ဧပြီ ၂၇ ရက် ၂၀၂၅

ထရမ့်အစိုးရရဲ့ တရားရေးဌာနက နယူးမက္ကဆီကိုက နှုတ်ထွက်သွားတဲ့ တရားသူကြီး Joel Cano နဲ့ ဇနီး နန်စီ တို့ကို ဗင်နီဇွဲလားက ခိုးဝင် TdA ဂိုဏ်းသား Ortega-Lopez ကို အိမ်မှာ ဖွက်ထားပေးကြောင်း သတင်းရလို့ ဖမ်းဆီးခဲ့ရာမှာ နောက်တရားသူကြီး Damian Martinez က ဒီလူက သူ့အိမ်မှာ ဒီလိုတွေ ခေါ်ထားမှာ မဟုတ်ပါဘူးလို့ လွယ်လွယ်ပြောပြီး လွှတ်ပေးခဲ့လို့ သက်သေအစုံနဲ့ နောက်တခေါက် ထပ် ဖမ်းခဲ့ရပါတယ်။ Joel ကို နယူးမက္ကဆီကို ဆူပရင်းကုတ်က ပြည်နယ်တွင်း တရားရေးအရာရှိအဖြစ် ဘယ်လိုအဆင့်မှာမှ ထမ်းဆောင်ခွင့်မပြုဖို့ တားမြစ်တဲ့စာထွက်လာတဲ့ နေ့မှာပဲ အဖမ်းခံခဲ့ရတာပါ။  Joel က TdA ဂိုဏ်းနဲ့ ဆက်သွယ်ထားကြောင်း သက်သေတွေ​ရှိနေတဲ့ Ortega ရဲ့ ဖုံးကို တူနဲ့ထုခွဲပြီး လမ်းဘေးအမှိုက်တောင်းမှာ သွားပစ်ပေးခဲ့သလို သူ့မိန်းမ နန်စီကလည်း သက်သေဖျောက်ဖျက် ပေးတာ၊ သူတို့သမီးရဲ့ AK-47 ကို ပေးလိုက်တာ၊ ပြေးဖို့ ကားစီစဥ်ပေးတာတွေ လုပ်ပေးခဲ့ပါတယ်။ Ortega က အဲဒီရိုင်ဖယ်နဲ့ တခြား TdA ဂိုဏ်းသားတွေနဲ့အတူ သေနတ်ပစ်ကွင်းတွေသွားပြီး လေ့ကျင့်ခဲ့ ပါတယ်။Ortega ရဲ့ ဖုံးထဲမှာ သူခေါင်းဖြတ်သတ်ခဲ့သူ နှစ်ဦးရဲ့ ခေါင်းပုံတွေရှိပြီး တခြားလူတွေဆီ ပို့ပေးနေခဲ့တယ်လို့ ရှေ့နေချုပ် Pam Bondi က ဆိုပါတယ်။

