ဖေဖေါ်ဝါရီ ၂၅ ရက် ၂၀၂၅

ဒီကနေ့မှာ သမ္မတထရမ့်က အမေရိကန်ဒေါ်လာ ၅သန်းလောက် ကုန်ကျနိုင်တဲ့ Gold card ဗီဇာ အစီအစဥ်ကို ထုတ်ပြောသွားပါတယ်။ ကမ္ဘာတလွှားက ချမ်းသာတဲ့ လုပ်ငန်းရှင်တွေ အမေရိကန် ပြည်ထောင်စုမှာ လာရောက်ရင်းနှီးမြှုပ်နှံပြီး လူတွေကို အလုပ်ပေး အခွန်ဆောင်မယ်ဆိုရင် အမြဲတမ်းနေထိုင်ခွင့် ချက်ချင်းရနိုင်တဲ့အပြင် အချိန်တန်ရင် နိုင်ငံသားဖြစ်ခွင့်ပါ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ အဓိကရည်ရွယ်ချက်က နိုင်ငံ့ကြွေးမြီကို ပေးဆပ်နိုင်ဖို့ ငွေလုံးငွေရင်း ဝင်လာစေချင်တာ ဖြစ်ပါတယ်။ နိုင်ငံသားတခါတည်းပေးမှာမဟုတ်လို့ ကွန်ဂရက်စ်ရဲ့ အတည်ပြုချက် မလိုဘူးလို့လည်း သိရပါတယ်။

ထရမ့်အစိုးရအဖွဲ့မှာ အီလွန်က ယိုပေါက်ရှာတာပဲလုပ်နေတာ မဟုတ်ပါဘူး။ သမ္မတထရမ့် လက်မှတ်ထိုးထုတ်ပြန်ထားတဲ့ Executive Order တွေကို အကောင်အထည်ဖော်ဖို့ နည်းပညာနဲ့ ထောက်ပံ့ပေးနေပါတယ်။ အရင်က သမ္မတထရမ့်က ကောင်းမယ်ထင်တာတွေကို EO ထုတ်လိုက်ရင် ပြီးသွားပြီလို့ ထင်ခဲ့ပေမယ့် လက်တွေ့မှာ အကောင်အထည်ဖော်ဖြစ်ဖို့က ဗျူရိုကရက်ယန္တယားမှာ အခက်အခဲတွေ အများကြီး ရှိနေပါသေးတယ်။ အီလွန်က အဲဒီအချက်ကို ထောက်ပြခဲ့ပြီး သမ္မတက လက်မှတ်ထိုးပြီးရင် အီလွန်နဲ့ သူ့ရဲ့လက်ရွေးစင်ပညာရှင်ပေါင်း ၁၈၀လောက်လက်ထဲထည့်ပြီး သက်ဆိုင်ရာ အစိုးရအဖွဲ့ဝင်တွေနဲ့ပေါင်းကာ နည်းပညာသုံးပြီး အကောင်အထည်ဖော်ဖို့ ကူညီကြပါတယ်။

ဒီကနေ့ ထရမ့်က ဇယ်လင်းစကီးဟာ ယူကရိန်းက ယူထားတဲ့ အမေရိကန်ငွေကြေးနဲ့ အထောက်အပံ့တွေအတွက် မြေရှားအပါအဝင် ဓါတ်သတ္တုတွေကို ၅၀-၅၀ ဖက်စပ်ထုတ်လုပ်ပြီး ပြန်လည်ရယူဖို့  သောက်ြာနေ့မှာ လာရောက်နိုင်ကြောင်း ပြောသွားပါတယ်။ ဇယ်လင်းစကီးဖက်က အတည်မပြုသေးပေမယ့် ရွေးစရာတော့ သိပ်မရှိပါဘူး။ ဥရောပကလည်း အမေရိကန်တပ်တွေ မပါပဲ သူတို့ချည်း ဝင်မကူနိုင်တာ သေချာသလို ကူမယ်ဆိုရင်လည်း စစ်ဘယ်တော့ ဘယ်မှာ ဘယ်လို အဆုံးသတ်မယ်ဆိုတဲ့ ပလန်မပါပဲ ဘိုင်ဒန်လက်ထက်ကလို စစ်ကိုမှီ ကြံစုပ်ကြမယ့် ဇတ်မျောကြီးကိုပဲ ပြန်အသက်သွင်းချင်ကြတာပါ။ ယူကရိန်းစစ် ၃နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ကိဗ်မှာ ဥရောပခေါင်းဆောင်တွေ ဆုံတွေ့ကြတဲ့အချိန်မှာ ဆန္ဒပြပွဲမလုပ်ရလို့ တားမြစ်ထားတဲ့ ယူကရိန်းမှာ မိခင်တွေ သူတို့သားတွေကို ရှေ့တန်းကနေ ပြန်ခေါ်လာပေးဖို့ ဆန္ဒပြနေခဲ့ကြပါတယ်။ တချို့ခန့်မှန်းချက်တွေအရ ယူကရိန်းမှာ လူ့အသက်ပေါင်း သန်းကျော်ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

