LA မှာ ခိုးဝင်တွေကို ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ရာမှာ အဆိုးတကာ့အဆိုးဆုံးဆိုတဲ့ ရာဇဝတ်သား ၁၂ဦး အပါအဝင် ခိုးဝင် ၁၁၈ဦးကို အဓိကရုဏ်းတွေကြားထဲက ဖမ်းမိထားပြီလို့ ဆိုပါတယ်။ အဲဒီ ၁၂ဦးထဲမှာ ၆ဦးက မက္ကဆီကိုနဲ့ ဗီယက်နမ်၊ ဖိလစ်ပီင်း၊ အင်ဒိုနီးရှား ပီရူး၊ ဟွန်ဒူးရပ်စ်၊ အီကွေဒေါတို့က တဦးစီ ဖြစ်ပြီး သွေးအေးအေးနဲ့ ရက်ရက်စက်စက် သတ်တတ်တဲ့ လူသတ်ကောင်တွေ၊ မုဒိမ်းကောင်တွေ အပြင် ကြမ်းတမ်း ရာဇဝတ်သား၊ လူဆိုးဂိုဏ်းသားတွေ ပါဝင်ပါတယ်။
တကယ်တော့ ဖက်ဒရယ်ရဲတွေက ခိုးဝင်တွေကိုဖမ်းဖို့ အဓိကသွားခဲ့တာ မဟုတ်ပါဘူး။ မူးယစ်ဂိုဏ်းတွေ ငွေဖြူလျော်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဝရမ်း၃ခုနဲ့ ဝင်စစ်ဖို့ လုပ်တာပါ။ ကုမ္ပဏီတခုက သန်း၈၀ဖိုးလောက် ပစ္စည်းတွေသွင်းလာတာကို ဘာတွေပါလို့ မကြေငြာထားသလို ကျသင့်အခကြေးငွေ ၁၇သန်းကိုလည်း ပေးဆောင်မထားပဲ တချို့ငွေတွေကို မက္ကဆီကိုမှာ လျော်ဖွတ်ပြီး တချို့ကို ကိုလံဘီယာမှာ လျော်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၄နှစ်လုံး မူးယစ်ဆေးနဲ့ ငွေဖြူလျော်တာတွေ အကြီးအကျယ်လုပ်နေခဲ့တာဆိုတော့ မြို့နဲ့ ပြည်နယ်အစိုးရတွေက မမြင်ချင်ယောင် ဆောင်ပေးနေပုံပါပဲ။ အရင် ခိုးဝင်တွေဖမ်းတုန်းက အဲဒီလောက် မခုခံကြပဲ အခု ငွေဖြူလျော်လုပ်ငန်းတွေကို ဝင်ဖမ်းမယ်ဆိုတော့မှ အကြီးအကျယ်အုံကြွလာကြတာ သွေးရိုးသားရိုးလို့ မြင်ဖို့ခက်ပါတယ်။ ဆန္ဒပြတဲ့သူတွေက အင်္ဂလိပ်လိုလည်း ကောင်းကောင်းပြောနေနိုင်တယ်လေ။
LA က ဆူပူဆန္ဒပြမှုတွေမှာ ဝေးမိုကား ၅စီးကို မီးရှို့တာအပါအဝင် ရဲကား၊ အိမ်ကားတွေပါ မှန်ခွဲ၊ မီးရှို့၊ ခဲပေါက်၊ စကူတာတွေနဲ့ ပစ်ပေါက်ဖျက်ဆီးခံကြရသလို ရဲတွေလည်း ထိခိုက်ဒဏ်ရာရကြပါတယ်။ ပုံမှန်ဆန္ဒပြမှုတွေမှာ ဖက်ဒရယ်အစိုးရက လုံးဝ ဝင်စွက်စရာမလိုပေမယ့် ဆူပူသောင်းကျန်း ဖျက်ဆီးတာတွေ ပါလာပြီ၊ ၁ရက်လည်းမပြီး၊ ၂ရက်လည်းမပြီး၊ ပြီးဦးမယ့်ပုံလည်းမရှိ၊ ပြည်နယ်အစိုးရကလည်း နိုင်နိုင်နင်းနင်း ကိုင်တွယ်မယ့်ပုံမပေါ်ရင် ပြည်သူ့အသက်စည်းစိမ်အိုးအိမ် လုံခြုံဖို့က