မေ ၁၃ရက် ၂၀၂၅

ဧပြီအတွက် နှစ်စဥ် ငွေဖောင်းပွမှုနှုန်းက ၂.၃% ဖြစ်တဲ့အတွက် ၂၀၂၁ကစလို့ အနိမ့်ဆုံးဖြစ်တဲ့အပြင် ခန့်မှန်းခြေထက်လည်း နည်းတဲ့အတွက် မနေ့က တရုပ်နဲ့ ကုန်သွယ်မှုသဘောတူညီချက်ကြောင့် ဆောင့်တက်ခဲ့တဲ့ စတော့မားကက်က အားရပါးရ ထပ်တက်ပြန်ပါတယ်။ အဲဒါကြောင့် JP Morgan က ၂၀၂၅ မှာ ရီဆက်ရှင်ဖြစ်မယ်ဆိုတဲ့ မှန်းချက်ကို ရုတ်သိမ်းသွားသလို အခြားစီးပွားရေးပညာရှင်များ ကလည်း သူတို့ခန့်မှန်းတာ မှားခဲ့ပါကြောင်း အသီးသီး ဝန်ခံလာကြပါတယ်။ ဓါတ်ဆီ/လောင်စာဈေးနဲ့ အခြေခံစားကုန်ဈေးတွေက တနိုင်ငံလုံးလိုလိုမှာ ကျပေမယ့် စူးရောက်လှတဲ့ ကာလီဖိုးနီးယားဂါဗာနာ နျူဆမ်က ပြည်နယ်ရဲ့ အကြီးဆုံး ရေနံတွင်း ၂ခုကို ပိတ်ပစ်တော့မှာဖြစ်လို့ လောင်စာဈေး ကုန်စည်ဈေးက ထပ်တက်ဖို့ ရှိနေပါတယ်။

ဒီကနေ့ သမ္မတထရမ့် ဒုတိယသက်တမ်းရဲ့ ပထမဆုံးနိုင်ငံခြားခရီးစဥ်အဖြစ် ဆော်ဒီ၊ ကာတာနဲ့ UAE ခရီးစဥ်ကို စတင်ခဲ့ပါတယ်။ ဆော်ဒီအာရေးဗီးယားမှာ မမာနေတဲ့ ဘုရင်ကြီးကိုယ်စား တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အိမ်ရှေ့မင်းသားကိုယ်တိုင် လေယာဥ်အဆင်းမှာစောင့်ပြီး နွေးနွေးထွေးထွေး ကြိုဆို ခဲ့ပါတယ်။ ၂၀၂၂မှာ ဘိုင်ဒန်သွားတုန်းက မင်းသားကိုယ်တိုင် သွားကြိုခဲ့တာ မဟုတ်သလို အောက်တိုဘာ ၇ ဟာမာ့စ်တိုက်ခိုက်မှုနောက်ပိုင်း ဘိုင်ဒန်ဖုံးခေါ်တော့လည်း မင်းသားက မကိုင်ခဲ့ပါဘူး။ အရှေ့ အလယ်ပိုင်းကို ဘိုင်ဒန်သွားတုန်းက ဂျော်ဒန်သမ္မတ၊ အီဂျစ်သမ္မတ၊ ပါလက်စ်တိုင်းအာဏာပိုင် ဥက္ကဋ္ဌတို့က အတွေ့မခံခဲ့သလို ဘလင်ကန် ဆော်ဒီမင်းသားကို သွားတွေ့တုန်းကလည်း အကြာကြီး ထိုင်စောင့်ခိုင်းပြီးမှ ရွှေ့ဆိုင်းလိုက်တာပါ။ ဝါးလုံးခေါင်းထဲ လသာနေတာ မဟုတ်ရင် နိုင်ငံတကာမျက်နှာစာမှာ တင့်တယ်နေတာ ဘယ်သူ၊ ခွေးဖြစ်တာဘယ်သူ ဆိုတာ သိမှာပါ။

