သမ္မတထရမ့်ကမကထ ပြုလုပ်ခဲ့တဲ့ အီရန်နဲ့ အစ္စရေးကြား သမိုင်းဝင်အပစ်အခတ်ရပ်စဲရေး စစချင်းမှာ အီရန်ဘက်က စတင်ပစ်ခတ်ပြီး အစ္စရေးဘက်က လိုတာထက်ပိုပြီး တုန့်ပြန်ခဲ့တာကြောင့် အဖုအထစ်လေးတွေ ဖြစ်သွားခဲ့ပါတယ်။ အပစ်ရပ်မှုသက်ရောက်ချိန် မတိုင်ခင်အစောပိုင်းမှာတော့ အီရန်ဘက်က ပစ်ခတ်မှုကြောင့် အစ္စရေးဘက်က သေကြေပျက်စီးမှု ရှိခဲ့ပါတယ်။ သမ္မတထရမ့်က အီရန်ဘက်က အပစ်ရပ်သဘောတူညီချက် သက်ရောက်ချိန် စတင်ပြီးမကြာခင်မှာ ပစ်ခဲ့တာဆိုတော့ သူတို့ထဲကတချို့က မသိပဲ မှားပစ်လိုက်တာ ဖြစ်နိုင်သလို လူလည်းမထိ ပျက်စီးမှုလည်း ဟုတ်တိပတ်တိမရှိခဲ့တဲ့အပေါ် အစ္စရေးက အကြီးအကျယ် တုန့်ပြန်တာကို စိတ်ပျက်မိကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်သွားပါတယ်။ အီရန်မှာ လေကြောင်းကာကွယ်ရေးစနစ်နဲ့ ဆက်သွယ်ရေး ကွန်ယက်တွေ၊ ရုပ်သံလွှင့်ရုံတွေအပါအဝင် အရေးပါတဲ့ နေရာတော်တော်များများကို အစ္စရေးဘက်က ၁၂ရက်စစ်အစောပိုင်းထဲက ဖျက်ဆီးပြီးဖြစ်တာကြောင့် အီရန်အဖွဲ့တွေကြား ဆက်သွယ်မှု အားနည်းနေနိုင်တာကို ထည့်စဥ်းစားသင့်တဲ့သဘောပါ။
Truth social မှာလည်း ထရမ့်က အစ္စရေးကို ဗုံးတွေ မချနဲ့တော့၊ ချခဲ့ရင် အပစ်ရပ်စဲမှုကို မင်းအကြီးအကျယ်ဖောက်ဖျက်တာပဲ၊ မင်းလေသူရဲတွေကို အခုချက်ချင်း ပြန်ခေါ်လိုက်လို့ ရေးသွားပါတယ်။ သမ္မတထရမ့် ဒေါပွသွားတာကို သိလိုက်တဲ့ အစ္စရေးက တီဟီရန်မြောက်ဘက်က ရေဒါစခန်းတခုကိုပဲ ဖျက်ဆီးပြီး ကျန်တဲ့နေရာတွေကို မဖျက်ဆီးတော့ပဲ ပြန်လာခဲ့ပါတယ်။ နေတန်ယာဟူက ထရမ့်ဆီ ချက်ချင်းဖုံးခေါ်ပြီး တင်ပြခဲ့တဲ့အတွက် ထရမ့်က အစ္စရေးလေယာဥ်တွေ အီရန်ဝေဟင်ပိုင်နက်ကနေ လက်ပြနှုတ်ဆက်ပြီး ပြန်လိုက်ဖို့၊ ပြီးရင် ထပ်မပစ်ကြဖို့နဲ့၊ အပစ်ရပ်ဖို့ ပြောထားတဲ့အတိုင်း ဆက်သွားကြဖို့ပဲ တိုက်တွန်းလိုက်ပါတယ်။
အီရန်က နျူဆိုက်တွေကို ဖျက်ဆီးတာမှာ ရေဒီယိုသတ္တိကြွမှု မတွေ့ရလို့ ဘာမှမရှိတဲ့ အခွံကြီးကို ဖျက်ဆီးပြတယ်လို့ မီဒီညာတချို့က ဆိုကြပါတယ်။ ပါးရှန်းအိမ်ရှေ့မင်းသားဟောင်းကလည်း ရေဒီယိုသတ္တိကြွမှုတွေ ပြန့်ကျန်ခဲ့မှာ စိုးရိမ်သလို သမ္မတထရမ့်ကလည်း ဖြစ်စေချင်မှာ မဟုတ်ပါဘူး။ ဗုံးမကြဲခင်ရက်အနည်းငယ်က အစ္စရေးက အီရန်ဘက်ကို အကြောင်းကြားထားလို့ သန့်စင်ထားတဲ့ ယူရေနီယံတွေကို ထရပ်ကားတွေနဲ့ သယ်ထုတ်ထားတာကို ဂြိုလ်တုကနေ မြင်ကြရပါတယ်။ Fox က Bret Briar က အဲဒီယူရေနီယံတွေ ဘယ်ရောက်သွားလဲလို့မေးတော့ JD Vance က အဲဒါက အရေးမကြီးဘူး၊ အရေးကြီးတာက နောက်ထပ်မထုတ်နိုင်တော့ဖို့ပဲ၊ ဒါကြောင့် နျူစက်ရုံ ၃ခုကို ရှင်းပစ်ရတာလို့ ဆိုပါတယ်။ နျူလက်နက် ရှိလာရင်တောင် ICBM လို တိုက်ချင်းပစ်ဒုံးပျံတွေရှိမှ နျူထိပ်ဖူးတွေကို သယ်နိုင်၊ ဝေးဝေးပစ်ဖို့ ခြိမ်းခြောက်နိုင်တာပါ။ အီရန်က ICBM တွေ ရောက်နိုင်တဲ့ ၃၄၀၀မိုင်အထက် (၅,၅၀၀ ကီလိုအထက်) အကွာအဝေးအထိ ပစ်နိုင်တဲ့ဒုံးကျည်တွေတော့ စမ်းထားပြီးပါပြီ။ ICBM တွေလောက် စွမ်းဆောင်ရည်ရှိ/မရှိကိုတော့ အတည်ပြုထားခြင်း မရှိသေးပါဘူး။
အစ္စရေးထောက်လှမ်းရေးက အီရန်အရာရှိတွေကို ဇွန်လဆန်းပိုင်းတုန်းက ခါမေနီအစိုးရကို စွန့်ခွာထွက်ပြေးကြဖို့နဲ့ ခါမေနီအတွက် ငါတို့အသက်တွေကို မစတေးဘူးဆိုတဲ့အကြောင်း ကိုယ်တိုင်ရိုက်ကူးထားတဲ့ဗီဒီယိုကို ၁၂နာရီအတွင်း ပို့ပေးဖို့ တိုက်တွန်း ထားတာ တွေ့ရသလို ဝါရှင်တန်ပို့စ်ကလည်း အစ္စရေးထောက်လှမ်းရေးက အီရန်အရာရှိတွေကို ဖုံးတွေခေါ်ပြီး ထွက်ပြေးရင်ပြေး၊ မပြေးရင် သေချာတဲ့ သေဆုံးမှုနဲ့ ရင်ဆိုင်ရမယ်လို့ သတိပေး တားကြောင်း တင်ပြသွားပါတယ်။ ဖုံးကောတခုမှာ အစ္စရေးထလရက အီရန်ထိပ်တန်းဗိုလ်ချုပ်ကြီး တဦးကို မင်းမိန်းမနဲ့ ကလေးကိုခေါ်ပြီး ထွက်ပြေးဖို့ ၁၂နာရီအချိန်ပေးမယ်၊ ကျော်တာနဲ့ရှင်းမှာ၊ မင်းက ငါတို့ရှင်းရမယ့်စာရင်းထဲမှာပါနေပြီလို့ သတိပေးထားတာ ကြားရတယ်လို့ ဆိုပါတယ်။
အီရန်နဲ့ အစ္စရေးစစ်ဖြစ်လို့ ဆောင့်တက်သွားခဲ့တဲ့ ရေနံဈေးက အမေရိကန်က အီရန်နျူဆိုက်တွေကို ဗုံးကြဲဖျက်ဆီးပြီးတဲ့သတင်း ထွက်လာအပြီးမှာ စစ်မဖြစ်ခင်က ဈေးလောက်အထိ ထိုးကျသွားပါတယ်။ ရေနံဈေးမြင့်နေရင် ရုရှားနဲ့ အီရန် ပိုအကျိုးရှိမှာဖြစ်လို့ ထရမ့်က DoE ကို ရေနံတိုးထုတ်ခိုင်းခဲ့ပါတယ်။ ရေနံသူဌေး ဆော်ဒီနဲ့ ရုရှားက ကမ္ဘာ့ဈေးကွက်ရဲ့ ၁၀% ပဲ ထုတ်နိုင်ချိန်မှာ အမေရိကန်က ကမ္ဘာမှာ ထုတ်သမျှ ရေနံရဲ့ ၂၀% ထုတ်လုပ်နေတာဖြစ်ပါတယ်။ ကျန်တဲ့ ဆော်ဒီတို့ UAE တို့လို မိတ်ဆွေနိုင်ငံတွေကလည်း ထရမ့်ရဲ့ အစီအစဥ်အတိုင်း ရေနံတိုးထုတ်ကြပါတယ်။ အရှေ့အလယ်ပိုင်းက ကမ္ဘာ့ရေနံဈေးကွက်ရဲ့ ၃၀%လောက်ကို ဖြည့်စည်းပေးနေတာဖြစ်တော့ အဲဒီဒေသ မတည်မငြိမ်ဖြစ်ရင် ရေနံဈေးတက်လေ့ ရှိပါတယ်။
အခုတော့ သမ္မတထရမ့်ကျေးဇူးနဲ့ ကမ္ဘာတလွှား လောင်စာဈေးမတက်၊ အဲဒါကြောင့် ကုန်ဈေးနှုန်းတွေလည်းမတက်ပဲ ဓါတ်ဆီပြတ်လတ်မှုတွေလည်း မဖြစ်ခဲ့တာပါ။ ဒီမိုခရက်သာဆို ပေါများစိတ်ချရတဲ့ စွမ်းအင်ရင်းမြစ်ဖြစ်တဲ့ ရေနံတွေ ဓါတ်ငွေ့တွေပိတ်ပြီး ဂရင်းအင်နာဂျီဆိုတဲ့ လုပ်ဇတ်နဲ့ တရုပ်ကို လုပ်ကျွေးကြဦးမှာဖြစ်သလို ကမ္ဘာတလွှား လောင်စာဈေးကြီးတာ၊ ပြတ်လပ်တာတွေ ကြုံလာရမှာ မလွဲမသွေပါပဲ။ ဆက်စပ်ပြောရမယ်ဆိုရင် ကာလီဖိုးနီးယားဘျင်ကြီး နျူဆမ်က LA က Philips 66 နဲ့ Bay Area က Valero ရေနံချက်စက်ရုံ ၂ခုကို ရှေ့နှစ်မှာပိတ်ပစ်ရတဲ့ အဖြစ်ကိုရောက်အောင် မောင်းနေတဲ့အတွက် ၂၀၂၆နှစ်ကုန်မှာ ဓါတ်ဆီဈေးက တဂါလံကို $8 အထိ ရောက်သွားနိုင်တာကို ရေနံလုပ်ငန်းကလူတွေ၊ ပညာရှင်တွေ၊ တာဝန်ရှိသူတွေ စိုးရိမ်နေကြပါတယ်။
အီရန်ကို အမေရိကန်က တိုက်တယ်ဆိုတာ နျူဆိုက်တွေ ဖျက်ဆီးတာတခုပါပဲ။ ဒီမိုခရက်နဲ့ ကမ္ဘာ့ရွာ proxy ဖြစ်တဲ့ ယူကရိန်း-ရုရှားစစ်မှာ ရေနံတွင်းတွေ၊ ဆိပ်ကမ်းတွေ ဗုံးကြဲဖျက်ဆီးကြတာမျိုး၊ အပြစ်မဲ့ အရပ်သားတွေထိအောင် ပရမ်းပတာလုပ်တာမျိုးတွေ ထရမ့်မလုပ်ပါဘူး။ ဒါကြောင့် သမ္မတထရမ့် အပေါ် impeachmentကို ဒီမိုကရက်တွေရဲ့ ၁/၃ ကပဲ မဲပေးခဲ့ပြီး ရီပါဘလစ်ကန်အားလုံးနဲ့ ဒီမိုကရက် ၂/၃က စွပ်စွဲပြစ်တင်မှု မပြုချင်ကြတာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာပြည်က အစိတ်သားလိုပဲ ဘာဖြစ်ဖြစ် တူတူမဲပေးကြတဲ့ ဒီမိုခရက်တွေကြား ထူးခြားမှုဖြစ်နေပါတယ်။ အပစ်ရပ်စဲရေးမှာ အဖုအထစ်တွေ ရှိခဲ့တာတောင် စတော့မားကက်က တက်ကောင်းနေခဲ့သလို ရေနံဈေးတွေ ပြန်တက်မလာတာက ထရမ့်အပေါ် ပြည်သူရဲ့ ယုံကြည်မှု ဘယ်လောက်အားကောင်းတယ်ဆိုတဲ့ သက်သေပါပဲ။
