ဖေဖေါ်ဝါရီ ၂၁ရက် ၂၀၂၅

ထရမ့်က DoGE စစ်ဆေးမှုတွေကြောင့် မလေလွင့်တော့မယ့် ပိုက်ဆံတွေရဲ့ ၂၀% ကို ပြည်သူတွေဆီ ခွဲဝေပေးဖို့၊ ၂၀%ကို အကြွေးဆပ်ဖို့၊ စသဖြင့် သုံးစွဲဖို့ စဥ်းစားနေပါတယ်။ ပြည်သူကို ပေးချင်တာက ဘိုင်ဒန်လက်ထက်မှာ ငွေဖောင်းပွ၊ ကုန်ဈေးနှုန်းတက်တာတွေကြောင့် ကြပ်တည်းကြတာကို ချောင်လည်စေချင်လို့ဖြစ်သလို ဗျူရိုကရက်ယန္တယားမှာ လေလွင့်နေတာတွေကို ဖော်ထုတ်ထောက်ပြ စေချင်လို့လည်း ဖြစ်ပါတယ်။ ဝိုင်းထောက်ပြကြလို့ အလေအလွင့်ပိုနည်းသွားလေ ပြည်သူအကျိုး ပိုရှိလေ ပါပဲ။ တိုင်းပြည်ကောင်းဖို့ ဆိုးဖို့မှာ ပြည်သူ့အားက အဓိကပါ။ ဟိုဘက်က ဂဏန်းများကတော့ ၅၀၀၀က ဘာလုပ်လို့ရမှာလဲလို့ ပြောပေမယ့် အတိဒုက္ခရောက်နေသူတွေကိုတောင် ၇၀၀ပဲ ပေးခဲ့တာပါ။

ယူကရိန်းက မြေရှားကို အကြွေးဆပ်တဲ့အနေနဲ့ အမေရိကန်က ပြန်ယူမယ်ဆိုတာ ဖက်စပ်လုပ်ငန်းလို လုပ်ပြီးတော့ နှစ်နိုင်ငံ အကျိုးရှိအောင် လုပ်ဖို့ဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေ ပြည်တွင်းမှာ ရှိခြင်းအားဖြင့် အမေရိကန်အကျိုးစီးပွားကို ကာကွယ်ဖို့ တာဝန်ရှိလာတဲ့အတွက် ရုရှားက ထပ်ပြီး ဝင်တိုက်ဖို့ ဝင်သိမ်းဖို့ဆိုတာ ခက်သွားတော့မှာပါ။ ဇယ်လင်းစကီက အစက သူမပါရလို့ မူနေပေမယ့် ခုတော့ လက်ခံမယ့်ဘက်ကို ရောက်လုနေပါပြီ။ သူ့ကို ထရမ့်က မခေါ်ဘူးဆိုတာကလည်း စစ်ရပ်ဖို့ မဖြစ်နိုင်တာတွေချည့်ပဲ ဇွတ်တောင်းဆိုနေတာကြောင့်ပါ။ ဘိုင်ဒန်တုန်းက စစ်ရပ်ဖို့ ဆွေးနွေးတာမျိုး မရှိ၊ ရုရှားနဲ့လည်း လုံးဝမညှိပဲ စစ်သက်ရှည်ရေးပဲလုပ်တာ မမေ့လောက်ကြသေးဘူးထင်ပါတယ်။

စစ်ဆက်ဖြစ်နေသ၍ တပတ်ကို လူပေါင်း ရာချီထောင်ချီ​ သေနေရတာကို ထရမ့်က အမြန်ဆုံး ရပ်စေချင်ပါတယ်။ ဘယ်ခေါင်းဆောင်ကောင်းမဆို ကိုယ့်ပြည်သူတွေသေမှာကို အတတ်နိုင်ဆုံး ရှောင်ကြပါတယ်။ ဇယ်လင်းစကီးကတော့ လမ်းပေါ်မှာ လူတွေအတင်းဖမ်းပြီး စစ်ထဲထည့်တဲ့ အဆင့်ပါ။ ၅၇% လူထုထောက်ခံတယ်ဆိုတဲ့ ကိဗ်အင်စတီကျုက UN, WB, USAID တို့က ထောက်ပံ့ ထားတာပါ။ သူတက်လာတာကလည်း မရိုးရှင်းပါဘူး။ ဘုရှ်၄၃ လက်ထက်ကနေ ဘိုင်ဒန်လက်ထက် အထိ နိုင်ငံခြားရေးမှာ နေရာပေါင်းစုံက ဝင်လှုပ်ရှားနေတဲ့ စစ်ကြိုက် Victoria Nuland က ယူကရိန်းမှာ သူတို့ဩဇာမခံတဲ့သူဖြုတ်၊ ခံတဲ့သူတက်ဖို့ လှုပ်ရှားလာတာပါ။ သင်းတို့ကြိုးဆွဲလို့ရမယ့် သူဆိုရင် မီဒီညာအကူအညီနဲ့ ညွန့်နေအောင် ပုံဖော်တတ်ကြပြီး သူတို့ဇတ်ညွှန်းအတိုင်းမကရင် ဘီလူးဆိုင်းတီး ပုံဖျက်ကြတော့တာ ဒေါ်စုမှာတင် နားလည်ဖို့ သင့်နေပါပြီ။

