တရုတ်အစိုးရက မြေရှားသတ္တုတွေ တင်ပို့ရောင်းချခြင်းကို ရပ်ဆိုင်းခဲ့ပြီး အမေရိကန်က ဘိုးရင်းလေယာဥ်တွေနဲ့ အစိတ်အပိုင်းတွေ မှာထားတာ မယူတော့ဘူးလို့ ကြေငြာပါတယ်။ ရှီကိုယ်တိုင် စီးနေတာကတော့ B-2479 လို့ မှတ်ပုံတင်ထားတဲ့ ဘိုးရင်း 747-8 လေယာဥ်ပါ။ မြေရှားက Greenland မှာ အများဆုံးရှိပြီး အမေရိကန်၊ ကနေဒါနဲ့ တခြားနိုင်ငံတွေမှာလည်း ရှိကြပါတယ်။ ကွန်ဂိုက သူ့ရဲ့ ကိုဘော့၊ လစ်သူယံနဲ့ မြေရှားတွေကို အမေရိကန်ကို လာထုတ်ဖို့နဲ့ အပြန်အလှန်အားဖြင့် သူတို့ရဲ့ လုံခြုံရေးနဲ့ သူပုန်ပြဿနာတွေကို ကူညီပေးဖို့ ကမ်းလှမ်းထားပါတယ်။
ထရမ့်က ဖုံး၊ ကွန်ပြူတာ၊ microchip စတာတွေကို tariff ကောက်တဲ့ထဲ မပါဘူးလို့ ကြေငြာပါတယ်။ ကဗဖြစ်လိုက်တာမှာ ဆေးဝါးကစလို့ semi-conductor တွေအထိ ကိုယ့်ပြည်တွင်းမှာ မထုတ်နိုင်တာက နိုင်ငံတော် လုံခြုံရေးအထိပါ သက်ရောက်မှု ကြီးနိုင်တာကို သိမြင်လာကြပါတယ်။ ဒါကြောင့် ဆေးဝါး၊ semiconductor စတဲ့ ပြည်သူနဲ့ တိုင်းပြည်အတွက် အရေးပါတဲ့ ပစ္စည်းတွေကို သပ်သပ် စဥ်းစားဖို့ အစကတဲက ပြောထားတာဖြစ်ပြီး ကိုယ့်ပြည်တွင်းမှာ ထုတ်နိုင်တဲ့ အချိန် ရောက်လာတဲ့အထိ tariff မရှိပဲ သွင်းခွင့်ပေးနေဦးမယ်ထင်ပါတယ်။ Nvidia နဲ့ AMD တို့က အမေရိကန်မှာ semiconductor စက်ရုံတွေ လာဆောက်ပြီး ထုတ်လုပ်မယ်လို့ ကြေငြာထားပါပြီ။ ဆွစ်က Novartis ဆေးကုမ္ပဏီက အမေရိကန်မှာ ၂၃ဘီလီယံသုံးပြီး စက်ရုံ ၆ခု လာဆောက်မှာဖြစ်သလို အမေရိကန်က Eli Lily က ၂၇ ဘီလီယံဖိုး စက်ရုံတွေ လာမယ့် ၅နှစ်အတွင်း ဆောက်လုပ်သွားမှာပါ။ အမေရိကန်က Johnson & Johnson နဲ့ ဆွစ်ဆေးကုမ္ပဏီ The Basel တို့ကလည်း စက်ရုံတွေ လာဆောက်လုပ်ဖို့ ရှိနေပါတယ်။
တရုတ်နဲ့ အခြေအတင်ဖြစ်နေတဲ့ Tariff ကိစ္စနဲ့ ပတ်သက်ပြီး ၂၀၀၈ အိမ်ယာဈေးကွက် အကြပ်အတည်းအပါအဝင် Global events တွေကို ကြိုတင်ခန့်မှန်းခဲ့တဲ့ Hayman Capital Management ကို တည်ထောင်သူ/ အကြီးအကဲ Kyle Bass က တရုတ်စီးပွားရေး ပြိုလဲနိုင်တဲ့ အကြောင်းကို American