စက်တင်ဘာ ၁၁ရက် ၂၀၂၅

ဒီနေ့တော့ မနေ့က လုပ်ကြံခံရတဲ့ နိုင်ငံရေးတက်ကြွလုပ်ရှားသူ ချာလီကာ့ခ်ကို ဂုဏ်ပြုတဲ့အနေနဲ့ သူ့အကြောင်းနဲ့ ပတ်သက်တာတွေပဲ ရေးပါမယ်။ TP USA ရဲ့ Executive Director ဖြစ်သလို TP Action ရဲ့ CEO လည်းဖြစ်ပြီး Council for National Policy ရဲ့ အဖွဲဝင်တဦးလည်း ဖြစ်တဲ့ ချာလီကာ့ခ်ကို ၁၉၉၃ အောက်တိုဘာ ၁၄ရက်နေ့မှာ ရှီကာဂိုကို ဝန်းရံတဲ့ မြို့လေးတမြို့ဖြစ်တဲ့ အာလင်တန်ဟိုက်မှာ မွေးဖွားခဲ့ပြီး အထက်တန်းကျောင်းမှာကတဲက နိုင်ငံရေး စတင်လှုပ်ရှားခဲ့သူ ဖြစ်ပါတယ်။

အထက်တန်း ကျောင်းပြီးတော့ ဟာပါကောလိပ်ကို ခေတ္တပဲ တက်ရောက်ခဲ့ကာ သူ့ဖာသာသူ စာအုပ်ပေါင်းများစွာ ဘာသာရပ်ပေါင်းများစွာကို လေ့လာခဲ့ပါတယ်။ အဲဒီလို လေ့လာခဲ့တဲ့အကျိုးကြောင့် ချက်ကျလက်ကျ ရှင်းရှင်းလင်းလင်း ပြောတတ်တဲ့သူ့ကို နိုင်အောင် ပြောနိုင်သူ မပေါ်ခဲ့တာပါ။ အသက် ၁၈နှစ် အရွယ်မှာ အမေရိကန်နိုင်ငံရေးမှာ အရေးပါတဲ့ Turning Point USA ကို မားကက်တင်း သမားလည်းဖြစ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ Bill Montgomery နဲ့အတူ ၂၀၁၂မှာ တည်ထောင်ခဲ့ကြပါတယ်။ ဘေလ်က ချာလီကို ကောလိပ်တခုမှာ စကားပြောနေတာကို ကြားပြီး အလားအလာရှိတဲ့ ချာလီ့ကို အနီးကပ်လမ်းညွှန်မှုပေးခဲ့သူ ဖြစ်ပါတယ်။

ချာလီရဲ့ X အကောင့်မှာ ဖော်လိုဝါ ၇သန်းကျော်ရှိပြီး သူ့ကိုယ်ပိုင် Charlie Kirk Show ဟာ တခါလွှင့်တိုင်း ၅သိန်း-၇သိန်းခွဲ နားထောင်ကြတဲ့အတွက် ကမ္ဘာပေါ်မှာ နားထောင်သူအများဆုံး podcast ၂၅ခုထဲမှာ ပါဝင်နေတာပါ။ သူ့ရဲ့ ချစ်ဇနီး အဲရစ်ကာနဲ့ တွေ့ပုံက အဲရစ်ကာက TP USA မှာ အလုပ်လာလျောက်စဥ် မြင်မြင်ချင်း နှစ်သက်ခဲ့ရာက အလုပ်မပေးဖြစ်ပဲ ဒိတ်ပြီး လက်ထပ်တဲ့အထိ ဖြစ်လာခဲ့တာပါ။ သူတို့ အိမ်ထောင်သက် ၅နှစ်မှာ ၄နှစ်သမီးလေးနဲ့ တနှစ်သားလေး ပေါင်း ၂ဦး ထွန်းကားခဲ့ပါတယ်။ ချာလီအသတ်ခံရပြီး တော်တော်စိတ်မကောင်းဖြစ်နေတဲ့ အဲရစ်ကာကို သမ္မတထရမ့်က ဖုံးနဲ့အကြာကြီး စကားပြောပြီး နှစ်သိမ့်ပေးခဲ့တယ်လို့ သိရပါတယ်။

