Charlie Kirk အပိုင်း ၂

မနေ့က အရီဇိုးနားက ဖီးနစ်မြို့မှာ ချာလီရဲ့ ကျန်ရစ်သူဇနီးအဲရစ်ကာက ချာလီဆုံးပြီး ပထမဆုံးအကြိမ် ဝမ်းနည်းပူဆွေးနေသူများကို စကားပြောခဲ့ပါတယ်။ အဲရစ်ကာက ချာလီဟာ နေ့စဥ်နေ့တိုင်း ပိုကောင်းတဲ့ခင်ပွန်း၊ ပိုတော်တဲ့ဖခင်ဖြစ်ဖို့ အမြဲ ကြိုးစားနေသူဖြစ်ကြောင်း၊ သူနဲ့ ကလေးတွေကိုလည်း အင်မတန် ချစ်မြတ်နိုးပြီး ချစ်ကြောင်းကိုလည်း သေသေချာချာ ပြတတ်ပါကြောင်း၊ အခုလို ဆုံးရှုံးသွားရတဲ့အပေါ် ဝမ်းနည်းမှုကတော့ ဖော်ပြဖို့ စကားလုံးတောင် ရှာမရပါကြောင်း၊ ဒီမုဆိုးမရဲ့  ငိုကြွေးသံက တိုက်ပွဲခေါ်သံလို တကမ္ဘာလုံးကို ပဲ့တင်ရိုက်ခတ်စေမှာဖြစ်ပြီး  ချာလီ လျောက်ခဲ့တဲ့လမ်း၊ ထူထောင်ခဲ့တဲ့ TP USA ကို အရှိန်မကျတဲ့အပြင် ပိုအားကောင်းအောင် လုပ်ဆောင်သွားမှာ ဖြစ်သလို ကောလိပ်တွေမှာ စကားပြောတာတွေလည်း ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ချာလီ သိပ်နှစ်သက်တဲ့ Charlie Kirk Show ကိုလည်း ဆက်လုပ်သွားမှာဖြစ်ကြောင်း၊ ပြောကြားသွားပါတယ်။

တနေ့က ချာလီ့ရုပ်ကလာပ်ကို ဖီးနစ်ကို ပြန်သယ်လာချိန်မှာ ချာလီရဲ့ဖခင်က ငါ့သားကို ပြန်ပေးပါ၊ သူက ၃၁နှစ်ပဲ ရှိပါသေးတယ်လို့ ငိုယိုပြီးပြောရင်း လဲကျသွားခဲ့လို့ ဆေးရုံပို့လိုက်ရပါတယ်။ ချာလီက သူခုဆို သမ္မတစီးတဲ့ အဲဖို့စ်ဝမ်းလည်း စီးဖူးပြီ၊ သမ္မတကျမ်းကျိန်ပွဲလည်း တက်ဖူးပြီ၊ အိမ်ဖြူတော် ဘဲဥပုံရုံးခန်းထဲက သမ္မတထရမ့်ဆီလည်း ရောက်ဖူးပြီ၊ အဲဒါတွေက တကယ် ဂုဏ်ယူ ကြည်နူးစရာပါ။ ဒါပေမယ့် သူအိမ်ပြန်ရောက်လို့ သူ့သမီးလေးက ပြေးလာပြီး သူ့ပေါင်/ခြေထောက်ကို လာဖက်ထားချိန် ခံစားရတဲ့ ဂုဏ်ယူကြည်နူးမှုကို ဘယ်ဟာကမှ လိုက်မမီနိုင်ဘူးလို့ ဆိုခဲ့ဖူးပါတယ်။ အဲဒီသမီးလေးက အဖေပြန်မလာသေးဘူးလားလို့ မေးတိုင်း အမေ အဲရစ်ကာက သမီးဖေဖေ ခရစ်တော်နဲ့ အလုပ်ကိစ္စ ခရီးသွားနေတယ်လို့ ပြောထားရကြောင်း အဲရစ်ကာက မျက်ရည်လည်လည်နဲ့ ပြောသွားပါတယ်။  

