တရုတ်က အမေရိကန်ရဲ့ 145% tariff ကို 125% နဲ့ တုန့်ပြန်လိုက်ပါတယ်။ ရှီက နှစ် ၇၀ကျော်အတွင်း တရုတ်ရဲ့တိုးတက်မှုဟာ ကိုယ့်အားကိုယ်ကိုး၊ အလုပ်ကြိုးစားလို့ ရလာတာဖြစ်ပြီး သူများ ပေးကမ်းလို့ ရလာတာမဟုတ်ကြောင်း၊ မတရားတဲ့ ဖိနှိပ်မှုတွေကိုလည်း ကြောက်မှာမဟုတ်ကြောင်း တီဗီကနေ ပြောသွားပါတယ်။ ရှီက ဥရောပကိုလည်း မတရားတာကို ခေါင်းငုံ့မခံကြဖို့ တိုက်တွန်းလိုက်ပါတယ်။
တရုတ်က နည်းပညာခိုးတဲ့နေရာမှာ ကမ္ဘာ့နံပါတ် ၁ ဖြစ်သလို သူ့ဆီမှာ လာရင်းနှီးမြှုပ်နှံတဲ့သူတွေကို ၁.၄ဘီလီယံဈေးကွက်ပြပြီး နည်းပညာတွေကို အတင်းလွှဲပြောင်းခိုင်းတဲ့နေရာမှာလည်း နံပါတ် ၁ ပဲ ဖြစ်ပါတယ်။ အမေရိကန်က intellectual property မှာ တနှစ်ကို ဘီလီယံ ၆၀၀ ဆုံးရှုံးနေတာပါ။ အမေရိကန်ကုမ္ပဏီတွေ တရုတ်မှာသွားထုတ်လုပ်ရင် တရုတ်က နေ့ပိုင်းကို အမေရိကန်ကုမ္ပဏီထုတ်ခိုင်းတာထုတ်ပြီး ညကျရင် အတုထုတ်၊ ထက်ဝက်ဈေးနဲ့ ဦးအောင်ရောင်းလို့ အမေရိကန်ကုမ္ပဏီတချို့ ဒေဝါလီ ခံရတဲ့အထိပါပဲ။
WTO ဝင်တုန်းကလည်း မဝင်ခင်သာ အပိုးကျိုးပြခဲ့ပေမယ့် ဝင်ပြီးတာနဲ့ စည်းမျဥ်းတွေ စဖောက်ခဲ့တာပါ။ ညှိနှိုင်းကြရင်လည်း သူတို့ဘက်က ဘယ်တော့မှ အလျော့ပေးလေ့မရှိ (နောက်က အာဏာရှင်တွေက အလျော့ပေးခွင့်မပြု) တဲ့အတွက် လက်ပေါက်ကပ်လွန်းပြီး အဆုံးမှာ ဈေးကွက် လိုချင်သူက လျော့ပေးလိုက်ကြရတာပါပဲ။ အမေရိကန်ကုမ္ပဏီတွေက R&D မှာ အချိန်ရော ငွေသန်းပေါင်းများစွာပါ သုံးပြီးမှ ရလာတဲ့ နည်းပညာတွေ၊ကို တရုတ်ကုမ္ပဏီတွေက အနုကြမ်းစီးပြီး အလကားရယူနေတဲ့ ကုန်သွယ်ရေးစီးပိုးမှုတွေ၊ လာဘ်ထိုးရယူထားတဲ့ favor တွေကိုလည်း အပြီးတိုင် တိုက်ဖျက်ပစ်ဖို့ လိုပါတယ်။ ဇကာဘတ်တောင် တရုတ်ပြည်ကို ဝင်ချင်လို့ စီစီပီကို user data တွေ ပေးခဲ့ရသလို ဆင်ဆာ tool တွေ ဆောက်ပေးခဲ့ရတာပါ။
