ဒီကနေ့ ပြုလုပ်တဲ့ ကာ/ဝန်နဲ့ လေတပ်ဗိုလ်ချုပ်ကြီးတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာ/ဝန် ဟက်ဆက်သ်က B-2 တိုက်လေယာဥ်တွေဟာ အီရန်ရဲ့ နျူဆိုက် ၃ခုကို သွားဗုံးကြဲလိုက်ပြီး အီရန်ဝေဟင်ပိုင်နက်က ထွက်လာပြီးတဲ့အထိ ကမ္ဘာက လုံးဝမသိလိုက်ပဲ အမှားအယွင်းမရှိ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် စစ်ဆင်ရေးလုံခြုံမှုမှာ အမြင့်ဆုံးဖြစ်ကြောင်း၊ လိုအပ်လာတဲ့အခါ အခုလို လုပ်နိုင်ဖို့ အစ္စရေးနဲ့ အမေရိကန်တို့ လနဲ့ချီ ကြိုစီစဥ်ခဲ့ရကြောင်း၊ B-2 ကိုယ်ပျောက် ဗုံးကြဲလေယာဥ်တွေ စခန်းချတဲ့ မစ်ဇိုးရီပြည်နယ်လေတပ်စခန်းကနေ အီရန်အထိ အရောက်သွား ဗုံးကြဲခဲ့တာဟာ ၂၀၀၁ ကစလို့ အဝေးဆုံးခရီးဖြစ်ကြောင်း၊ Massive Ordinance Penetrator ဆိုတဲ့ (Bunker buster လို့လည်း ခေါ်ကြတဲ့) ပေါင် ၃သောင်းလေးပြီး ပေ၂၀ကျော်ရှည်ကာ ၃၁.၅လက်မလုံးပတ်ရှိတဲ့ ဗုံးတွေကို ပထမဆုံး သုံးခဲ့တာ ဖြစ်ကြောင်း၊ ဒါဟာ ငါတို့မဟာမိတ်တွေနဲ့ တပ်တွေရဲ့ ပူးပေါင်းအင်အားကို ကမ္ဘာသိ ချပြလိုက်တာ ဖြစ်ကြောင်း၊ ငါတို့ဟာ သမ္မတပြောသလိုပဲ စစ်မဖြစ်ချင်ပေမယ့် ကိုယ့်နိုင်ငံနဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာမယ်ဆိုရင် ထိထိရောက်ရောက် လျင်လျင်မြန်မြန် တုံ့ပြန်မှာဖြစ်ကြောင်း၊ ပြောကြားသွားပါတယ်။
ဗိုလ်ချုပ်ကြီး ဒန်ကိန်းကလည်း ယခုစစ်ဆင်ရေးဖြစ်တဲ့ Operation Midnight Hammer ကို US Central Command က ဗိုလ်ချုပ်ကြီး အဲရစ်ကာရီလိုက ဦးဆောင်ခဲ့ကြောင်း၊ ရှုပ်ထွေးနက်နဲပြီး အန္တရာယ်ကြီးတဲ့ တာဝန်ကို စွမ်းစွမ်းတမံ ဖော်ဆောင်ခဲ့ကြတဲ့ထဲမှာ ပါဝင်ခဲ့ကြသူအားလုံးကို ကျေးဇူးတင်ပါကြောင်း၊ ဝါရှင်တန်မှာတောင် လူနဲနဲလေးပဲ သိခဲ့တာဖြစ်ကြောင်း၊ စစ်ဆင်ရေးကို ရှင်းပြရရင် တချို့ B-2 လေယာဥ်တွေကို အနောက်၊ ပစိဖိတ်ဖက်ကို အယောင်ပြ လွှတ်ခဲ့ကြောင်း၊ အဲဒီအယောင်ပြကိုတောင် လူနဲနဲလေးပဲ သိခဲ့ပါကြောင်း၊ တကယ်တိုက်မယ့်အဖွဲ့မှာ လေသူရဲ ၂ဦးစီ မောင်းနှင်တဲ့ B-2 