ဝစ္စကွန်ဆင်ပြည်နယ်က တရားသူကြီး Hannah Dugan ကလည်း တရားရုံးမှာ အမှုစစ်နေချိန်မှာ သူစစ်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုမှာ အစွဲခံထားရတဲ့ Flores Ruiz ဆိုတဲ့သူက ၂၀၁၃မှာ ပြန်ပို့ ခံခဲ့ရပြီး တိုင်းပြည်ထဲကို တရားဝင်ပြန်ဝင်ရောက်လာတဲ့ အထောက်အထား မတွေ့တာကြောင့် ICE အရာရှိက ပြန်ပို့ဖို့ စာရင်းသွင်းထားပါတယ်။ အဲဒီအကြမ်းဖက်မှုကလည်း ကျားတဦးကို အချက် ၃၀လောက် ထိုးကြိတ်ပြီး လည်ပင်းညှစ်၊ မ တဦးကိုလည်း အချက်ပေါင်းများစွာရိုက်လို့ ၂ယောက်လုံး ဆေးရုံရောက်ခဲ့ရတာပါ။ ခံခဲ့ရတဲ့ ၂ယောက်လုံးလည်း တရားရုံးထဲမှာ ရှိနေပါတယ်။ တရားရုံးအပြင်မှာ Flores ကိုဖမ်းပြီး ပြန်ပို့ဖို့  ICE ရဲတွေ စောင့်နေမှန်း သိသွားတဲ့ ဟန်နာက Flores နဲ့ သူ့ရှေ့နေတို့ကို ဂျူရီတွေဝင်/ထွက်တဲ့ အနောက်ပေါက် ကနေ ခေါ်ထုတ်သွားပြီး အပြင်လူမရောက်နိုင်တဲ့ အခန်းထဲ ပို့ထားခဲ့ပါတယ်။ Flores ကို ဓါတ်လှေခါး ထဲမှာ တွေ့ခဲ့တဲ့ ICEရဲက ဟန်နာရဲ့ တရားရုံးခန်းဝမှာ စောင့်နေတဲ့အဖွဲ့ကို အကြောင်းကြားတော့မှ​ လိုက်ဖမ်းကြတာ တရားရုံးအပြင်ဖက် လမ်းတလျောက် လိုက်ဖမ်းခဲ့ရတဲ့အတွက် ဟိုက ခုခံခဲ့ရင် အများပြည်သူ အန္တရာယ် ဖြစ်လာနိုင်တာပါ။ ဟန်နာဒူဂန်ကို အစိုးရလုပ်ငန်းများ ထိပါးနှောက်ယှက်မှု၊ အဖမ်းခံရမည့်သူကို ကွယ်ဝှက်ပေးထားမှုတို့နဲ့ သူ့တရားရုံးမှာပဲ ဖမ်းဆီးသွားပြီး Milwaukee ပြည်ထောင်စုတရားရုံးမှာ စွဲချက်တင်ခဲ့ပါတယ်။ ဥပဒေစည်းမျဥ်းများ ဖောက်ဖျက်တာ ထင်ရှားရင် သူ့ရဲ့ ဥပဒေလိုင်စင်နဲ့ တရားသူကြီးရာထူးတို့ပါ ထိခိုက်လာနိုင်ပါတယ်။

မီဒီညာက ထုံးစံအတိုင်း အဖြစ်မှန်တွေ ထိန်ချန်ပြီး အာဏာရှင်လက်ပါးစေတွေက သူတော်ကောင်းကြီး တွေကို လိုက်ဖမ်းနေသလိုလိုအော်၊​ အကြိမ်ကြိမ် အလိမ်ခံခဲ့ရပေမယ့် အမှတ်မရှိ ဂျင်းကြိုက်သူများက ဆင့်ကဲဆင့်ကဲ ပဲ့တင်သံပေးနေကြဦးမှာ မြင်ယောင်လို့ အသေးစိတ် ထည့်ရေးလိုက်တာပါ။

အမေရိကန်မှာ တရားမဝင်ရောက်ရှိ/နေထိုင် (သို့) လိမ်လည်ခိုလှုံခွင့်တင်ထားတဲ့ အကြမ်းဖက်တွေဟာ မိခင်နိုင်ငံကို ပြန်မသွားချင်/ ပြန်သွားလို့မရရင် တတိယနိုင်ငံတနိုင်ငံကို ပို့ပေးမှာဖြစ်ပါတယ်။ လောလောဆယ် အမေရိကန်က ပြန်ပို့မယ့် အဲဒီလိုလူတွေကို လက်ခံဖို့ သဘောတူထားတဲ့နိုင်ငံက အာဖရိကက ရဝမ်ဒါနိုင်ငံဖြစ်ပါတယ်။ အမေရိကန်က ဒေါ်လာ ၁သိန်းရယူပြီး အဲဒီလူတွေ နေထိုင်/ အလုပ်လုပ်ဖို့ စာရွက်စာတမ်းတွေ ပြင်ဆင်ပေးဖို့ သဘောတူညီထားတာပါ။ ခုထိ လူအချို့ ရဝမ်ဒါကို ရောက်သွားပြီဖြစ်ပါတယ်။