တရုတ်ရဲ့ တုန့်ပြန်မှုအပေါ် ထရမ့်အစိုးရရဲ့ အကြီးတန်းအကြံပေး Peter Navarro က တရုတ်က မူးယစ်ဆေးနဲ့ သန်းချီတဲ့ အမေရိကန်တွေကို သတ်နေတဲ့အပြင် ၂၀၀၁ ကစလို့ အမေရိကန် ကုန်ထုတ် လုပ်ငန်းပေါင်း ၆သောင်းကျော်နဲ့ အလုပ်အကိုင်ပေါင်း ၅သန်းကျော်ကို ဖျက်ဆီးပစ်ခဲ့ကြောင်း၊ သူသာ ရှီရဲ့ အကြံပေးဆိုရင် သူ့စီးပွားရေးကို ပို့ကုန်အထူးပြုမလုပ်ပဲ ပြည်တွင်းသုံးစွဲမှု တက်လာအောင် လုပ်မှသာ ကျန်းမာတဲ့ စီးပွားရေးမော်ဒယ်ဖြစ်လာမှာလို့ အကြံပြုမှာဖြစ်ကြောင်း၊ အတိတ်တုန်းက အင်္ဂလိပ်က ဘိန်းစစ်ပွဲလုပ်ခဲ့လို့ တရုတ်အများအပြား သေကြေ ဘဝပျက်ခဲ့တာနဲ့ အခုအခြေအနေ မတူကြောင်း၊ အမေရိကန်နဲ့ မျှမျှတတဆက်ဆံရင် တရုတ်အတွက် အများကြီးအကျိုးရှိမှာဖြစ်ကြောင်း ပြောသွားပါတယ်။
အခု ထရမ့်အစိုးရမှာ Tariff တွေနဲ့ပတ်သက်ပြီး တာဝန်ယူထားတဲ့ US Trade Representative Jamieson Greer ဟာ အရင်ထရမ့်အစိုးရရဲ့ USTR လုပ်ခဲ့တဲ့ Robert Lighthizer လက်ထက်ကတဲက တရုတ်နဲ့ tariff ကိစ္စတွေကို ကိုင်တွယ်ခဲ့သူဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုမှာ ကျွမ်းကျင်တဲ့ နိုင်ငံတကာ ကုန်သွယ်မှု ဥပဒေပညာရှင် လည်း ဖြစ်ပါတယ်။ လက်ရှိ Commerce Secretary Howard Lutnick က Bond market ကို ကောင်းကောင်းနားလည်တဲ့အပြင် ညှိနှိုင်းရေးမှာပါ လိမ္မာပါးနပ်သူဖြစ်လို့ ရက် ၉၀အတွင်း deal ၉၀ ရအောင် လုပ်ဖို့ မဖြစ်နိုင်စရာအကြောင်းမရှိကြောင်း၊ ဘဏ္ဍာရေးဝန်ကြီး Scott Bessent က ငွေကြေးကိစ္စတွေပါ အများကြီးဆွေးနွေးဖို့ရှိတဲ့ ဂျပန်နဲ့ တကိုရီးယားတို့နဲ့ ဦးဆောင်ဆွေးနွေးမှာ ဖြစ်ကြောင်း၊ Kevin Hassett ကလည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်တဲ့နေရာမှာ အလွန်အားထားရကြောင်း၊ အိမ်ဖြူတော်က Steven Miller က အားလုံးကို လှလှပပလေး coordinate လုပ်ပေးနေကြောင်း၊ ဒုသမ္မတ ဗန့်စ်ကလည်း ပန့်စ်လိုမဟုတ်ပဲ ပေါ်လစီပိုင်းကို နိုင်နင်းတဲ့အပြင် အမြင်သစ်တွေ ယူဆောင်လာကြောင်း၊ သမ္မတထရမ့်ကတော့ ညှိနှိုင်းဆွေးနွေးမှုပါရဂူဖြစ်ပြီး အသေးစိတ်ကအစ အလေးထားကြောင်း၊ မာကိုတို့ Hegseth တို့အပါအဝင် အစိုးရတဖွဲ့လုံးက လူတော်တွေချည့်ဖြစ်ပြီး လွှတ်တော်ကလည်း သမိုင်းမှာအကြီးဆုံး အခွန်လျော့တဲ့ ဥပဒေကြမ်းကို အတည်ပြုပေးလိုက်ပြီ ဆိုတော့ အမေရိကန်စီးပွားရေးက စိုးရိမ်စရာမရှိကြောင်း ပီတာက Fox News မှာ ပြောသွားပါတယ်။