Spirit Bomber ၇စီးက အရှေ့ဘက်ကို ဆက်သွယ်မှုအနည်းဆုံးနဲ့ ၁၈နာရီကြာ ပျံသန်းခဲ့ကြောင်း၊ လမ်းမှာ ဝေဟင်ဆီဖြည့်မှုတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ပစ်မှတ်ကို ရောက်တဲ့အခါမှာ အခြံအရံစစ်လေယာဥ်တွေနဲ့အတူ ဝေဟင်နေရာ သေးသေးလေးမှာ တစီးနဲ့တစီး ဆက်သွယ်မှုမရှိသလောက်နဲ့ နေရာအတိအကျကို အချိန်ကိုက် ဖြိုခွဲနိုင်ခဲ့ကြောင်း၊ ဒါသည်ပင်လျင် ကမ္ဘာမှာ အတူမရှိတဲ့ ငါတို့တပ်တွေရဲ့ စွမ်းပကားဖြစ်ကြောင်း၊
B-2 လေယာဥ်အုပ်စု အီရန်လေပိုင်နက်ထဲ မရောက်ခင်လေးမှာ Central Command က ရေငုပ်သင်္ဘောက တိုမာဟော့ခ် ဒုံးကျည် ၂ဒါဇင်ကျော်နဲ့ Esfahan က မြေပေါ်အဆောက်အဦများကို စတင်တိုက်ခိုက်ခဲ့ကြောင်း၊ အီရန်လေပိုင်နက်ထဲ ရောက်လာတဲ့အခါ B-2 strike package ရှေ့ကနေ အမြင့်ကြီးက မြန်မြန်ကြီး အယောင်ပြ ပျံပြပြီး ရန်သူလေယာဥ်တွေ၊ ဒုံးကျည်တွေရန်ကနေ လမ်းရှင်းပေးခဲ့ကြောင်း၊ စစ်ဆင်ရေးတခုလုံးမှာ အမေရိကန်စစ်လေယာဥ် ၁၂၅စီးကျော် ပါဝင်ခဲ့ပြီး ပစ်မှတ်ကို အတိအကျ ပစ်ခတ်နိုင်တဲ့ လက်နက် ၇၅ခုခန့် အသုံးပြုခဲ့တယ်လို့ ပြောကြားသွားပါတယ်။
မြေအောက် ကတုတ်ကျင်းတွေကိုတောင် ဖျက်ဆီးနိုင်တဲ့ MOP ဗုံးတွေဟာ ရိုးရိုးမြေကြီးဆိုရင် ပေ ၂၀၀လောက်အထိ ကွန်ကရစ်ဆိုရင် ပေ ၆၀လောက်အထိ ထိုးဝင်ပြီး ဖောက်ခွဲနိုင်တာ ဖြစ်ပါတယ်။ အဆိုပါစစ်ဆင်ရေးမှာ နျူ ၂နေရာအတွက် MOP ဗုံး၁၄လုံး ချခဲ့ပြီး MOP ပထမဆုံးတလုံး ချသွားတဲ့ နေရာတည့်တည့်မှာ နောက်တလုံး ထပ်ချတဲ့အတွက် ပေ ၃၀၀လောက်အနက်ကို အသာလေး ရောက်နိုင်တယ်လို့ ဆိုပါတယ်။ စတင်တိုက်ခိုက်ချိန်ဟာ ဒေသစံတော်ချိန် မနက် လင်းအားကြီး ၂နာရီ ၁၀မိနစ်ဖြစ်ပြီး စုစုပေါင်း တိုက်ခိုက်ချိန် ၂၅မိနစ် ဖြစ်ပါတယ်။ အဲဒီအချိန်အတွင်းမှာ အီရန်စစ်လေယာဥ်တွေ ပျံတက်လာခြင်း မရှိသလို အီရန်ရဲ့ မြေပြင်က ဝေဟင်ပစ် ဒုံးကျည်စနစ်ကလည်း အမေရိကန်စစ်လေယာဥ်တွေကို မြင်ပုံမရဘူးလို့ တင်ပြထားပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ နျူဆိုက်၃ခုစလုံး