မနေ့က သမ္မတထရမ့်က Fox and Friends ကနေ ချာလီ့ကို ပစ်တယ်လို့ သံသယရှိသူကို ဖမ်းမိထားပြီ လို့ ကြေငြာရင်း သူ့ရဲ့ အငယ်ဆုံးသားလေး ဘာရွန်က တနေ့မှာ သူ့ဖခင်ကို တောင်းဆိုမှုတခု ပြုတယ်လို့ ဆိုပါတယ်။ လူတယောက်နဲ့ တွေ့ချင်လို့ စီစဥ်ပေးစေချင်တာပါ။ ဖခင်က ဘယ်သူ့ကိုများ တွေ့ချင်တာလဲကွ၊ ချားလ်စ် ဘုရင်များလား၊ ဆိုပါဦးလို့မေးတော့ ချာလီကာ့ခ်ကို တွေ့ချင်တာပါဆိုလို့ ဘာရွန်နဲ့ ချာလီ ၂ယောက် ဆုံပြီး နေ့လည်စာစားဖို့ စီစဥ်ပေးလိုက်ရကြောင်း၊ ဘာရွန်က ချာလီ့ကို အဲဒီလောက်ထိ လေးစားခင်မင်ကြောင်း သမ္မတထရမ့်က သတိတရ ပြောသွားပါတယ်။

ချာလီကို ပစ်သတ်သွားသူက ယူတာပြည်နယ်တောင်ဖက်က ဝါရှင်တန်မြို့မှာနေတဲ့ အသက် ၂၂နှစ် အရွယ် တိုင်လာရော်ဘင်ဆန်ဖြစ်ပါတယ်။ သူ့ရဲ့ မိဘတွေနဲ့ မိသားတစုလုံးက ရီပါဘလစ်ကန်တွေ ဖြစ်ကြပေမယ့် တိုင်လာကတော့ လက်ဝဲအရင့်အမာကြီး ဖြစ်ကြောင်း သူ့ရဲ့ အထက်တန်းကျောင်းက သူငယ်ချင်းတဦးက ဆိုပါတယ်။ တက္ကသိုလ် ဒုတိယနှစ်လောက်ကစပြီး သူ့ရဲ့ နိုင်ငံရေးအမြင်တွေက လက်ဝဲစွန်း ပိုပိုရောက်လာပြီး တချိန်လုံး ဒေါသတကြီး ငြင်းခုံနေတတ်ကြောင်း၊ တိုင်လာက ချာလီကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်း ထွက်လာတော့ သူတော်တော်တုန်လှုပ်မိကြောင်း၊ တိုင်လာရဲ့ နိုင်ငံရေးအမြင်တွေက ပြင်းလွန်းတယ် ဆိုပေမယ့် အဲဒီလောက်အထိ ဆိုးမယ်လို့ မထင်ခဲ့ကြောင်း အဆိုပါသူငယ်ချင်းက ပြောသွားပါတယ်။

လုပ်ကြံသူ တိုင်လာရော်ဘင်ဆင်ရဲ့ ကျည်တတောင့်ပေါ်မှာ ဟေးဖက်ဆစ်ကောင် ရော့ ဖမ်း ဆိုတဲ့စာ၊ မင်းဒီစာဖတ်နေပြီဆို မင်းက အခြောက်ပဲ ဟားဟား ဆိုတာမျိုးအပြင် အန်တီဖာစလိုဂန်တွေ ထွင်းထားပါတယ်။ သူက ချာလီကို ပစ်သတ်ပြီးနောက် ၃နာရီကျော် ကားမောင်းရတဲ့နေအိမ်ကို ပြန်သွားခဲ့တာပါ။ သတင်းတွေထဲမှာ ပုံထွက်လာတော့ ၂၇နှစ် ရဲလုပ်လာခဲ့တဲ့ သူ့ဖခင်က ဒါဟာ သူ့သားတိုင်လာဆိုတာ ရိပ်မိလို့ နဲနဲချင်း အစ် အောက် မေးကြည့်ရာကနေ တချက်မှာ ထွက်လာတဲ့ အဖြေကြောင့် သူ့သားပစ်ခဲ့တယ်ဆိုတာ သေချာသလောက် ဖြစ်သွားခဲ့ပါတယ်။ အဲဒီမှာ တိုင်လာက သူအဖမ်းခံမယ့်အစား သူ့ကိုယ်သူပဲ သတ်သေလိုက်မယ်လို့ ဖခင်ကို ပြောခဲ့ပါတယ်။ သူ့ဖခင် မက်ထ်က ရဲနဲ့ လက်တွဲအလုပ်လုပ်နေတဲ့ ဘုရားကျောင်းက မင်နစ္စတာဆီ ဆက်သွယ်ပြီး လာဖမ်းခိုင်းလိုက်တာပါ။ သတင်းပေးသူကို ပေးမယ့်ဆုကြေးကလည်း အလှူရှင်တွေတိုးလာလို့ သန်းကျော်သွားပြီဖြစ်သလို သောင်းနဲ့ချီတဲ့ သတင်းပေးမှုတွေလည်း ရှိနေခဲ့ပါတယ်။

