အရင်ရေးခဲ့တဲ့အတိုင်းပဲ ဒီ reciprocal tariff ဆိုတာ အဓိကက အကျောကြီးလွန်း ညစ်လွန်း ယုတ်လွန်းတဲ့ တရုတ်စီစီပီကို ပညာပေးဖို့ပါ။ အမေရိကန်နဲ့သာမက တကမ္ဘာလုံးနဲ့ ကုန်သွယ်ရာမှာပါ အကျောကြီးတဲ့ တရုတ်က ထရမ့်အချိန်ပေးထားတဲ့အတွင်းမှာ မတုန့်ပြန်ရုံမက ထပ်ဆောင်း ၅၀% ထပ်ချလို့ အမေရိကန်အပေါ် လက်တုန့်ပြန်တဲ့ tariff က ၈၄% ဖြစ်သွားပါတယ်။ ထရမ့်ကလည်း လေးစားမှုကင်းမဲ့လို့ဆိုပြီး အချိန်မဆိုင်းပဲ ထပ်တိုး tariff နဲ့ စုစုပေါင်း ၁၂၅% ဆိုပြီး ပြန်တွယ်သလို လာဆွေးနွေးပါလို့လည်း ဖိတ်ခေါ်ပါတယ်။
တချိန်ထဲမှာပဲ နိုင်ငံပေါင်း ၇၀ကျော်က ထရမ့်ရဲ့ reciprocal tariff အပေါ် ရန်မတုန့်ပြန်ပဲ သူတို့ဘက်က အမေရိကန်ကုန်စည်တွေ အပေါ် ချထားတဲ့ tariff တွေ၊ ကုန်သွယ်မှု ကန့်သတ်ချက်တွေ၊ ငွေးဈေးကစားတာတွေ စတာတွေကို ဖယ်လုပ်ပေးပါ့မယ်ဆိုပြီး ကမ်းလှမ်းလာကြတဲ့အတွက် ထရမ့်က အဲဒီနိုင်ငံတွေကို reciprocal tariff ချဖို့ ရက် ၉၀ ဆိုင်းထားပေးပြီး အဲဒီကြားကာလအတွင်း tariff ကို ၁၀% ပဲ ကောက်ခံမယ်လို့ ကြေငြာလိုက်ပါတယ်။ အဲဒီလို ဆိုင်းငံ့၊ လျော့ချပေးလိုက်တာနဲ့ တပြိုင်နက် ရဲရဲနီနေတဲ့ စတော့မားကက်က ချက်ချင်း ထောင်တက်သွားလိုက်တာ DJIA သမိုင်းမှာ တနေ့ထဲ အများဆုံးစံချိန်တင် တက်သွားခဲ့ပါတယ်။ အမေရိကန်ကို ဖယ်ကျဥ်ဖို့ BRICS ကို နှစ်များစွာရင်းပြီး ကြိုးစားဖွဲ့စည်းထားခဲ့ပေမယ့် ထရမ့်ကောင်းမှုနဲ့ ရက်ပိုင်းအတွင်း တကမ္ဘာလုံးကတဖက်၊ တရုတ်က ရွာပြင်ကို ရောက်သလို ဖြစ်နေပါပြီ။
ထရမ့်က တရုတ်နဲ့ အမေရိကန်အပေါ် အမြတ်ထုတ်နေတဲ့ နိုင်ငံတွေကို tariff ကောက်မယ်လို့ ပြောခဲ့တာ ရကပကာလ တလျောက်လုံးပါ၊ တရုတ်ဘောမတွေ အော်နေသလိုမျိုး ခုမှ ဖျင်ယားပြီး ထလုပ်တာ မဟုတ်ပါဘူး။ ပြည်သူကလည်း ကျေနပ်လို့ တခဲနက် ရွေးတင်ထားတာပါ။ နှစ် ၄၀ကျော် တဖက်စောင်းနင်း ဖြစ်လာတဲ့ ကုန်သွယ်မှုက သူ့လို စီးပွားရေးလည်းနားလည်၊ လုပ်ရဲတဲ့ သတ္တိလည်းရှိ၊ ကိုယ့်နိုင်ငံရဲ့ အားနည်းချက်၊ အားသာချက်တွေကို မှန်မှန်ကန်ကန်လည်း သုံးသပ်နိုင်၊ သူနဲ့ အမြင်တူပြီး သူလိုချင်တာကို ဖြစ်အောင် ပုံဖော်ပေးမယ့် အားကိုးရတဲ့ သူတွေကလည်း ဝန်းရံထားကြတာဆိုတော့ ခုချိန်မှ တည့်အောင် မလုပ်ရင် အမေရိကန်က အထည်ကြီးပျက်ဘဝနဲ့ လုံးပါးပါးပြီး ကမ္ဘာ့ငပေါကြီးပဲ ဖြစ်တော့မှာပါ။
