ဇွန်လ ၄ ရက် ၂၀၂၅

ခုရက်ပိုင်း သတင်းတွေထဲမှာ ဟော့နေတာက ထရမ့်ရဲ့ Big Beautiful Bill ကို အီလွန်က ကန့်ကွက်တဲ့ အကြောင်းပါ။ ဒီနေရာမှာ ပုဂ္ဂိုလ်ရေးခင်မင်လေးစားမှု၊ မူနဲ့ ပြဿနာကို ဖြေရှင်ဖို့ ချဥ်းကပ်ပုံတို့ကို ခွဲခြားမြင်ဖို့ လိုပါတယ်။ ဒီလိုသဘောထား ကွဲလွဲမှုတွေ ဖြစ်လာလို့ ထရမ့်နဲ့ အီလွန် အခင်အမင် မပျက်သလို သူတို့ထဲက တဦးဦးရဲ့ မူကပိုမှန်တယ်လို့လည်း ပြောဖို့ မလွယ်ပါဘူး။ ရှေ့က ခြအစိုးရများ၊ ခြအမတ်များနဲ့ တရားရေး၊ ဗျူရိုကရက်ခြအဆက်ဆက် ဖြုန်းတီးသွားလို့ ကြွေးလည်ပင်းနစ်နေတဲ့ နိုင်ငံအတွက် အကောင်းဆုံးဖြစ်စေချင်ကြတာမှာ တူပေမယ့် ချဥ်းကပ်တဲ့နေရာမှာကျတော့ အီလွန်က DoGE ကနေ အလေအလွင့်တွေ တပုံတပင်တွေ့ရှိထားသူပီပီ​ အသုံးစားရိတ်တွေ အများကြီး ထပ်ဖြတ်နိုင်သေးတာလည်း သိနေတော့ ထပ်ဖြတ်ဖို့ တွန်းစေချင်ပါတယ်။ ထရမ့်ကလည်း အလားတူ ဖြစ်ချင်ပေမယ့် ဝါရှင်တန်က ခြတွေနဲ့ လုပ်ရကိုင်ရ ဘယ်လောက်ခက်တာ သိထားသလို၊ နှစ်ပါတီ ခြတွေကို နဲနဲလေးမှ မလိုက်လျောရင် ဒီဘေလ် မအောင်နိုင်တာကို သိထားလေတော့ အချိန်ဆွဲလို့ မရတဲ့အခြေအနေမှာ လောလောဆယ် ဖြစ်နိုင်သလောက် တွန်းလုပ်ထားပြီး ရေရှည်အကျိုးဖြစ်ထွန်းမှု ကိုပဲ ပိုအလေးထားပုံ ရပါတယ်။

ကွဲလွဲရတဲ့ အကြောင်းရင်းကလည်း the Office of Management & Budget (OMB) နဲ့ the Congressional Budget Office (CBO) တို့ရဲ့ ကွဲပြားတဲ့ ခန့်မှန်းမှုတွေပေါ် မူတည်နေပါတယ်။ OMB က ဒီဘေလ်ဟာ ၁.၇ထရီလီယံစုမိစေမှာဖြစ်ပြီး လိုငွေပြမှုကို ၁.၄ထရီလီယံလျော့ချပေးမယ်လို့ ဖွင့်ဆိုပြီး CBO ကတော့ ၂.၄ထရီလီယံလိုငွေပြမှု တိုးလာမယ်လို့ ခန့်မှန်းပါတယ်။ တချို့ကလည်း CBOရဲ့ တွက်ချက်မှုမှာ ထရမ့်ရဲ့ ၂၀၁၇တုန်းက အခွန်လျော့ဥပဒေတွေ ဒီနှစ်သက်တမ်းကုန်မယ်လို့ ထည့်တွက်ထားလို့ အခုလိုနံပါတ်ထွက်တာလို့ ဆိုပါတယ်။ BBB ဘေလ်က ၂၀၁၇ tax cut ကို အမြဲအတည်ဖြစ်စေမှာပါ။ CBO က အစိုးရ အေဂျင်စီတခုဖြစ်ပြီး လက်ရှိ ဒါရိုက်တာ Phillip Swagel က ဘုရှ်၄၃လက်ထက်က လက်ထောက် ဘဏ္ဍာရေးဝန်ကြီးလုပ်ခဲ့သူ ဖြစ်ပါတယ်။ ဘုရှ်၊ ချေနီ၊ ရွမ်နေ၊ မက်ကိန်း၊ ဂရမ်၊ မက်ကောနယ်တို့လို စစ်ကြိုက်၊ ဖြုန်းတီးတာကြိုက်တဲ့ အက်စ်တာဘလစ်ရှ်မန့် ရီပါဘလစ်ကန်တွေက ထရမ့်တို့လို စစ်/ အဖြုန်းမကြိုက်တဲ့ မာဂါရီပါဘလစ်ကန်တွေကို ဒီမိုကရက်တွေကမုန်းသလောက်ကို မုန်းကြလို့ အမြဲခြေထိုးဖို့ လုပ်ကြတာကို သတိပြုရပါမယ်။