တရုတ်က အမေရိကန်ရဲ့ Treasury Bond တွေ ထုတ်ရောင်းလာနိုင်မလားဆိုတာနဲ့ ပတ်သက်လို့ ဘဏ္ဍာရေးဝန်ကြီး Bessent က အဲဒီလိုရောင်းရင် ရလာတဲ့ပိုက်ဆံနဲ့ သူတို့ ဘာပြန်ဝယ်မလဲဆိုတာ ရယ်၊ ဒေါ်လာ Bond တွေထုတ်ရောင်းရင် သူတို့ငွေတန်ဖိုးတက်လာမှာနဲ့ အခု tariff ကြောင့် သူတို့ ငွေတန်ဖိုးကို ချနေတာနဲ့ဆိုတော့ အဲဒီလိုထုတ်ရောင်းဖို့ သိပ်မလွယ်ကြောင်း ပြောထားပါတယ်။ တရုတ်က ယွမ်ငွေကို ကမ္ဘာသုံးငွေကြေးဖြစ်ချင်လို့ တွန်းနေတာနဲ့ အခုလို ကုန်သွယ်မှုအကျိုးအမြတ် အတွက် ငွေဈေးကစားတာနဲ့က ဆန့်ကျင်ဖက်တွေ ဖြစ်နေပါတယ်။
Tariff ကောက်တယ်ဆိုတာ ကုန်သွယ်မှုတခုတည်းအပေါ်မှာမဟုတ်တဲ့ ရည်ရွယ်ချက်တွေလည်း အများကြီး ပါပါတယ်။ ဆွစ်ဇာလန်ဆိုရင် အမေရိကန်အပေါ် tariff တွေလည်း ပယ်ရှားပေးမယ်လို့ ကတိပြုတဲ့အပြင် ဆွစ်ဆေးကုမ္ပဏီက အမေရိကန်မှာ လာပြီး စက်ရုံဆောက် ရင်းနှီးမြှုပ်နှံဖို့ ကတိပြု ထားပြီးပါပြီ။ ဒါပေမယ့် ဒီမှာမပြီးပါဘူး။ ထရမ့်လိုချင်ကတာက ဆွစ်ဇာလန်မှာ ငွေသွားဖွက်ထားတဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ အကောင့်တွေကို ဖော်ဖို့လို့ တချို့က ခန့်မှန်းကြပါတယ်။ အဲဒီလို အချက်တွေကိုပါ ညှိနှိုင်းဆွေးနွေးမှုထဲ ထည့်လာနိုင်တာကို ပြောချင်တာပါ။
တရုတ်နဲ့ tariff လွန်ဆွဲနေကြတဲ့ပွဲမှာ တရုတ်ကိုမှ အထင်ကြီးတဲ့မှိုင်းမိနေသူများက အမေရိကန် နာလိမ့်မယ်လို့ပဲ ဇွတ်ပြောနေကြပါတယ်။ tariff စကြေငြာပြီး နာရီပိုင်း အင်မတန်စီးပိုး ဗိုလ်ကျလွန်းလို့ တကမ္ဘာလုံးက ခံမပြောရဲတဲ့ တရုတ် ရွာပြင်ရောက်သွားတာကို မမြင်လိုက်ကြလို့လား။ ဒါမှမဟုတ် တရုတ်လုပ်ရင် ဘာဖြစ်ဖြစ်ကောင်း၊ ထရမ့်လုပ်ရင် ဘာဖြစ်ဖြစ် ဆဲဖို့ သင်ကြားခံထားရလို့လား။ အမေရိကန်တဦးချင်း GDPက ၈၄,၅၉၀၊ တရုတ်တဦးချင်း GDP က ၁၃,၃၀၆၊ ၆ဆကျော်ကွာတယ်။ သန်း ၃၄၀သော အမေရိကန်တွေရဲ့ ဝယ်လိုအားက ၃.