ချာလီကာ့ခ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူဆိုပေမယ့် တကယ်တမ်းမှာ နိုင်ငံရေးက သူ့အတွက် ဒုတိယပါ။ သူ့ရဲ့ အဓိကပထမကတော့ သူ့ရဲ့ ဘုရားသခင်အပေါ် ကိုးကွယ်ယုံကြည်မှုပါလို့ ဆိုပါတယ်။ ဗျူရိုကရက်ပညာရေးမှာ ဘာသာရေးနဲ့ နိုင်ငံချစ်စိတ် ဂုဏ်ယူစိတ်တွေကို ဝေးသထက်ဝေးအောင် သပ်လျိုထားကြတာကြောင့် ကိုယ်ကျင့်တရားနဲ့ နိုင်ငံချစ်စိတ်အုတ်မြစ်ပျောက်ပြီး စိတ်ရှုပ်နေကြတဲ့ လူငယ်တွေဟာ ချာလီနဲ့ ဆွေးနွေးပြီးနောက် (သို့) ချာလီဟောပြောတာတွေ နားထောင်လာပြီးနောက်မှာ ကိုးကွယ်ယုံကြည်မှုနဲ့ စာရိတ္တမဏ္ဏိုင် အခြေခိုင်လာတဲ့အတွက် ငြိမ်းအေးမှုပြန်ရရှိလာကြတယ်လို့ ဆိုပါတယ်။ အဲဒီရပ်တည်ချက်တွေဟာ ရီပါဘလစ်ကန်တွေရဲ့ ရပ်တည်ချက်နဲ့ ထပ်တူကျတဲ့အတွက် ရီပါဘလစ်ကန်မဲပေးသူတွေလည်း ဖြစ်လာကြပါတယ်။ သန်းပေါင်းများစွာပါပဲ။  

ချာလီဆုံးတော့ သူ့ကို ချစ်ကြတဲ့ မိတ်ဆွေတွေ၊ ချာလီကြောင့် အမြင်မှန်ရသွားသူတွေ၊ အမှန်တရား မြတ်နိုးသူတွေအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ နောက်ဆုံးသွားခဲ့တဲ့ ခရီးစဥ်ထဲက သန့်လို့ လုံခြုံမှုရှိလို့ ချာလီသိပ်ကြိုက်ခဲ့တဲ့ တောင်ကိုရီးယား အပါအဝင် နိုင်ငံတွေက ဝမ်းနည်းကြောင်း အသီးသီး ပြကြပါတယ်။ အမြင်မတူပေမယ့် အခုလိုလုပ်ကြံတာ မဖြစ်သင့်ကြောင်း ပြောကြသူတချို့လည်း တွေ့မိပါတယ်။ သမ္မတထရမ့်ကလည်း ချာလီကာ့ခ်ကို အရပ်သားတွေကိုပေးတဲ့ အမြင့်ဆုံး Presidential Medal of Freedom ပေးမယ်လို့ ကြေငြာခဲ့ပြီး ဒုသမ္မတဗန့်စ်က အဲဖို့စ်တူး လေယာဥ်ကြီးနဲ့ ချာလီရဲ့ ရုပ်ကလာပ်ကို ဈာပနကျင်းပမယ့် အရီဇိုးနားကို ပို့ဆောင်ပေးခဲ့ပါတယ်။  