ကနေ့ အိမ်ဖြူက ကြေငြာတဲ့ အကြမ်းဖက်မှုနဲ့ အခြားနိုင်ငံတော်လုံခြုံရေးနဲ့ ပြည်သူ့လုံခြုံရေး စသည်တို့ အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေက အဝင်ကန့်သတ်တဲ့ ၁၂နိုင်ငံမှာ မြန်မာနိုင်ငံ ပါလာတဲ့အတွက် TDS သမားတွေက ထရမ့်ကို တန်းဆဲကြပါတယ်။ ဘာကြောင့်ကန့်သတ် ရသလဲ ဆိုတာကို လေ့လာကြည့်ရင် အမေရိကန်ကို ဝင်လာမယ့်သူတွေအပေါ် လုံလောက်တဲ့ စီစစ် စစ်ဆေးမှုတွေ မပြုလုပ်နိုင်တာက အဓိက ဖြစ်ပါတယ်။ ဒါက စကစကို မယုံဘူးဆိုတဲ့ သဘောပါ။ မကြာသေးမီက သက်ငယ်မုဒိမ်းကောင်နဲ့ ဒုက္ခိတမုဒိမ်းကောင်တွေက မြန်မာပြည်ကဖြစ်နေတာလည်း ပါပါလိမ့်မယ်။ ကန့်သတ်တဲ့ထဲမှာ အမြဲတမ်းနေထိုင်ခွင့် ရထားသူတွေ၊ အရင်ဗီဇာ ရပြီးသားလူတွေ၊ တချို့ဗီဇာအမျိုးအစားတွေ၊ အမေရိကန်အကျိုးစီးပွားကို အထောက်အကူပြုမယ့်သူတွေ မပါဝင်ပါဘူး။ အိမ်ဖြူက ကြေငြာတဲ့ထဲမှာ မြန်မာနိုင်ငံက B1/B2 ဗီဇာရှင်တွေကြား အိုဗာစတေးက ၂၇.၀၇%၊ F, M နဲ့ J ဗီဇာရှင်တွေကြား အိုဗာစတေးက ၄၂.၁၇% ဖြစ်ပြီး ဒီကပြန်ပို့တဲ့ မြန်မာနိုင်ငံသား တွေကို ပြန်လက်ခံပေးဖို့  အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အစဥ်အလာ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ပညာရေးဝန်ကြီးက ကိုလံဘီယာတက္ကသိုလ်ဟာ ၂၀၂၃-၂၄တုန်းက ဂျူးကျောင်းသားတွေကို အခြားကျောင်းသားတွေက ခြိမ်းခြောက်၊ နှောက်ယှက်မှု၊ ခွဲခြားဆက်ဆံမှုတွေ လုပ်ခဲ့တာတွေအပေါ် လက်ပိုက်ကြည့်နေခဲ့တာတွေဟာ civil rights ချိုးဖောက်မှုဖြစ်ကြောင်း၊ အဲဒါကြောင့် အသိအမှတ်ပြု တက္ကသိုလ်တခုရဲ့ အဆင့်အတန်းတွေကို မမှီနေကြောင်း ပြောကြားသွားပါတယ်။ အသိအမှတ်ပြု အဆင့် ရုပ်သိမ်းခံရရင် federal & student loan တွေ ရရှိနိုင်မှုကို ထိခိုက်နိုင်သလို ဘွဲ့လက်မှတ်တွေ ကိုလည်း အလုပ်ရှင်တွေ၊ ဘွဲ့လွန်ကျောင်းတွေက အသိအမှတ်မပြုနိုင်တော့တာတွေ၊ အိုင်ဗီအဆင့် ဂုဏ်သိက္ခာကို ထိခိုက်လာနိုင်တာတွေထိ ဖြစ်လာနိုင်ပါတယ်။