၂၆၇ ထရီလီယံ၊ ၁.၄ဘီလီယံရှိတဲ့ တရုတ်တွေရဲ့ ဝယ်လိုအားက ၂.၅၈၅ ထရီလီယံပဲရှိတယ်။ တရုတ်က လူဦးရေများပေမယ့် အလုပ်လုပ်နိုင်တဲ့လူဦးရေ ၁၃သန်းလျော့လာတဲ့အချိန်မှာ အိန္ဒိယက သန်း ၁၅၀တိုးနေတယ်။ အမေရိကန်က စွမ်းအင်အတွက် ပူစရာမလိုပေမယ့် တရုတ်က အများကြီးသွင်းနေရတယ်။
အရေးအကြီးဆုံးက ထရမ့်ရဲ့ အမေရိကန်မှာ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးရှိတယ်။ အဲဒါက အချိန်နဲ့အမျှ ပြောင်းလဲနေနိုင်တဲ့ ဈေးကွက်အခြေအနေပေါင်းများစွာကို လူတဦး/ တစုက ဘယ်လိုမှ လိုက်ညှိဖို့ မဖြစ်နိုင်တဲ့အပြင် လုံလောက်တဲ့ လွတ်လပ်မှုရှိရင် အခြေအနေမျိုးစုံပေါ်မှာ သူ့ဖာသာသူ ပြန်လည် တည့်မတ်နိုင်တဲ့ အားသာချက်ရှိတယ်။ နဲနဲပါးပါး ထိန်းဖို့လိုလာရင် ခေါင်းဆောင်နဲ့ မကြောက်ရပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ ပညာရှင်တွေရှိတယ်။ ဝိုင်းထောက်ပြကြမယ့် အသံတွေကို မပိတ်ပင်ထားတဲ့ X လို ဆိုရှယ်/မီဒီယာရှိတယ်။ အာဏာရှင်စနစ်မှာက အကြံပေးချင်ရင်တောင် အာဏာရှင်မကြိုက်ရင် ဘဝပျက်နိုင်တာ ဂျက်မားက သက်သေပါပဲ။
တရုတ်က သွင်းနေရတဲ့ကုန်အများစုကလည်း ဘယ်နိုင်ငံမဆို လုပ်နိုင်တဲ့ ကုန်စည်တွေများတော့ ဗီယက်နမ်က တရုတ်ရဲ့နေရာကို ရသလောက်ဝင်ကျုံးဖို့ ချက်ချင်း ကိုယ်စားလှယ်လွှတ့်ပြီး ဆွေးနွေးနေပါပြီ။ မက္ကဆီကိုဆိုရင် သယ်စရိတ်နည်းတော့ ပိုအလုပ်ဖြစ်နိုင်ပါတယ်။ တိုင်ဝမ်တို့ အိန္ဒိယတို့ကလည်း နောက်ကျတဲ့ခြေထောက် သစ္စာဖောက်လိုပါပဲ။ အမေရိကန်ရဲ့ ဈေးကွက်က တကမ္ဘာလုံးမှာ အကြီးဆုံးဖြစ်တော့ ဘယ်ဈေးသည်မှ ဝယ်နေကျဖောက်သည်သူဌေးနဲ့ မျက်နှာအပျက်မခံပါဘူး။ လောလောဆယ် ညှိနှိုင်းဖို့ စိတ်အားထက်သန်နေတဲ့ နိုင်ငံတွေအပေါ် tariff ၁၀% ကောက်မယ်ဆိုပေမယ့် ဈေးတွေ ၁၀% တက်သွားမယ်လို့လည်း ပြောလို့မရသေးပါဘူး။ ဝယ်သူဈေးကွက်မှာ ဝယ်လိုအား ကျမသွားအောင် အမြတ်လျော့ယူပြီး များများရောင်းရအောင် ဈေးကွက်ဝေစု ပိုရဖို့ ပြိုင်ဆိုင်ကြဦးမှာပါ။
