ဒီကနေ့ အိမ်ဖြူရဲ့ Covid-19 website ကို ဘိုင်ဒန်-ဖောက်ချီတို့ရဲ့ အဖုံးအဖိ အလိမ်တွေအစား တကယ်ဖြစ်ခဲ့တဲ့ အဖြစ်မှန်တွေနဲ့ ပြောင်းလဲ ဖြည့်သွင်းထားလိုက်ပါတယ်။ ထိပ်ဆုံးမှာ ရေးထားတာ ကတော့ အဲဒီပိုးရဲ့ လက္ခဏာတွေဟာ သဘာဝမှာ တွေ့ရတာမျိုးတွေ လုံးဝ မဟုတ်ပါတဲ့။ မတော်တဆ ထွက်လာတာမျိုးလည်း မဟုတ်ပဲ လူ့ကိုယ်ထဲ ကူးအောင် တမင်စလုပ်ခဲ့တာဖြစ်ကြောင်း ဒေတာတွေက ပြနေတယ်လို့လည်း ဆိုပါတယ်။ ဖတ်ချင်ရင် link ကို comment မှာပေးပါမယ်။
တရုပ်ဖက်က Li Chenggang ကို နိုင်ငံတကာကုန်သွယ်ရေး ထိပ်တန်းညှိနှိုင်းရေးမှုးသစ်အဖြစ် ခန့်အပ်လိုက်ပြီး တရုပ်အစိုးရက ကုန်သွယ်ရေးညှိနှိုင်းမှုတွေ ပြန်လည်စတင်ဖို့ ဆန္ဒရှိကြောင်း၊ ဒါပေမယ့် condition တွေအများကြီး ပါလာမှာဖြစ်ကြောင်း Bloomberg ကို ပြောသွားတယ်လို့ အမည်မဖော်နိုင်တဲ့ ရင်းမြစ်တွေက ဆိုပါတယ်။ ရှီက သူ့မာနကြောင့် ထရမ့်ကို စပြီးဆက်သွယ်မှာ မဟုတ်ပေမယ့် တပည့်တွေကတဆင့် ဆက်သွယ်လာတာမျိုးတော့ ဖြစ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။
တရုပ်ပြည်က လုပ်ငန်းရှင်တွေ၊ လုပ်သားတွေကတော့ စီးပွားရေးလုပ်နေတာ မာနထားရင် ငါတို့ပဲ ခံရမှာပေါ့၊ ခုအလိုက်အထိုက်ဆက်ဆံပြီး နောက်မှ ပြန်ချေပေါ့လို့ ဆိုကြပါတယ်။ အာဏာရှင်နိုင်ငံမှာ ပြည်သူဘက်ကို ငဲ့ကြည့်တယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီဘက်မှာတော့ တရုပ်ဘက်က စ မလျှော့ရင် အမေရိကန်က ကုန်သွယ်မှု ဆွေးနွေးနေတဲ့ နိုင်ငံတွေကိုပါ တရုပ်ကို ဖယ်ကျဥ်ထားဖို့ ကတိတောင်းတာမျိုး လုပ်လာတာဟာ ဖြစ်နိုင်ခြေတခု ဖြစ်လာနေပါတယ်။
Federal Reserve ဥက္ကဋ္ဌ Jerome Powell က ထရမ့်ရဲ့ Tariff ကြောင့် ငွေဖောင်းပွမှု မြင့်တက်လာနိုင်ပြီး တိုးတက်မှု နှေးကွေးသွားနိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။ တကယ်တမ်းသူ့တာဝန်က သမ္မတရဲ့ ပေါ်လစီတွေနဲ့ ဟန်ချက်ညီညီ အတိုးနှုန်း၊ ငွေတန်ဖိုး စတာတွေကို ထိန်းညှိပေးရမှာပါ။ ပေါင်းဝဲလ်က ရွေးကောက်ခံ သမ္မတကို ကူညီရမယ့်အစား စင်ပြိုင်လို ဒီမိုကရက်တွေရဲ့ လက်ကိုင်ဒုတ်လို လုပ်လာနေတာကြောင့် ထရမ့်က နှုတ်ထွက်စေချင်တာကို မျက်နှာပြောင်နဲ့ ရာထူးကို ဆက်လက်ဖက်တွယ်နေတာ ဖြစ်ပါတယ်။