ဆော်ဒီမြို့တော် ရီယာ့ဒ်မှာ သမ္မတထရမ့်က လွန်ခဲ့တဲ့ ၈နှစ်နဲ့ယှဥ်ရင် ဆော်ဒီက ရေနံကို အားပြုတဲ့ စီးပွားရေးကနေ နည်းပညာအပါအဝင် တခြားကဏ္ဍတွေမှာပါ ဖွံ့ဖြိုးအောင် လုပ်လာနိုင်တဲ့အပေါ် မင်းသားကို ချီးကျူးသွားပြီး ဒီဒေသဟာ ကုန်သွယ်မှုတွေနဲ့ စည်ကားနေရမှာ၊ နည်းပညာ ပို့ကုန်တွေနဲ့ ဖွံ့ဖြိုးနေရမှာဖြစ်ကြောင်း၊ ဝရုန်းသုန်းကားတွေ၊ အကြမ်းဖက်မှုတွေနဲ့ အချိန်ကုန်နေရမှာ မဟုတ်ကြောင်း၊ အခုလို စီးပွားရေး တိုးတက်လာအောင် ဒေသတွင်းနိုင်ငံအားလုံးက မတူညီတာတွေ အသာထားပြီး အားလုံး စည်းလုံးလာနိုင်တဲ့ အကျိုးတူကိစ္စရပ်တွေအပေါ် အာရုံစိုက်ကြဖို့လိုကြောင်း၊ အဲဒီလို လုပ်နိုင်လာရင် ဒီဒေသဟာ လူသားအားလုံးက အံ့ဩရလောက်အောင် ပြောင်းလဲသွားနိုင်ကြောင်း၊ ဒီဒေသဟာ ပထဝီအနေအထားအရ ကမ္ဘာ့အလယ် ကျသလို ဘာသာရေးအရလည်း ကမ္ဘာ့အထင်ကရဘာသာကြီးတွေ စတင်ခဲ့တဲ့ နေရာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့တဲ့ ဆီးရီးယားအပေါ် ဖွံ့ဖြိုးဖို့ အခွင့်အလမ်း ပေးတဲ့အနေနဲ့ ချထားတဲ့ ဆန်ရှင်တွေကို ရုပ်သိမ်းပြီး ပုံမှန်ဆက်ဆံရေးထူထောင်သွားဖို့လည်း ထရမ့်က အဆိုပြုသွားပါတယ်။

ဒါ့အပြင် အီရန်လို အမေရိကန်ကို အမြဲဒုက္ခပေးခဲ့တဲ့နိုင်ငံကိုတောင် အောင်မြင်ဖြစ်ထွန်းတာကိုပဲ မြင်ချင်ပါကြောင်း၊ ဒါပေမယ့် အမေရိကန်နဲ့ မဟာမိတ်တွေကို အကြမ်းဖက်ဖို့နဲ့ နျူလက်နက် ပိုင်ဆိုင်ဖို့ကိုတော့ လုံးဝခွင့်ပြုမှာ မဟုတ်ကြောင်း၊ ဒီဒေသဟာ ဆယ်စုနှစ်ပေါင်းများစွာ ပဋိပက္ခတွေနဲ့ နေလာခဲ့တာ အခုအချိန်မှာ တကယ့်အပြောင်းအလဲ လုပ်ဖို့ ဖြစ်နိုင်တဲ့အချိန် ရောက်နေပြီဖြစ်ကြောင်း၊ ရွေးချယ်မှုကတော့ မင်းတို့ကိုယ်တိုင်လုပ်ရမှာဖြစ်ကြောင်းလည်း ပြောကြားသွားပါတယ်။

ထရမ့်ပထမသက်တမ်းတုန်းက သမိုင်းမှတ်တိုင် စိုက်နိုင်ခဲ့တဲ့ အာရပ်နိုင်ငံတွေနဲ့ အစ္စရေးကြား ချုပ်ဆိုနိုင်ခဲ့တဲ့ Abraham Accords တွေကလည်း အခုထရမ့်အာဘော်အတိုင်းပါပဲ။ ရန်မဖြစ်ကြပါနဲ့၊ အေးအေးချမ်းချမ်း စီးပွားရေးလုပ်ပြီး ချမ်းချမ်းသာသာ နေကြပါဆိုတဲ့ သဘောပါပဲ။ ဒီမိုကရက်တွေကတော့ စစ်ဖြစ်လေ (သို့) လူတွေဒုက္ခရောက်လေလေ လက်နက်ရောင်း (သို့) ကယ်ဖို့အကြောင်းပြ အသုံးစားရိတ်ကြီးကြီးတောင်းပြီး ဝိုက်ကြ ဘုန်းကြတာပါပဲ။ အရှေ့အလယ်ပိုင်းမှာ အရင်က အနောက်တိုင်းဆန်ဆန်နဲ့ တိုးတက်ပွင့်လင်းတဲ့ ခေတ်ကနေ အခုလို စစ်ပွဲမပြတ်၊ ခေတ်နောက်ပြန်ဆွဲ ဖြစ်လာတာ ဒိစတိတ်လက်ချက် မကင်းပါဘူး။ ဒိစတိတ်မှာ စစ်ကြိုက်  နီယိုကွန်တွေ၊ ဘယ်နားမှ လစ်ဘရယ်မဖြစ်တဲ့ လစ်ဗြဲတွေက တခုခုဆို ဖျာဝင်ခင်း၊ ကိုယ်ကြိုးဆွဲလို့ရမယ့်သူကို တက်စေဖို့ အရေးအခင်းတွေဖန်တီးတတ်ကြလို့ interventionalist တွေလို့ ထရမ့်က ရှုတ်ချလိုက်တာပါ။

