ဒီနှစ်အစောပိုင်းမှာ ကျင်းပတဲ့ ယူအန်ညီလာခံမှာ ဆီးရီးယားက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ရာဝမ်အော်စ်မန်က သူဟာ ဆီးရီးယားနဲ့ လက်ဘနွန်ကပြားတဦးဖြစ်ကြောင်း၊ ဂါဇာစစ်ပွဲမှာ အစ္စရေးက ပြဿနာရဲ့ ရင်းမြစ်မဟုတ်တာကို ဘုရားသခင်ရှေ့တော်မှောက်မှာ တိုင်တည်ပါကြောင်း၊ အောက်တိုဘာ ၇ ကတဲက သူမအနေနဲ့ အစ္စရေးကို ၉ကြိမ်သွားရောက်ခဲ့ပြီးဖြစ်ကြောင်း၊ အရင်အပတ်က အစ္စရေးက ရှီရီဘီဘာ့စ်နဲ့ သူမကလေးတွေဖြစ်တဲ့ အာယယ်နဲ့ ကီယာကို မြေမြှုပ်သင်္ဂြိုလ်ခဲ့ကြောင်း၊ ဟာမာ့စ်က သူတို့အဖမ်းခံရတယ်ဆိုတာလောက်ပဲ ပြောပေမယ့် သေမှုသေခင်း စစ်ဆေးမှုမှာ သူတို့ဟာ ဂါဇာမှာ လည်ပင်းညှစ်ခံရလို့ သေဆုံးတယ်လို့ ဖော်ပြထားကြောင်း၊ အစ္စရေးကိုပဲ အပြစ်တင်ချင်နေတဲ့ သူတွေက မှန်ရှေ့မှာ ကိုယ့်အပြစ်ကိုယ် ပြန်ကြည့်ကြဖို့လိုကြောင်း၊
ကာတာအနေနဲ့ ဒိုဟာမှာနေနေတဲ့ ဟာမာ့စ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ဓါးစာခံတွေ ပြန်လွှတ်ဖို့ တောင်းဆိုတာမျိုး ဘာလို့ မလုပ်ခဲ့သလဲ၊ ဘာလို့ အကြမ်းဖက်တွေကို ငွေကြေးထောက်ပံ့တာတွေ ပြုလုပ်ခဲ့တာလဲ။
အီရန်ကရော ပြည်တွင်းမှာ ဖိနှိပ်မှုနဲ့ ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရတဲ့ ပြည်သူတွေကို ကူညီရမယ့်အစား ဘာလို့ ဟာမာ့စ်နဲ့ ဟဇ်ဘိုလာလို အကြမ်းဖက်တွေကို ဘီလီယံနဲ့ချီပြီး ထောက်ပံ့ခဲ့တာလဲ။
အီဂျစ်ကရော စစ်ဘေးရှောင်ချင်တဲ့ ဂါဇာကလူတွေကို ဘာဖြစ်လို့ ထောင်ချီတဲ့ငွေယူပြီးမှ သွင်းနေရတာလဲ၊ မင်းတို့ကကျ ပိုက်ဆံယူသွင်းပြီးတော့ ဂါဇာကလူတွေကို လက်ခံကြဖို့ သူများနိုင်ငံတွေကို စာနာစိတ်ထားပါတို့ဘာတို့ လိုက်ပြောနေရတာလဲ။
ဂျော်ဒန်ကရော ဂါဇာကလူတွေကို ဘာလို့ လက်မခံရတာလဲ၊ သူတို့က မင်းတို့လူတွေပဲ မဟုတ်ဘူးလား။
လက်ဘနွန်ကရော ဟဇ်ဘိုလာအဖွဲ့ရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ဆွေးနွေးနေမယ့်အစား ဘာလို့မဘန်းသေးတာလဲ။