စိစိညက်ညက် ကြေသွားခဲ့ပြီဖြစ်တဲ့အပြင် အဲဒီမတိုင်ခင် သောက်ြာနေ့ နံနက်အစောကြီးမှာ အစ္စရေးက အီရန်ရဲ့ နျူကလီးယားသိပ္ပံပညာရှင် ၁၀ဦးထဲက ၉ဦးကို Operation Narnia နဲ့ ဘာမှန်းမသိရတဲ့ လက်နက်ဆန်းတွေသုံးပြီး သူတို့ အိပ်ယာထဲမှာ အိပ်နေစဥ် လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် နျူလက်နက်ထုတ်နိုင်ဖို့ တော်တော်အလှမ်းဝေးသွားပြီဖြစ်ပါတယ်။ အဲဒီနောက် မကြာခင်မှာပဲ ၁၀ဦးမြောက် နျူသိပ္ပံပညာရှင်ကိုလည်း အီရန်ခေါင်းဆောင်တွေကို ချေမှုန်းရင်း လက်စတုန်းခဲ့ပါတယ်။ အဲဒီလို ရှင်းပစ်နိုင်ဖို့ အစ္စရေးထောက်လှမ်းရေးက နှစ်နဲ့ချီပြီး နောက်ယောင်ခံနေခဲ့တာ ဖြစ်ပါတယ်။
အီရန်ကို နျူလက်နက်ပေးမထုတ်နိုင်ဘူးဆိုတာကို သမ္မတကလင်တန်က လွန်ခဲ့တဲ့ အနှစ် ၃၀ဖြစ်တဲ့ ၁၉၉၅ကတည်းက ပြောခဲ့တာဖြစ်ပြီး ဘုရှ်၄၃, အိုဘမ၊ ဘိုင်ဒန်တို့ အားလုံးလည်း ပြောခဲ့တာပါပဲ။ တကယ် ဖျက်ဆီးတော့မယ်ဆိုမှ အီရန်မှာ နျူလက်နက်လုပ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူးတို့၊ လုပ်ဖို့လည်း ရည်ရွယ်ချက်မရှိပါဘူးတို့ဆိုတဲ့ အသံတွေ ထွက်လာပါတယ်။ အနှစ် ၃၀လုံး တပုံစံတည်း ကြားခဲ့ရတာကနေ အခုမှ တမျိုးပြောင်းပြောကြတယ်ဆိုရင် ခေါင်းဆောင်တဦးအနေနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်ကို သေချာတဲ့အထိ စောင့်မနေပဲ မှားတယ်ဆိုရင်တောင် ကိုယ့်လုံခြုံရေးအတွက် စိတ်ချရတဲ့ဘက်က မှားဖို့ပဲ လုပ်ရမှာပါ။ ဘာပဲလုပ်လုပ် ချီးမွမ်းသူရှိသလို ဆဲမယ့်သူလည်း ရှိမှာပါပဲ။
နျူစက်ရုံတွေ ဖျက်ဆီးခံရတဲ့အပေါ် အီရန်က အမေရိကန်နဲ့ အမေရိကန်တပ်သားတွေအပေါ် သတိပေး ကြိမ်းမောင်းတဲ့အသံတွေ ထွက်လာပြီး ခါမေနီက သူသေသွားခဲ့ရင် သူ့နေရာကို ဆက်ခံမယ့်သူတွေ ရွေးချယ်နေပြီလို့ သိရပါတယ်။ အီရန်စစ်ဖက်အကြီးအကဲအများစုနဲ့ နျူသိပ္ပံပညာရှင်တွေကို တဦးချင်းစီ ပစ်မှတ်ထား သတ်ဖြတ်ခဲ့တာဖြစ်လို့ ခါမေနီကို ရှင်းချင်ရင်လည်း အလွယ်တကူ လုပ်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ မရှင်းသေးတာက မလိုအပ်သေးလို့ ဖြစ်ပါလိမ့်မယ်။