Thought Leader မှာ ရှင်းပြသွားပါတယ်။ ကိုင်လ်က တရုတ်ပြည်ကို သုံးသပ်မယ်ဆိုရင် ပြည်တွင်းရေးကို ဘယ်လိုစီမံနေသလဲ၊ ပြည်ပရေးရာကို ဘယ်လိုကိုင်တွယ် နေသလဲဆိုတာ နှစ်ပိုင်းခွဲပြီး သုံးသပ်ရမှာဖြစ်ကြောင်း၊ တရုတ်အစိုးရဟာ ပြည်တွင်းမှာ သူတို့ရဲ့ ယွမ်ငွေကို သူတို့ကြိုက်သလို ရိုက်နှိပ်ပြီး ငွေလဲနှုန်းရော ပြည်ပကို ငွေစီးဆင်းမှုကိုပါ ထိန်းချုပ် ထားကြောင်း၊ သူတို့ရဲ့ ဘဏ်စနစ်ဟာ GDP ရဲ့ ၃.၅ဆ ဖြစ်ပြီး အမေရိကန်ရဲ့ ဘဏ်စနစ်က GDPရဲ့ ၁ဆပဲရှိကြောင်း၊ အဲဒါက သူတို့ရဲ့ ဘဏ်စနစ်မှာ လည်ပတ်နေတဲ့ Liabilities က Asset ထက် အများကြီးများနေတဲ့အတွက် ပိုင်သမျှအကုန်ရောင်းရင်တောင် ငွေအပ်ထားသူများရဲ့ ပိုက်ဆံတွေကို ပြန်ပေးနိုင်ဖို့ လုံးဝ မဖြစ်နိုင်ကြောင်း သုံးသပ်သွားပါတယ်။
တရုတ်ဘဏ်စနစ်က ကြွေးမြီတွေရဲ့ ၄၀% က အိမ်ချေးငွေတွေဖြစ်ပြီး ကျုံ့လာတဲ့ လူဦးရရေနဲ့ စီးပွားရေးကြောင့် အိမ်ဈေးကွက်က ၃၀-၅၀% ကျဆင်းနေတာဖြစ်တော့ လူတွေ ဘဏ်က ပိုက်ဆံတွေ ပြန်ထုတ်ကြရင် ပြန်ထုတ်ပေးနိုင်မှာ မဟုတ်ပါဘူး။ အိမ်ဈေးနဲ့ ဝင်ငွေကို နှိုင်းယှဥ်ကြည့်ရင်လည်း အလယ်အလတ်အိမ်ဈေးက အလယ်အလတ်တနှစ်ဝင်ငွေရဲ့ ၂၅ဆ ဖြစ်နေပါတယ်။ ဥပမာ တနှစ် ၁သိန်းဝင်ငွေရှိချိန်မှာ အိမ်ဈေးက ၂.၅သန်း ဖြစ်နေတာပါ။ အမေရိကန်မှာ ၂၀၀၈ အိမ်ယာဈေးကွက် အကြပ်အတည်းဖြစ်တုန်းကတောင် အလယ်အလတ်အိမ်ဈေးက အလယ်အလတ်ဝင်ငွေရဲ့ ၆.၆ဆ လောက်ပဲ ရှိပါတယ်။ အဲဒါကြောင့် တရုတ်ပြည်မှာ လူငယ်တွေ ကျောင်းပြီးလို့ အလုပ်ရရင်တောင် အိမ်ဝယ်ဖို့ဝေးလို့ အိမ်သပ်သပ် ငှားနေဖို့တောင် မလွယ်နေပါဘူး။ ဒါကလည်း လက်ထပ်မှုနှုန်း၊ ကလေး မွေးဖွားနှုန်းတွေ ကျဆင်းလာရခြင်းရဲ့ အဓိကအကြောင်းတခု ဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံမှာ လူဦးရေကို အရှိအတိုင်းထိန်းထားနိုင်ဖို့ မိန်းမတဦးကို မွေးဖွားနှုန်း ၂.၁ ရှိရမှာကို တရုတ်ပြည်မှာ ၁.၂ပဲ ရှိတာပါ။