မီဒီညာက ကနေ့ဖွနေတာတခုက အသက် ၂နှစ်သား အမေရိကန်နိုင်ငံသားလေး ပြည်နှင်ခံရတယ်ဆိုတာ ပါ။ မာကိုရူဘီယိုက ကလေးတွေရဲ့မိခင်က ပြန်ပို့ခံရလို့ အသက် ၂၊ ၄၊​ ၇နှစ်ရှိတဲ့ ကလေးတွေကို သူမနဲ့ တပါတည်း ခေါ်ယူသွားတာလို့ ရှင်းပြပါတယ်။ ဒီနိုင်ငံမှာလည်း အလုပ်လုပ်တဲ့သူတွေ အေးအေး လုပ်ကြပါစေ မရှိဘူး၊ သတင်းတု/ယောင်/လိမ်တွေနဲ့ လိုက်တိုက်ခိုက်နေတော့ မတိုးတက်ချင်ကြလို့ပဲ ယူလိုက်ရမယ်ထင်ပါတ​ယ်။

တရုပ်က မှာထားပြီး မဝယ်တော့ဘူးဆိုတဲ့ ဘိုးရင်းလေယာဥ်အသစ်တွေကို စောင့်စရာမလိုပဲ အဆင်သင့်လေး ရလိုက်တာကတော့ အိန္ဒိယကပါ။ ၄၁စင်း ဝယ်သွားသလို မလေးရှားကလည်း အဆင်သင့်ဝယ်ဖို့ တန်းစီနေပါပြီ။​ လေယာဥ်အဟောင်းတွေ လဲသင့်တဲ့အချိန် မလဲရင် (သို့) လဲသင့်တဲ့ လေယာဥ် အစိတ်အပိုင်းတွေ မဝယ်ပဲ ဆက်ပေနေရင် ခံရမှာ တရုပ်လေယာဥ်စီးသူတွေက အရင်ပါ။

ဗီယက်နမ်ကလည်း ဒီလအစောပိုင်းက F-16 အစီး ၂၀ ဝယ်သွားတဲ့ ဖိလစ်ပိင်းနိုင်ငံလိုပဲ F-16 အနည်းဆုံး ၂၄စီး ဝယ်မယ်လို့ ကြေငြာလိုက်ပြီး အမေရိကန်ဘက်ကို သိသိသာသာ ယိမ်းပြလိုက်ပါတယ်။ တရုပ်နဲ့ ရေပိုင်နက်အငြင်းပွားမှုရှိနေတဲ့ ဖိလစ်ပိင်းက အမေရိကန်က ဆူပါဆိုးနစ် သင်္ဘောပစ် ဒုံးကျည်တွေ ထပ်ဝယ်ယူလိုက်ပါတယ်။ တရုပ်က ဗီယက်နမ်နဲ့လည်း ရေပိုင်နက်အငြင်းပွားမှု ရှိနေပြီး ဗီယက်နမ်ကလည်း ဖိလစ်ပီင်းလိုပဲ ဆူပါဆိုးနစ် သင်္ဘောပစ် BrahMos ခရုဇ်ဒုံးကျည်တွေ ဝယ်ယူဖို့ ပြင်နေပါပြီ။ တရုပ်က ဂျပန်နဲ့လည်း နယ်မြေအငြင်းပွားမှု ရှိနေတော့ ပစိဖိတ်မှာ သူနဲ့ ပြဿနာမရှိနေတဲ့ နိုင်ငံ ရှိမှရှိသေးရဲ့လားလို့ မေးရမလိုပါပဲ။ အမေရိကန်ကတော့ တရုပ်ပြည်နားမှာ ကိုယ်ပျောက်ဂျက်လေယာဥ်တွေ ၂ဆတိုး ချထားလိုက်ပါတယ်။