တာဝန်ရှိသူတွေက တိုင်လာတဦးတည်း လုပ်ကြံမှုကျူးလွန်ခဲ့တာလို့ ဆိုပေမယ့် သူ့ချစ်သူ လိင်ပြောင်း အ၆မနဲ့ chat တဲ့ Discord မှာ သေနတ်ကို တဘက်နဲ့ပတ်ပြီး ဝှက်ထားခဲ့တဲ့အကြောင်း ပြောထားတာ တွေ့ရတာရယ်၊ အန်တီဖာ/ ကွန်မြူနစ် အုပ်စုတွေနဲ့ chat နေကျဖြစ်တာရယ်၊ အဲဒါကလွဲလို့ ဒစ်ဂျစ်တယ်ခြေရာလို့ခေါ်တဲ့ စာတိုပို့တာ၊ ဆိုရှယ်မီဒီယာအကောင့်တွေ ဘာတခုမှ ရှိမနေတာရယ်၊ ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ကျောင်းသားတဦးက ကိုက် ၂၀၀လောက်အကွာက လှုပ်ရှားနေတဲ့ ပစ်မှတ်ကို လေတိုက်နေတဲ့ကြားက တချက်တည်း မှန်အောင် ပစ်နိုင်ခဲ့တာရယ်၊ သူတက်နေတဲ့ကျောင်း မဟုတ်ပေမယ့် ပစ်ရမယ့် နေရာကောင်း ရွေးနိုင်တာရယ်က အထောက်အပံ့မပါပဲ ဖြစ်နိုင်ပါ့မလားလို့ စဥ်းစားစရာ ဖြစ်နေပါတယ်။ သို့ပေမယ့် အရင်လုပ်ကြံမှုတွေ၊ အစုအပြုံ ပစ်ခတ်မှုတွေမှာလိုမဟုတ်ပဲ ပစ်ခတ်သူကို အရှင်ဖမ်းမိတယ်ဆိုတာကိုက တိုးတက်မှုတခုလို့ပဲ ဆိုရမှာပါ။ အမှုမပြီးခင် အပြတ်ရှင်းမခံရဖို့တော့ မျှော်လင့်ပါတယ်။