အီလွန်တို့အဖွဲ့ SSA ကိုဝင်စစ်တော့ အဲဒီစနစ်ကို နားလည်အောင် ဝန်ထမ်းတဦးဖြစ်တဲ့ Leland Dudek က ပြသပေးခဲ့တာပါ။ Leland ဟာ SSA ရဲ့ anti-fraud ရုံးက အကြီးအကဲဖြစ်ပြီး DoGE နဲ့ ပေါင်းခဲ့တဲ့ အတွက် နှုတ်ထွက်သွားတဲ့ လက်ရှိကော်မရှင်နာ Michelle King က ဖြုတ်ပစ်ချင်ခဲ့သူဖြစ်ပါတယ်။ Leland က အများပြည်သူကြည့်လို့ရတဲ့ ဖိုင်တွေကို သူ့ဖာသာသူ email ပြန်ပို့ပြီး DoGE ကို ရှင်းပြခဲ့ပါတယ်။ ရှင်းပြရင်း သူကန်ထရိုက်တာတွေအတွက် လျာထားတဲ့ပိုက်ဆံတွေကို သူ့ရဲ့ anti-fraud team အတွက် data science resources ဝယ်ယူရာမှာ သုံးခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဘယ်ဟာထား/မထား စသဖြင့် ဆုံးဖြတ်နိုင်အောင် သူတို့ရဲ့ ကန်ထရိုက်တွေမှာ ဘယ်နားဘယ်လို ဝါးကြတယ်ဆိုတာပါ ပြောပြခဲ့တယ်လို့လည်း ဆိုပါတယ်။

Leland က အေဂျင်စီမှာ လုပ်ပိုင်ခွင့်ရှိတဲ့ အကြီးအကဲတွေကို ဘယ်လိုဆက်သွယ်ရမယ်ဆိုတာကို ပြောပြခဲ့ခြင်းဖြင့် DoGE ရဲ့လုပ်ငန်းတွေ မြန်မြန်ဆန်ဆန် ပြီးမြောက်စေခဲ့ကြောင်းလည်း ဝန်ခံသွားပါတယ်။ သူအခုလိုလုပ်ရခြင်းဟာ တိုင်းပြည်အတွက်၊ SS ခံစားခွင့် ရယူနေသူတွေအတွက်၊ အေဂျင်စီအတွက် ဖြစ်ပါတယ်လို့ ဆိုပါတယ်။ သူ့ကို ထရမ့်က SSA ကော်မရှင်နာအဖြစ် ခန့်အပ်မယ့် Frank Bisignano ကို ဆီးနိတ်က အတည်ပြုမပြီးမချင်း ယာယီကော်မရှင်နာအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှာ ပြောနေကြတဲ့အမှားဆိုတာ မဟုတ်ပါဘူး။ အသက် ၁၂၀ကျော် ကြီးတွေကို သေပြီးလို့မပြပဲ အရှင်လို့ ပြနေတာရယ် တဦးတလေမဟုတ်ပဲ သန်းပေါင်းများစွာရယ် ဆိုတော့ မှားနေတာထက် လိမ်စားနေတာပဲ ဖြစ်နိုင်ပါတယ်။

ပညာရေးဌာနမှာ DEI နဲ့ပတ်သက်တဲ့ အသုံးစရိတ် ၁ဘီလီယံနီးပါးလောက် ဖြတ်တောက်နိုင်ခဲ့ပါတယ်။ သန်း၆၀၀က ဆရာ/မတွေနဲ့ ပညာရေးအေဂျင်စီတွေကို CRT လို ခွဲခြားသပ်လျိုတဲ့ အတွေးတွေ ရိုက်သွင်းမယ့်သင်တန်းတွေ တက်စေဖို့ဖြစ်ပါတယ်။ ပညာရေးထက် DEI ကို အသားပေးတဲ့ ကန်ထရိုက်တွေကို ရပ်ပစ်လိုက်တာက ၃၃၆သန်းဖိုးပါ။

အမေရိကန်ဒီမိုကရက်တွေက ကိုယ်ဝန်ဖျက်ချတာနဲ့ လိင်ပြောင်းစတာတွေကို သည်းသည်းမဲမဲ ထောက်ခံကြပေမယ့် အဲဒီမူတွေနဲ့ ဆန့်ကျင်တဲ့ ရိုမန်ကက်သလစ်ဘာသာရဲ့ ခေါင်းဆောင်ပုပ်ဖရန့်စစ်က တရားမဝင်လူဝင်မှုကို အားပေးပြီး ဒီမိုကရက်တွေနဲ့ အလွမ်းသင့်သူဖြစ်နေပါတယ်။ ကက်သလစ် charity တွေကလည်း ခိုးဝင်တွေအတွက် ချပေးတဲ့ shelter grant တွေကနေ ဘီလီယံနဲ့ချီ ရယူထားတယ်လို့ USASpending.gov မှာ တွေ့ရှိရကြောင်း Western Journal မှာ ဖော်ပြထားပါတယ်။ ဒါက ဘာသာအယူကို တိုက်ခိုက်တာ မဟုတ်ဘူးနော်။ ကိုယ်နဲ့ အလွမ်းသင့်တဲ့ အစိုးရအကြိုက် လုပ်ပေးတယ်ဆိုတာ ဘယ်ဘာသာမှာမဆို ရှိတတ်တဲ့ ကိစ္စတွေပါ။