ပထမအရေးအကြီးဆုံးဖြစ်တဲ့အတွက် ဖက်ဒရယ်က တပ်လွှတ်တာ မှားတဲ့လုပ်ရပ်တို့ ဘောင်ကျော်လုပ်တာတို့ ပြောလို့ မရတော့ပါဘူး။ ဒီနှစ်ဆန်းက LA မီးကို နျူဆမ်နဲ့ ဘက်စ်ဘယ်လို ကိုင်တွယ်ခဲ့တယ်ဆိုတာကြည့်ရင် သူတို့ညံ့လွန်းဖျင်းလွန်းတာ သိနိုင်ပါတယ်။
ဖက်ဆစ်လို့ စူးရောက်တွေညွှန်းနေတဲ့ သမ္မတထရမ့်ဟာ လူဆိုးသူခိုးတွေကို အဓိကပစ်မှတ်ထားတဲ့ တရားမဝင်ဖမ်းဆီးပြန်ပို့မှုတွေ လုပ်မယ်ဆိုတာကို ရကပကတိကဝတ်အနေနဲ့ မဲဆွယ်ခဲ့တာဖြစ်ပြီး တခဲနက်အနိုင်ရခဲ့တာက ပြည်သူ့ဆန္ဒအတိုင်းလုပ်နေတာလား၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး လုပ်နေတာလားဆိုတာကို ကွဲပြားစေတဲ့အချက်ပါပဲ။ မဲနိုင်တာလည်း မနိုင်မချင်း ဘယ်ကထုတ်လာမှန်း မသိရတဲ့မဲတွေနဲ့ အချိန်ဆွဲရေရင်း နိုင်လာတာမျိုးမဟုတ်ပဲ နောက်ဆုံးမဲရုံပိတ်ပြီး နာရီပိုင်းအတွင်း ပြတ်ပြတ်သားသား နိုင်ခဲ့တာပါ။ ခိုးဝင်အများစုက တောင်အမေရိကတိုက်ကဆိုတော့ အဲဒီကလူတွေ ထရမ့်ကို မုန်းမှာပဲလို့ ထင်ရင်လည်း မှားတာပါပဲ။ Hispanic တွေရဲ့ ထရမ့်အပေါ် ထောက်ခံမှုက ၂၀၁၆မှာ ၁၆% ပဲရှိခဲ့ရာက ၂၀၂၄မှာ ၄၀.၄% ကို တက်လာခဲ့ပြီး မေလနှောင်းပိုင်းမှာ လုပ်တဲ့ the InsiderAdvantage Poll မှာ ၅၉.၆% အထိ မှတ်တမ်းတင်မြင့်တက်လာခဲ့ပါတယ်။
ဒီမိုခရက်မီဒီညာက ဂျော့ဖလွိုက်တုန်းကလိုပဲ ဆူပူတဲ့သူတွေကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေလို့ ဇွတ်ပုံဖော်ကြပေမယ့် အမေရိကန်မှာ ဆန္ဒပြတယ်ဆိုတာ ရဲကို ကြိုအကြောင်းကြားရပြီး ရဲက ခွင့်ပြုမှ ခွင့်ပြုတဲ့နေရာမှာ ခွင့်ပြုတဲ့အင်အားနဲ့ ပြလို့ရတာပါ။ ခွင့်ပြုတဲ့နေရာတဝိုက် လမ်းရှင်းဖို့နဲ့ မလိုလားအပ်တဲ့ အန္တရာယ်တွေက ကာကွယ်ဖို့ ရဲများလည်း ချထားပေးကြပါတယ်။ မြန်မာအများ နေထိုင်ကြတဲ့ စင်္ကာပူဆိုရင် ဆန္ဒပြခွင့်ကို မရှိပါဘူး၊ အဲဒီလို မရှိလို့ ဆူပူတာတွေ၊ ဖျက်ဆီးတာတွေ လုပ်လို့ ရသလား၊ ဧည့်သည်အနေနဲ့ လုပ်ရောလုပ်သင့်ရဲ့လား စဥ်းစားကြဖို့ လိုပါတယ်။