ဆော်ဒီခရီးစဥ်မှာ ဆော်ဒီဘက်က အမေရိကန်က AI data center တွေ၊ aerospace, energy infrastructure, ကာကွယ်ရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဘီလီယံ ၆၀၀ ရင်းနှီးမြှုပ်နှံဖို့ ကတိကဝတ်ပြုခဲ့ပြီး အဲဒီကနေ အလုပ်အကိုင် ၂သန်း ဖန်တီးပေးမှာ ဖြစ်ပါတယ်။ တရုပ်ပြည်ကနေ ကုမ္ပဏီကြီးတွေ ထွက်ပြေးနေကြချိန်မှာ ခေါင်းဆောင်ကောင်း၊ စနစ်ကောင်းရှိတဲ့ အမေရိကန်ကို ထရီလီယံနဲ့ချီတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လှိမ့်ဝင်လာပြီး သန်းချီတဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးမယ် ဆိုတာ ထရမ့်နဲ့ အဖွဲ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ အရည်အချင်း၊ နိုင်ငံချစ်စိတ်နဲ့ မနေမနား ကြိုးစားမှုတို့ ကြောင့်ပါပဲ။ အဖျက်အလုပ်ပဲလုပ်တတ်ပြီး ရန်သူကိုမှ မ ချင်နေသူတွေနဲ့တော့ နေ့နဲ့ညလို ကွာပါတယ်။

ပြီးခဲ့တဲ့ weekend က ဆွစ်ဇာလန်မှာ ပြုလုပ်တဲ့ US-China ကုန်သွယ်ရေးဆွေးနွေးပွဲမှာ နှစ်ဖက်လုံးက ကုန်သွယ်ခွန်ကို ၁၁၅%စီ ရက်၉၀ လျော့ချဖို့ သဘောတူလိုက်တဲ့အတွက် တရုပ်ကုန်စည်တွေ အမေရိကန်ကိုဝင်ရင် ကုန်သွယ်ခွန် ၃၀% ပေးရမှာဖြစ်ပြီး အမေရိကန်ကုန်စည်တွေကို တရုပ်ဖက်က ၁၀% ကောက်မှာဖြစ်ပါတယ်။ ကွာဟနေတဲ့ ၂၀% က တရုပ်က ဖန်တနိုင်းကိစ္စကို တင်းကြပ်ပေးခဲ့ရင် ပယ်ဖျက်ပေးမှာဖြစ်ပါတယ်။ တရုပ်က ကုန်သွယ်ခွန်မဟုတ်တဲ့ အခြားကန့်သတ်မှုတွေကိုလည်း ဖြေလျော့ပေးလိုက်တယ်လို့ ဆိုပါတယ်။ အရင်သမ္မတသက်တမ်းတုန်းက နှစ်နိုင်ငံကုန်သွယ်မှု သဘောတူညီချက်ကို ဘိုင်ဒန်လက်ထက်မှာ တရုပ်ဖက်က မလိုက်နာခဲ့တာနဲ့ပတ်သက်ပြီး တရုပ်ကိုယ်စားလှယ်အဖွဲ့က ဘိုင်ဒန်က ပျော့ညံ့သူဆိုတော့ ငါတို့ ဘာလုပ်လုပ် ဟန့်တားတာ၊ ကန့်ကွက်တာတွေ လုပ်မှာမဟုတ်လို့ ဂရုစိုက်စရာမလိုတာကို သိနေတဲ့အတွက် အဲဒီ သဘောတူညီချက်တွေကို ငါတို့လစ်လျူရှုခဲ့တာပါလို့ ဝန်ခံသွားပါတယ်။