ရုရှား-ယူကရိန်းစစ်ကို ဘိုင်ဒန်နဲ့ ဥရောပက စစ်ကြိုက်တဲ့ ကမ္ဘာ့ရွာဘက်သားများက ဘယ်တုန်းကမှ မရပ်စေချင်သလို ရုရှားနဲ့လည်း ဘယ်တုန်းကမှ ညှိနှိုင်းဆွေးနွေးဖို့ မကြိုးစားခဲ့ပါဘူး။ တူရကီက အာဒိုဂန်ဦးစီးပြီး ညှိနှိုင်းပေးတုန်းကလည်း သဘောတူညီချက်ရခါနီးကျမှ ဘိုင်ဒန်နဲ့ ဥရောပက ဝင်နှောက်လို့ ယူကရိန်းက ဆွေးနွေးပွဲကနေ ထထွက်ခဲ့ပြန်ပါတယ်။ ယူကရိန်းကို ကူညီချင်တယ်ဆိုတဲ့ ဒီမိုကရက်နဲ့ ဥရောပခေါင်းဆောင်တွေရဲ့  စစ်ရပ်ဖို့တောင်းဆိုချက်က အိုဘမလက်ထက်က ဆုံးရှုံးသွားတဲ့ နယ်တွေကိုပါ ပြန်ရမှဆိုတာက ဖြစ်နိုင်ခြေမရှိမှန်း စဥ်းစားတတ်သူတိုင်း သိပါတယ်။

ဥရောပနဲ့ ဒီမိုကရက်တွေအတွက် ရုရှား-ယူကရိန်းအရေးမှာ ရုရှားကို ကျူးကျော်သူအဖြစ် တံဆိပ်ခတ်ဖို့က ငြိမ်းချမ်းရေး ရဖို့ထက် ပိုအရေးကြီးနေသလို လုပ်နေကြပါတယ်။ ရုရှားလိုချင်တာက ယူကရိန်းကို နေတိုးအဖွဲ့ထဲ ဝင်ခွင့်မပေးဖို့ပါပဲ။ အဲဒါကို အခုချက်ချင်းပဲ ပေးဝင်တော့မလိုလိုတွေပြော၊ ရုရှားနယ်စပ်မှာ တပ်တွေချ၊ ရုရှားက ယူကရိန်းမြေ နဲနဲပါးပါးယူတာ ဘာမှမဖြစ်ပါဘူးလို့ ဘိုင်ဒန်က ပြောတာပါ (အိုဘမလက်ထက်မှာလည်း ဒီလိုပဲလုပ်ခဲ့လို့ ခရိုင်းမီးယားကို ၃ပတ်ကျော်နဲ့ သိမ်းခဲ့တာပဲ)။