ဆန္ဒပြ ဆူပူသူတွေ မျက်နှာဖုံးမတပ်ရဘူးလို့ ဖက်ဒရယ်အစိုးရက ညွှန်ကြားထားတဲ့ကြားက တပ်ကြတာကို ဒီမိုခရက်မီဒီညာက အပြစ်မပြောပဲ ရဲတွေ မျက်နှာဖုံးတပ်တာကို အပြစ်ဖို့ပါတယ်။ ရဲတွေ မျက်နှာဖုံးမတပ်ရင် ဘယ်သူ၊ ဘယ်မှာနေတယ် ဆိုတာရှာပြီး မိသားစုတွေကိုပါ နှောက်ယှက်တာ လူဆိုးဂိုဏ်းတွေနဲ့ ဒီမိုခရက်တွေ လုပ်လေ့ရှိတဲ့ကိစ္စတွေပါ။
ခုချိန်မှာ ရှိသမျှရဲအင်အားက ဆူပူတဲ့နေရာတွေမှာ သုံးနေရတဲ့အတွက် အခွင့်အရေးချောင်းနေတဲ့ တောကြောင်တွေ ခိုး/ လု/ ဓါးပြတိုက်/ မုဒိမ်းကျင့်./ လူကုန်ကူး စတာတွေလုပ်လာနိုင်သလို၊ မီးရှို့၊ ဖောက်ခွဲ၊ ဆူပူတာတွေကြောင့် လမ်းတွေပိတ်တာက အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ ပြည်သူတွေအတွက် ထိခိုက်ဆုံးရှုံးမှု ကြီးမားနိုင်ပါတယ်။ ၂၀၂၀ ဂျော့ဖလွိုက်ကိစ္စ တုန်းကလည်း အကောင်းစားပစ္စည်းရောင်းတဲ့ဆိုင်တွေဖောက်လု၊ ကားတွေ၊ အိမ်တွေ၊ ဆိုင်/ရုံးတွေ မီးရှို့တာက ဘီလီယံပေါင်းများစွာ ပျက်စီးသွားသလို မသေသင့်တဲ့အသက်တွေလည်း သေခဲ့ရပါတယ်။ ဂျော့ဖလွိုက်သေတာကနေ လူမည်းလှုပ်ရှားမှု BLM ဆူပူမှုတွေဖြစ်၊ ဒီမိုခရက်လက်ကိုင်ဒုတ် စွမ်းအားရှင် အန်တီဖာတွေက အခုလိုပဲ ရေဒီယိုဖုံးတွေ၊ ဓါတ်ငွေ့မျက်နှာဖုံးတွေ၊ ဂဲတွေ၊ ဒုတ်တွေ၊ လူသေစေနိုင်တဲ့ မီးကျည်တွေ၊ စတဲ့ မီးရှို့ ဖျက်ဆီးဖို့ ဆပ္ပလိုင်းအပြည့်နဲ့ စုစုစည်းစည်း ထွက်လာပုံက ၂၀၂၀တုန်းကအတိုင်းပါပဲ။ အခုလည်း ၂၀၂၀တုန်းကလိုပဲ တပြည်လုံးကို ဖြန့်မယ့်ပုံ ဖြစ်နေပါတယ်။
ရာဇဝတ်နဲ့ အိမ်တွင်းအကြမ်းဖက်မှုနောက်ခံရှိတဲ့သူ၊ ရဲက အသာတကြည်အဖမ်းခံခိုင်းတာကို မလိုက်နာခဲ့တဲ့ အတွက် ရဲက လုပ်ရိုးလုပ်စဥ်အတိုင်းဖမ်းတာမှာ ကံမကောင်းချင်တော့ ဂျော့ဖလွိုက် သေဆုံးသွားခဲ့ပါတယ်။ ဘာအကြပ်အတည်းဖြစ်ဖြစ် အမြတ်ထုတ်ချင်တဲ့နေရာမှာ ကွန်မီတွေနဲ့ ဒီမိုခရက်တွေတူတာဆိုတော့ သူ့အလုပ်သူလုပ်တဲ့ရဲကို လူသတ်မှုနဲ့ ထောင်ချပြီး ဘဝပျက်အောင် လုပ်ခဲ့ပါတယ်။ ဂျော့ဖလွိုက်ရဲ့ autopsy မှတ်တမ်းမှာ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ ဒဏ်ရာ ဘာတခုမှ မတွေ့ပါဘူးလို့ ပါသလို ဖန်တနိုင်းလ် မူးယစ်ဆေး သုံးထားတာ တွေ့တယ်လို့ ပါပါတယ်။ ဒါတွေ ပြန်ပြောရတာက ဥပဒေအတိုင်းလုပ်တဲ့ထရမ့်ကို ဖက်ဆစ်လို့ စွပ်စွဲကြသူတွေရဲ့ လူကောင်းကို လူဆိုး၊ လူဆိုးကို လူကောင်းဖြစ်အောင်လုပ်တဲ့ တရားမဲ့လုပ်ရပ်တွေကို သိစေချင်လို့ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေက နိုင်ငံခြားအလံတွေ အများကြီးကိုင်စွဲကြတာဆိုတော့ အမေရိကန်ထက် အဲဒီနိုင်ငံတွေကို ပိုချစ်လို့ဆိုတာ ထင်ရှားနေပါတယ်။ အဲဒီတော့ သူတို့ပိုချစ်တဲ့နိုင်ငံကိုပြန်ဖို့က အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ဒီမှာနေချင်ရင် ဒီနိုင်ငံသားဖြစ်ချင်ရင် ဒီနိုင်ငံကိုချစ်ရမယ်၊ ကာကွယ်ရမယ်၊ ဒီနိုင်ငံအကျိုးစီးပွား ပျက်စီးအောင် မလုပ်ရဘူး၊ နိုင်တဲ့ဝန် ဝင်ထမ်းပြီး အေးအတူ ပူအမျှ နေထိုင်နိုင်ရပါမယ်။ ကိုယ်က ကမ္ဘာ့ထိပ်ဆုံးနံပါတ် ၁ နိုင်ငံကြီးမှာလည်း လာနေချင်တယ်၊ ဟိုဟာအခမဲ့၊ ဒီဟာဖရီးနဲ့ အခွင့်ထူးလည်း ခံချင်တယ်၊ ကိုယ့်နိုင်ငံမှာတောင် မရတဲ့အခွင့်အရေးတွေ ရချင်တယ်ဆိုရင်တော့ အတော်ကြီးကို လွဲနေပါပြီ။
မြန်မာပြည်မှာ မြန်မာအစစ်တွေထက်တောင် မြန်မာပိုဆန်၊ မြန်မာအဝတ်၊ မြန်မာအစား၊ မြန်မာသီချင်း တွေကို ပိုချစ်ခဲ့ကြတဲ့ ဆရာဦးကိုနီတို့ မင်းသားဦးထွန်းဝေတို့ကစလို့ နွေဦးတော်လှန်ရေးအစောပိုင်းမှာ အသက်ပေးသွားတဲ့ မြန်မာနိုင်ငံသား လူမျိုးခြားတွေကို မြန်မာပြည်သူအများက သဲသဲလှုပ် ချစ်ကြပါတယ်။ လူမျိုးခြားလို့ကို မမြင်ကြတော့ပါဘူး။ တသွေးထဲ တသားထဲလို့ မြင်ကြပါတယ်။ အဲဒါက သူတို့ကိုယ်တိုင်က မြန်မာပြည်ကို ကိုယ့်အိမ်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်အရေးလို့ ခံယူကြလို့ပါပဲ။ အမေရိကန်မှာနေပြီး အမေရိကန်အကျိုးစီးပွားထက် နိုင်ငံခြား အထူးသဖြင့် ရာဇဝတ်ကောင်တွေကို ပိုသဲပြနေရင် ဒီနိုင်ငံသားတွေက ကြိုက်ပါ့မလား၊ ဖြစ်ရောဖြစ်သင့်သလားဆိုတာ စဥ်းစားကြဖို့ပါ။ တကယ်လို့ မြန်မာနိုင်ငံမှာ အနောက်ဖက်၊ အရှေ့မြောက်ဖက်က ဝင်လာတဲ့သူတွေက လူကုန်ကူး၊ မူးယစ်ဆေးတွေဖြန့်၊ မြန်မာအမျိုးသမီးလေးတွေကို စော်ကား၊ သတ်ဖြတ်၊ ပြည်သူတွေတောင် မရတဲ့ အခွင့်အရေးတွေ လိုချင်နေတယ်ဆိုရင်ကော အခုလိုပဲ သူတို့ဘက်က ကာပေးကြဦးမှာလား။
