Federal Reserve ဥက္ကဋ္ဌ ဂျရုမ်းပေါင်းဝဲလ်နဲ့ လက်ဝဲတွေက ထရမ့်ရဲ့ tariff တွေဟာ အမေရိကန်ရဲ့ စီးပွားရေးကို နှောင့်နှေးစေပြီး ငွေဖောင်းပွမှုကို ဖြစ်စေမယ်ဆိုတဲ့ ဆင်ခြေနဲ့ အတိုးနှုန်းချပေးဖို့ တစိုက်မတ်မတ် ငြင်းဆန်လာခဲ့တာပါ။ tariff ကနေ လပိုင်းအတွင်း ဘီလီယံ ၁၀၀ကျော် စံချိန်တင်ဝင်ခဲ့တာ၊ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် ဘတ်ဂျက်ပိုငွေပြတာ၊ ငွေဖောင်းပွမှုက ၂.၄-၂.၇ပဲ ရှိတာ (ဘိုင်ဒန်လက်ထက်မှာ ၈%အထိ တက်ခဲ့တာ)၊ အလုပ်အကိုင်တွေ၊ လက်လုပ်လက်စား ဝင်ငွေတွေ မြင့်တက်လာတာ အဲဒါတွေအကုန်လုံးက သူတို့မှားပါတယ်၊ အတိုးနှုန်းချသင့်ပါပြီလို့ ဘယ်လောက်ပဲ ကျယ်ကျယ်လောင်လောင် သက်သေပြနေပေမယ့် ထရမ့်နာမည်ကောင်းရမှာ မဖြစ်စေချင်တာရော ပုဂ္ဂိုလ်ရေးမုန်းတီးတာရောနဲ့ တင်းကို ခံနေတော့တာပါပဲ။
နောက်ဆုံးထွက်တဲ့ Producer Price Index အရဆို ဇွန်လမှာ အမေရိကန်ကုမ္ပဏီတွေကို ပေးရတဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုဈေးတွေ အပြောင်းမလဲမရှိတဲ့အတွက် ငွေဖောင်းပွမှုမရှိဘူးလို့ ဆိုနိုင်ပါတယ်။ ကမ္ဘာမှာ ဘဏ်လုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ဆွစ်ဇာလန်ရဲ့ အတိုးနှုန်းက ၀.၂၅%၊ ဂျပန်က ၀.၅၀%၊ ထိုင်းက ၁.၇၅%၊ ဥရောပက ၂%၊ တ/ကိုရီးယားက ၂.၅%၊ ကနေဒါက ၂.၇၅%ပဲ ရှိတဲ့အချိန်မှာ အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းက ၄.၅% ကနေ မဆင်းပေးနိုင်ဘူးဆိုတာက အဓိပ္ပါယ်ရှိမနေပါဘူး။
အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်း ၁%တိုင်း ဟာ အမေရိကန်ရဲ့ ကြွေးမြီဝန်ထုပ်ဝန်ပိုးအပေါ် ၃၆၀ဘီလီယံ ဝန်ပိုလာစေတဲ့အပြင် ပြည်သူတွေရဲ့ အိမ်၊ ကား၊ ကျောင်း၊ ခရက်ဒစ်ကဒ်စတဲ့ ချေးငွေတွေ အားလုံးအပေါ်မှာရော စီးပွားရေး လုပ်ငန်းတွေတိုးချဲ့ဖို့၊ အဆောက်အဦဆောက်လုပ်ဖို့၊ စက်ပစ္စည်းတွေဝယ်ဖို့ စတာတွေအပေါ်မှာပါ သက်ရောက်မှုက ကြီးပါတယ်။ ဂျရုမ်းပေါင်းဝဲလ်က အတိုးနှုန်းသာ ချမပေးတာ၊ သူ့ရဲ့ FR HQ ကို မွမ်းမံ ပြင်ဆင်ဖို့ဘတ်ဂျက်က ၂.၅ဘီလီယံ ယူထားပြီး အဲဒီထဲမှာ VIP dining room တွေ ပါနေတာက ထောက်စရာ ဖြစ်နေပါတယ်။ အဆောက်အဦတွေ မွမ်းမံရုံက ဒီလောက်ကုန်စရာ အကြောင်း မရှိပါဘူး။