ဂိုဘာချော့ဗ်က ကွန်မြူနစ်စနစ်ကို စွန့်လွှတ်ပြီး လွတ်လပ်တဲ့နိုင်ငံလုပ်ပေးခဲ့တာက အမေရိကန်ကို မိတ်ဆွေလို့ ယူဆခဲ့တာကြောင့်ဖြစ်သလို၊ ၁၉၉၀မှာ အရှေ့ဂျာမဏီကို ပြန်ဖွင့်ပေးခဲ့တာက နေတိုးကို အရှေ့ဖက် လုံးဝ မချဲ့ပါဘူးဆိုတဲ့ ကတိကြောင့် ဖြစ်ပါတယ်။ အဲဒီကတိပေးပြီး ၁၉၉၉ကတဲက ချဲ့လာ လိုက်တာ ဆိုဗီယက်ပြည်ထောင်စုထဲက နိုင်ငံတော်တော်များများ ပါလာတဲ့အပြင် ရုရှားနယ်စပ်ကို ရောက်လုနေပါပြီ။ ၁၉၉၉မှာ ချက်ခ်၊ ဟန်ဂေရီ၊ ပိုလန်တို့ကို နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံလိုက်တော့ ရုရှားက ငါတို့လည်း နေတိုးဝင်မယ်လေလို့ ကလင်တန်ကိုပြောတာမှာ ကလင်တန်က ငြင်းခဲ့တာပါ။ အဲဒီနောက်ပိုင်း ကမ္ဘာမှာ စီအိုင်အေက စစ်ပွဲတွေဖန်တီးတိုင်း ရုရှားက ဘုံရန်သူကြီးလို အမြဲ ပုံဖော်ခံရပါတယ်။ တကယ်ကောင်း/မကောင်းဆိုတာ အကြောင်းကြောင်းပေါ်မှာ မူတည်နေသလို နိုင်ငံရေးမှာ အမြဲတမ်းရန်သူ/မိတ်ဆွေ မရှိတဲ့အတွက် ခံစားချက်နဲ့ လုပ်လို့ မရတာအမှန်ပါ။

ပထဝီနိုင်ငံရေးအရဆိုရင် ဥရောပမှာ တဆက်တစပ်တည်းလည်းရှိ အခြေခံဘာသာရေး ယုံကြည်မှု လည်း တူကြတဲ့ ရုရှားနဲ့ မိတ်ဆွေဖြစ်ဖို့က သိပ်ခါးသီးနေစရာမလိုပဲ စဥ်းစားသင့်တဲ့ ကိစ္စပါ။ ရုရှားရေးရာကျွမ်းကျင်သူ Gilbert Doctorow က ရုရှားနဲ့ အဆင်ပြေဖို့ အဆင့် ၃ဆင့် သွားရမှာ ဖြစ်ကြောင်း၊ ၁။ သံတမန်ဆက်ဆံရေးကို အပြည့်အဝ ပုံမှန်ဖြစ်အောင် လုပ်ဖို့၊ ၂။ အကျိုးတူ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ ၃။ ပထဝီနိုင်ငံရေးအရ ဥရောပက နေတိုးမဟာမိတ် နိုင်ငံတွေနဲ့ အနီးဆုံးမှာ ရှိနေတဲ့ ရုရှားနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိဖို့တို့ ဖြစ်ပါတယ်။ မာကိုရူဘီယို ကလည်း အဲဒီသဘောပဲ ပြောသွားတာပါ။ ရုရှားနဲ့ ဆက်ဆံရေးကောင်းတာနဲ့အမျှ​ တရုတ်၊ အီရန်နဲ့ မြောက်ကိုရီးယားတို့ ဘက်က ရပ်ပေးမယ့် စစ်အင်အားတခု လျော့သွားနိုင်ပါတယ်။​

ဒီမိုကရက်တွေက ထရမ့်ဟာ နေတိုးမဟာမိတ်တွေအပေါ်  မိတ်ဆွေမပီသသလို ပြောကြပါတယ်။ အမှန်တော့ JD Vance ပြောသလိုပဲ မိတ်ဆွေဖြစ်ဖို့ဆိုတာ တန်ဖိုးထားမှုချင်း တူမှရပါမယ်။ နေတိုးနိုင်ငံတွေ လုံခြုံရေးအတွက် အမေရိကန်တပ်တွေ ချပေးထားရတယ်၊ ဂျာမဏီမှာဆို အမေရီကန်တပ်သားတွေ ထောင်ချီချပေးထားရတယ်။ ဒါပေမယ့် ဂျာမဏီက လွတ်လပ်စွာပြောဆို ရေးသားဖော်ထုတ်ခွင့်ကို ရာဇဝတ်မှုလို့ သတ်မှတ်တယ်။​ ဟိုလူမျိုးတွေ စီးပိုးနေတဲ့ ကာတွန်းတပုဒ် နယ်စပ်ဖွင့်တာ မကြိုက်ကြောင်းပြောတဲ့ ပို့စ်တခုနဲ့တင် အိမ်ကို အတင်းဝင်စီးပြီး ဖမ်းကြ၊ ဖုံး၊ လက်ပ်တော့ပ်တွေ သိမ်းကြတယ်။ အဲဒီလို မီဒီယာကို အတင်းဖိနှိပ်ထားလို့ပဲ​ တိုင်းပြည်မှာ နယ်စပ်အပွင့်ကနေ ရာဇဝတ်မှုတွေ၊​ မုဒိမ်းမှုတွေ တက်နေတာ မသိကြပဲ လူညစ်တွေ မြင်စေချင်သလို ခြတွေကမှ သူရဲကောင်း၊ ပြည်ချစ်သူတွေက အစွန်းရောက်တွေလို့ မြင်နေကြတာပါ။

