ဧပြီ ၂၁ ရက် ၂၀၂၅

ဒီနေ့ မီဒီယာက ဖွတဲ့သတင်းတခုက ကာ/ဝန် Pete Hegseth က Signal chat leak ဖြစ်ပြန်ပြီဆိုတာပါ။ သူတို့ကိုးကားတဲ့ အမည်မဖော်နိုင်တဲ့ ရင်းမြစ်တွေဆိုတာက အဲဒီချက်ထဲမှာ ပါနေခဲ့တဲ့ သောက်ြာနေ့က အဖြုတ်ခံလိုက်ရတဲ့ အကြီးတန်းအကြံပေး ၂ဦးကို ကိုးကားတာပါ။ ဖြုတ်လိုက်ရတာက သတင်းပေါက်ကြားမှုနဲ့ပါ။ အရင်တခါကလည်း တကယ်တာဝန်ရှိတာက တဦး၊ မီဒီယာက မဲကြတာက ကာဝန်၊ ဘာလို့မဲတာလဲဆိုတော့ ကာဝန်က ဝုခ်ဖြစ်နေ ခြစားနေတဲ့ ပန်တဂွန်ကို အခြေခံကျကျ ပြောင်းလဲပေးနေတော့ military industrial complex နဲ့ ပွပေါက်တိုးနေကြတဲ့ နှစ်ပါတီ ခြတွေ ခွက်ပျောက်မှာစိုးလို့ပါပဲ။ အောက်ခြေကတော့ သမ္မတနဲ့ ကာဝန်သစ်ရဲ့ ခေါင်းဆောင်မှုအပေါ် ဘယ်လောက် ယုံကြည်ကြသလဲဆိုရင် ထရမ့်တက်ပြီးမှ တပ်ထဲဝင်ဖို့ လျောက်ကြတာ ၁၅နှစ်အတွင်း အမြင့်ဆုံးစံချိန်အဖြစ် တနေ့ကို ၃၅၀နှုန်း ဖြစ်ပြီး ဒီနှစ်ရဲ့ ၆သောင်း Target က  85% ရနေပါပြီ။

သမ္မတထရမ့်က အစိုးရဝန်ထမ်း ၅သောင်းခန့်ကို ဝန်ထမ်းအဖြစ်ကနေ Schedule F နဲ့ နိုင်ငံရေးအရ ခန့်အပ်ခံရသူတွေ အဖြစ် ပြောင်းလဲသတ်မှတ်ဖို့ လုပ်ဆောင်နေပါတယ်။ ဒီလို ပြောင်းလဲလိုက်ခြင်းဖြင့် အလုပ်ဖြုတ်ဖို့ ခဲယဥ်းအောင် လုပ်ထားတဲ့ စည်းမျဥ်းတွေကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ မရှိမဖြစ် ဝန်ထမ်းနဲနဲနဲ့ ပွင့်လင်းမြင်သာတဲ့ စနစ်ပေါင်းလိုက်ရင် ခြစားတာတွေ တော်တော်လေး ရှင်းသွားမှာပါ။

Tariff အပေါ် တရုပ်အစိုးရရဲ့ တင်းမာတဲ့ တုန့်ပြန်ချက်ကြောင့် ဒုက္ခများနေကြတာ ပို့ကုန်လုပ်ငန်းတွေ၊ အလုပ်သမားတွေတင်မကပါဘူး၊​ ကုန်သင်္ဘောလိုင်းတွေ၊ ကုန်စည်ပို့ဆောင်ရေးကုမ္ပဏီတွေအပြင် လေကြောင်းလိုင်းတွေအထိပါ အကုန်ရိုက်ခတ်မှု ကြီးပါတယ်။ ပို့မယ့်သူနည်းတော့ ကွန်တိန်းနာတွေက မပြည့်၊ ကိုယ့်ကုမ္ပဏီနဲ့ပို့အောင် အပြိုင်အဆိုင် ပို့ခလျော့ပေးကြရ၊ ကုန်မပြည့်ပဲ ထွက်ရပြန်တော့ တွက်ခြေမကိုက်၊ ဘာဖြစ်လာမလဲ မသိကြတော့ ခရီးတွေပါ မသွားကြ၊ flight အများကြီး cancel ဖြစ်၊ ရုတ်တရက်ကြီး ရပ်လိုက်ရတဲ့ လုပ်ငန်းတွေက ဝန်ထမ်းတွေက ပိုက်ဆံလည်းမရ၊ ခံစားခွင့်လည်းမရ၊ တိုင်စရာလည်းမရှိ ကြတော့ ပြည်သူတွေ ဘယ်လောက်တောင့်ခံနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါပဲ။ အစိုးရမကောင်းရင် ပြည်သူက မိဘမဲ့လိုပဲ အကာအကွယ်လည်းမရ၊ တခုခုဆိုလည်း အရင်ဆုံး ခံရတဲ့ဖက်ကချည့်ပါ။