ဆီးရီးယားကရော သမ္မတအသစ်က ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်အပေါ်မှာ ရိုးသားမှုရှိတယ် ဆိုရင် အယ်လီကိုဟန်ရဲ့ ရုပ်ကလာပ်ကို မိသားစုကို ပြန်ပေးဖို့ တောင်းဆိုပါတယ်။ နှစ်ခြောက်ဆယ် တောင်ရှိနေပြီ၊ သူ့ဇနီးသည် အသက်ရှိထင်ရှားရှိတုန်းလေး သူ့ခင်ပွန်းရဲ့ ရုပ်ကလာပ်ကို မြေမြှုပ် သင်္ဂြိုလ်ပါစေလား။
ဟာမာ့စ်က သက်ရှိတင်မက အလောင်းတွေကိုတောင် အဘျုစ်လုပ်တဲ့သူတွေပါ၊ ပိုကောင်းတဲ့အာရပ်၊ ပိုကောင်းတဲ့ မူဆလင်ဖြစ်အောင် ကြိုးစားကြပါတော့လားလို့ တိုက်တွန်းပြောကြားသွားပါတယ်။
ရာဝမ်ရဲ့ မေးခွန်းတွေကို ကြားလိုက်ရတော့ မနေ့ကတင်တဲ့ တရုပ်ဆင်ဆာနဲ့ စောင့်ကြည့်စနစ်မှာလို မီဒီညာက သူတို့မြင်စေချင်တဲ့အပိုင်းကိုပဲ မီးမောင်းထိုး ပုံကြီးချဲ့ပြပြီး သူတို့မသိစေချင်တာဆိုရင် ပင်မလှိုင်းတွေထဲ ရောက်မလာအောင် ဖုံးဖိထားလိုက်ကြတာကို ပိုနားလည်လာပါတယ်။ အမေရိကန်မှာတော့ တရုပ်ပြည်လို firewall တွေမလိုပဲ algorithm နဲ့ မီဒီညာနှုတ်ပိတ်နေတာနဲ့တင် လုံလောက်သလို ဖြစ်နေတာပါ။ ပုံထဲကလို တကယ်အန္တရာယ်ပေးနေတာကတယောက်၊ မီဒီညာက သူတို့လိုချင်တဲ့အပိုင်း ကွက်ပြတော့ ငါးဖယ်ကပြောင်းပြန်ဖြစ်ပြီး လူဆိုးကလူကောင်း၊ လူကောင်းက လူဆိုးဖြစ်ကုန်တာပါပဲ။ တကယ့်အဖြစ်အပျက်ကတော့ ပုံလို ဥပမာလို မရိုးရှင်းဘူးပေါ့။ အဓိကကတော့ ကမ္ဘာမှာ ကိုယ်မသိသေးတာတွေ အများကြီးပါ။ ဖွင့်နိုင်သလောက် ဖွင့်ပြီးကြည့် ဖွင့်ပြီး စဥ်းစားကြဖို့ လိုပါတယ်။ သူတို့ကွက်ပြတာလေးလောက် ကြည့်ပြီး ကောက်ချက်ချရင် နွားခြေရာခွက်ထဲက ဖားလိုပဲ ဖြစ်နေတော့မှာပေါ့။
ပြီးခဲ့တဲ့အပတ်ထဲမှာ လုပ်ခဲ့တဲ့ ယူအန်ညီလာခံမှာ လူ့အခွင့်အရေးကော်မရှင်ကို တိုင်တည်ပြီး ယီမင်က Luai Ahmed က ယူအန်၊ အာရပ်လိဂ် အပါအဝင် အောက်တိုဘာ ၇ ကတဲကစလို့ ပါလက်စ်တိုင်းအလံ တကိုင်ကိုင် လုပ်နေကြသူများကို မေးခွန်းထုတ်လိုက်ပါတယ်။ ယီမင်မှာ လွန်ခဲ့တဲ့ ၁၀နှစ်အတွင်း အငတ်ဘေးကြောင့် လူ၅သိန်း သေဆုံးခဲ့ပါတယ်။ ခေတ်သစ်မှာ အကြီးဆုံး အစာရေစာ ရှားပါးမှုနဲ့ ဘေးဒုက္ခအကြပ်အတည်းကြီးပါ။ ယီမန် ၅သိန်းသေတာကိုကျတော့ ဘာလို့ ဘယ်သူမှ ဂရုမစိုက်ကြတာလဲ။
ဆူဒန်မှာလည်း ပြီးခဲ့တဲ့ ၂နှစ်အတွင်း လူ ၁သိန်းခွဲကျော် အသတ်ခံခဲ့ရတယ်။ ဆူဒန်အလံရော ဘယ်မှာလဲ။