ဥရောပဗဟိုဘဏ်တွေက ဘဏ်တိုးနှုန်းကို ၂.၅% လောက်အထိ ချနေတဲ့အချိန်မှာ ပေါင်းဝဲလ်က ၄.၅% ကနေ ချပေးဖို့ ထရမ့်က ပြောတာကို ငြင်းဆန်ခဲ့ပါတယ်။ အတိုးနှုန်း နိမ့်တာက လုပ်ငန်းရှင်တွေ ငွေချေးယူရာမှာ ကုန်ကျစားရိတ် သက်သာတဲ့ အတွက် တိုင်းပြည်စီးပွားရေးယန္တရား လည်ပတ်မှု သွက်လက်စေဖို့ အထောက်အကူ ဖြစ်ပါတယ်။ ခုအခါ ငွေဖောင်းပွမှုကလည်း ကျဆင်းနေပြီ ဖြစ်ပြီး ငွေဖောင်းပွမှုရဲ့ အဓိကတရားခံဖြစ်တဲ့ အစိုးရအသုံး/အဖြုန်း/အဘုန်းများခြင်းတွေကိုလည်း DoGE က ရှင်းလင်းပေးထားပြီဖြစ်လို့ ငွေဖောင်းပွမှုကိုထိန်းဖို့ အတိုးနှုန်း မချတာပါလို့လည်း ပြောမရတော့ပါဘူး။ ပြောရရင် ၂၀၂၁-၂၂ ဒီမိုကရက်တွေ ကြီးစိုးတုန်းက ဘဏ်စနစ်ထဲကို ၅ထရီလီယံလောက် ရိုက်ထည့် လိုက်ပြီး ဝိုင်းလိမ်/ခိုးကြလို့ ငွေဖောင်းပွမှု ဆောင့်တက်သွားတာ ပေါင်းဝဲလ်လက်အောက်မှာပါ။
ဟားဗတ်ကို ဂရန့် ၂.၇သန်း ဖြတ်တောက်လိုက်တယ်ဆိုတဲ့ကိစ္စက ထရမ့်အစိုးရက ကြေငြာထားသလိုပဲ ဖက်ဒရယ်အစိုးရရဲ့ ဂရန့်တွေ၊ အထောက်အပံ့တွေ ရယူနေတဲ့ တက္ကသိုလ်တွေအားလုံးဟာ သူတို့ရဲ့ ကျောင်းဝင်ခွင့်တွေ၊ ဝန်ထမ်းခန့်ထားတာတွေ အကုန်လုံးမှာ အရည်အချင်းထက် အသားအရောင်၊ လိင်၊ လိင်ဆက်ဆံမှုအကြိုက်ပေါ် မူတည်ပြီး ရွေးချယ်တဲ့ DEI အစီအစဥ်တွေကို ပယ်ဖျက်ကြရမှာ ဖြစ်ပါတယ်။ ပယ်ဖျက်ဖို့ ငြင်းဆိုခဲ့ရင် ပြည်သူ့အခွန်ထဲက ပေးရမယ့်အထောက်အပံ့တွေကို ရရှိခွင့် ဆုံးရှုံးမှာပါ။ ဒါ့အပြင် ကျောင်းဝင်းထဲ ဂျူးဆန့်ကျင်ရေးနဲ့ ဆူပူသောင်းကျန်းတာတွေ လုပ်တဲ့ နိုင်ငံခြား ကျောင်းသားတွေကိုလည်း ပြည်ထဲရေးကို သတင်းပို့ရမှာဖြစ်ပြီး နိုင်ငံခြားရေးက ဗီဇာရုတ်သိမ်းမှာ ဖြစ်ပါတယ်။ ကျောင်းက သတင်းပို့ဖို့ ပျက်ကွက်ရင် ကျောင်းကိုပေးမယ့် ဂရန့်တွေ အထောက်အပံ့တွေ ဖြတ်တောက်ခံရမှာ ဖြစ်ပါတယ်။
ဂျူးဆန့်ကျင်ရေးသမားတွေဟာ ဂျူးကျောင်းသားတွေကို ကျောင်းမှာ မနေရဲ၊ မတက်ရဲလောက်အောင် ရန်ပြုနှောက်ယှဥ်ကြပြီး အမေရိကန်တွေကို သတ်ဖြတ်ချင်နေကြတဲ့ ဟာမာ့စ်တွေဘက်က ရပ်တည် ကြပါတယ်။ အမေရိကန်စံနဲ့ တန်ဖိုးထားတာချင်းမတူတဲ့အပြင် အမေရိကန်ကို အခွင့်ရတိုင်း ရန်ပြုချင်ကြတဲ့ ဟာမာ့စ်တွေကို အမေရိကန်က အကြမ်းဖက်တွေအဖြစ် သတ်မှတ်ထားတာပါ။ အမေရိကန်စံတွေကို ဆန့်ကျင်ပြီး အကြမ်းဖက်အဖြစ် သတ်မှတ်ထားသူတွေကို သတင်းမပို့ရင် အခွန်ကင်းလွတ်ခွင့်နဲ့ နိုင်ငံခြားက ကျောင်းသားလက်ခံခွင့်တွေကိုပါ ရုတ်သိမ်းသွားမယ်လို့ ထရမ့်အစိုးရက ခြိမ်းခြောက်ထားပါတယ်။
