ရောက်သွားတာပါ။ ယူကရိန်းရောက်ပြီးမှ ဒီပြန်ပို့တာလား၊ ဒီကနေ အသာလေးတိတ်တိတ် လှည့်ပေးတာလားတော့ မသိပါဘူး။ မက္ကဆီကိုသမ္မတက လက်နက်မှောင်ခိုကိစ္စ ထိန်းဖို့ ပြောလာတော့မှ စုံစမ်းကြရင်း ပေါ်လာတာပါ။
ထရမ့်က ဂါဇာကို ရယူမယ်ဆိုတဲ့သဘောက အခုအခြေအနေမှာ ဂါဇာက စစ်ဒဏ်ခံထားရတဲ့ မြို့ပျက် ကြီးလိုဖြစ်နေပြီး လူနေလို့မရတဲ့အတွက် အဲဒီကလူတွေကို အီဂျစ်နဲ့ ဂျော်ဒန်ကို ပြောင်းရွှေ့နေစေဖို့ ရည်ရွယ်ကြောင်း၊ အဲဒီလူတွေကို လက်မခံရင် ဂျော်ဒန်နဲ့ အီဂျစ်ကို အထောက်အပံ့ပေးနေတာ ရပ်ပစ်မှာဖြစ်ကြောင်း၊ လက်ခံမယ်ဆိုရင် အဲဒီမှာ ဘီလီယံနဲ့ချီသုံးပြီး ခေတ်မီအဆောက်အဦတွေ ဆောက်လုပ်ပေးသွားမှာဖြစ်ကြောင်း၊ ဂါဇာကိုရှင်းလိုက်မှ ဟာမာ့စ်ပါ ရှင်းသွားမှာဖြစ်ကြောင်း၊ အမေရိကန်က တပ်တွေနဲ့ ဝင်တိုက်ယူမယ့်သဘော မဟုတ်ကြောင်း၊ ထရမ့်က Bret Baier နဲ့ အင်တာဗျူးမှာ ပြောကြားသွားပါတယ်။ အာရပ်ကမ္ဘာက ကြားချင်တဲ့အဖြေ မဟုတ်နိုင်ပေမယ့် နှစ် ၆၀လောက် ကြာလာတဲ့ ပြဿနာက ကြာလေဆိုးလေဖြစ်လာတာတော့ ငြင်းစရာမရှိပါဘူး။
LA မီးအပြီး ဒီလဆန်းအထိ အိမ်ပေါင်း ၈၇၀၀ကျော်ဟာ ပျက်စီးဆုံးရှုံးမှုတွေအတွက် State Farm အာမခံကုမ္ပဏီကနေ လျော်ကြေး လျောက်ထားကြပြီး ၁ဘီလီယံကျော် ပေးလျော်ထားပြီးဖြစ်ပါတယ်။ ၃ပတ်နီးပါး လောင်သွားတဲ့ LA မီးကြောင့် ပျက်စီးဆုံးရှုံးမှုတွေက ဘီလီယံ ၂၅၀ကျော်သွားနိုင်တဲ့ အတွက် ကာလီဖိုးနီးယားမှာ ၂၀၂၀ တနှစ်လုံး မီးလောင်ပျက်စီးတဲ့ ဆုံးရှုံးမှုတွေထက် ကျော်လွန်သွားပြီ ဖြစ်ပါတယ်။ State Farm ရဲ့သမိုင်းမှာ LA မီးတွေက ဆုံးရှုံးမှု အများဆုံးစံချိန် တင်သွားတော့မှာပါ။ ဘိုင်ဒန်တို့ နျူဆမ်တို့ ဒီမိုကရက်တွေကတော့ ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့၊ ဖြစ်လာရင် ဖြေရှင်းဖို့ထက် မီးမွှေးဖို့နဲ့ လာဘ်ထိုးဖို့လောက်ပဲ တတ်တဲ့အတွက် တအိမ်ထောင် ၇၀၀ပေးမယ်လို့ ကြေငြာလိုက်ရင် ကိုယ့်တာဝန်ကုန်ပြီလို့ တွက်ထားပုံပါပဲ။ ဘာဘေးပဲ လာလာ အဲဒီဖော်မြူလာတခုပဲ အသေကိုင်ထားတာပါ။ ဘာလုပ်လုပ် ထုံးစံအတိုင်း ဇီးသီးဗန်းကလည်း မှောက်ရဦးမှာလေ။ နျူဆမ်လည်း ပြည်သူကို ကူဖို့ထက် ထရမ့်ကိုတိုက်ခိုက်ဖို့က အဓိကပါ။ တချို့နေရာတွေမှာ ကိုယ့်အိမ်နေရာ ပြန်သွားကြည့်ခွင့်ကို မပေးသေးပါဘူး။
ကာလီဖိုးနီးယားမှာ State Farm က $1 ဝင်တိုင်း $1.26 ကုန်နေတဲ့ အတွက် ဘယ်လိုမှ မကိုက်တော့လို့ မနှစ်ကမှ အာမခံကြေးတွေ ၂၀% တက်ထားတာပါ။ အခုလည်း LA မီးကြောင့် ဘီလျံနဲ့ချီ လျော်ရတော့မှာဖြစ်လို့ ပြည်နယ်အစိုးရရဲ့ အာမခံဌာနကို ပြည်နယ်တဝှမ်းက ၂.၈သန်းသော အာမခံထားသူများအပေါ် အရေးပေါ် ၂၂% တိုးကောက်ဖို့ ခွင့်ပြုချက် တောင်းထားပါတယ်။ ဈေးကွက်စီးပွားရေးစစ်စစ်မှာ အစိုးရက မလိုအပ်ပဲ တုပ်နှောင်တဲ့ ဥပဒေတွေ မထားကြသလို ကုမ္ပဏီတွေကိုလည်း ဘယ်ဈေးနဲ့ ဘယ်လောက်ပဲ ရောင်းရမယ်ဆိုတာမျိုး ချုပ်ကိုင်ရိုး မရှိတဲ့အတွက် အဲဒီလို ခွင့်ပြုချက်တောင်းနေရတာကိုက မှားနေတာပါ။ မြန်မာပြည်ဖွားအများစုက အမိန့်အာဏာနဲ့ လုပ်တဲ့ ဂျိုကုပ်စီးပွားရေးလောက်ပဲ ကြုံဖူးကြတော့ ကွဲပြားချက်ကို နားလည်ဖို့ ခက်ပါလိမ့်မယ်။ အဲဒါကြောင့် မြန်မာအများစုက အစိုးရက နေရာတကာဝင်ပါတဲ့ ဒီမိုကရက်ကိုပဲ အသည်းစွဲနေကြတာ ဖြစ်မယ်ထင်ပါတယ်။ အသုံးမကျတဲ့အစိုးရကို တင်ထားရင် ကိုယ့်ကို လာထိမှာ မြေကြီးလက်ခတ် မလွဲပါဘူး။