သမ္မတထရမ့်က တရုပ်ဖက်က ဆွေးနွေးဖို့သဘောတူရင် tariff ကို ရပ်ဆိုင်း/လျော့ချပေးဖို့ ဆန္ဒရှိကြောင်း အချက်ပြခဲ့ပေမယ့် ဘေကျင်းကတော့ ဒီလ ၂၃ရက်နေ့မှာ UN လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ပြီး အမေရိကန်က tariff နဲ့ ဘူလီလုပ်နေကြောင်း စွပ်စွဲဖို့ အဖွဲ့ဝင် ၁၉၃နိုင်ငံကို ဖိတ်ခေါ်ထားပါတယ်။ ကုလရဲ့ စာနာကြောင်း စိတ်ပူကြောင်းတွေကတော့ မြန်မာတွေ အလွတ်တောင် ရနေပါပြီ။ အမေရိကန်နဲ့ အခြားကုန်သွယ်ဖက်နိုင်ငံတွေက ဝါရှင်တန်ကို သူ့ထက်ငါ ဦးအောင် အပြေးလာဆွေးနွေးနေကြချိန်မှာ ရှီက အနားက နိုင်လောက်တဲ့ ၄နိုင်ငံကို ကိုယ်တိုင် စည်းရုံးရေး ဆင်းတာမှာ သူပြန်ပြီး မကြာခင်မှာပဲ ဗီယက်နမ်က အမေရိကန် ငြိုငြင်မှာကြောက်လို့ အမေရိကန်ဘက်ကို ယိမ်းတဲ့စာ ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။ ဥရောပကို သေဖော်ညှိတော့လည်း လက်ဝဲယိမ်းဥရောပက ဒီက ဒီမိုကရက်တွေလို တရုပ်ကြောက်များဖြစ်ကြပေမယ့် ပြည်တွင်းမှာ ဈေးပေါတဲ့ တရုပ်ပစ္စည်းတွေ လာမပုံစေချင်တာရော၊ ပြည်သူစီးပွားပျက်ရင် သူတို့အာဏာ လက်လွှတ်ရမှာရောကို ပိုကြောက်ကြပုံပါပဲ။

ကနေ့မှာ အသက် ၈၈နှစ်ရှိ ပုပ်ရဟန်းမင်းကြီးဖရန့်စစ် ကွယ်လွန်တဲ့သတင်းနဲ့အတူ WEF က အသက် ၈၇နှစ်ရှိ Klaus Schwab နှုတ်ထွက်သွားခဲ့ပါတယ်။ Schwab က ၂၀၂၇ ဇန်နဝါရီမှ အနားယူဖို့ စီစဥ် ထားတာပါ။ WEF က ပလန်ဒဲမစ်နဲ့ စမ်းသပ်အပြီးမှာ လူတွေက အပြောင်းအလဲအတွက် အဆင်သင့် ဖြစ်နေပြီဆိုပြီး Great Reset ကို စတုတ္ထမြောက် စက်မှုတော်လှန်ရေးအဖြစ် အကောင်အထည်ဖော်ဖို့ ကြိုးစားလာတာပါ။ ကမ္ဘာ့ရွာကို ဦးတည်တဲ့ Great Reset ကို ပတ်ဝန်းကျင်၊ လိင်/လူမှု၊ စတဲ့ တိုင်းတာဖို့ခက်တဲ့ လက်ဝဲ ESG မူတွေနဲ့ သွားမှာဖြစ်ပြီး ဘယ်သူကမှ ရွေးကောက်မထားတဲ့ ဘယ်ပြည်သူကိုမှ ကိုယ်စားမပြုတဲ့ ကလော့စ်တို့၊ ဂိတ်စ်တို့၊ ဆိုရော့စ်တို့လို သူဌေးကြီးတွေက ဦးဆောင်နေတာပါ။

ဂိတ်စ်က မြက်နုနုထွတ်ထွတ်လေးတွေကြိုက်သလိုပဲ ကလော့စ်ကလည်း အမျိုးသမီးဝန်ထမ်းတွေ အနေရခက်တဲ့ မှတ်ချက်မျိုးတွေ ပေးတတ်ပြီး အချို့ထိပ်တန်းအရာရှိတွေရဲ့ ထိကပါးရိကပါး လုပ်ခြင်းကို ခံရသူတွေရှိသလို၊ တချို့လူမည်းဝန်ထမ်းတွေကို ရာထူးတိုးမှာ ကျော်သွားတာမျိုး၊ ကိုယ်ဝန်ရှိလာတဲ့ ဝန်ထမ်းတွေ၊ ကလေးမွေးပြီး ပြန်လာတဲ့ ဝန်ထမ်းတွေကို ပညာပြပြီး နောက်ချန် ထားတာမျိုးတွေ ရှိတဲ့အတွက် အမှုတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ သူဌေးတွေဖက်ကနေ အပြစ်မရှိကြောင်း လွယ်လွယ် ဆုံးဖြတ်ပေးတဲ့ ဥပဒေအဖွဲ့တွေကို ထရမ့်အစိုးရက မတ်လထဲမှာ လုံခြုံရေးကင်းလွတ်ခွင့် ရုတ်သိမ်းခဲ့ပါတယ်။