ထရမ့်အစိုးရက နိုင်ငံခြားမူးယစ်ဂိုဏ်းတွေဆီ စီးဆင်းမယ့် ငွေတွေကို နောက်ယောင်ခံဖို့နဲ့ ဟန့်တားဖို့ ဘဏ္ဍာရေးဝကဌာနကို တာဝန်ပေးလိုက်ပါတယ်။ လူ/မူးယစ်ဆေးမှောင်ခိုလုပ်တဲ့ ဂိုဏ်းတွေကို အကြမ်းဖက်တွေလို့ သတ်မှတ်လိုက်ခြင်းဖြင့် သူတို့ရဲ့ ငွေကြေးစီးဝင်/ထွက်မှုတွေကို ပစ်မှတ်ထားလို့ ရသွားပါတယ်။ ငွေဝင်ဖို့/ ငွေဖြူလျော်ဖို့ မလွယ်ကူတော့ရင် လက်နက်/မူးယစ်ဆေး/လူတွေကို ဒီနိုင်ငံထဲကို မှောင်ခိုသွင်းလာဖို့ မက်လုံးနည်းပါးသွားတော့မှာပါ။ Los Zetas လို့သိခဲ့ကြတဲ့ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ မက္ကဆီကိုအခြေစိုက် Cartel del Noreste က အဆင့်မြင့်ခေါင်းဆောင် ၂ဦးကို ဆန်ရှင်လုပ်တာအပါအဝင် အဖွဲ့အစည်း ၉ခုနဲ့ လူ၁၆ဦးကို အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ တကယ်အရေးယူချင်ရင် မခက်ခဲပေမယ့် အရင် ၄နှစ်မှာ ဒီမိုခရက်မဲရဖို့နဲ့ သခင်တရုပ်အားရဖို့ ပြည်သူ့ လုံခြုံရေးကို စတေးခဲ့ကြတာပါ။

ဘိုင်ဒန်ဟာ ဥရောပမဟာမိတ်တွေကို ဓါတ်ငွေ့ရည်မရောင်းဖို့တို့ နယ်စပ်ဖွင့်ဖို့တို့အပါအဝင် နှစ် ၅၀ကျော် နိုင်ငံရေးလုပ်သက်တလျောက်လုံး ဘယ်တုန်းကမှ သဘောမတူခဲ့တဲ့ ကိစ္စတွေကို သတိမကောင်းတာအပေါ် လူတစုက အမြတ်ထုတ်ပြီး ဘိုင်ဒန်မသိပဲ Auto Pen နဲ့ အမိန့်တွေ ထောင်ချီ​ထုတ်ခဲ့တဲ့ ကိစ္စဟာ အမေရိကန်သမိုင်းမှာ အန္တရာယ်အကြီးဆုံးနဲ့ စိုးရိမ်စရာအကောင်းဆုံး အရှုပ်တော်ပုံတခုလို့ သမ္မတထရမ့်က မှတ်ချက်ပြုလိုက်ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး DNC ဒုဥက္ကဋ္ဌ David Hogg၊ ဘိုင်ဒန့်အိမ်ဖြူဝန်ထမ်းဟောင်း Deterrian Jones တို့နဲ့ Project Veritas က ဂျာနယ်လစ် Anthony Bernal တို့ အပြန်အလှန်ပြောကြတာကို လျို့ဝှက်မှတ်တမ်းတင်ထားခဲ့ပါတယ်။

အန်တိုနီက ဒီအန်စီဟာ ဘိုင်ဒန့်အခြေအနေကို သိလျက်နဲ့ ဘာမှမလုပ်တာ ဘယ်လောက်တောင် ခြစားနေလို့လဲလို့ မေးပါတယ်။ Hogg က ဒီအန်စီက အမြဲတမ်း သမ္မတရဲ့ ကမ်ပိန်းလက်တံတခု ဖြစ်နေမှာပဲလေ၊ တကယ့်ပြဿနာက ဘိုင်ဒန့်နားက အတွင်းစည်းပဲ၊ ဥပမာဆိုရင် ဂျေလ်ဘိုင်ဒန်ရဲ့ ဝန်ထမ်းချုပ်မှာ လုပ်ပိုင်ခွင့်အာဏာ အင်မတန်ကြီးတယ်၊ သူက ကြောက်စရာကောင်းတယ်၊ လျို့ဝှက်တယ်၊ အပြင်မှာသွားရင် သူဘယ်သူဆိုတာ ဘယ်သူမှမသိကြဘူး၊ အိမ်ဖြူမှာ သူ့အာဏာ ဘယ်လောက်ပြင်းတယ်ဆိုတာ ပြောပြလို့တောင် မရနိုင်ဘူးလို့ ဆိုပါတယ်။ အသက် ၂၅နှစ်အရွယ် Hogg က တနှစ် ၁၇၄,၀၀၀ ရပြီး သန်း ၂၆၀ကျော် ချမ်းသာနေတဲ့ ပလိုးစီရဲ့ အတွင်းသတင်းတွေနဲ့ အချိန်ကိုက်စတော့ရောင်း/ဝယ်တာကိုလည်း ဝေဖန် သွားပါတယ်။ Hogg က သူ့အလုပ်မှာ အခက်ခဲဆုံးက အကုန်လုံးက မတရားခြစားနေတော့ အကုန်လုံးကိုသာ မီးရှို့ပစ်လိုက်ချင်တာပါ၊ ဒါပေမယ့် ဘယ်ဟာကို အရင်တိုက်ခိုက်မလဲဆိုတာရွေးပြီး အရှိန်ရအောင် လုပ်ရဦးမှာပါလို့ ဆိုပါတယ်။