ချာလီလူမဆန်စွာလုပ်ကြံခံရတာကို နှမြောဝမ်းနည်းသူတွေ ရှိသလိုပဲ တဖက်မှာလည်း ဝမ်းသာပီတိ ဖြစ်နေကြသူတွေက ချာလီပြောခဲ့တဲ့ စကားတွေ၊ ချာလီရဲ့ ရပ်တည်ချက်တွေကြောင့် သေသင့်တယ်လို့ ပြောကြပါတယ်။ တချို့က တကယ်လို့များ မုဒိမ်းကျင့်ခံရလို့ ကိုယ်ဝန်ရလာရင်တောင် အဲဒီကိုယ်ဝန်ကို မဖျက်ချသင့်ဘူးဆိုတဲ့ ချာလီရဲ့ ရပ်တည်ချက်အပေါ် အမုန်းပွားနေကြတာပါ။ ချာလီရဲ့ ရပ်တည်ချက်က ဘဝဟာ မ မျိုးဥနဲ့ ဖခင်ရဲ့ သုတ်ကောင်တို့ ပေါင်းမိမျိုးအောင်တဲ့အချိန်က စတင်တယ်၊ အဲဒီအသက်ကို မဖျက်ဆီးသင့်ဘူးဆိုတဲ့ ခရစ်ယာန်ကျမ်းစာတွေရဲ့ အဆုံးအမနဲ့ ကိုက်သလို ဗုဒ္ဓတရားတော်တွေနဲ့လည်း ကိုက်နေတာပါပဲ။

ကမ္ဘာပေါ်က ဘာသာကြီးတွေထဲမှာ မိခင်အသက်အန္တရာယ်ရှိတဲ့ ကိစ္စကလွဲလို့ ကိုယ်ဝန်ဖျက်တာကို အားပေးတာမျိုး သိပ်မတွေ့ရပါဘူး။ မုဒိမ်းမှုလို ဆိုးရွားလှတဲ့ အခြေအနေတခုကြောင့် သန္ဓေရလာတဲ့ အခါ အဲဒီသန္ဓေသားကို အဆိပ်တွေ၊ လက်နက်တွေနဲ့ ထပ်သတ်ဦးမယ်ဆိုရင် ဆိုးရွားလှပါတယ်ဆိုတဲ့ အမှုကို သင်ကပါ ထပ်မံကျူးလွန်မိပြီး ဆိုးရွားတဲ့သံသရာ လက်ဆင့်ကမ်းသလို ဖြစ်သွားမယ်လို့ ချာလီနဲ့ ရီပါဘလစ်ကန်အများစုက ယုံကြည်ကြတာပါ။ အမေရိကန်မှာ တနှစ်ကို ကိုယ်ဝန်ဖျက်ချမှု ၁သန်းကျော်ရှိနေပြီး အဲဒီထဲမှာ ၀.၅% ကသာ မုဒိမ်းနဲ့ သွေးနီးကိုယ်ဝန်ဖြစ်လို့ ကိုယ်ဝန်ဖျက်ချမှု အများစုက ကြိုတင်ကာကွယ်နိုင်တာ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ဖို့ အင်တိုက်အားတိုက် အားပေး ပညာပေးရမယ့် အစား ၀.၅% နဲ့ ၁၀၀% ကို လာတန်းညှိနေတာ ဖြစ်သင့်ရဲ့လားလို့ စဥ်းစားကြဖို့ လိုပါတယ်။