ဆီးရီးယားမှာရော လူ ၅သိန်းလောက် အသတ်ခံခဲ့ရတာပဲ၊ ဘယ်မလဲ ဆီးရီးယားအလံ။
ကော်မရှင်နာကြီးရေ၊ အာရပ်တွေအချင်းချင်း သန်းနဲ့ချီ သတ်ဖြတ်နေတာကိုကျတော့ ဘယ်သူမှ ဆန္ဒမပြကြသလို စကားထဲတောင် ထည့်ပြောဖော်မရကြပါလား။ ကော်မရှင်နာကြီးရဲ့ ရီပို့မှာလည်း အစ္စရေးအကြောင်း ၁၈၈ကြိမ် ဖော်ပြထားပေမယ့် အီရန်က အစ္စလာမ်အဆိုးရအကြောင်းကိုကျတော့ တကြိမ်လေးတောင် ဖော်ပြမထားဘူးနော်။ ပဋိပက္ခတွေအကြောင်းချည့် လှိမ့်ပြောနေသလောက် အဲဒီပဋိပက္ခမှာ အစ္စရေးကို အကြိမ်ပေါင်း ထောင်ချီပြီး ဗုံးကြဲနေတဲ့ ဟာမာ့စ်၊ ဟဇ်ဘိုလာ၊ ဟူသီတွေကို လက်နက်တပ်ဆင်ပေး၊ လေ့ကျင့်ပေးပြီး ငွေအားပါကူပေးတဲ့အဖွဲ့ကို ကျတော့ တကြိမ်တောင် မတွေ့ရပါဘူး။ ယီမင်ထဲမှာ လာပြီး ငတ်နေတဲ့ ပြည်သူတွေကို ကျွေးဖို့ပိုက်ဆံမသုံးပဲ အစ္စရေးကို ဗုံးကြဲဖို့ ဒေါ်လာသန်းချီသုံးနေတဲ့ ဟူသီတွေအကြောင်းကိုလည်း မဖော်ပြထားပြန်ပါဘူး။ ဟာမာ့စ် အကြမ်းဖက်ခေါင်းဆောင်တွေကို ဇိမ်ခံဟိုတယ်ကြီးတွေမှာ ကောင်းကောင်းပြုစုထားတဲ့ ကာတာကရော ဘာလို့ လူ့အခွင့်အရေးကော်မရှင်မှာ ဝင်ထိုင်နေရတာလဲ လို့ မေးသွားပါတယ်။
Luai ပြောသွားတာတွေက အမေရိကန်က လူမျိုးရေးမှိုင်းတိုက်တာနဲ့ သွားတူနေပါတယ်။ ၂၀၂၃အတွင်း အမေရိကန်မှာ တနှစ်လုံး အသတ်ခံရတဲ့လူတွေရဲ့ တဝက်လောက်က လူမည်းဖြစ်ပြီး ရဲကသတ်မိတဲ့ ထဲမှာ လူမည်းက ၂၁% လောက်ပဲ ပါတာပါ။ လူမည်းတွေကို သတ်ကြတဲ့ ၈၀-၉၀% က လူမည်းတွေပဲဖြစ်ပြီး ၅၀-၆၀% က သူတို့သိတဲ့လူတွေက သတ်ကြတာပါ။ ဒါပေမယ့် လူဖြူက လူမည်းကို သတ်မိပြီဆိုရင် မတော်တဆပဲဖြစ်ဖြစ် တဆိတ်ကို ဆယ်အိတ်လောက်လုပ်ပြီး လူမျိုးရေးအမုန်းကြောင့် သတ်တာပါ၊ အမေရိကန်က ရေ့စစ်တိုင်းပြည်ကြီးပါလို့ အကြီးအကျယ် ဖြန့်ကြ ဖွကြပါတယ်။ ယူအန်မှာရော ဒီမိုကရက်တွေရော သုံးနေတဲ့ လိမ်လုံး လှိမ့်လုံးတွေက အတူတူပါပဲ။ တခါလိမ် လိမ်သူအပြစ်၊ နှစ်ခါလိမ် ခံသူအပြစ်ဆိုတော့ အကြိမ်ကြိမ် အလိမ်မခံရအောင် သူတို့ မသိစေချင်တဲ့ သူတို့မပြတဲ့ အပိုင်းတွေကိုပါ ထည့်ကြည့်ကြမှ ပိုပြည့်စုံတဲ့ မြင်ကွင်းကို မြင်ကြရပါလိမ့်မယ်။