ဟားဗတ်တို့လို ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက ဒီမိုကရက်ပါတီရဲ့ အခွန်လည်းလွတ်၊ ဥပဒေလည်း လိုက်နာစရာမလိုတဲ့ ဝါဒဖြန့်လက်တံတခု ဖြစ်လာနေတာ တရုတ်ရဲ့ စနက်နဲ့ မကင်းပါဘူး။ အမေရိကန်နဲ့ ကုန်သွယ်ရေးကရတဲ့ အမြတ်တွေနဲ့ အမေရိကန်ကို ဖျက်ဆီးဖို့ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ကြတာပါ။ ဒါကြောင့်လည်း ဒီမိုကရက်ပါတီရော အဆိုပါတက္ကသိုလ်ကြီးများရဲ့ အုပ်ချုပ်သူတွေ ဆရာတွေရောက တရုတ်ဘောမတွေ ဖြစ်နေကြတာပါ။ UN, WHO အစရှိတဲ့ နိုင်ငံတကာအဖွဲ့ကြီးများက တရုတ်အစေခံ ဖြစ်နေတာ အားလုံးသိကြတဲ့အတိုင်းပါပဲ။
တရုပ်စီစီပီဟာ ဥရောပမှာ ပြင်သစ်၊ ဂျာမဏီ၊ ယူကေတို့ကို ပစ်မှတ်ထားနေသလို မြောက်အမေရိကမှာ ကနေဒါကို ပစ်မှတ်ထားပါတယ်။ ကနေဒါကို ရွေးရတဲ့အကြောင်းက အမေရိကန်ပြည်ထောင်စုနဲ့ ကပ်နေလို့ ဖြစ်သလို စီစီပီက ထဲထဲဝင်ဝင် ထိုးဖောက်ဝင်ရောက်ထားတာကြောင့်လည်း ဖြစ်ပါတယ်။ Diaspora Research က ထုတ်ပြန်တဲ့ တွေ့ရှိချက်တခုမှာ စီစီပီက ချုပ်ကိုင်ထားတဲ့ ထောက်လှမ်းရေး ကွန်ယက် United Front Work System နဲ့ ကနေဒါက ထိပ်တန်းအစိုးရအဖွဲ့ဝင်တွေ ပတ်သက်မှုကို ခြေရာခံမိထားပါတယ်။
အထူးသဖြင့် Trudeau က ၂၀၁၆မှာ ဆီနိတ်တာအဖြစ် ခန့်ထားလိုက်တဲ့ British Columbia က Yuen Pau Woo ဟာ စီစီပီရဲ့ အဆက်အသွယ်တွေကို ကနေဒါက institution တွေထဲ လိုက်ထည့်ပေးနေတဲ့ အဓိကလူဖြစ်ပါတယ်။ ဝူက စီစီပီရဲ့ တရုပ်ပြည်သူ့လွတ်လပ်ရေးတပ်မတော် PLA နဲ့ ချိတ်ဆက်မှု ရှိနေတဲ့ Poly Group ကို ကနေဒါကို ဝင်လာနိုင်အောင် ကူညီပေးခဲ့တာပါ။ ဝူဟာ သန်းပေါင်းများစွာ တန်တဲ့ Vancouver မှာ ရုံးစိုက်တဲ့ စီစီပီပိုင် လျို့ဝှက်အဖွဲ့အစည်းတခုမှာ partnership လည်း ရထားပြီး အဲဒါတွေ အားလုံးဟာ British Columbia ရဲ့ဝကချုပ် Christy Clark အုပ်ချုပ်ချိန်မှာ ဖြစ်သွားတာပါ။