ကိုယ်ဝန်ဖျက်ချမှု အားမပေးတဲ့ ချာလီကို ဖိုဝါဒီလို ပုံဖော်နေတာလည်း မှားပါတယ်။ ကိုယ်ဝန် ရလာရင် အမိရော အဖမှာပါ တာဝန်ရှိတဲ့အတွက် နှစ်ယောက်လုံး တာဝန်ယူရမှာပါ၊ မရစေချင်ရင်လည်း မရအောင်နေဖို့ နှစ်ယောက်လုံးမှာ တာဝန်ရှိတာပါပဲ။ ကျားနဲ့ မ ပေါင်းမှ ဖြစ်လာတဲ့ကိုယ်ဝန်ကို ဖျက်ချတာမှာ ဖခင်က တာဝန်ယူစရာမလိုပဲ မိခင်လောင်းကသာ အသက်အန္တရာယ်ရော အနာဂတ် ကိုယ်ဝန်ရနိုင်ခြေကိုပါရင်းရတဲ့အတွက် အဲဒါကမှ မိန်းမတွေအပေါ် ဖိနှိပ်သလို ဖြစ်နေမှာပါ။ ချာလီကတော့ အိမ်ထောင်မပြုခင် လိင်ဆက်ဆံတာကို အားပေးသူမဟုတ်တာ သူ့စကားတွေက သက်သေပါပဲ။ လက်မထပ်ခင် စည်းစောင့်တာက ရှုတ်ချရမယ့် ဖိုဝါဒလား အမျိုးသမီးတွေကို တန်ဖိုးထားတာလားဆိုတာတော့ ခွဲခြားသိသင့်တယ်လို့ ထင်ပါတယ်။

ဖျက်ချလိုက်တဲ့ သန္ဓေသားတွေနဲ့ စီးပွားဖြစ်နေသူများကသာ အဘောရှင်းတရားဝင်အောင် လွန်လွန်ကျူးကျူး တွန်းမနေခဲ့ရင် ဒီကိစ္စက အဲဒီလောက်အမုန်းပွား ငြင်းခုံနေရမယ့် ကိစ္စတခု ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီလိုပဲ​ အန်တိုင်ဒီပို့တေးရှင်းဆူပူမှုတွေရဲ့ နောက်ကွယ်မှာ ခေတ်သစ် ကျွန်စနစ်နဲ့ အမြတ်ထုတ်နေကြသူတွေ၊ ကဗကကဆမန်ဒိတ်တွေရဲ့ နောက်ကွယ်မှာ ဘစ်ဖာမာနဲ့ အကျိုးစီးပွားဆက်စပ်နေသူတွေ စသဖြင့် လက်မဲကြီးတွေ အသီးသီး ရှိနေတာကို မြင်အောင် ကြည့်တာဟာ အသားလွတ်အမုန်းပွားတာနဲ့စာရင် အကျိုးများပါလိမ့်မယ်။

ချာလီလုပ်ကြံခံရတဲ့အပေါ် ရီပါဘလစ်ကန်တွေက သက်သေမရှိပဲ ဒီမိုကရက်တွေကို စွပ်စွဲတယ်လို့ သံယောင်လိုက်ကြတာတွေလည်း တွေ့ရပါတယ်။ ချာလီလုပ်ကြံခံရတဲ့အပေါ် ဝမ်းသာအားရ ဖြစ်ပြကြတဲ့ထဲမှာ အမ်အက်စ်အန်ဘီစီ၊ တီအမ်ဇီစတဲ့ မီဒီယာရော၊ တက္ကသိုလ်ဆရာ/မတွေ၊ အားကစားလောကက တချို့ရယ်၊ ဖက်ဒရယ် ဗျူရိုကရက်တွေ၊ အမုန်းမှိုင်းတိုက်ပြီး ဦးနှောက်ဆေး ခံထားရတဲ့ ဆိုရှယ်မီဒီယာပေါ်က အကောင့်တုတွေ  အများကြီး ပါပါတယ်။ ကျမပို့စ်မှာတောင် အပြစ်မရှိတဲ့သူ လုပ်ကြံခံရတာ ဝမ်းသာလုံးဆို့နေသူတွေ ရာကျော်ရှိပါတယ်။ ချာလီလုပ်ကြံခံရတဲ့ နေရာမှာလည်း သတ်ဖို့ ကြွေးကြော်နေကြသူတွေ ရှိတယ်လို့ မျက်မြင်သက်သေတချို့က ဆိုပါတယ်။