ထရမ့်က reciprocal tariff လုပ်လို့ ကမ္ဘာပျက်တော့မတတ် ဝိုင်းအော်နေကြတဲ့သူတွေက အမေရိကန် အကြောင်းလည်းမသိ၊ အကျိုးစီးပွားလည်း ဂရုမစိုက်၊ စတော့မားကက်အကြောင်းလည်း နားမလည် ဆိုတော့ တရုတ်ဆီက တိတ်တိတ်လေး ပိုက်ဆံယူထားတဲ့ လော်ဘီရဲ့ အရေး/အပြောတွေကို နားယောင်နေပုံပါပဲ။ ထရမ့်က နိုင်ဖဲအားလုံး သူ့လက်ထဲမှာ ရှိနေပြီး တိုင်းပြည်အတွက် လိုအပ်တာ ပြင်ဆင်ပြီးမှ ထ စိန်ခေါ်ခဲ့တာပါ။ လူမိုက်/ လူရမ်းကားလို တက်တက်ချင်း ထ စိန်ခေါ်တာ မဟုတ်ပါဘူး။ မတ်လမှာ ငွေဖောင်းပွမှုက အနိမ့်ဆုံး ၁.၂၂% ကို ချနိုင်ခဲ့သလို နယ်စပ်ပိတ်။ ဆီဈေး၊ ကြက်ဥဈေး၊ အကုန်ကျအောင်လုပ်ပြီး၊ regulation တွေလျော့၊ အလုပ်အကိုင်အစစ်တွေ ဖန်တီး၊ ရင်းနှီးမြှုပ်နှံမှု ၅ထရီလီယံ ဝင်လာအောင် လုပ်ထားခဲ့ပါတယ်။
Reciprocal tariff ကြောင့် recession ဖြစ်မယ်၊ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်တော့မယ်လို့ ပြောနေကြတဲ့သူတွေကို ပြောချင်တာက manufacturing sector က ဘိုင်ဒန်လက်ထက်မှာကတဲက recession ဖြစ်နေတာပါ။ ဘိုင်ဒန်တို့လက်ထက်မှာ GDP နဲ့ employment data တွေ အပြကောင်းဖို့ အတွက် ဖန်တီးခဲ့သမျှ အလုပ်တွေရဲ့ ၈၀% က မလိုတဲ့ အစိုးရအလုပ်နဲ့ ဆက်စပ်အလုပ်တွေချည့်ဖြစ်ပြီး အဲဒီအတွက် အစိုးရက ငွေချေးပြီး လည်ပတ်ရတာပါ။ တိုင်းပြည်အတွက် အကျိုးမရှိတဲ့အပြင် အကျိုးတောင် ယုတ်ပါသေးတယ်။ ထရမ့်လက်ထက် ဖန်တီးတဲ့အလုပ်အများစုက ပုဂ္ဂလိကဘက်မှာ ဖြစ်တော့ ပြည်သူ့အိတ်က မကုန်တဲ့အပြင် တကယ့် productivity တိုးပြီး စီးပွားရေးယန္တယားအပေါ် အားဖြစ်စေပါတယ်။
Tariff ကြောင့် ၃.၂၆၇ ထရီလီယံ ဝယ်လိုအားရှိတဲ့ အမေရိကန်ဈေးကွက်မှာ လာရောင်းချင်ကြတဲ့ နိုင်ငံတွေဟာ အနည်းဆုံး ၁၀% tariff ပေးရမှာဖြစ်လို့ အမေရိကန်က တနေ့ကို ၂ဘီလီယံ ရလိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။ ဒါကပဲ တနှစ်ကို ဘီလီယံ ၇၀၀လောက် ဝင်လာမှာပါ။ ထရမ့်က ဘက်ညီတဲ့ ကုန်သွယ်မှု ဖြစ်လာအောင် တွန်းအားပေးသွားမှာဖြစ်လို့ အမေရိကန်ကုန်ထုန်လုပ်မှုတွေ တိုးတက်မယ်၊ အလုပ်အကိုင်တွေ ပေါလာမယ်။ DoGE က အလေအလွင့် အခိုးအဝှက်တွေ ဖယ်ရှားပေးတာက အစိုးရ အသုံးစားရိတ် ကျစ်လစ်လာမှာဖြစ်လို့ recession ဖြစ်လာနိုင်တဲ့ risk တွေကိုလည်း ကြိုတင်ပြင်ဆင် ကုစားထားတာ တွေ့ရမှာပါ။ Tariff ကြောင့် ကုန်စည်တွေ ဈေးတက်တာမျိုး ဖြစ်လာနိုင်ပေမယ့် အလုပ်ရှိမယ်၊ လက်ထဲငွေရှိမယ်၊ အနာဂတ်က စိုးရိမ်စရာမဟုတ်ရင် consumer spending ကလည်း သိပ်ကြာကြာ ပြဿနာ မရှိနိုင်ပါဘူး။
တဖက်မှာတော့ တရုတ်ရဲ့ export heavy economy နဲ့ ဗဟိုချုပ်ကိုင်တဲ့စနစ်က ပြဿနာ ဖြစ်လာနိုင်တာကို တရုတ်ပညာရှင် Yuan Bing က အချက် ၆ချက်နဲ့ သုံးသပ်ထားပါတယ်။ သုံးသပ်ချက်က တရုတ်ကုန်စည်အပေါ် ၅၄% စည်းကြပ်မယ်ဆိုတဲ့ အချိန်မှာ ပြောထားတာဖြစ်တော့ အခုလို ၁၂၅% ဆိုရင် ဒီထက် အများကြီး ပိုဆိုးဖို့ပဲ ရှိပါတယ်။
၁။ တရုတ်ရဲ့ ပို့ကုန်တွေ ၃၀-၄၀% လောက် လျော့ကျသွားနိုင်ပါတယ်။ တနှစ်ကို ဘီလီယံ ၃၀၀ဖိုးပါ။ တရုတ်ပြည်ပပို့ကုန်အားလုံးရဲ့ ၁၇% က အမေရိကန်ဈေးကွက်ကို ပို့တာဖြစ်ပြီး အဲဒီထဲက ၄၀% က လျှပ်စစ်ပစ္စည်း၊ ၁၂% က အထည်အလိပ်နဲ့ ပလပ်စတစ်ပစ္စည်းက ၇%ပါ။
၂။ Apple လိုမျိုး ပစ္စည်းတွေထဲထည့်တဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေက တခြားကို ပိုမြန်မြန် ရွှေ့သွားနိုင်ပါတယ်။ တရုတ်က အမေရိကန်ကို ပို့တဲ့ ၆၀% က အဲဒီလိုပစ္စည်းတွေပါ။
၃။ ပို့ကုန်ထုတ်တဲ့ လုပ်ငန်းတွေမှာ လူသန်း ၁၈၀ လုပ်ကိုင်နေတာဖြစ်တော့ ၂၀% ပဲ လျော့ရင်တောင် လူ၃၆သန်း အလုပ်ပြုတ်ပါပြီ။ လူငယ်အလုပ်လက်မဲ့နှုန်းက ၂၅% ထက် တိုးလာနိုင်ပြီး ကျောင်းပြီးလာတဲ့ သူတွေအတွက် အလုပ်မရှိဆိုတဲ့ သံသရာဆိုး ဖြစ်လာနိုင်ပါတယ်။
၄။ tariff ကြောင့် တရုတ်ကုန်စည်တွေ ဈေးကြီးတာကို လျော့ချဖို့ ငွေဈေးကစားတာမျိုးတွေ လုပ်လာနိုင်ပါတယ်။ (စလုပ်နေပါပြီ)။ ကုန်သွယ်မှုပိုငွေနည်းလာတာနဲ့အမျှ ယွမ်ငွေ တန်ဖိုး ပျော့လာပြီး တိုင်းပြည်ရဲ့ အရံငွေ လျော့ကျလာပါမယ်၊ ငွေထွက်များလာမယ်၊ အဲဒါတွေက ငွေတန်ဖိုး ပိုကျစေမှာပါ။ ယွမ်က ဒေါ်လာနဲ့ လဲရာမှာ ၇.၈-၈.၂လောက်အထိ ဖြစ်သွားနိုင်ပါတယ်။