၂၀၂၀မှာ ရရှိခဲ့တဲ့ လျို့ဝှက်အသံဖိုင်တခုမှာ Yuen Pau Woo က စီစီပီရဲ့ United Front activists တွေကို စုံစမ်း စစ်ဆေးခံရတာမျိုးကနေ သူကာကွယ်ပေးမှာဖြစ်ကြောင်း၊ United Front အဖွဲ့အစည်းတွေဟာ ကနေဒီယန်တရုပ် ကိုယ်စားလှယ်တွေ ဖက်ဒရယ်ရကပတွေမှာ အရွေးခံရအောင် ကူညီပေးဖို့ ဘေကျင်းက ထောက်ခံထားတာဖြစ်ကြောင်း ကတိပေးသွားပါတယ်။ Yuen Pau Woo ဟာ ကနေဒါက အာရှ-ပစိဖိတ် ဖောင်ဒေးရှင်းနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး စီစီပီရဲ့ ထောက်လှမ်းရေးလက်တံဖြစ်တဲ့ International Liaison Department က တတ်သိပညာရှင်တွေ အတော်များများနဲ့လည်း ရင်းနှီးသူ ဖြစ်ပါတယ်။
နောက်တဦးကတော့ BC ဝန်ကြီးဟောင်း Theresa Watt ဖြစ်ပါတယ်။ သူက Belt & Road Cooperation ကို BC အထိ ဆွဲခေါ်လာသူဖြစ်ပြီး နောက်တော့ ဟွားဝေမှာ သွားရောက်လုပ်ကိုင် ခဲ့ပါတယ်။ သူက တရုပ်လက်အောက်ခံ ကိုယ်စားလှယ် အဖွဲ့တွေမှာ ပါဝင်ခဲ့ပြီး တရုပ်ပြည်တွင်း မီဒီယာမှာ လုပ်ခဲ့သူဖြစ်ပါတယ်။
နောက်ထပ်တွေ့ရှိထားသူကတော့ လက်ရှိ BC ဝကချုပ်ရဲ့ အကြံပေး Ding Guo က ရှန်ဟိုင်းက ဂျာနယ်လစ်တဦးဖြစ်ခဲ့ပြီး BC တရုပ်ဘာသာမီဒီယာနဲ့ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့တွေမှာ ခေါင်းဆောင်မှု နေရာက ပါဝင်လာသူပါ။ သူ့ရဲ့ Canadian Committee of 100 က ၂၀၁၉ ကနေဒါ ဖက်ဒရယ် ရကပမှာ မဲဆန္ဒရှင်တွေကို “ပညာ”ပေးတာ၊ ရန်ပုံငွေရှာတာနဲ့ မဲပေးဖို့ လှုပ်ရှားခဲ့တာတွေကြောင့် စီစီပီရဲ့ တရားဝင်မီဒီယာတွေမှာ အကြီးအကျယ် ချီးမြှောက်ခံရပါတယ်။ ဒီမှာ ဇကာပေါက် ၂၀၂၀တုန်းက လုပ်ခဲ့သလိုမျိုးနေမှာပေါ့။
Kenny Jong ဆိုသူ Rise Media က သတင်းထောက်ကလည်း တရုပ်ဆဲလ်ပါပဲ။ သူကတော့ ၂၀၂၁ ရကပမှာ တရုပ်သစ္စာခံတွေ အနိုင်ရအောင် အဓိကလှုပ်ရှားခဲ့သူပါ။ သူက လစ်ဘရယ်ပါတီက Parm Baines ကို ပြိုင်ဖက် ကွန်ဆာဗေးတစ်ပါတီက အမတ်ကို အနိုင်ရအောင် ကူညီခဲ့တာပါ။ ၂၀၂၅ ရကပက လာတော့မှာဆိုတော့ အခုလို တရုပ်က နောက်ကွယ်က ကြိုးကိုင်နေတာတွေကို ကနေဒါသူ/ သားတွေ သိကြဖို့ အထူးလိုအပ်ပါတယ်။
