ဇွန် ၁၂ရက် ၂၀၂၅

၁၁ရက်နေ့အထိ ဆန္ဒပြပွဲတွေကနေ ခိုးဝင် ၃၃၀ကို ဖမ်းမိထားပြီး ပြည်နှင်ဒဏ်ပေးမယ်လို့ အိမ်ဖြူက ကြေငြာထားပါတယ်။ အဲဒီထဲက ၁၁၃ဦးက ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ချထားခံဖူးသူတွေဖြစ်ပြီး နိုင်ငံသားအပါအဝင် ၁၅၇ဦးက (ရဲဝန်ထမ်းတွေကို အန္တရာယ်ပြုမှု၊ ဝတ္တရားနှောက်ယှက်မှုတို့နဲ့ အဖမ်းခံထားရတာပါ။ ၂ဦးကတော့ မိုလိုတော့ဗ်ကော့တေးလ်ပုလင်းတွေကို ရဲတွေထံ ပစ်ပေါက်မှုနဲ့ ဖမ်းဆီးထားပြီး အဲဒီထဲက ၁ဦးကို လူသတ်ရန်ကြံစည်တယ်လို့ စွပ်စွဲထားပါတယ်။

ပြည်တွင်းလုံခြုံရေးဝန်ကြီး Kristi Noem က LA က ဆန္ဒပြပွဲတွေကို နောက်ကွယ်က စနစ်တကျ အကွက်ချပြီး ငွေပေးပြီး စုစည်းထောက်ပံ့ပေးသူတွေ ရှိနေတာကို ထောက်လှမ်းရေးက တွေ့ရှိထားကြောင်း၊ သူတို့ရဲ့ အပြုအမူတွေ၊ အကြမ်းဖက်မှုတွေ စတင်ဖို့ လူကြားထဲ တဦးနဲ့တဦး အချက်ပြကြတာတွေကိုကြည့်ရင် ဒါဟာ စီမံချက်တခုကို ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်နေတာကို တွေ့ရမှာ ဖြစ်ကြောင်း၊ သူတို့ဟာ အရင်ကလည်း အလားတူလုပ်ခဲ့ဖူးပြီး ခုတခါတော့ ငါတို့က ပါတဲ့သူ တယောက်မကျန် ဖမ်းပြီး တရားစီရင်မယ့်အကြောင်း ပြောသွားပါတယ်။ LAPD Chief Jim McDonnell က ညနေ/ညဖက်တွေမှာ ထွက်လာကြတဲ့သူတွေက နေ့ဖက်မှာ ဆန္ဒပြသူတွေနဲ့ မတူပဲ မျက်နှာဖုံးတွေ၊ ခေါင်းစွပ်တွေနဲ့ အဖွဲ့လိုက်ထွက်လာပြီး လုယက်၊ ဖျက်ဆီးကြတယ်လို့ ဆိုပါတယ်။

LA ဆန္ဒပြပွဲမှာ ရဲကားကို ကွန်ကရစ်တုံးနဲ့ပစ်ပြီး ရဲအရာရှိကို ဒဏ်ရာရစေတဲ့သူဟာ မျက်နှာဖုံးတပ်ထားသော်လည်း FBI က ဘယ်သူဘယ်ဝါဆိုတာ ဖော်ထုတ်နိုင်ပြီဖြစ်လို့ အမြန်ဆုံး ဖမ်းဖို့ ရောက်လာတော့မယ့်အကြောင်း ရှေ့နေချုပ် Pam Bondi က ဟန်နတီကို ပြောသွားပါတယ်။ ရဲကို တံတွေးနဲ့ထွေးတာအတွက် ၅နှစ်ထက်မပိုသော ထောင်ဒဏ်၊ လုပ်ငန်းတွေကို ဝင်လုရင် အနှစ် ၂၀ထက် မပိုသောထောင်ဒဏ် ကျခံရမယ်လို့ ဆိုပါတယ်။ ထရမ့်က National Guard ၄၀၀၀၊ marine တပ်သား ၇၀၀ လွှတ်တာရဲ့ အဓိကရည်ရွယ်ချက်က နျူဆမ်အနေနဲ့ ရဲမစို့မပို့ ချထားရင် (သို့) လုပ်ပိုင်ခွင့်မပေးရင် ဆူပူသူတွေက ICE လဝကရဲတွေ၊ ဖက်ဒရယ်ရဲတွေအပါအဝင် မြို့ခံရဲတွေကို “ဒေါသထွက်အောင် လုပ်ထားတဲ့ လူတစုရန်က ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။