အမေရိကန်ဈေးကွက်ကို မဝင်ရလည်း တခြားနိုင်ငံတွေမှာ ရောင်းမှာပေါ့လို့ လွယ်လွယ်တွေးလို့ မရပါဘူး။ တရုတ်ပစ္စည်းတွေကို အနောက်နိုင်ငံတွေ ချမ်းသာတဲ့နိုင်ငံတွေကပဲ အများဆုံးဝယ်တာပါ။ အမေရိကန်နဲ့ ကုန်သွယ်ရာမှာ အမြတ်ထွက်နေတဲ့ နိုင်ငံတွေက ဘက်ညီတဲ့ကုန်သွယ်ရေးဖြစ်ဖို့ အမေရိကန်ပစ္စည်းတွေ တိုးဝယ်ကြရမှာဖြစ်လို့ တရုတ်ဆီက ဝယ်လိုအား လျော့သွားမှာဖြစ်ပါတယ်။
Tariff လုပ်ဖို့၊ တရုတ်ကို ပညာပေးဖို့ နယ်စပ်ထိန်းချုပ်ဖို့၊ ပြည်တွင်းကုန်ထုတ်လုပ်မှု အားပေးဖို့ ၁၉၉၆- ၂၀၁၅အထိ ဒီမိုကရက်တွေ ပြောနေခဲ့ကြတာ အားရစရာကြီးပါ။ တကယ်ဖြစ်အောင်တော့ ဘယ်သူမှ မလုပ်ခဲ့ကြပါဘူး။ အဲဒီပါးစပ်တွေလည်း တရုတ်က ခွံ့ထားတာတွေနဲ့ အသံမထွက်ကြတော့ဘူးထင်ပါရဲ့။ လုပ်သင့်မှန်း သိနေတဲ့ကိစ္စတွေကို ကိုယ့်တုန်းက အဖြစ်ရှိအောင် မလုပ်နိုင်ပဲ လုပ်နိုင်တဲ့သူရှိလာတော့မှ ကန့်လန့်တိုက်ကြတာ သူတို့ကိုယ်ကျိုးစီးပွားနဲ့ ဆန့်ကျင်နေလို့ပဲ ဖြစ်မှာပါ။
တရုတ်က အလျော့မပေး၊ မဆွေးနွေးပဲ ရှေ့ဆက်တိုးလာခဲ့ရင် အဆုံးမှာ အမေရိကန်စတော့ မားကက် ကနေ တရုတ်စတော့တွေကို ထုတ်ပစ်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။ မတ်လ ၇ရက်နေ့ကအထိ အမေရိကန် စတော့မားကက်မှာ တရုတ်ကုမ္ပဏီပေါင်း ၂၈၆ခု ရှိပြီး တန်ဖိုးအားဖြင့် ၁.၁ ထရီလီယံ ဖြစ်ပါတယ်။ ဘဏ္ဍရေးဝန်ကြီး Scott Bessent က ဘဏ်လုပ်ငန်းရှင်များနဲ့အစည်းအဝေးမှာ တရုတ်နဲ့ မဟာမိတ်ပြုထားကြတဲ့ ကုမ္ပဏီတွေဟာ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလို ဖြစ်နေမယ်လို့ သတိပေးသွားပါတယ်။
Kevin O’Leary ကလည်း စတော့မားကက်မှာ တင်တာချင်းတူတူ သူက compliance အတွက် သန်းပေါင်းများစွာသုံးရ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ အသည်းအသန် ကြိုးစားနေရတဲ့အချိန်မှာ တရုတ်ကုမ္ပဏီတွေက လွယ်လွယ်ကူကူနဲ့ ရှဲဒီုးမန်းနီးတွေရနေတာ မဖြစ်သင့်ဘူးလို့ ပြောသွားပါတယ်။ တရုတ်အစိုးရက ခြတွေဆီ လိုင်းဝင်ထားတဲ့အတွက် ဒီက တရုတ်ကုမ္ပဏီတွေဟာလည်း မြန်မာနိုင်ငံမှာလိုပဲ အခွင့်ထူးခံဖြစ်နေကြပုံပါပဲ။