ရိုမေးနီးယားမှာဆိုရင် သူတို့ကြိုက်တဲ့ရလာဒ် မရတာနဲ့ ရကပကို ဖျက်ပစ်တယ်၊ ကနေဒါကလည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတဲ့ ထရပ်ကာတွေနဲ့ သူတို့ကို လှူသူတွေကို ဘဏ်အကောင့်တွေ ခဲပစ်တယ်၊ သူ့လုံခြုံရေး ထောက်ပံ့ထားတဲ့ နိုင်ငံထဲကို မူးယစ်ဆေးတွေ အကြီးအကျယ်ပို့တယ်။ အဲဒါတွေက လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းရဲ့ တန်ဖိုးတွေလည်း မဟုတ်၊ မိတ်ဆွေချင်း ထားရမယ့် စိတ်ဓါတ်တွေလည်း မဟုတ်ဘူးလေ။ အမေရိကန်အခွန်ထမ်းတွေရဲ့ ပိုက်ဆံနဲ့ နေတိုးနိုင်ငံတွေကို ကာကွယ်ပေးနေတာမှာ အမေရိကန်တွေ တန်ဖိုးထားတာတွေကို ဖိနှိပ်နေတာက ခြအစိုးရတွေ လက်ထက်မှာပဲရမယ်။ ခြကတော့ ပြည်သူဘာဖြစ်ဖြစ် သူ့အိတ်ဖောင်းရင်ပြီးရောပဲမဟုတ်လား။

ဂျာမဏီရကပမှာ CDU/CSU က ၂၈.၆% နဲ့ မဲအများဆုံးရပြီး ၂၀.၈%နဲ့ ဒုတိယမဲအများဆုံးရတာက AfD ဆိုတဲ့ ကွန်ဆာဗေးတစ်ပါတီဖြစ်ပါတယ်။ လက်ရှိအာဏာရ ဆိုရှယ်ဒီမိုကရက်က ၁၆.၄% ပဲရတာပါ။ မဲတိုးလာမှုအရဆိုရင် AfD က ၁၀.၄ တိုးလာတာဖြစ်တော့ ၂ဆရတယ်လို့ ဆိုရမှာပါ။ မီဒီညာက လက်ယာစွန်းလို့ သမုတ်နေတဲ့ AfD က ထရမ့်လိုပဲ နယ်စပ်ဖွင့်ပြီး အစီအစစ်မရှိ သွင်းနေတာတွေကို သဘောမတူပဲ စီစစ်ပြီးမှ သွင်းစေချင်တာ ဖြစ်ပါတယ်။ AfD က အရှေ့ဂျာမဏီမှာ အကြီးဆုံးပါတီ​ဖြစ်ပါတယ်။ ဆိုရှယ်လစ်စနစ်က လာတဲ့သူတွေက ဆိုရှယ်လစ်စနစ်ရဲ့ ဆိုးကျိုးတွေကို အသိဆုံးပဲပေါ့။ လွှတ်တော်မှာ CDU/CSU က ၂၀၈နေရာ၊ AfD က ၁၅၂နေရာ၊ SPD က ၁၂၀၊ အစိမ်းပါတီက ၈၅နဲ့ လက်ဝဲပါတီက ၆၄နေရာ ရထားပါတယ်။ ၃၁၆နေရာရမှ အစိုးရဖွဲ့နိုင်မှာဖြစ်လို့ ညွန့်ပေါင်းဖွဲ့ရမှာ ဆိုပေမယ့် မီဒီညာက လက်ယာစွန်းလို့ နာမည်ဖျက်ထားတဲ့ AfD နဲ့ မပေါင်းဘူးလို့ CSU ကဆိုပါတယ်။

သမ္မတထရမ့်က ဂါဗာနာတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ ကျားတွေကို မ ကစားပွဲတွေမှာ ဝင်ပြိုင်ခွင့် မပြုဖို့ အမိန့်ကို မနာခံတဲ့ပြည်နယ်တွေကို ဖက်ဒရယ်ရဲ့အထောက်အပံ့ မပေးဘူးလို့ ပြောလိုက်ပါတယ်။ ကျားတွေကို မ ပြိုင်ပွဲတွေထဲ ဝင်ပါခွင့်ပေးလိုက်တာဟာ အနှစ်နှစ် အလလ လေ့ကျင့်ခဲ့တဲ့ မ တွေအတွက် မတရားသလို ရေချိုး/အဝတ်လဲခန်းတွေထဲပါ ကျားတွေ ဝင်ခွင့်ရသွားတော့မှာပါ။ ရွေးကောက်ပွဲတွေမှာ ID မလိုတာတွေ၊ စာတိုက်မဲတွေ၊ လနဲ့ချီလုပ်တဲ့ ရကပ၊ လနဲ့ချီရေတဲ့မဲ အဲဒါတွေကို ပြင်ဖို့လည်း သတိပေးသွားပါတယ်။​ မပြင်ရင် ဖက်ဒရယ်ပိုက်ဆံ မပေးသင့်ပါဘူး။ ရကပစနစ် မသန့်ရှင်းရင် လူတွေရဲ့မဲက တန်ဖိုးကျသလို ဒီမိုကရေစီ အနှစ်သာရလည်း ထိခိုက်ပါတယ်။

ဘိုင်ဒန်လက်ထက်မှာ  အာကာသယာဥ်မှူးတွေကို အာကာသစခန်းမှာ ၈ရက်ကြာနေဖို့ ပို့ထားခဲ့တာကနေ သွားပြန်ခေါ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။ အကူအညီတောင်းရမှာလည်း အီလွန်နဲ့ ရုရှားပဲ သွားကယ်နိုင်တာလေ။​ နှစ်ဦးလုံးနဲ့ကလည်း ရန်ဖြစ်ထား၊ ပိုက်ဆံကလည်း မသုံးချင်ဆိုတော့ ရက်ပေါင်း ၃၀၀ကျော်လာတဲ့အထိ ပြန်ရဖို့ လမ်းမမြင်သေးပါဘူး။ အခုတော့ ထရမ့်နဲ့အီလွန်က ပြန်ခေါ်ဖို့ စီစဥ်နေပါပြီ။

၂၀၂၄ ဧပြီတုန်းက ဘိုင်ဒန်အစိုးရရဲ့ EPA က ပတ်ဝန်းကျင်ကိစ္စဘာမှ ရာဇဝင်မရှိတဲ့ Stacey Abrahams ရဲ့ non-profit ကို ၂ဘီလီယံ ပေးခဲ့ပါတယ်။ စတေစီက ဂျော်ဂျာပြည်နယ်အမတ် ဖြစ်ခဲ့ပြီး ၂၀၁၆ တုန်းက ဂျော်ဂျာ ဂါဗာနာရကပမှာ ရှုံးသွားခဲ့ပေမယ့် နိုင်ငံရေးလောကထဲက မထွက်ပဲ နည်းမျိုးစုံနဲ့ လုပ်စားနေကြတဲ့ ဒီမိုကရက်ပါ။ သူ့ညီမက ဂျော်ဂျာအလယ်ပိုင်းခရိုင်က ခရိုင်တရားသူကြီးချုပ်ပါ။ ဘိုင်ဒန်ရဲ့ Inflation Reduction Act ကနေ ရတာလို့ ဆိုပါတယ်။ ကလိုင်းမိတ်ချိန့်အယောင်ပြပြီး EPAကနေ ပြည်သူ့အခွန်တွေ ဘတ်ကြ၊ နိုင်ငံခြားအကူအညီပြပြီး ဘတ်ကြနဲ့ အင်ဖလေးရှင်းက ဘယ်လိုလုပ်ကျမှာတဲ့လဲ။ ခေါင်းစဥ်လေးမှာကြွေနေရင် တဆုံးအချခံရမယ်ဆိုတာ မမေ့ကြဖို့ပါ။

Leave a comment