နျူဆမ်က ကာလီဖိုးနီးယားက စီးပွားရေးအင်အားကောင်းတဲ့ပြည်နယ်ဖြစ်လို့ ဖက်ဒရယ်က အခွန်အများကြီးရပြီး ဖက်ဒရယ်ဆီက ပြန်ရတာက နည်းလို့ ဖက်ဒရယ်အစိုးရရဲ့ ဩဇာ ခံစရာမလိုတဲ့ သဘောမျိုးတွေ ပြောပါတယ်။ ကာလီဖိုးနီးယားစီးပွားရေး ဒီလောက်ဖြစ်လာတာ အရင်က ရွှေတူးတာ၊ နောက်တော့ ဟောလိဝုဒ်၊ စိုက်ပျိုးရေး၊ ခုနောက်ပိုင်းမှာ နည်းပညာကုမ္ပဏီ တွေကြောင့်ဖြစ်လို့ စကတဲက တသမတ်တည်း အင်အားကြီးခဲ့တာမဟုတ်တာ မြင်နိုင်ပါတယ်။ နျူဆမ်နဲ့ ဒီမိုခရက်တွေရဲ့ စူးရောက်ပြောင်မြောက်တဲ့ အုပ်ချုပ်မှုကြောင့် နည်းပညာကုမ္ပဏီကြီးတွေ တဖြည်းဖြည်း ပြေးကုန်ကြတော့ ဒီလိုစီးပွားရေး တောင့်တင်းတယ်ဆိုတာ အမြဲမှန်ကန်နေမယ့်ကိစ္စမဟုတ်ပါဘူး။ ဒီလောက်တောင့်တင်းတဲ့ စီးပွားရေးကနေ တပြည်လုံးမှာအမြင့်ဆုံး အမည်အများဆုံးအခွန်တွေ လှိမ့်ကောက်နေတာတောင် ညံ့ဖျင်းလှတဲ့အုပ်ချုပ်မှုကြောင့် နှစ်တိုင်း လိုငွေချည့် နင်းကန်ပြနေတာ ကိုလည်း ထည့်စဥ်းစားရပါမယ်။
နောက်တချက်က အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်တခုအနေနဲ့ အမေရိကန်ဖက်ဒရယ်အစိုးရရဲ့ ကာကွယ်စောင့်ရှောက်မှုအပြင် တိုင်းပြုပြည်ပြုဖခင်ကြီးများရဲ့ အမျှော်အမြင်ရှိရှိ ရေးဆွဲထားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးလို့ ဆိုနိုင်တဲ့ အခြေခံဥပဒေရဲ့ သက်ရောက်မှုအောက်မှာ ရှိနေတာက ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ အကျိုးအမြတ်တွေ ဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်မှာ ကိုယ်ပဲ အမြဲသာရမယ် ဆိုတဲ့ ကလေးဆန်တဲ့အတွေးမျိုးနဲ့ အလုပ်မဖြစ်ပါဘူး။ အနာဂတ်မြန်မာပြည်မှာ ဖက်ဒရယ်စနစ် ကျင့်သုံးလာခဲ့ရင်လည်း ငါတို့ပြည်နယ်က ဘာတွေထွက်လို့ ဘယ်လိုအခွင့်အရေး ပိုရသင့်တယ်ဆိုတဲ့ ရေတိုအမြင်မျိုးထက် အရှည်ကို မျှော်ကြည့်ကြဖို့ မျှော်လင့်ပါတယ်။
Tin Omma Myo
See insights and ads
All reactions:
739Ashin Kusalasami, William Saw and 737 others