အဲဒီလို အိမ်ဈေးတွေ မိုးပျံလာအောင်လည်း သူတို့ပဲ လုပ်ခဲ့တာပါ။ အမေရိကန်မှာ ဘိုင်ဒန်အစိုးရက GDP အတက်ပြနိုင်အောင်လို့ မရှိတဲ့အစိုးရအလုပ်တွေ၊ မလိုတဲ့ ပရောဂျက်တွေ ဖန်တီးပြီး ငွေဖြုန်း/ ဘုန်းပြခဲ့သလိုပဲ export heavy ဖြစ်တဲ့ တရုတ်ပြည်မှာ ပုံမှန်ပြည်တွင်းစားသုံးမှု/ သုံးစွဲမှုကို အားမပေးပဲ နိုင်ငံခြားပစ္စည်းဝယ်သုံးတာနဲ့စာရင် ကိုယ့်ပြည်တွင်းမှာပဲ ငွေစီးဆင်းအောင်နဲ့ GDP ပိုမြင့်အောင် အိမ်ယာဈေးကွက်မှာ မြှုပ်နှံကြဖို့ အားပေးခဲ့ကြပုံ ရပါတယ်။ ဒေသန္တရအစိုးရတွေက မြေတွေရောင်းလို့ ရတဲ့ပိုက်ဆံနဲ့ အသုံးစားရိတ်ရှာကြသလို အိမ်တွေဆောက်တော့ အိမ်ဆောက်ပစ္စည်းတွေရောင်းရ၊ အလုပ်တွေရ၊ ဘဏ်တွေကလည်း ငွေချေးရဖြစ်ပြီး GDP လည်း တက်ပါတယ်။
ဆောက်လုပ်သူတွေက အိမ်ဈေးတွေ မတရားတက်သလို လုပ်ပြတော့ ငွေပိုရှိသူတိုင်း အိမ်ဈေးကွက်မှာ မြှုပ်နှံကြပါတယ်။ နောက်ပိုင်းမှာ ပြည်တွင်းစားသုံးမှုတက်ဖို့ကို အားမပေးတော့ ရေရှည်ခံတဲ့ တနိုင်တပိုင် လုပ်ငန်း/ ဝန်ဆောင်မှုလေးတွေ မဖြစ်ထွန်းလာပဲ တကယ်နေမယ့်သူမရှိ၊ ဝယ်မယ့်သူမရှိ ဖြစ်လာပြီး ဆောက်ပြီး/ဆောက်လက်စ ဒီတိုင်း ပစ်ထားရတဲ့ နေသူမဲံ့မြို့/အိမ်ယာတွေ အများကြီး ဖြစ်လာပါတယ်။ တက်သမျှ GDP က organic မဟုတ်ပဲ တိုးသမျှ ဓနကလည်း ထိပ်ပိုင်းကလူတွေ လက်ထဲကိုပဲ ရောက်သွားပါတယ်။ သာမာန်ပြည်သူတွေက ဒူးနဲ့ မျက်ရည် သုတ်နေကြရတာပါပဲ။ ဒါတွေရေးပြတာက သင်ခန်းစာယူနိုင်အောင်လို့ပါ။
တရုတ်ကုမ္ပဏီတွေ အမေရိကန်စတော့ဈေးကွက်တွေမှာ တင်ထားတာနဲ့ ပတ်သက်ပြီး သိသင့်တာက အမေရိကန်စတော့မားကက်မှာ နိုင်ငံခြားက နည်းပညာ၊ အင်တာနက်၊ မီဒီယာစတဲ့ sector တွေမှာ နိုင်ငံခြားသားပိုင်ဆိုင်မှု ကန့်သတ်ထားတဲ့အတွက် Variable Interest Entity VIE တွေကို အသုံးပြုပြီး ADR listing ရအောင် လုပ်ကြပါတယ်။ အဲဒါဟာ စတော့အစစ်မဟုတ်တဲ့အတွက် နိုင်ငံခြားကုမ္ပဏီ ဒေဝါလီခံသွားရင် ဒီက သူတို့စတော့ကို ဝယ်ထားသူတွေက ဘာရပိုင်ခွင့်မှမရှိသလို အမေရိကန် public ကုမ္ပဏီတွေ မဖြစ်မနေ ဖြတ်သန်းရတဲ့ PCAOB covered audit ကိုလည်း ဖြတ်သန်းဖို့ မလိုပြန်ပါဘူး။ ၂၀၁၃ မေလမှာ တရုတ်နဲ့ အမေရိကန်ကြား နှစ်များစွာ ဆွေးနွေးပြီးမှ ရလာတဲ့ သဘောတူညီချက်အရ အမေရိကန် auditor တွေဟာ တရုတ်ကပေးတဲ့ စာရွက်တွေကိုပဲ အတည်ယူရမှာဖြစ်ပြီး ဘဏ်ကို ဖုံးခေါ် လှမ်းစစ်တာမျိုး လုပ်ခွင့်မရှိပါဘူး။ အမေရိကန်စတော့အိတ်ချိန်းမှာတောင် ဒီလောက် ဗိုလ်ကျနေတာဆိုတော့ မြန်မာပြည်လိုနိုင်ငံမျိုးမှာ တဖက်စောင်းနင်း အနိုင်ကျင့်တာလောက်က စာမဖွဲ့လောက်ပါဘူး။
ပြည်တွင်းမှာ ပြဿနာတက်နေတဲ့ နိုင်ငံတွေမှာ လုပ်လေ့ရှိတာက စစ်တခုခု ထတိုက်ကြတာပါပဲ။ တကယ်ပဲဖြစ်ဖြစ် proxy ပဲဖြစ်ဖြစ်ပေါ့။ စစ်တိုက်ခြင်းအားဖြင့် စစ်နိုင်ပြီး ရည်ရွယ်ချက် အထမြောက်ရင် အကျိုးရှိနိုင်သလို အနည်းဆုံးတော့ စစ်ဖြစ်နေစဥ်မှာ ပြည်သူတွေကို မျိုးချစ်စိတ်တွေ ထက်သန်ဖို့ ညာသံပေးရင်း၊ အုပ်ချုပ်သူရဲ့ အသုံးမကျမှုကို အာရုံလွှဲရင်း ပြည်သူ့ထောက်ခံမှု ပြန်ရဖို့ ကြိုးစားကြတာဖြစ်ပါတယ်။ တရုတ်နဲ့ Tariff ကိစ္စမှာလည်း ငှက်ပျောအူစုပ်ဖို့ အဲလေ သစ်ခေါက်စားဖို့ ပြင်နေကြပြီဖြစ်တဲ့ ပြည်သူတွေကို ဒီနည်းသုံးပြီး တိုင်ဝမ်ကို ကျူးကျော်လာနိုင်တယ်လို့လည်း ခန့်မှန်း နေကြပါတယ်။ နောက်တချက်က ဒီလောက်တင်းမာနေပြီဆိုတော့ အမေရိကန်နဲ့ ထူးပြီး မျက်နှာပျက်စရာ မရှိတာကြောင့်လည်း စစ်တိုက်နိုင်တယ်လို့ ဆိုကြပါတယ်။
အမေရိကန်အပိုင်းမှာတော့ ၂၀၀၉ခုနှစ် မတိုင်ခင်က Federal Reserve ရဲ့ Balance Sheet ဟာ ၁ထရီလီယံအောက်မှာပဲ ရှိနေခဲ့တာပါ။ အဲဒါကနေ ၁၅နှစ်အတွင်း ၉ထရီလီယံအထိ ဖြစ်လာပါတယ်။ ၅ထရီလီယံက ၂၀၂၀နှောင်းပိုင်းမှာ ကဗကြောင့်နဲ့ ဒီမိုကရက်တွေ လွှတ်တော် ၂ရပ်နဲ့ အိမ်ဖြူကို အုပ်စီးထားတဲ့ ၂၀၂၁-၂၂ ကြားမှာ တက်သွားခဲ့တာပါ။ ဂျိုးမန်ချင်သာ မကန့်ကွက်ခဲ့ရင် ၁၀-၁၁ ထရီလီယံလောက်အထိ ဖြစ်သွားမှာပါ။ အဲဒီလို မတရား ငွေတွေရိုက်၊ မတရားသုံး၊ မတရားဘုန်း ခဲ့ကြလို့ ငွေဖောင်းပွမှုဟာ အချိန်တိုအတွင်း ၄၀-၅၀% လောက် တက်သွားခဲ့တာပါ။ ကမ္ဘာသုံး ငွေကြေးဖြစ်တဲ့ US$ က အဲဒီလောက် ဖောင်းပွလာပြီဆိုရင် တကမ္ဘာလုံးကို အဖျားခတ်ပါတယ်။ တကမ္ဘာလုံးက ဒေါ်လာနဲ့ ကုန်သွယ်ကြရတာဖြစ်တော့ ကိုယ့်ငွေက မာနေရင် အရှုံးပြမှာဖြစ်လို့ တကမ္ဘာလုံးမှာ ငွေဖောင်းပွမှုတွေ ဆင့်ကဲဆင့်ကဲ ဖြစ်လာပါတယ်။ ကမ္ဘာတဝှမ်းက ဒေါ်လာအပေါ် အားထားနေရသူကုန်သည်များနဲ့ စုသူများ၊ စားသုံးသူများ ရန်သူအစစ်ကို မြင်ဖို့လိုပါတယ်။