အမေရိကန်နိုင်ငံခြားရေးဝက မာကိုရူဘီယိုက အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်လိုက်မယ်ဆိုရင် ဒါဟာ စီးပွားရေးအရ ကိုယ့်သေတွင်းကိုယ်တူးတာပဲလို့ ကြိမ်းထားသလို ဒုသမ္မတ ဗန့်စ်ကလည်း အဲဒီလိုလုပ်ခဲ့ရင် အုံနဲ့ကျင်းနဲ့တိုက်ခိုက်တာ ခံရမယ်လို့ ရာဇသံ ပေးသွားပါတယ်။ ပါးရှန်းပင်လယ်ကွေ့ကနေ ပင်လယ်ကိုထွက်ဖို့အတွက် ဟော်မုဇ်ရေလက်ကြားတခုပဲ ရှိတာဖြစ်ပြီး ကမ္ဘာ့ရေနံသုံးစွဲမှုရဲ့ ၂၀% ဖြစ်တဲ့ ရေနံစိမ်းစည် သန်း၂၀ က ဟော်မုဇ်ရေလက်ကြားကနေ နေ့စဥ် ဖြတ်သန်းသွားနေရတာဖြစ်လို့ ဟော်မုဇ်ကို ပိတ်ဆို့လိုက်ရင် စွမ်းအင်အကြပ်အတည်း ဖြစ်လာနိုင်ပါတယ်။ အဲဒီရေနံတွေရဲ့ ၉%က တရုပ်ကို သွားတာဖြစ်လို့ တရုပ်ကိုလည်း ဟော်မုဇ်ကို မပိတ်ဖို့ အီရန်ကို သတိပေးခိုင်းထားပါတယ်။
အစ္စရေးဝကချုပ်က အီရန်အစိုးရကို ဖြုတ်ချပြီး လွတ်လပ်မှုပြန်လည်ရယူဖို့ အီရန်ပြည်သူတွေကို တိုက်တွန်းခဲ့ပေမယ့် အမေရိကန်ကာ/ဝန် ဟက်ဆက်သ်နဲ့ ဗိုလ်ချုပ်ကြီးဒန်ကိန်းတို့က အခုလို တိုက်ခိုက်တာဟာ ခါမေနီအစိုးရ ပြုတ်ကျဖို့ ရည်ရွယ်တာမဟုတ်ဘူးလို့ ထပ်မံရှင်းလင်းသွားပါတယ်။ အခုလို ရှင်းလင်းရတာက အီရတ်နဲ့ လစ်ဗျားတို့လို အထဲကလာတဲ့ အင်အားမဟုတ်တဲ့အတွက် ပြည်သူတွေမှာ အဆင်သင့်မဖြစ်သေးပဲ အာဏာလေဟာနယ်ဖြစ်လာပြီး မတည်ငြိမ်မှုတွေ အချင်းချင်း သတ်ဖြတ်မှုတွေ ဖြစ်လာမှာစိုးလို့ ဖြစ်နိုင်သလို ခါမေနီနဲ့မှ အာဏာရှင်ချင်း အလွမ်းသင့်ကြမယ့် တရုပ်နဲ့ ရုရှားတို့ ဝင်မပါလာအောင် အချိုသတ်ထားတာလည်း ဖြစ်နိုင်ပါတယ်။။ အီရန်တွေ စနစ်ပြောင်း ခေါင်းဆောင်ပြောင်းချင်ရင် ကိုယ်တိုင် အားထုတ်မှုပြုနိုင်ဖို့ အကောင်းဆုံးအနေအထား လုပ်ပေးထားပါပြီ။ ကျန်တာကိုတော့ အီရန်တွေ ကိုယ်တိုင်ရုန်းဖို့ လိုပါတယ်။ စပ်ကူးမတ်ကူးကာလအတွက် အစ္စရေးနဲ့ ခင်ပြီး အမေရိကန်မှာ နေထိုင်တဲ့ (နန်းကျရှားဘုရင်ရဲ့သား) ပါးရှားအိမ်ရှေ့မင်းသားဟောင်း ရီဇာ ပါလာဗီက ကူညီဖို့ အဆင်သင့်ပါ။