တနင်္လာနေ့က Statistician နဲ့ ဂျာနယ်လစ်ဖြစ်သူ Nate Silver က ဒီမိုကရက်နဲ့ ရီပါဘလစ်ကန်တွေရဲ့ စိတ်ကျန်းမာရေးကို ယှဥ်ပြထားတဲ့ပို့စ်တခု တင်လိုက်တာက ပွဲဆူသွားခဲ့ပါတယ်။ တကယ်တော့ ဒါတွေကို မြင်အောင်ကြည့်ဖို့ စာရင်းအင်းပညာရှင်ဖြစ်စရာ မလိုပါဘူး။ အဓိပ္ပါယ်မရှိတဲ့ အာဂျင်ဒါတွေ၊ အဆီအငေါ်မတည့်တဲ့ ငြင်းခုံမှုတွေနဲ့ တဆိတ်ရှိ ရန်လိုပေါက်ကွဲနေကြတာတွေကို ကြည့်ရင် အသိသာကြီးပါ။ ဒါပေမယ့် ပါတီမှာ အဲဒီလိုလူတွေက အသံအကျယ်ဆုံးနဲ့ ထိန်းချုပ်မှု အပိုင်းမှာ ရှိနေရင်တော့ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဒါကြောင့်လည်း လူငယ်ယောက်ျားတွေ ဒီမိုခရက်ပါတီကို စွန့်ခွာတာ ပိုများများလာပါတယ်။ သဒ္ဓါနဲ့ ပညာမှာ သဒ္ဓါလွန်လေ့ရှိတဲ့ အမျိုးသမီးအများစုကတော့ ဒီမိုခရက်တွေဘက်မှာ အခိုင်အမာ ရပ်တည်လျက်ပါပဲ။ အမေရိကန်ဇော်မဲလုံးမကတော့ တာ့တာပြသွားပါပြီ။

တရုပ်လုပ် BYD ကားတွေဟာ ဈေးကွက်ထဲမှာ ဇီးရိုးကီလို ဆက်ကန်းဟန်းတွေကို လျော့ဈေးနဲ့ အများအပြား ထုတ်ရောင်းလာပါတယ်။ ဆက်ကန်းဟန်းဆိုတဲ့ အသုံးပြုပြီးသားအဟောင်းနဲ့ လုံးဝမမောင်းရသေးတဲ့ ဇီးရိုးကီလိုနဲ့ ဘယ်လိုမှ ဆက်စပ်ကြည့်လို့ ရနိုင်မှာ မဟုတ်ပါဘူး။​ ဘာလို့ အဲဒီလိုဖြစ်နေရသလဲဆိုတော့ BYD က အဲဒီကားတွေကို စထုတ်ကတဲက ရောင်းဖို့ အဓိကရည်ရွယ်တာ မဟုတ်ပဲ အစိုးရရဲ့ EV အသစ်ဝယ်သူတွေကိုပေးတဲ့ ထောက်ပံ့ကြေးက အရင်က တော်တော် ကောင်းခဲ့တာဖြစ်လို့ အဲဒါကိုလိမ်ယူဖို့ ထုတ်တာလို့ ချိုင်းနားအင်ဆိုက်ဒါက ဆိုပါတယ်။

ထောက်ပံ့ကြေးရဖို့အဓိက ထုတ်တာဖြစ်လို့ လုံခြုံမှုတို့ အရည်အသွေးတို့ ခိုလိုက်မှာ ကျိန်းသေကြောင်း၊ တခုခုဖြစ်လာရင်လည်း ပြည်သူမှာ တရားစွဲခွင့်မရှိတော့ ထုတ်လုပ်သူကလည်း အရေးမစိုက်ကြောင်း၊ နောက်တော့ ဇီးရိုးကီလိုဆက်ကန်းဟန်းအဖြစ် မူလဈေးရဲ့  သုံးပုံ ၂ပုံလောက်နဲ့ ထုတ်ရောင်းတော့ ပုံမှန်ထုတ်ထားတဲ့ ကားအဟောင်းအရောင်းတွေ အများကြီး ထိခိုက်လာသလို ဝယ်သူတွေမှာ လုံခြုံမှု ပြဿနာလည်း ရှိလာနိုင်တယ်လို့ ဆိုပါတယ်။ မြန်မာပြည်လို အနိုင်ကျင့် ဂျင်းထဲ့လို့ရတဲ့ ဈေးကွက်တွေကို ပစ်မှတ်ထားလာနိုင်လို့ သတိထားကြဖို့ တိုက်တွန်းပါတယ်။

Leave a comment