အဲဒီလူတွေရဲ့ အခုလိုဖြစ်ရတာ တရားတယ်၊​ ဖြစ်သင့်တယ် ဆိုတဲ့ ဆင်ခြေက ဒီမိုကရက်တွေရဲ့ ရပ်တည်ချက်တွေနဲ့ ထပ်တူကျနေတာဖြစ်သလို မဝေးသေးတဲ့ သမိုင်းကို ကြည့်ရင်လည်း ထရမ့်ကို လုပ်ကြံတုန်းက ဒီမိုကရက်တွေဘက်က တမင်ပေါ့လျော့ပေးခဲ့တာရယ်၊ ဝိုင်းဝမ်းသာပြကြတာရယ်ကို ကြည့်ရင် အဖြေက ထွက်နေပါပြီ။ ဝမ်းနည်းကြောင်း စာထုတ်ရုံနဲ့ တကယ်ဝမ်းနည်းခြင်းမဟုတ်တာ မြန်မာတွေ ခုလောက်ဆို သဘောပေါက်သင့်နေပြီထင်ပါတယ်။

တချို့ကလည်း ခြေ/ဥပါအခွင့်အရေးဖြစ်တဲ့ သေနတ်ပိုင်ဆိုင်ကိုင်ဆောင်ပြီး မိမိကိုယ်ကို ခုခံကာကွယ် ပိုင်ခွင့်ကို အားပေးတဲ့ ချာလီကို သေနတ်ပစ်ခံရတာ တရားသလို ပြောကြပါတယ်။ အလားတူ ယုံကြည်မှုရှိတဲ့ ရီပါဘလစ်ကန်တွေကိုလည်း တခုခုဆိုရင် အကြမ်းဖက်တွေလို ပုံဖော်လေ့ရှိပါတယ်။ သေချာကြည့်မယ်ဆိုရင် အကြမ်းဖက်သူ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်သူ၊ လုပ်ကြံသူ စတာတွေ ထဲမှာ ရီပါဘလစ်ကန်တို့ ကွန်ဆာဗေးတစ်တို့ကို တွေ့ရမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ရီပါဘလစ်ကန်တွေက အဖြူနဲ့အမည်း၊ ကျားနဲ့မ၊ ချမ်းသာနဲ့ ဆင်းရဲ စသဖြင့် အပြန်အလှန် မုန်းခိုင်းနေကြတဲ့ အမုန်းမှိုင်းထဲမှာ ပိတ်မိနေတာ မဟုတ်ပဲ ဘဝကို အပြုသဘောဆောင်တဲ့အမြင်နဲ့ ရှုမြင်ကြလို့ပါပဲ။

ချာလီကို ဘာလို့ လုပ်ကြံသလဲဆိုရင် မုန်းလို့ဆိုတာ ပါနိုင်ပေမယ့် အဓိကက ကြောက်လို့ပါ။ ဗိုလ်ချုပ်ကို လုပ်ကြံတာရော၊ မာတင်လူသာကင်းဂျူနီယာတို့ ဆရာဦးကိုနီတို့ကို လုပ်ကြံတာရောက သူတို့ရဲ့ ပါဝါ၊ သူတို့ရဲ့ သတ္တိ၊ သူတို့ရဲ့ ဉာဏ်ပညာ၊ သူမတူအောင် စူးရှတဲ့အမြင်၊ တော်ရုံသတ္တိနဲ့ မပြောရဲတဲ့ မခံသာတဲ့ အမှန်တရားတွေနဲ့ လူတွေနားဝင်အောင် ပြောဆို စည်းရုံးနိုင်တဲ့ ပါဝါကို ကြောက်ကြတာပါ။ ဉာဏ်ရည်တူတယ်၊ သတ္တိရှိတာချင်း တူမယ်ဆိုရင် အခုလို ခိုးကြောင်ခိုးဝှက် သူရဲဘောကြောင်တဲ့နည်းနဲ့ ပစ်ခတ် လုပ်ကြံစရာ မလိုပါဘူး။ စားပွဲဝိုင်းမှာဖြစ်ဖြစ် စင်ပေါ်မှာဖြစ်ဖြစ် အင်တာနက်ပေါ်မှာဖြစ်ဖြစ် စကားလုံးတွေနဲ့ ဉာဏ်ပညာနဲ့ပဲ အပြန်အလှန် ထိုးစစ်ဆင်ကြမှာပေါ့။