LA ဆန္ဒပြပွဲ/ဆူပူမှုတွေကို စပွန်ဆာလုပ်တဲ့အဖွဲ့တွေထဲမှာ ထိပ်ဆုံးကပါတာက Coalition for Humane Immigration Rights of LA (CHIRLA) ဆိုတဲ့ NGO ပါ။ အဲဒီအဖွဲ့ရဲ့ ဝင်ငွေ ၄၅သန်းထဲက ၃၄သန်းက အစိုးရဂရန့်တွေက လာတာဆိုတော့ ပြည်သူ့ပိုက်ဆံနဲ့ ပြည်သူပိုင်ပစ္စည်းတွေ ဖျက်ဆီးနေကြသလိုပါပဲ။ ဒီ ၃၄သန်းက ဘိုင်ဒန့်လက်ထက်ကျမှ ဆောင့်တက်သွားတာပါ။ ဆန္ဒပြပိုစ်တာ အများစုကို ထုတ်ပေးတာက Party for Socialism and Liberation လို့ခေါ်တဲ့ ကွန်မြူနစ်ပါတီဖြစ်ပြီး PSL က အမေရိကန်အခြေစိုက် စစ်ဆန့်ကျင်ရေး၊ civil rights စသဖြင့် အကြောင်းစုံနဲ့ ဆန္ဒပြကြတဲ့ အဖွဲ့တွေရဲ့အပေါ်က ခေါင်ချုပ်ကြီးဖြစ်တဲ့ ANSWER မဟာမိတ် အဖွဲ့နဲ့ ဖွဲ့စည်းပုံရော ငွေကြေးကိစ္စတွေပါ ဆက်နွယ်မှု ရှိနေပါတယ်။ တနည်းပြောရရင် ANSWER က ဆန္ဒပြတာတွေ အငှားလုပ်ပေးတဲ့သဘောပဲလို့ OAN က Liz Wheeler က DataRepablican ရဲ့ X အကောင့်ကို ကိုးကားတင်ပြသွားပါတယ်။

PSL နဲ့ ANSWER နှစ်ခုလုံးကို ငွေကြေးထောက်ပံ့ပေးနေတာက တရုပ်စီစီပီအတွက် ကမ္ဘာကို ဝါဒဖြန့် ပေးနေလို့ ဘီလျံနာဖြစ်သွားတဲ့ IT consulting လုပ်ငန်းရှင် Neville Singham ဖြစ်ပါတယ်။ Neville က ၁၉၉၃မှာ Thoughtworks IT Consulting ကို တည်ထောင်ခဲ့ပြီး ၂၀၀၁-၂၀၀၈အထိ ဟွားဝေရဲ့ strategic technical consultant ဖြစ်ခဲ့ကာ ၂၀၀၅မှာ တရုပ်ပြည်မှာ ရုံးဖွင့်ခဲ့ပါတယ်။ ၂၀၁၇မှာ နိုင်ငံ ၁၅နိုင်ငံမှာ ဝန်ထမ်းပေါင်း ၄၅၀၀ရှိနေပြီဖြစ်တဲ့ Thoughtworks ကို Apax Partners ထံ ၇၈၅သန်းနဲ့ ရောင်းချပြီး တရုပ်ပြည်ကို ပြောင်းရွှေ့နေထိုင်ခဲ့တဲ့နောက် ၂၀၁၉မှာ စီစီပီရဲ့ ဝါဒဖြန့်လက်တံတွေအဖြစ် လှုပ်ရှားနေကြတဲ့သူတွေနဲ့ ပူးပေါင်းကာ တရုပ်အခြေစိုက် ကုမ္ပဏီတွေ တည်ထောင်ပြီး ဝါဒဖြန့်ပေးတာတွေ ဆက်လုပ်ခဲ့တာပါ။