အီရန်နောက်ခံအကြမ်းဖက်တွေက အမေရိကန်တွေကို ဒုက္ခမပေးနိုင်ဖို့အတွက် အမေရိကန်ထဲမှာ ရောက်ရှိနေတဲ့ အီရန်လက်ဖြောင့်တပ်သားတဦးကို ထလရက အချိန်မီ ဖမ်းမိသွားသလို တရားမဝင်နေထိုင်ပြီး အန္တရာယ်ရှိတဲ့ အီရန်နိုင်ငံသား ၁၁ဦးကိုလည်း ပြီးခဲ့တဲ့ weekend မှာ ဖမ်းဆီးလိုက်ပါတယ်။ ဆက်လက်ပြီးလည်း အီရန်နဲ့ ပတ်သက်နေတဲ့သူတွေကို သတိထားစောင့်ကြည့်ပြီး လိုအပ်ရင် ဖမ်းဆီးသွားမယ်လို့ ရှေ့နေချုပ်ပမ်ဘွန်ဒီက ဆိုပါတယ်။
နောက်ဆုံးထွက်လာတဲ့ ဗီဒီယိုမှာ ပါးရှန်းအိမ်ရှေ့မင်းသား(ဟောင်း) ရီဇာပါလာဗီက အလီခါမေနီကို အာဏာစွန့်ဖို့ တိုက်ရိုက်စကား ပါးလိုက်သလို ဆင်းပေးခဲ့ရင် မျှတတဲ့ တရားစီရင်မှုနဲ့ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို ရလိမ့်မယ်၊ ဒါကပဲ အီရန်နိုင်ငံသားတဦးချင်းစီထက် ပိုများတဲ့ အခွင့်အရေးဖြစ်နေပြီလို့ ပြောသွားပါတယ်။ တခြား ထိပ်ပိုင်းခေါင်းဆောင်များထဲမှ ပြည်သူ့သွေးတွေ စွန်းပေနေတဲ့ သူတွေလည်း တရားဥပဒေနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် တခြားမအောင်မြင်တဲ့ အသွင်ကူးပြောင်းခြင်းတွေမှာ မှားခဲ့သလိုမျိုးတော့ အဖြစ်ခံမှာ မဟုတ်ပါဘူး။ အစ္စလာမ်မစ်ရီပါ့ဘလစ်ထက် အီရန်နိုင်ငံတော်ကို သစ္စာထားမယ့်သူတွေအတွက် လွတ်လပ်တဲ့အီရန်နိုင်ငံမှာ သင်တို့ရဲ့ အနာဂတ်ရှိပါတယ်၊ သင်တို့ ပြည်သူနဲ့ အခုလာပူးပေါင်းမယ်ဆိုရင်ပေါ့။ ရွေးချယ်မှုကတော့ သင်တို့ကိုယ်တိုင် ပြုလုပ်ရမှာပါ။ အီရန်မှာ အဲဒီလိုအရာရှိတွေ၊ စစ်သားတွေ၊ လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံသူတွေ ရှိတယ်ဆိုတာ ငါသိပါတယ်။ သူတို့က တိုင်းပြည်ကို ကယ်တင်ဖို့အတွက် ပူးပေါင်းဆောင်ရွက်လိုကြောင်း ငါ့ဆီဆက်သွယ်ကြပါတယ်။ ငါတို့က အဲဒီထက်အများကြီး ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းလာကြတာကို လိုအပ်နေတာပါ။ အဲဒီလိုဖြစ်ဖို့ စစ်ဘက်၊ ရဲဘက်၊ လုံခြုံရေးဘက်ကလူတွေ ငါ့ဆီကိုဖြစ်ဖြစ်၊ ငါ့အဖွဲ့ကိုဖြစ်ဖြစ်၊ ငါတို့ရဲ့ ကျယ်ပြန့်လာနေတဲ့ စစ်ဆင်ရေးကိုဖြစ်ဖြစ် တိုက်ရိုက် ဆက်သွယ်နိုင်မယ့် တရားဝင်ချန်နယ်တွေ ကနေ့ကစပြီး ဖွင့်လှစ်ပေးသွားမယ်လို့ ကြေငြာသွားပါတယ်။ အီရန်ပြည်သူတွေ အခြေအနေပေးတုန်း လွတ်လပ်မှုကို အရယူနိုင်ကြပါစေ။