တိုင်လာကို Aggravated murder ဆိုတဲ့ အမြင့်ဆုံးလူသတ်မှုအပြင် ပြင်းထန်တဲ့ ဒဏ်ရာရစေတဲ့ လက်နက်အသုံးပြုမှု၊ ဥပဒေ/ အစိုးရလုပ်ငန်းများ နှောက်ယှက်မှုတို့နဲ့ စွဲချက်တင်မှာဖြစ်ပြီး aggravated murder က ပြစ်မှုထင်ရှားရင် သေဒဏ်အသက်ဝင်တဲ့ ပြည်နယ်တွေမှာ သေဒဏ်အထိ ပေးလို့ရတဲ့ ပြစ်မှုဖြစ်ပါတယ်။ အခင်းဖြစ်ခဲ့တဲ့ ယူတာပြည်နယ်ရော ချာလီနေထိုင်တဲ့ အရီဇိုးနားရောက သေဒဏ်ခွင့်ပြုတဲ့ပြည်နယ်တွေ ဖြစ်ပါတယ်။ ယူထာမှာ ၁၉၇၇ကစလို့ သေဒဏ်ပေးခဲ့တာ ၇ဦးပဲ ရှိတာပါ။ အများစုက ဆေးထိုးစီရင်တာဆိုပေမယ့် သေနတ်နဲ့စီရင်မယ်ဆိုလည်း ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒီဘက်ခေတ်မှာတော့ aggravated murder ကို ပြစ်ဒဏ်ချရင် သေဒဏ်မကျမယ့် non-capital first-degree felony နဲ့ချလေ့ရှိပြီး အစိုးရရှေ့နေက ထောင်တသက် လွတ်ရက်မရှိ (သို့) နှစ် ၂၅အနည်းဆုံးထောင်ဒဏ် ချဖို့လောက်သာ ကြိုးစားကြတာဖြစ်ပါတယ်။ သမ္မတထရမ့်နဲ့ လူတော်တော် များများကတော့ သေဒဏ်ပေးဖို့ လိုလားကြပါတယ်။ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်မပေးရင် နောင်ကို ဒါမျိုးတွေ ထပ်ဖြစ်နေဦးမှာပါ။

တိုင်လာကျူးလွန်တဲ့ပြစ်မှုက သေဒဏ်ကျနိုင်တယ်ဆိုတာ ရဲလုပ်လာခဲ့တဲ့ဖခင် မသိစရာ မရှိပါဘူး။ ဒါပေမယ့် မှန်တာကို ရင်နာနာနဲ့ လုပ်သွားခဲ့တာကိုတော့ ချီးကျူးရမှာပါ။ စာတော်ပြီး အရည်အချင်းရှိ အလားအလာရှိတဲ့ လူငယ်လေးတဦး တက္ကသိုလ်ရောက်တော့ အန်တီဖာဂရုတွေမှာဝင်၊ ကွန်မြူနစ် အုပ်စုတွေနဲ့ပေါင်း၊ လက်ဝဲ/ ကွန်မြူနစ်မဟုတ်ရင် ဖက်ဆစ်လို့ စွပ်စွဲပြီး အဲဒီအမုန်းမှိုင်းတွေကြောင့် သူ့ကိုယ်သူရော ဘဝပေါင်းများစွာကိုပါ ထိခိုက်စေခဲ့တာဟာ မဖြစ်သင့်တဲ့ ဖြစ်စရာမလိုတဲ့ ကိစ္စတွေပါ။ လုပ်ကြံသူရော လုပ်ကြံခံရသူရော ဆိုင်ရာမိသားစုတွေရော ချာလီအလုပ်ပေးထားတဲ့ လူတွေရော၊ တိုင်းပြည်အတွက်ပါ ဘယ်လိုကြည့်ကြည့် ကောင်းကျိုးမရှိပါဘူး။ ထရမ့်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့သူ သောမတ်စ်မက်သျူးခရွတ်စ်ဆိုလည်း စာတော်သူ လူငယ်လေးပါပဲ၊ အဆိပ်တွေ ရိုက်သွင်းခံရတော့ မိသားစုနဲ့ အောင်မြင်ပျော်ရွှင်နေရမယ့်အစား ဘဝဆုံးရပါတယ်။