ထရမ့်ကို မမှန်/ သက်တမ်းလွန်စွဲချက်တွေနဲ့ မနားတမ်းဒုက္ခပေးပြီး သန်းရာချီ​ ဒဏ်ရီုက်ခဲ့တဲ့ NY ဒီအေ Letitia James ဟာ ၂၀၂၃မှာ သူ့ရဲ့ ဗာဂျီးနီးယားကအိမ်ကို ပိုမိုသက်သာတဲ့ အတိုးနှုန်းနဲ့ချေးငွေရဖို့ မှတ်တမ်းတွေ မမှန်မကန် ဖြည့်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ Federal Housing Agency အကြီးအကဲက တရားရေးဌာနကို စာပို့ထားပါတယ်။ မမှန်မကန်ဆိုရာမှာ အဲဒီအချိန်က သူက နယူးယောက်ရှေ့နေချုပ် အနေနဲ့ ပြည်နယ်တွင်းမှာပဲ နေထိုင်ရမယ့်ဟာကို ဗာဂျီးနီးယားကအိမ်ကို အိမ်တိုးသက်သာစေဖို့ သူ့ရဲ့ primary residence လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ချေးငွေလျောက်လွှာမှာ သူ့ဖခင်ကို သူ့ယောက်ျားလို့ ဖြည့်ထားခဲ့တာပါ။ သူ့ရဲ့ နယူးယောက်က မိသားစု ၅ခုနေနိုင်တဲ့အိမ်ကိုလည်း မိသားစု ၄စုပဲ နေနိုင်တာပါလို့ လိမ်ခဲ့ပါသေးတယ်။ ဒီအမှုဟာ အပြစ်ကြီးမဟုတ်သည့်တိုင် မရှိတဲ့အပြစ်ကို လုပ်ကြံဒဏ်ရိုက် နာမည်ဖျက်တာထက်စာရင် စွဲသင့်တဲ့အမှုပါပဲ။

နိုင်ငံတွင်း ခိုးဝင်နေထိုင်တဲ့ အယ်လ်ဆာဗေးဒိုးက MS-13 ဂိုဏ်းသား Kilmar Abrego Garcia ကို အယ်လ်ဆာဗေးဒိုးကို ပြန်ပို့ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီမိုကရက်တွေနဲ့ ဒီမိုကရက်အမတ်တွေ ဆွေ့ဆွေ့ ခုန်နေကြပြီး ပြည်သူ့ပိုက်ဆံနဲ့ အယ်လ်ဆာဗေးဒိုးကထောင်ကိုသွားပြီး welfare check လုပ်ကြပါတယ်။ MS-13 ဂိုဏ်းဆိုတာက သတ်ရင်တောင် အဆိုးရွား၊ အနာကျင်ဆုံးဖြစ်မယ့် နည်းတွေကို တမင်ရွေးပြီး သတ်ကြတာပါ။ သူတို့သွားကြည့်တဲ့သူက လူကုန်ကူးမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ စတဲ့အမှုတွေ ရှိနေပေမယ့် ဘိုင်ဒန်လက်ထက်မှာ လူကောင်းတွေထောင်ချ၊ လူဆိုးသူခိုးတွေ လွတ်စေဆိုတဲ့ မအလရဲ့ မူတွေလိုပဲကျင့်ခဲ့လို့ လွတ်နေခဲ့တာပါ။ နယူးမက္ကဆီကိုက တရားသူကြီးတဦးကလည်း TdA ဂိုဏ်းဝင်ကို သူ့အိမ်မှာ ခေါ်ထားထာ ပေါ်သွားလို့ နှုတ်ထွက်သွားရပါပြီ။ ဒီမိုကရက်တွေက ထရမ့်ကိုလည်း တိုက်ခိုက် ချင်၊ သူ့လိုလည်း တိုင်းပြည်အတွက် မလုပ်နိုင်/ မလုပ်တတ်ဆိုတော့ ၂၀၂၀တုန်းက ဂျော့ဖလွိုက်လို တပြည်လုံးများ ပြန့်မလားလို့ တခုခုဆို လူထုကို ဂျင်းကျွေးပြီး တဆိတ် တအိတ်လုပ် ဖွနေကြတာပါ။ ဦးနှောက်နဲ့ နှလုံးရည်နဲ့ မတိုက်တတ်တော့ အမုန်းမှိုင်းနဲ့ အောက်လုံးထိုးတဲ့ သဘောပါပဲ။

Leave a comment