တကယ်တော့ လူတယောက်နဲ့တယောက် နေရာတိုင်းမှာ အတွေးအမြင် ထပ်တူကျဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ အနည်းနဲ့အများ မတူတာတွေ ရှိကိုရှိမှာပါ၊ ရှိမှလည်း သဘာဝကျပါတယ်။ ချာလီကို လေးစားတယ်ဆိုတာက အကြမ်းမဖက်ပဲ ဉာဏ်ပညာနဲ့ စကားလုံးတွေပဲသုံးပြီး အမြင်တူသူ မတူသူ အားလုံးကို သူနဲ့လာဆွေးနွေးနိုင်ဖို့ နေရာတိုင်းကို အပင်ပန်းခံ သွားရောက်ပေးနေတာပါပဲ။ အရင်တုန်းက တက္ကသိုလ်တွေဟာ အမြင်မတူတာတွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးငြင်းခုံရာ နေရာဖြစ်ခဲ့ပေမယ့် အခုအခါမှာတော့ အမြင်မတူ ငါ့ရန်သူဆိုတဲ့ သူတွေက အကြမ်းဖက်ကြတဲ့အတွက် လုံခြုံရေးအစောင့်အကြပ်တွေ ကိုယ့်ဖာသာကိုယ်ငှားပြီး သွားဆွေးနွေးရတဲ့ အခြေအနေ ဖြစ်နေပါပြီ။ ဒါကလည်း ချာလီတို့လိုလူငယ်တွေကြောင့် ဖြစ်လာတာပါ။ ဒီမိုကရက်ဘက်က အခုလို အခြေအတင် ဆွေးနွေးခွင့် ဘယ်သူ့ကိုမှ မပေးတဲ့အပြင် ဆွေးနွေးပေးသူတွေကိုပါ အမုန်းပွားနေကြတာပါ။

ချာလီလုပ်ကြံမှုပြီးတော့ သမ္မတထရမ့်ကို သူ့လုံခြုံရေးအတွက် စိုးရိမ်မှု ရှိ/မရှိ သတင်းထောက်တွေက မေးကြတော့ သမ္မတက ငါက ငါ့တိုင်းပြည်အတွက်ပဲ စိုးရိမ်တာပါလို့ ပြန်ဖြေပါတယ်။ ချာလီလိုပဲ တက္ကသိုလ်တွေကိုသွားပြီး လူငယ်တွေနဲ့ ဆွေးနွေးလေ့ရှိတဲ့ ဘန်ရှပီးရိုက သူကောလိပ်သွားမယ့် ခရီးစဥ်တွေကို ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကောလဟလတွေအပေါ် မဖျက်ပါဘူး၊ သွားကို သွားဦးမှာပါလို့ ပြောသွားပါတယ်။ မူလတန်းအရွယ်ကစလို့ ပါရဂူဘွဲ့တွေအထိ အဆင့်ဆင့် ဦးနှောက်ဆေးပေးနေကြတဲ့ ပတ်ဝန်းကျင်တွေမှာ ကြီးပြင်းလာရတဲ့ လူငယ်တွေအပေါ် အမုန်းမပွားပဲ ဆွေးနွေးခွင့် အမြင်ဖလှယ်ခွင့်ပေးတာဟာ လောကကို စောင့်ရှောက်ခြင်းတမျိုးဖြစ်လို့ ချာလီကာ့ခ်ကို လေးစားသူ၊ အမှန်တရားကို မြတ်နိုးသူတိုင်း နေရာဒေသမရွေး ဆက်လျောက်ရမယ့်လမ်းပဲ ဖြစ်ပါတယ်။

Leave a comment