ချာလီအသတ်ခံရတာကို ဝမ်းသာကြတဲ့သူတွေပေးတဲ့ဆင်ခြေက ချာလီဟာ အစွန်းရောက်ဖြစ်လို့ သေသင့်သလို ပြောကြပါတယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ သူတွေက သူတို့ကိုယ်သူတို့ (မတူတဲ့ အမြင်တွေကို သည်းခံနိုင်တဲ့ အဓိပ္ပါယ်ဖြစ်တဲ့) လစ်ဘရယ်ပါလို့ ပြောနေကြတော့ အခေါ်အဝေါ်တွေနဲ့ အနှစ်သာရတွေ မကိုက်နေကြသလိုပဲ အစွန်းရောက်ဆိုတဲ့ စကားလုံးကိုလည်း ဂျီနိုဆိုက်လိုပဲ ဖောင်းပွနေအောင် လိုရာဆွဲသုံးနေကြတာပါ။ တပ်ကာတို့ အီလွန်တို့ ထရမ့်တို့လို တသက်လုံး ဒီမိုကရက်အဖြစ် နေလာတဲ့သူတွေက ရပ်တည်ချက် ဘာမှ ထူးပြီး ပြောင်းလဲလာတာမဟုတ်ပေမယ့် ဒီမိုကရက်တွေက လက်ဝဲစွန်းကို ရောက်သွားချိန်မှာ ချိန်ခွင်လျှာ ရွေ့သွားတော့ လက်ယာစွန်းတွေ ဖက်ဆစ်တွေလို့ တံဆိပ်တပ်ခံရတာပါပဲ။ သမိုင်းသိရင် ဖက်ဆစ်ဆိုတာ လက်ဝဲစွန်းလို့ သိပါလိမ့်မယ်။

ချာလီရဲ့​ ရပ်တည်ချက်တွေကိုကြည့်ရင် အစွန်းရောက်တယ်ဆိုတာကို ဘာသာယုံကြည်ချက်၊ အစ္စရေး ထောက်ခံမှု၊ ကိုယ်ဝန်ဖျက်ချတာ ဆန့်ကျင်မှု၊ ကျား/မ လိင် ၂ခုပဲရှိတယ်ပြောမှု၊ ကလေးတွေ လိင်ပြောင်းတာကို မထောက်ခံမှု၊ ခိုးဝင်လက်မခံမှု စတာတွေထဲမှာပဲ လည်နေတာကို တွေ့ရမှာပါ။ အစ္စရေးကို ထောက်ခံတယ်ဆိုတာက ခရစ်တော်ကို နှစ်နှစ်ကာကာ သက်ဝင်ယုံကြည်သူ တဦးအနေနဲ့ အစ္စရေးကို ရောက်တဲ့အခါ ကျမ်းစာထဲကနေရာတွေကို အပြင်မှာ ကိုယ်တိုင် မြင်တွေ့ရတဲ့အတွက် သူ့ရဲ့ သက်ဝင်ယုံကြည်မှုက ပိုခိုင်မြဲသွားတာရယ်၊ ဘာသာရေးအထွဋ်အမြတ်နေရာ သမိုင်းအမွေအနှစ်တခု ဖြစ်တာတွေကြောင့်လို့ ဆိုပါတယ်။

အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ ကျန်နေသေးတဲ့ ခရစ်ယာန်ကိုးကွယ်သူအနည်းစုဟာ နေ့စဥ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုတွေ၊ ဖိနှိပ်ခံရမှုတွေ ကြုံနေရတာရယ်၊ အာဖဂန်မှာ ဗုဒ္ဓဘာသာနဲ့ အမွေအနှစ်တွေ ဖျက်ဆီးခံလိုက်ရတဲ့သမိုင်း ရှိနေတာရယ်ဆိုတော့ ချာလီရပ်တည်ချက်က အစွန်းရောက်/မရောက် စဥ်းစားကြည့်နိုင်ပါတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးယုံကြည်မှုတွေက ဘာသာရေး နွှယ်တယ် ဆိုပေမယ့် နိုင်ငံ့အရေးမှာတော့ သမ္မတထရမ့်က သင့်တော်သလို/ ခြေ/ဥအတိုင်း လုပ်ဆောင်တဲ့အပေါ် အမြင်မတူသည့်တိုင် မကန့်ကွက်တဲ့ သဘောထားရှိကြောင်းလည်း သိရပါတယ်။ ချာလီတို့ထောက်ခံတဲ့ MAGA ထဲမှာ လူမျိုးစုံ ဘာသာစုံ ပါတဲ့အတွက် ခရစ်ယာန်အစွန်းရောက်၊ လူဖြူကြီးစိုးရေးဝါဒီဆိုတဲ့ စွဲချက်က ပျက်လုံးတခုလိုပါပဲ။