ဆန္ဒပြပွဲတွေကို ထောက်ပံ့နေတဲ့ တခြားအဖွဲ့တွေက the Services Employees International Union California (သူ့ဥက္ကဋ္ဌ David Huerta က ဇွန်၆ရက်မှာ ဖက်ဒရယ်အေးဂျင့်တွေကို နှောက်ယှက်လို့ အဖမ်းခံခဲ့ရပါတယ်) နဲ့ the Million Voters Project (မဲပေးမယ့်သူအသစ်/ မဲပေးလေ့မရှိသူတွေကို ဆွယ်တဲ့အဖွဲ့) တို့ဖြစ်ပါတယ်။ LA မြို့ဝန် ကယ်ရင်ဘက်စ်က USAID က အရောင်တော်လှန်ရေးတွေ ကမ္ဘာတဝှမ်းမှာ ဖြစ်လာအောင် လှုံ့ဆော်ပံ့ပိုးနေတဲ့ National Endowment for Democracy ရဲ့ ထိပ်တန်းအရာရှိတဦးဖြစ်နေတာက သူကိုယ်တိုင် ဆူပူမှုတွေနောက်ကွယ်က ကြိုးကိုင်နေသလားလို့ စဥ်းစားစရာ ဖြစ်နေပါတယ်။ အဲဒါကြောင့် LA ဆန္ဒပြပွဲတွေဟာ ပြည်သူတွေဆန္ဒအလျောက် ဖြစ်လာတာလို့ ပြောဖို့ ခက်တာပါ။

ဆန္ဒပြပွဲတွေ လုပ်တော့မယ်ဆိုရင် slogan တွေပြင်ရ၊ poster တွေ ပြင်ရ၊ ဆုံမှတ်၊ သွားမယ့် လမ်းကြောင်း၊ လာမယ့်သူတွေအတွက် ရေ/အစားအစာ၊ လူများရင် ရဲကို ကြိုပြီး ခွင့်ပြုချက် တင်ရတာ စသဖြင့် ပြင်ရတာတွေ အများကြီးပါ။ ခု LA ပွဲတွေက ၂၀၂၀ BLM တုန်းကလိုပဲ အကုန်လုံးက တစုတစည်းတည်း ဟွတ်ဒီဆောင်း၊ နှာခေါင်းစည်း/ မျက်နှာဖုံးတွေ၊ ပိုစတာတွေ၊ အလံတွေ၊ စလိုဂန်တွေနဲ့ ချက်ချင်းဆိုသလို ပြင်ဆင်ပြီး အကျအနထွက်လာတာဆိုတော့ grassroot တွေ မတိုင်ပင်ပဲ အုံကြွတာမျိုးလို့ ပြောဖို့ ခက်ပါတယ်။ နောက်ရက်တွေ နေ့ဖက် ထွက်လာတာတွေမှာ grassroot တွေ ပါလာနိုင်ပေမယ့် ညနေဖက် ဖောက်ထွင်းလုယက်တာ၊ ဖျက်လိုဖျက်ဆီးလုပ်တာတွေက သာမာန်ပြည်သူတွေ မဖြစ်နိုင်ပါဘူး။

မြန်မာပြည်မှာလည်း ၈၈၈၈တုန်းက ပြည်သူအစစ်က ငြိမ်းချမ်းစွာ ဆန္ဒပြပေမယ့် စက်ရုံတွေဖောက်ထွင်း ခိုးကြတာ၊ ရေအဆိပ်ခပ်၊ ခေါင်းဖြတ်တာတွေက အရုပ်ဆိုးစေချင်သူတွေရဲ့ စနက်မှန်း အားလုံးသိကြပါတယ်။ ရွှေဉာဏ်တော်စူးရောက်သူများက ထရမ့်ကြောင့် ဆူပူမှုတွေဖြစ်ပြီး ကာဖြူးထုတ်ရသလိုလိုတွေပြောနေတာ ဟာသပါပဲ။ ရီပါဘလစ်ကန်များတဲ့/ အုပ်ချုပ်တဲ့နေရာတွေမှာ ဆူပူသောင်းကျန်းတာတွေ မဖြစ်ပဲ ဒီမိုခရက်အားကောင်း/အုပ်ချုပ်တဲ့ နေရာတွေမှာပဲဖြစ်တာကို ကြည့်ရင် ဘယ်သူတွေစနက်လဲဆိုတာ အလွယ်တကူ သိနိုင်ပါတယ်။

ဒီမိုခရက်တွေက ထရမ့်ဟာ အာဏာရှင်ကြီးမို့ စစ်တပ်အားကိုးနဲ့ အာဏာရှင်ဆန်ဆန်ပြုမူနေတာပါလို့ ပုံဖော်ဖို့ အသည်းအသန် ကြိုးစားနေတာပါ။ ဘာလို့လဲဆိုတော့ ခုထရမ့်လုပ်နေတဲ့ တိုင်းပြည်ဖွံ့ဖြိုး ပြည်သူတွေ အေးချမ်း ချောင်လည်စေတာ စတဲ့အပြုသဘောဆောင်တဲ့ကိစ္စတွေကို လူတွေက သဘောကျကြလေ လက်ဝဲဒီမိုခရက်တွေအပေါ် လူထုထောက်ခံမှု ကျဆင်းလေဖြစ်နေလို့ပါ။ ဒီမိုခရက်တွေက တိုင်းပြည်နဲ့ ပြည်သူကောင်းဖို့ကိစ္စတွေကို ဘာလို့ မလုပ်ပေးချင်တာလဲဆိုတော့ ပြည်သူတွေ လွတ်လပ်ချောင်လည်တိုးတက်မှုရဲ့ အရသာကို သိနေသမျှ ဖရီးမားကက်အီကော်နော်မီကို အားပေးတဲ့ ရီပါဘလစ်ကန်တွေကိုပဲ ရွေးချယ်ကြမှာဖြစ်ပြီး ဒုက္ခပတ်လည်ဝိုင်းနေမှသာ အစိုးရနဲ့ သူများအိတ်ထဲက ပိုက်ဆံကို မျက်စောင်းထိုးပြီး တန်းညှိပေးမယ်လို့ ကြွေးကြော်တဲ့ လက်ဝဲ ဒီမိုခရက်တွေကို ရွေးကြမှာဖြစ်လို့ပါ။

တချို့ကလည်း ထရမ့်က ပလန်တီယာလိုထရမ့်မဟာမိတ်တွေနဲ့ နက်နက်ရှိုင်းရှိုင်းပတ်သက်နေတဲ့ တက်ခ်ကုမ္ပဏီကြီးက အမေရိကန်တွေရဲ့ ဒေတာဘေ့စ်တွေ လုပ်မယ်ဆိုတာကို စိုးရိမ်ပြနေကြပါတယ်။ အဲဒါက အဓိပ္ပါယ်လုံးဝ မရှိပါဘူး။ ပလန်တီယာက ၂၀၀၈ကတဲက တပ်က ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးကိစ္စတွေကို အေအိုင်နဲ့ ဒေတာတွေအသုံးပြုပြီး လုပ်ပေးနေခဲ့တာပါ။ အခု အကြီးစား ဒေတာဘေ့စ်လုပ်ရတာကလည်း ဌာနတခုချင်းစီက သီးခြားဒေတာဘေ့စ်တခုစီသီးသန့်လုပ်ကြပြီး တခုနဲ့တခု ချိတ်ဆက်မထားတော့ SS မှာအသက်၃၀၀ကျော်တွေရှိလိုရှိ၊ မမွေးသေးတဲ့သူတွေက စီးပွားရေးချေးငွေတွေ လျောက်လိုလျောက်နဲ့ လိမ်ချင်တိုင်း လိမ်လို့ရတဲ့ ဗျူရိုကရက်ရပ်ဝန်း ဖြစ်နေတာပါ။ အဲဒါကြောင့် ဒေတာတွေအကုန် ချိတ်ဆက်လိုက်ရင် အလိမ်အညာတွေ အလေအလွင့်တွေကို ဖယ်ရှားနိုင်ဖို့အပြင် သုတေသနလုပ်ဖို့ကစလို့ အသုံးဝင်တဲ့ စနစ်တရပ် ဖော်ဆောင်ဖို့ လုပ်နေတာဖြစ်ပါတယ်။