တရုတ်က ရေနံစိမ်းစည် ၁၃သန်းနဲ့ ဓါတ်ငွေ့ရည် ၉ ဘီလီယံကုဗပေ၊ အစားအစာရဲ့ ၄၀% စတာတွေကို နေ့စဥ်နေ့တိုင်း ဒေါ်လာနဲ့ ဝယ်ယူ တင်သွင်းနေရတာဖြစ်လို့ အမေရိကန်နဲ့ ကုန်သွယ်မှုကနေ ဒေါ်လာ ရရှိမှုဟာ အင်မတန် အရေးကြီးပါတယ်။ အင်မတန် ကိန်းခန်းကြီးလှတဲ့ ရှီက သူနိုင်လောက်တဲ့ နိုင်ငံတွေကို မျက်နှာချိုသွေးခရီးစဥ် ဖုတ်ပူမီးတိုက် ထထွက်ရတာရယ်၊ လေယာဥ်အသစ်/ အစိတ်အပိုင်းတွေ မဝယ်တော့တာရယ်၊ မြေရှားအရောင်းကို ကန့်သတ်လိုက်တာရယ်က သူ့ဘက်က ဖဲချပ်တွေ ကုန်သလောက်ဖြစ်နေပါပြီ။ မြေရှားက အမေရိကန်အတွက် အများကြီး အရေးပါပြီး တရုတ်က မြေရှားသန့်စင်တာအားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားတာဆိုပေမယ့် tariff ကြောင့် တနှစ်ကို ဘီလီယံ ၇၀၀ အနည်းလေးပိုဝင်မယ့် ထရမ့်ဘက်မှာ တရုတ်စတော့တွေကို အမေရိကန်ဈေးကွက်ကနေ delist လုပ်တာ၊ ဆွစ်ဇာလန်ဘဏ်တွေက ရှီနဲ့ ဆွေမျိုးတွေ ချမ်းသာမှုတွေဖော်တာတွေကစလို့ ဖဲချပ်တွေ ကျန်ပါသေးတယ်။ Tariff လျော့ဖို့ လာရောက်ညှိနှိုင်းတဲ့ နိုင်ငံပေါင်းလည်း ၁၃၀ကျော်သွားပါပြီ။
ဒီကနေ့ ထရမ့်က တိုင်းပြည်တွင်းမှာ တရားမဝင်နေထိုင်တဲ့ သူတွေထဲက လူဆိုး၊ သူခိုး၊ လူသတ်၊ မုဒိမ်းကောင်တွေကို အရင်ဆုံးဖမ်းဆီး နယ်နှင်ခဲ့ပြီးနောက်မှာ ကိုယ့်ဖာသာကိုယ် တရားမဝင်အဖြစ် သတင်းပို့ပြီး ပြန်ဖို့ပြင်တဲ့သူတွေထဲက ပြည်တွင်းမှာရှိစဥ် ကောင်းမွန်စွာ နေထိုင်ခဲ့သူတွေကို ပိုက်ဆံနဲ့ လေယာဥ်လက်မှတ်ပေးမယ်လို့ ကြေငြာလိုက်ပါတယ်။ တရားမဝင် အလုပ်သမားတွေအပေါ် အဓိက အားထားနေရတဲ့ စိုက်ပျိုးရေးလို ဟိုတယ်လို လုပ်ငန်းမျိုးတွေက အလုပ်ရှင်တွေဟာ သူတို့ရဲ့ အလုပ်သမားတွေကို တရားဝင် ပြန်ခေါ်နိုင်ရန် ချိတ်ဆက် ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပါတယ်။