၂၀၂၀မှာ ရာဇဝတ်ကောင်ဂျော့ဖလွိုက် သေတာကို အကြောင်းပြုပြီး လူမျိုးရေးပဋိပက္ခအသွင် ဝိုင်းပုံဖော်ကြတဲ့အတွက် လော့ဒေါင်းတွေရှိနေတဲ့ကြားက ဒီမိုကရက်မြို့ကြီးတွေမှာ အန်တီဖာတွေ အုံနဲ့ကျင်းနဲ့ ထွက်လာကြပြီး ဒေါတွေပွပြ၊ ဆူပူပြ၊ မီးရှို့၊ ဖျက်ဆီးပြနဲ့ နောက်ဆုံးတော့ နိုင်ငံတဝှမ်း ဒီမိုကရက်ကြီးစိုးတဲ့ မြို့/မြို့ကြီးတွေတော်တော်များများကို ပြန့်သွားပြီး ဇိမ်ခံပစ္စည်းဆိုင်တွေ စီးပွားရေးလုပ်ငန်းတွေ သူဌေးရပ်ကွက်အိမ်တွေ ဖောက်လုကြတာမှာ အဆုံးသတ်ပါတယ်။ အဆုံးသတ်တယ်ဆိုပေမယ့် ချက်ချင်းမဟုတ်ပါဘူး၊ ၃နှစ်လောက် ထစ်ကနဲရှိဆူ၊ မီးရှို့၊ ဖျက်ဆီး၊ လုယက် ခဲ့ကြတာပါ။ လွှတ်တော်ဒီမိုကရက်တွေလည်း ဒူးတွေထောက်ပြီး ဆူပူမှုအားပေးခဲ့ကြသလို မီဒီညာကလည်း ဂျော့ဖလွိုက်ကိစ္စကို မပြီးနိုင်မစီးနိုင် ချဲ့ကားဖော်ပြခဲ့ကြပါတယ်။

အဲဒီလို ဒီမိုကရက်နဲ့ မီဒီညာက အမုန်းမှိုင်းတိုက်နေတာတွေကနေ လုပ်ကြံတဲ့ ယဥ်ကျေးမှု ကြီးထွားလာတာပါပဲ။ သူတို့စိတ်ကြိုက် မဖြစ်တိုင်း ထစ်ကနဲရှိ အကြမ်းဖက် ဆူပူတာနဲ့ တုန့်ပြန်ကြပါတယ်။ လစ်ဗြဲတွေရဲ့ ၄၈% က အီလွန်ကို သတ်မယ်ဆိုရင် တရားတယ်လို့ မြင်ကြသလို ၅၅% က ထရမ့်ကို ရှင်းမယ်ဆိုရင် တရားတယ်လို့ မြင်ကြကြောင်း ချာလီက ဧပြီ ၇ရက်နေ့က တင်ထားပါတယ်။ ချာလီလို သူနဲ့ လူတိုင်းလာဆွေးနွေးခွင့် ပေးနေတဲ့သူ လုပ်ကြံခံရတာကိုလည်း တက္ကသိုလ်ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ ဆရာ/မတွေ၊ လေယာဥ်မှူးတွေ၊ ကောလိပ်ကျောင်းသားတွေ ကစလို့ ဒီမိုကရက်အမတ်တွေ၊ ဒီမိုကရက်အုပ်ချုပ်ရေးမှူးတွေ၊ အစိုးရအရာရှိတွေ ဆယ်လီတွေအဆုံး  ဝမ်းသာအားရ ဖြစ်နေကြတာက တိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။