၅။ မြို့နေလူတန်းစားတွေကြား ဝင်ငွေတိုးနှုန်း ပိုနှေးကွေးလာနိုင်ပြီး လူတွေက မရေရာတဲ့ အခြေအနေအတွက် ရှိတဲ့ပိုက်ဆံကို ကျစ်ထားစုထားကြမှာဖြစ်လို့ စီးပွားရေးယန္တယား လည်ပတ်မှု နှေးကွေးသွားနိုင်ပါတယ်။ (တိုင်းပြည်စီးပွားရေးကောင်းချင်ရင် ပြည်သူ့လက်ထဲ ပိုက်ဆံရှိရသလို သုံးကြဖို့လည်း လိုပါတယ်။ သုံးမှ တဆင့်တဆင့် အလုပ်အကိုင်တွေ ဝင်ငွေတွေ တိုးတက်တာပါ။)
၆။ အမေရိကန်က tariff အပြင် တရုတ်ကုမ္ပဏီပေါင်း ၁၂၀၀၀ကျော်ကို အဆင့်မြင့်နည်းပညာ လွှဲပြောင်းခွင့်မပြုတာတွေ လုပ်လာတဲ့အတွက် အရေးပါတဲ့ နည်းပညာတွေမှာ သူများထက် ၅-၇နှစ် နောက်ကျ ကျန်ခဲ့နိုင်တယ်လို့ ဆိုပါတယ်။
Tariff ၁% တိုးတိုင်း ကော်ပိုရိတ်အမြတ် ၂.၃ % လျော့ကျတာဖြစ်လို့ tariff သိပ်မြင့်ရင် အမြတ်အစွန်း ရဖို့ ခဲယဥ်းသွားတော့မှာပါ။ ၁၂၅% မဖြစ်ခင်ကတောင် ပို့ကုန်သမားတွေ အော်ဒါမရတာနဲ့ မှာထားပြီးသားတွေ cancel လုပ်တာတွေ အများကြီး ဖြစ်နေပြီလို့ ဆိုပါတယ်။
Yuan Bing က ပို့ကုန်လျော့ကျတာကနေ အလုပ်လက်မဲ့နှုန်းတွေ တက်လာပြီး စားသုံးမှု လျော့ကျလာစေကာ ရင်းနှီးမြှုပ်နှံမှု လျော့ကျလာစေတဲ့ အနှုတ်သဘောဆောင်တဲ့ စက်ဝန်းက တဖြည်းဖြည်း အားကောင်းလာရင် အိုးအိမ်ဈေးကွက်တွေပါ ယိုင်နဲ့လာနိုင်တယ်လို့ဆိုပါတယ်။ ဒါ့အပြင် တရုတ်အစိုးရရဲ့ ဗဟိုချုပ်ကိုင်မှုစနစ်မှာ အဲဒီစက်ဝန်းကို ကိုင်တွယ်ဖြေရှင်းဖို့ လုံလောက်တဲ့ လမ်းကြောင်းတွေ ရှိမှာမဟုတ်လို့ တရုတ်အစိုးရက ကုန်သွယ်မှုထက် ကြီးတဲ့ ပြဿနာနဲ့ ရင်ဆိုင်လာရနိုင်ကြောင်း China Observer မှာ ဖော်ပြထားပါတယ်။
တရုတ်က အာဏာရှင်နိုင်ငံဖြစ်တဲ့အလျောက် tariff ကိုရင်ဆိုင်ဖို့ ငွေတန်ဖိုးကို လိုသလို ကစားလာနိုင်တဲ့အပေါ် ထရမ့်ကတော့ မစိုးရိမ်ပါဘူး။ တရုတ်က တနေ့ကို ရေနံစည် ၁၀သန်း တင်သွင်းနေရတာဖြစ်လို့ ယွမ်ဈေးချရင် သူ့ပြည်သူတွေအရင်ထိမှာဖြစ်သလို မတရားတာ ခံစားရတဲ့ တခြားကုန်သွယ်ဖက်နိုင်ငံတွေက tariff ကောက်တာမျိုးနဲ့ တုန့်ပြန်လာနိုင်ပါတယ်။ တရုတ်က သူ့ရဲ့ ၁.၄ဘီလီယံ လူဦးရေရှိတဲ့ ဈေးကွက် အားကိုးနဲ့ တင်းခံနေပေမယ့် သူ့ရဲ့ ၁.၄ဘီလီယံ လူဦးရေရဲ့ ဝယ်လိုအားက ၂.၅၈၅ ထရီလီယံပဲ ရှိတာပါ။