စစ်ရေးအားဖြင့်ဆိုရင်လည်း တရုပ်က ရုရှားဘက်ကနေ ယူကရိန်းကို ဝင်တိုက်ပေးနေသလို အမေရိကန်တပ်တွေကို တိုက်ခိုက်နေတဲ့ ယီမင်က ဟူသီစစ်သွေးကြွတွေကို တရုတ်ကုမ္ပဏီက ဂြိုလ်တုက ပုံတွေနဲ့ ကူညီပေးနေကြောင်း၊ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ပြောဆိုအပြီး မှာတောင် ဆက်လက်ပြီး ကူညီနေသေးကြောင်း နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ Tammy Bruce က ပြောသွားပါတယ်။ ဟူသီတွေရဲ့နောက်မှာ အီရန်ရှိတော့ အမေရိကန်ရဲ့ ရန်ဘက်တိုင်းနဲ့ တရုပ်က ခွဲမရသလို ဖြစ်နေပါတယ်။ အီရန်ကို ရေနံမရောင်းဖို့ ဆန်ရှင်လုပ်ထားတော့လည်း အီရန်နဲ့ ဗင်နီဇွဲလားက ရေနံကို မလေးရှားကနေတဆင့် တရုပ်က ရအောင်ဝယ်ခဲ့တာပါ။
တရုပ်က AI ကို စစ်ရေးမှာအသုံးပြုဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေနဲ့ ဆက်စပ်ကြည့်နိုင်တာက ဒီတပတ်ထဲ ဇကာဘတ်အကြောင်း ဖောက်ချသွားတဲ့ FB မှာ ၂၀၁၁-၁၇အထိ Global Public Policy Director လုပ်ခဲ့တဲ့ Sarah Wynn-Williams ရဲ့ လွှတ်တော်မှာ ထွက်ဆိုချက်ပါ။ တရုပ်နိုင်ငံသားတွေနဲ့ ထိတွေ့ဆက်ဆံမှုရှိလာတဲ့ အမေရိကန်တွေရဲ့ ဒေတာတွေကို ဖဘက တရုပ်ကို ပေးရကြောင်း၊ ဖဘ သုံးသူတွေရဲ့ ဒေတာ၊ ကိုယ်ရေးအချက်အလက် တွေကို တရုပ်ပြည်မှာ ဒေတာစင်တာတွေဆောက်ကာ လိုလိုလားလား သိမ်းဆည်းပေးထားပြီး တရုပ်အစိုးရကို ဝင်ခွင့်ပေးထားကြောင်း၊ စီစီပီအရာရှိတွေကို အမေရိကန်မှာ အစည်းအဝေးတက်ဖို့ လေယာဥ်နဲ့ သွားပင့်ရကြောင်း၊ တရုပ်အရာရှိတွေကိုလည်း AI နဲ့ပတ်သက်ပြီး မကြာမကြာ briefing ပေးရတာမျိုးတွေ ရှိကြောင်း၊ ဇကာဘတ်က တရုပ်ပြည်မှာ ၁၈ဘီလီယံ business လုပ်မှာနဲ့ အကျိုးအမြတ် များဖို့ တရုပ်အစိုးရကို ဖားနေတာဖြစ်ကြောင်း ဆာရာက အစစ်ခံသွားပါတယ်။
တရုပ်က အမေရိကန်ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေတာက ထရမ့်ကြောင့်/ အနီ/ အပြာကြောင့် အဲဒီလိုမဟုတ်ပါဘူး။ ဒီမိုကရေစီရှိနေသေးတဲ့တိုင်းပြည်က သူတို့ရန်သူပါပဲ။ အမေရိကန်က လွတ်လပ်မှုရဲ့ မီးရှူးတန်ဆောင်ဖြစ်နေတော့ ပိုမဲတာပါ။ ဒီမိုကရက်တွေ တရုပ်ကြောက်တာက မအလတို့လိုပဲ ခိုးစားထားလို့ ကြောက်နေကြတာပါ။ ကုန်သွယ်ရေးကိစ္စနဲ့ တရုပ်ဖက်က ဖျင်ဝင်နာနေသူများက ဒီမိုကရေစီဘက်သားလား အာဏာရှင်ဘက်သားလားဆိုတာ ကိုယ့်ဖာသာကိုယ် ကွဲကွဲပြားပြား ဆန်းစစ်ဖို့ လိုပါတယ်။