လောကမှာ အမှန်တရားကို ပြောရဲသူတွေအတွက် ပေးဆပ်ရတဲ့တန်ဖိုးက သိပ်ကြီးပါတယ်၊ သင့်ကို ငွေနဲ့ဝယ်လို့မရရင် သင့်ရဲ့ဘဝ၊ သင့်ရဲ့အသက်နဲ့ ပေးဆပ်ရတဲ့အထိပါပဲလို့ ပရောဂျက် ဗာရိတာ့စ် ဖောင်ဒါ ဂျိမ်းစ်အိုကိဖ်က ဆိုပါတယ်။ ချာလီ၊ ဂျိမ်းစ်အိုကိဖ်၊ အီလွန်၊ ဂျူလီယန်အာဆန့်ချ်၊ အက်ဒွပ်စနိုဒန် စသဖြင့် အမှန်ကိုဖော်ထုတ်နေသူများဟာ ဒိစတိတ်ရဲ့ ဖိနှိပ်ခြင်း၊ ပညာပေးခြင်းများကို အကြီးအကျယ် ခံနေ/ခံခဲ့ကြရတာပါ။ ချာလီဟာ ၂၀၂၄ ရကပမှာ ထရမ့်အနိုင်ရတော့ ဝမ်းသာမျက်ရည် ကျခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ပြီးခဲ့တဲ့ ၄နှစ်လုံး ဘိုင်ဒန်တို့က ချာလီနဲ့ TP USAကို အမျိုးမျိုး ပြဿနာရှာနေခဲ့လို့ ထောင်နှုတ်ခမ်း နင်းနေရသလို ဖြစ်နေခဲ့ရာက ထရမ့်နိုင်ပြီ ဆိုတော့ သူထောင်ကျမှာ စိတ်ပူစရာမလိုတော့တဲ့အတွက် အများကြီး စိတ်သက်သာရာ ရခဲ့တယ်လို့ ပြန်ပြောပြပါတယ်။

အပြစ်မရှိတဲ့ ချာလီကို လက်ဝဲအမုန်းမှိုင်းမိနေတဲ့သူက ရက်ရက်စက်စက် သတ်လိုက်လို့ သန်းနဲ့ချီတဲ့ လူတွေ ပူဆွေး ဝမ်းနည်းနေကြပါတယ်။ ဒေါသလည်း ထွက်ကြတာပေါ့။ ကိုယ်နဲ့ သွေးမတော် သားမစပ် လူငယ်တဦးအသတ်ခံရတာကို မျက်ရည်ကျတဲ့ ဒိတ်ဒိတ်ကြဲ ယောက်ျားကြီးတွေ အများဆုံး တွေ့ဖူးတာ ပထမဆုံးပါပဲ။ ဒါပေမယ့် ဂျော့ဖလွိုက်တုန်းကလို ဒေါသထွက်နေသော လူအုပ်ကြီး နာမည်တပ်ပြီး ဆူပူ၊ ဖျက်ဆီး၊ မီးရှို့၊ လုယက် စတာတွေ ဘယ်သူမှ မလုပ်ကြပါဘူး။ ဘာလို့လဲဆိုတော့ ဆူပူတာက ပြဿနာရဲ့ အဖြေမဟုတ်သလို မီးရှို့ ဖျက်ဆီး လုယက်တာတွေက တိုင်းပြည်နာတာပဲ ဖြစ်လို့ပါ။ အဲဒါမျိုးကို တိုင်းပြည်ချစ်တဲ့သူတွေ ဘယ်သူမှ ဘယ်တော့မှ မလုပ်ကြပါဘူး။ ဒါက ဒီမိုကရက်လက်ဝဲတွေက ဖက်ဆစ်လို့ စွပ်စွဲနေတဲ့ ရီပါဘလစ်ကန်အများစုရဲ့ သဘောထားပါပဲ။

ချာလီရဲ့ ဈာပနကို စက်တင်ဘာ ၂၁ရက်နေ့မှာ အရီဇိုးနားပြည်နယ် ဂလန်ဒေးလ်မြို့က လူ ၇၃,၀၀၀ အထိဆန့်တဲ့ State Farm အားကစားရုံကြီးမှာ ကျင်းပမှာ ပြုလုပ်မှာဖြစ်ပြီး သမ္မတထရမ့်ကိုယ်တိုင် တက်ရောက်မှာဖြစ်ပါတယ်။ TP USA က ထောက်ခံသူများအားလုံးကို အမေရိကန်ရဲ့ အာဇာနည် သူရဲကောင်း ချာလီဘဝအတွက် ဂုဏ်ပြုတဲ့ အခမ်းအနားကို တက်ရောက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

Leave a comment