တရုပ်စီစီပီက ပေါက်ကြားလာတဲ့ ပါတီတွင်းညွှန်ကြားချက်ဆိုတဲ့ထဲမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ကမ္ဘာမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုကို အဆုံးသတ်ဖို့အတွက် စီးပွားရေးပိုင်း၊ စစ်ရေးပိုင်းအပြင် နိုင်ငံတကာမျက်နှာစာမှာပါ ကြိုးစားရမယ်လို့ ဆိုပါတယ်။ ဒီသဘောထားက အဆန်းမဟုတ်ပေမယ့် အရင်က အခုလို နိုင်ငံနာမည်နဲ့ တိတိကျကျ ထုတ်ပြောတာမျိုး မရှိခဲ့ဖူးဘူးလို့ သိရပါတယ်။ စီစီပီက ဒီမိုကရက်တွေလိုပဲ ဘာအကြပ်အတည်းပဲတွေ့တွေ့ အမြတ်ထုတ်နိုင်ဖို့ ကြိုးစားကြပေမယ့် ဒီတခါက ပါတီတွင်းစိတ်ပူပန်မှုတွေကို လျော့ပါးအောင် လုပ်နေပုံရကြောင်း၊ စစ်ရေးနဲ့ စီးပွားရေးက ရှင်းပေမယ့် နိုင်ငံတကာမှာတော့ United Front ကတဆင့် လှုပ်ရှားကြတာဖြစ်ကြောင်း၊ Epoch Times က တင်ပြထားပါတယ်။ အဲဒီ United Front ဆိုတာက ကနေဒါမှာ၊ အမေရိကန်မှာ၊ ဥရောပမှာကစလို့ ကမ္ဘာအနှံ့မှာ တရုပ်ဆဲလ်တွေမွေး၊ တရုပ်ဩဇာပြန့်အောင် နည်းမျိုးစုံနဲ့ လုပ်တဲ့အဖွဲ့ဖြစ်လို့ ပါတီရဲ့ (ပါတီ၊ စစ်တပ်နဲ့ အတူ) တတိယ Magic လက်နက်လို့ ဆိုပါတယ်။ 

အဲဒီညွှန်ကြားချက်ထဲမှာ တရုပ်က ဂျာမဏီ၊ ပြင်သစ်၊ အင်္ဂလန်၊ ကနေဒါ၊ ဂျပန်၊ တကိုရီးယား၊ အီတလီနဲ့ တခြားဖွံ့ဖြိုးပြီးနိုင်ငံတွေရော အိမ်နီးချင်းနိုင်ငံတွေကိုပါ အမေရိကန်ကို ရင်ဆိုင်ရာမှာ ပူးပေါင်းပါဝင်ကြဖို့ ကြိုးစားမှာဖြစ်သလို အဆိုးဆုံး ဖြစ်လာခဲ့ရင်လည်း ယဥ်ကျေးမှုတော်လှန်ရေး အတွင်းနဲ့ မတိုင်ခင်ကာလတွေမှာလို ရာရှင်စနစ်ကို တစိတ်တပိုင်းပဲဖြစ်ဖြစ် တင်းပြည့်ကျပ်ပြည့်ပဲ ဖြစ်ဖြစ် ပြန်ကျင့်သုံးဖို့ ပြင်ဆင်ထားကြဖို့နဲ့ အဲဒီလို ပြင်ဆင်ထားတာဟာ ထရမ့်နဲ့ဖြစ်တဲ့ စီးပွားရေးစစ်ကို နိုင်ဖို့ လျို့ဝှက်လက်နက်ပဲလို့ ဆိုထားပါတယ်။ ပြည်ပမှာ ဒေါ်လာ ၂သိန်းအထက် ထားရှိတဲ့ ပါတီနဲ့ အစိုးရအရာရှိတွေ၊ နိုင်ငံပိုင်စီးပွားရေးက အကြီးအကဲတွေကို စာရင်းတိတိကျကျ ထားရှိဖို့နဲ့ အမေရိကန်နဲ့ ခွာပြဲရမယ်ဆိုရင် အဲဒီအကောင့်တွေကို တရုပ်ပြည်(သို့) တခြားနိုင်ငံကို အမြန်ဆုံး ပြန်လွှဲဖို့နဲ့ မလိုက်နာရင် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ ဖော်ပြထားပါတယ်။