အရင်တပတ်က ICE ဝင်စီးခဲ့တဲ့ ကာလီဖိုးနီးယားက Glass House Farms ဆိုတဲ့ ဆေးခြောက် အကြီးအကျယ်စိုက်တဲ့လုပ်ငန်းစုကို ပူးတွဲတည်ထောင်သူ ဂရေဟမ်ဖာရာဆိုတဲ့သူက ဂါဗာနာနျူဆမ်နဲ့ ဒီမိုခရက်တွေကို ငွေအများကြီးလှူနေတဲ့သူဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အဲဒီစီးနင်းမှုမှာ ကလေး ၁၄ဦးအပါအဝင် တရားမဝင် နေထိုင်သူ ၃၆၁ဦးကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိတဲ့ထဲမှာ မုဒိမ်းမှု၊ မူးပြီးမောင်းမှုတို့နဲ့ ပြစ်ဒဏ်ကျခံခဲ့ဖူးတဲ့ မက္ကဆီကိုကလူတဦးလည်း ပါဝင်ပါတယ်။ မုဒိမ်းကောင်နဲ့ ကလေးတွေနဲ့ ဆေးခြောက်စက်ရုံမှာဆိုတော့ ကောင်းဦးတော့မှာပေါ့။ ဝင်မစီးခင်က အဲဒီကုမ္ပဏီက “ငါတို့လုပ်ငန်းဟာ အလုပ်သမားငှားရမ်းခြင်းနဲ့ဆိုင်တဲ့စည်းမျဥ်းတွေကို သိလျက်နဲ့ ချိုးဖောက်တာမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့သလို အရွယ်မရောက်သေးသူတွေကို အလုပ်ပေးထားတာမျိုးလည်း ဘယ်တုန်းကမှ မရှိခဲ့ဘူး၊ ငါတို့က ငါတို့လူတွေနဲ့ အပင်တွေအရေးကိုပဲ အာရုံစိုက်တာပါ” လို့ X မှာ ရေးသွားခဲ့ပြီး နောက်တော့ ပြန်ဖျက်သွားခဲ့ပါတယ်။
ကနေ့ အိမ်ဖြူတော်မှာ HALT Fentanyl Act ကို လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဥပဒေအရ ဖန်တနိုင်းနဲ့ ပတ်သက်သမျှကို Controlled Substances Act အောက်မှာ Schedule 1 drugs အနေနဲ့ သတ်မှတ်မှာဖြစ်တာကြောင့် ဖန်တနိုင်းအလွဲသုံးစားမှုတွေအတွက် အမြင့်ဆုံးပြစ်ဒဏ်တွေ ကျခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဥပဒေရဲ့ ဟာကွက်တွေကို ပိတ်ပစ်ခဲ့ပြီး ၂၀၁၈ကတည်းက ထားရှိခဲ့တဲ့ အရေးပေါ်လုပ်ထုံးတွေကိုပါ ဥပဒေအဖြစ် အသက်သွင်းခဲ့တာပါ။ ၎င်းဥပဒေမှာ တရားဝင် ဆေးဝါးအနေနဲ့ သုံးစွဲမှုတွေ ပါဝင်မှုမရှိပါဘူး။