ဘယ်သူပဲလုပ်လုပ် Risk ကတော့ ရှိမှာပါပဲ။ အဆင့်မြင့် စစ်စခန်းတွေနား တရုပ်တွေကို မြေဝယ်ခွင့် ပေးတာ၊ ဘောပျံတွေ၊ ဘိုင်ဒန့်မိသားစုက တရုပ်ဆီက လာဘ်စားပြီး ဘိုင်ဒန် ဒုသမ္မတကနားတော့ ယူခွင့်မရှိပဲ ယူသွားတဲ့ ထိပ်တန်းလျို့ဝှက်တွေကို တဖက်လှည့်နဲ့ တရုပ်လက်ရောက်အောင်လုပ်တာ တွေလို တကယ့်အန္တရာယ်တွေကို မျက်ကွယ်ပြုပြီး အိုဘမလက်ထက်ကတည်းက သုံးနေတဲ့ကုမ္ပဏီကို ထရမ့်လက်ထက်ကျမှ စိုးရိမ်ပြနေတာကလည်း နောက်ထပ် အပေါစားဟာသတခုပါပဲ။

သမ္မတထရမ့်က လူထုအသံကို အမြဲနားထောင်ပြီး တကယ်လိုအပ်တာဆို လုပ်ပေးနေတာပါ။ အခုလည်း တရားမဝင်တွေ အကုန်ပြန်ပို့ရင် အမေရိကန်တွေ သိပ်မလုပ်ကြတဲ့ စိုက်ပျိုးရေး၊ ဟိုတယ်နဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ထိခိုက်သွားမယ်လို့ အဆိုပါလုပ်ငန်းလုပ်တဲ့သူတွေဆီက အသံထွက်လာတော့ အဲဒီလုပ်ငန်းတွေမှာလုပ်နေတဲ့ ရာဇဝတ်ပြစ်မှုကင်းသူတွေကို ချန်ထားပေးမလား စဥ်းစားနေပါပြီ။ တစ်ပ်မန်းနီးအပေါ် အခွန်မကောက်ဖို့ကိုလည်း စားပွဲထိုးမလေးတဦးက အကြံပြုတာပါ။

ဒီအပတ်အစောပိုင်းက ထွက်သွားတဲ့ အသစ်မွေးဖွားလာတဲ့ အမေရိကန်ကလေး တဦးကို $1000 နဲ့ ထရမ့်အကောင့်ဖွင့်ပေးဖို့၊ အဲဒီပိုက်ဆံကို index fund တွေမှာထည့်ပြီး မိဘ၊ မိဘရဲ့ အလုပ်ရှင်၊ ဆွေမျိုးမိတ်သင်္ဂဟများက တနှစ်ကို ၅၀၀၀ အထိ ထပ်ထည့်ခွင့်ပြုဖို့၊ တိုးပွားလာတဲ့ ပိုက်ဆံအပေါ် မထုတ်မချင်း အခွန်ဆိုင်းငံ့ပေးထားဖို့တို့ကို ချပြခဲ့ပါတယ်။ အဲဒါကို Dell သူဌေး Michael Dell က ဒီနှစ်ဆန်းပိုင်းက ထရမ့်ကို အကြံပြုထားတာဖြစ်ပြီး Dell ဝန်ထမ်းတွေ ကလေးမွေးရင် နောက်ထပ် $1000 match လုပ်ပေးသွားမယ်လို့ ကတိပြုလိုက်ပါတယ်။ အစိုးရပေးတဲ့ ၁၀၀၀ကို မိဘတွေက တလ ၁၀၀ လတိုင်းထပ်ထည့်သွားရုံနဲ့ ကလေးအသက် ၂၅ဆိုရင် ၂သိန်းကျော်လောက် ရှိနေမှာဖြစ်လို့ အိမ်ပဲဝယ်ဝယ်၊ လုပ်ငန်းပဲလုပ်လုပ်၊ အိုနာစာအတွက် ဆက်ပဲစုစု ရနေပါပြီ။ သူတို့ခွင့်ပြုတဲ့ တနှစ် ၅၀၀၀သာ ထပ်ထည့်သွားနိုင်ရင် အသက် ၂၅ဆို တသန်းလောက်တော့ အသာလေးပါပဲ။

Tin Omma Myo

Leave a comment