ပြီးခဲ့တဲ့အပတ်မှာ ပြုလုပ်ခဲ့တဲ့ မြူနစ်က Security Conference မှာ Panelist အဖြစ် တက်ရောက်ခဲ့တဲ့ ဒီမိုကရက်ဆီနိတ်တာ Elissa Slotkin က ဒီမိုကရေစီဟာ ကမ္ဘာမှာ ရှားပါးပစ္စည်းဖြစ်လာသလို ဒီမိုကရေစီက ထမင်းဝစေမှာ မဟုတ်ဘူးလို့ ပြောခဲ့တဲ့အပေါ် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး S. Jaishankar က ဒီမိုကရေစီလက်ချာ ပြန်ပေးခဲ့ပါတယ်။ ကမ္ဘာမှာ ဒီမိုကရေစီအားမကောင်းတော့ဘူး ဆိုတာကို သဘောမတူကြောင်း၊ ငါတို့အိန္ဒိယမှာ လူ ၁.၃ဘီလီယံရှိတဲ့ထဲ မဲပေးနိုင်တာက သန်း ၉၀၀လောက်ရှိပြီး အဲဒီထဲက သန်း ၇၀၀လောက်က လက်ညှိုးမှာမှင်တို့ပြီး မဲထွက်ပေးကြကြောင်း၊ ရလာဒ်ကိုလည်း ညတွင်းချင်းကြေငြာသလို ဘယ်သူကမှလည်း အငြင်းမပွားကြကြောင်း၊ ဒီမိုကရေစီ ရှိလို့ပဲ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်နဲ့ လူ၁.၃ဘီလီယံကျော်ဟာ ကိုယ့်ဝမ်း ကိုယ်ကျောင်း နေနိုင်တာဖြစ်ကြောင်း Jaishankar က ရှင်းပြသွားပါတယ်။

Jaishankar က အမေရိကန်မှာ ဒီမိုကရက်တွေ လုပ်နေတဲ့ ရွေးကောက်ပွဲနေ့မဟုတ်တဲ့ ရွေးကောက်ပွဲ ရာသီ၊ မနိုင်မချင်း ရက်သတ္တပတ်ပေါင်းအတော်ကြာ ရေတွက်တဲ့စနစ်တွေကို ပညာပေးသွားတာပါ။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်က ထမင်းဝစေတယ်ဆိုတာလည်း အမှန်ပါပဲ။ လွတ်လပ်တဲ့ ဈေးကွက်က ဥပဒေတွေအများကြီးနဲ့ ချုပ်တည်းထားတာမဟုတ်တော့ ပျော့ပြောင်းသွက်လက်ပြီး ဈေးကွက်/နိုင်ငံရေး/ပတ်ဝန်းကျင် ပြောင်းလဲမှုဘာပဲလာလာ အလွယ်တကူ ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိနေတာပါ။

ယှဥ်ပြောရရင် ကမ္ဘာ့နံပါတ် ၁နေရာကို ရောက်ချင်တဲ့ တရုတ်ရဲ့ စီးပွားရေးက လွတ်လပ်တဲ့ ဈေးကွက် စနစ်မဟုတ်ပဲ အာဏာရှင်လက်အောက်မှာဆိုတော့ ဥပဒေနဲ့ အာဏာအနှောင်အဖွဲ့တွေကြားမှာ ပြုလွယ် ပြောင်းလွယ်မဖြစ်တော့ တနေရာကဖောက်ရင် ပြန်ကယ်ဖို့၊ ပြန်နာလံထူဖို့ ခက်ပါတယ်။ အဖက်ဖက်က အကောင်းဆုံးဖြစ်မယ့် ဥပဒေဆိုတာကို ဘယ်လူသားက ဖန်ဆင်းရှင်လို တန်ခိုးအာဏာနဲ့ ပြီးပြည့်စုံအောင် ဖန်တီးနိုင်မှာတဲ့လဲ။ ပြဿနာ တခုတွေ့ရင်း ဥပဒေအသစ်ထုတ်ရင်းနဲ့ သိပ်ကောင်းသွားတ​ယ်ဆိုတဲ့ စနစ် ကမ္ဘာမှာ လုံးဝမရှိပါဘူး။ ဥပဒေအသစ်ရှိလာရင် တည်အောင်လုပ်ရတာကအစ ဝန်ပိုဖြစ်လာစေတာပါ။ များလာရင် ရှုပ်လာတော့ ပိုဆိုးတာပေါ့။

Leave a comment