သူတို့က အနောက်ကမ္ဘာနဲ့ ကုန်သွယ်မှုက ပိုက်ဆံရွှင်နေလို့သာ အငတ်ဘေးက လွတ်လာခဲ့တာရယ်၊ အနောက်ကမ္ဘာက သူတို့ကုန်တွေ မဝယ်တော့ရင် သူတို့ငတ်နိုင်တယ်ဆိုတာရယ်ကို အသေအချာကို သိထားပုံပါပဲ။

စစ်ကိုင်းငလျင်ကြောင့် ဘန်ကောက်မှာ ပြိုကျခဲ့တဲ့ တိုက်က သံချောင်းတွေနဲ့ ဘိလပ်မြေတွေကို စစ်ဆေးတဲ့အခါမှာ စတီးချောင်းတွေက အရည်အသွေးမပြည့်မီသလို အပျက်အစီးပုံမှာလည်း သံချောင်းတွေက ကွန်ကရစ်နဲ့ ရောမနေတာကြောင့် ဘိလပ်မြေကလည်း အရည်အသွေး ပြည့်ပုံ မရဘူးလို့ သိရပါတယ်။ ငလျင်စပြီး မိနစ်ပိုင်းအတွင်း ဆောက်ဆဲတိုက် ပြိုကျသွားပြီးနောက် တရုပ် ကန်ထရိုက်တာ ၄ဦး ဆိုက်ထဲရောက်လာပြီး စာရွက်စာတမ်းဖိုင်တွေ လာရှာယူသွားတယ်လို့လည်း ဆိုပါတယ်။​ ဆောက်လုပ်တဲ့အချိန်မှာ လုပ်သားအင်အား မပြည့်စုံတဲ့ကြားက အလျင်စလို ဆောက်ခဲ့တာလည်း ပါတဲ့အတွက် နေရာတိုင်းမှာ ဖြတ်လမ်းလိုက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၈ ဇီချွမ်ငလျင်မှာ အဆင့်မမှီတဲ့ သံချောင်းတွေ ဘိလပ်မြေတွေ သုံးခဲ့လို့ ရာနဲ့ချီတဲ့ အဆောက်အဦတွေ ပြိုကျခဲ့ပြီးနောက် တရုပ်ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ပြည်ပမှာ ဈေးချိုတဲ့ ဆောက်လုပ်ရေး ပရောဂျက်တွေ ရယူပြီး အဲဒီစံမမှီအကျင့်တွေ ပစ္စည်းတွေကို ကျင့်သုံးလာခဲ့တယ်လို့ ဝေဖန်သူတွေက ဆိုပါတယ်။ အဲဒီ Sky တံဆိပ်စတီးချောင်းတွေဟာလည်း တရုပ်က ၈၀% ပိုင်တဲ့ Shine Yuan Steel ကုမ္ပဏီက ထုတ်တာလို့ တွေ့ရပေမယ့် တကယ်တမ်းမှာ Rayong province က ထိုင်းအစိုးရက နာမည်ပျက်စာရင်း အသွင်းခံထားရတဲ့ ကုမ္ပဏီတခုက ထုတ်တာ ဖြစ်နေပါတယ်။ ထိုင်းမှာတောင် ခံနေရရင် မြန်မာပြည်ဆို ပိုဆိုးနိုင်လို့ သတိထားကြဖို့ပါ။

Leave a comment