ဆီးရီးယားယာယီသမ္မတ Ahmed Al-Sharaa အစိုးရရဲ့တပ်တွေဟာ လူနည်းစု ဒရုဇ်အနည်းဆုံး ၁၃၅ဦးကို သတ်ဖြတ်ပစ်ခဲ့ပြီး အများအပြားကို အရှက်တကွဲဖြစ်အောင် လုပ်ခဲ့တဲ့အတွက် အစ္စရေး IDF တပ်အင်အား ၁၅၀၀လောက်က နယ်ခြားကိုဖြတ်ကျော်ပြီး ဆီးရီးယားအစိုးရတပ်ကို ဝင်တိုက်ခဲ့ပါတယ်။ ဆီးရီးယားဘက်က တင့်ကားတစီးတိုက်ခိုက်ခံရအပြီးမှာ ဆီးရီးယားကာကွယ်ရေး ဝန်ကြီးဌာနက အပစ်ရပ်မယ်လို့ ကြေငြာလိုက်ပါတယ်။ Druze ဘာသာကိုးကွယ်ပြီး ကိုယ့်ကိုယ်ကို al-Muwahhideen လို့ခေါ်ကြတဲ့ လူနည်းစုတွေဟာ ဆီးရီးယားမှာ ၆သိန်းကျော်၊ လက်ဘနွန်မှာ ၂သိန်းခွဲ၊ အစ္စရေးမှာ ၁သိန်းကျော်နဲ့ ကနေဒါ၊ ဂျာမဏီ၊ ဂျော်ဒန်တို့မှာ ၁-၂သောင်းလောက် ရှိကြပါတယ်။ သူတို့က အာရေးဗစ်၊ အင်္ဂလိပ်၊ စပန်းနစ်ရှ်၊ ဟီဘရူး၊ ဖရန့်ချ်ဘာသာတွေ ပြောကြပါတယ်။
အမေရိကန်မှာ တရားမဝင်နေထိုင်သူတွေထဲက အဆိုးရွားဆုံးရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့လို့ မိခင်နိုင်ငံတွေကတောင် ပြန်လက်ခံဖို့ ငြင်းဆန်ခဲ့တဲ့ ရာဇဝတ်သား၅ဦးကို အာဖရိကတောင်ပိုင်းက ကုန်းတွင်းပိတ်နိုင်ငံလေးတခုဖြစ်တဲ့ အရင်က ဆွာဇီလန်လို့သိကြတဲ့ Eswatini ကို ပို့လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ ၅ဦးက ကျူးဘား၊ ဂျမေကာ၊ လာအို၊ ဗီယက်နမ်နဲ့ ယီမင်နိုင်ငံတွေက ဖြစ်ပါတယ်။ အဲဒီလို တတိယနိုင်ငံတွေကို ပို့မယ်လို့ ပြောပြီး မပို့ခင် ၂၄နာရီ စောင့်ပေးတာဖြစ်လို့ အဲဒီကြားထဲမှာ ရှေ့နေငှားချင် ငှားဖို့ စီစဥ်နိုင်မှာဖြစ်ပါတယ်။ အရင်တခါကလည်း တရားမဝင်နေထိုင်တဲ့ ရာဇဝတ်သား ၈ဦးကို တောင်ဆူဒန်ကို ပို့ထားခဲ့ပြီး တောင်ဆူဒန်အစိုးရက အဲဒီလူတွေကို ဘယ်မှာထားတယ်ဆိုတာကို သတင်းထုတ်မပေးပါဘူး။ တရားမဝင်လည်းနေတယ်၊ ရာဇဝတ်ပြစ်မှုလည်း ရှိတယ်ဆိုရင် အကောင်းဆုံးကတော့ ကိုယ်တိုင် အစိုးရကို သတင်းပို့ပြီး ကိုယ့်အစီအစဥ်နဲ့ကိုယ် ပြန်ဖို့ဖြစ်ပါတယ်။ အဲဒီလို ဖြစ်လာအောင်လည်း လုပ်ပြနေတာ ဖြစ်ပါလိမ့်မယ်။ ICE တာဝန်ရှိသူတွေကို တိုက်ခိုက်မှုတွေဟာ အရင်နှစ်ကထက် ၈၃၀% တက်လာခဲ့ပါတယ်။
အက်ပ်စတိန်းကို တချိန်က ကာကွယ်ပေးဖူးတဲ့ ရှေ့နေ Alan Dershowitz က ဖောက်သည်စာရင်းကို သူကိုယ်တိုင် မြင်ခဲ့ဖူးကြောင်း၊ အဲဒီထဲမှာ နိုင်ငံရေးသမားထိပ်သီးတွေ၊ စီးပွားရေးထိပ်သီးတွေ၊ အာဏာ၊ ရာထူး၊ ပိုက်ဆံ၊ ကြော်ကြားမှုရှိသူတွေ အများကြီးပါကြောင်း၊ ဒါပေမယ့် တရားရုံးအမိန့်တခုကြောင့် သူ့မှာ ပြောပိုင်ခွင့်မရှိကြောင်း၊ ထရမ့်က အက်ပ်စတိန်းလေယာဥ်မှာ လိုက်ဖူးပေမယ့် အဲဒီလူရဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ခြင်းမရှိကြောင်း၊ အက်ပ်စတိန်းကို တရားစွဲခဲ့တဲ့ ဗာဂျီးနီးယားဂျူဖရေးနဲ့ အမှုမှာ တင်ခဲ့တဲ့ ဆက်စပ်ပစ္စည်းတွေမှာ တွေ့ခဲ့တာဖြစ်ကြောင်း အရင်ထရမ့်လက်ထက်က ပြန်ဝန်လုပ်သွားဖူးတဲ့ ရှောန်စပိုက်စာကို ပြောသွားပါတယ်။ ဂျူဖရေးက ဗြိတိန်မင်းသားအန်ဒရူးကို တရားစွဲခဲ့တာမှာ လျော်ကြေး ပေါင်၁၂သန်း ရခဲ့တယ်လို့ ခန့်မှန်းကြပြီး ဒီနှစ် ဧပြီမှာ ဆူဆိုက်ဆိုပြီး နိဂုံးချုပ်သွားခဲ့တာပါ။
အဲဒီအမှုက ထုတ်ပြန်သင့်တာမှန်ပေမယ့် အာဏာ ပါဝါပြင်းလွန်းသူတွေ ပါနေတာကြောင့် ထုတ်ပြန်မယ့်သူတွေ၊ အနီးကပ် အလုပ်လုပ်သူတွေ၊ သိထားသူတွေနဲ့ သူတို့မိသားစုတွေရဲ့ အသက်အန္တရာယ်တွေရော တိုင်းပြည်အတွက်ပါ သတိထားလုပ်ကိုင်နေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ တချို့က အက်ပ်စတိန်းက အစ္စရေးက ထလရထည့်ထားတာပါလို့ ဆိုကြပေမယ့် ဘယ်ဟာတခုမှ အတည်မပြုနိုင်ပါဘူး။ အက်ပ်စတိန်းလူတွေလောက် ထိပ်သီးတွေအများကြီး မပါပေမယ့် ကျော်ကြားသူတွေရဲ့ လူသိမခံနိုင်တဲ့ ဇတ်လမ်းကောင်းတွေ ကိုင်ထားနိုင်တဲ့ ဒစ်ဒီလိုလူကိုတောင် တရားဥပဒေက ထိထိရောက်ရောက် အပြစ်မပေးနိုင်ပါဘူး။
ဒီမိုကရက်တွေက သမ္မတထရမ့်ရဲ့ အောင်မြင်မှုတိုင်းဟာ သူတို့အသုံးမကျမှုကို မီးမောင်းထိုးပြနေသလို ဖြစ်လို့ ဘာကိစ္စနဲ့ပဲ အာရုံလွှဲရလွဲရ လွှဲကြမှာပါပဲ။ သူတို့တုန်းက အက်ပ်စတိန်းလိုအမှုမပြောနဲ့၊ ကနေဒီအမှုမှာ ကန့်သတ်နှစ်တွေ ကျော်လာတာတောင် ထုတ်မပေးခဲ့ပါဘူး။ သမ္မတထရမ့်ရဲ့ ချွေးမ လာရာထရမ့်က ဂျက်ဖရေအက်ပ်စတိန်းရဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထွက်မလာတဲ့အပေါ် ပြည်သူတွေ စိတ်ပျက်နေတာကို သမ္မတက သိရှိပါကြောင်း၊ ထပ်ထွက်လာလိမ့်ဦးမယ်လို့ သူယုံကြည်ပါကြောင်း ဘန်နီဂျွန်ဆင်ကို ပြောသွားပါတယ်။ ခုအချိန်မှာ အရေးကြီးတာက တိုင်းပြည်အတွက် လုပ်စရာရှိတာတွေ တွန်းလုပ်သွားဖို့ပါပဲ။ တိုင်းပြည်က လမ်းမှန်ပေါ်မှာ ကောင်းကောင်း လည်ပတ်နေပြီဆိုတဲ့အချိန်မှာမှ ပြန်ကိုင်ကြရင်လည်း သိပ်နောက်ကျတယ်လို့ မဆိုနိုင်ပါဘူး။