မနေ့က သမ္မတထရမ့်ထုတ်ပြန်တဲ့ အမိန့်ထဲမှာ ဆရာဝန်လက်မှတ်နဲ့ ဝယ်ရတဲ့ ဆေးဈေးနှုန်းတွေကို ၃၀-၈၀% ချက်ချင်းဆိုသလို လျော့ချဖို့ ပါပါတယ်။ UK မှာ $88 ပဲပေးရတဲ့ ဆေးကိုပဲ US မှာ 1300လောက် ပေးနေရတာက တကမ္ဘာလုံးရဲ့ ကျန်းမာရေးအတွက် အမေရိကန်က ဖြည့်စည်း ပေးနေရသလောက် အမေရိကန်တွေရဲ့ ကျန်းမာရေးဟာ လစ်လျူရှုခံထားရသလို ဖြစ်နေတာပါ။ အဲဒါကြောင့် သမ္မတထရမ့်က US ဟာ ဆေးဝါးကုမ္ပဏီတွေရဲ့ most favored nation အဖြစ်နဲ့ ကမ္ဘာမှာ အနိမ့်ဆုံးဈေးကို အမေရိကန်တွဗ ရသင့်တယ်လို့ ဆိုတာပါ။

အမေရိကန်မှာ လူမွဲစားရင်းသတ်မှတ်ခံကြတဲ့သူတွေရဲ့ ၆၀% က ဆေးကုသမှုကြောင့် မွဲသွားတာဖြစ်ပြီး ၃၀% သောမကျန်းမာသူတွေက ဆေးဖိုး မတတ်နိုင်ကြလို့ မသောက်ကြဘူးလို့ ဆိုပါတယ်။ ဆေးကုမ္ပဏီတွေက သုတေသန၊ စမ်းသပ်၊ ထုတ်လုပ်တာတွေအတွက် အချိန်၊ ငွေအများကြီး ရင်းထားရတော့ ရသင့်တဲ့ အကျိုးအမြတ်ကို ပြန်ရသင့်တာမှန်ပေမယ့် အမေရိကန်ပြည်သူတွေက တကမ္ဘာလုံးရဲ့ အလေးချိန်ကို ဝင်ထမ်းနေရတာက တရားတယ်လို့ မဆိုနိုင်ပါဘူး။

ဂါဇာမှာ ၅၈၄ရက်ကြာ အဖမ်းခံထားရတဲ့ နောက်ဆုံးသက်ရှိအမေရိကန်ဓါးစာခံ Edan Alexander ကို ဟာမာ့စ်က ပြန်လွှတ်ပေးလိုက်ပြီး ဇယ်လင်းစကီးကလည်း ပူတင်နဲ့ တူရကီမှာ လူချင်းတွေ့ ဆွေးနွေးဖို့ သဘောတူလိုက်ပါပြီ။ မာကိုရူဘီယိုလည်း တက်ရောက်မယ်လို့ ဆိုပါတယ်။

တောင်အာဖရိကမှာ အသက်ဘေးရန်ရှာခံနေကြရတဲ့  လူဖြူ လယ်သမား မိသားစု ၅၉ဦးကို ဒုက္ခသည်အဖြစ် ခေါ်ယူခဲ့ပါတယ်။ တောင်အာဖရိက ကွန်မြူနစ်အဖွဲ့ တွေဟာ နှစ်ပေါင်းများစွာ စိုက်/မွေးလုပ်လာကြတဲ့ လူဖြူမိသားစုတွေကို မြေယာသိမ်းရုံတင်မက လူတွေကိုပါ တရားမဲ့ အကြမ်းဖက် သတ်ဖြတ်တာတွေ လုပ်နေတဲ့အတွက် အမေရိကန်က ခိုလှုံခွင့် ပေးလိုက်တာပါ။ အမေရိကန်မှာလည်း လယ်သမားတွေလိုအပ်နေတာဆိုတော့ အတော်ပါပဲ။ လူဖြူမို့ လာရာနိုင်ငံကို ပြန်သွားဆိုရင် အမေရိကန်မှာ မျိုးဆက်ပေါင်းများစွာရောက်နေတဲ့သူတွေ လာရာကို ပြန်ဖို့ ဖြစ်နိုင်/မနိုင်နဲ့ ချိန်ကြည့်ကြပါ။ သူတို့က အမေရိကန်အလံတွေကိုင်ပြီး ချစ်လို့ အားကိုးလို့ ကိုယ့်အိမ်လို့ သတ်မှတ်ပြီးနေဖို့ ရောက်လာကြတာပါ။ အမေရိကန်မှာနေပြီး အမေရိကန်ကို မုန်းနေသူတွေ၊ အမေရိကန်ကိုမုန်းပေမယ့် လာချင်နေသူတွေ၊​ အမေရိကန်ရောက်လာပြီး ဧည့်နေ ဧည့်စားနဲ့ မိသားစုလိုမနေပဲ အညွန့်ပဲ ခူးစားချင်သူတွေထက်တော့ ကြိုဆိုသင့်ပါတယ်။

Leave a comment