နိုဝင်ဘာ ၁၈ရက် ၂၀၂၅

ဒီကနေ့ ဒီမိုကရက်တွေ တောင်းဆိုလွန်းမက တောင်းဆိုနေကြတဲ့ အက်ပ်စတိန်းဖိုင်တွေကို တရားရေးဌာနက ထုတ်ပြန်ပေးဖို့အဆိုကို အောက်လွှတ်တော်မှာတင်ရာမှာ ဖြစ်တောင့်ဖြစ်ခဲ ကန့်ကွက် ၁၊ မဲမပေး ၅ ကလွဲရင် ကျန်တဲ့ ၄၂၇ဦးက အတည်ပြုခဲ့ပါတယ်။ မဲမပေး/ ကန့်ကွက်သူတွေကလည်း မထုတ်ပေးချင်လို့ထက် နစ်နာခဲ့သူအမျိုးသမီးတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေ ပါလာရင် သူတို့ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာစိုးလို့လို့ ဆိုပါတယ်။ စပီကာဂျွန်ဆန်က အဲဒီလိုမဖြစ်အောင် လိုအပ်တဲ့အကာအကွယ်တွေ ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။ ဆီးနိတ်က ကန့်ကွက်သူမရှိနဲ့ အတည်ပြုပေးဖို့ သဘောတူခဲ့ပြီး မနက်ဖြန်မဲခွဲအတည်ပြုပြီးနောက် သမ္မတထရမ့်က လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုတော့ ကလင်တန်တို့ ဂိတ်စ်တို့ လာရီဆမ်းမားစ်တို့၊ ရိဒ်ဟော့ဖ်မန်တို့ အိပ်မပျော်တာ ထရမ့်ကြောင့်လို့ ပြောဖို့ခက်သွားပြီပေါ့။ သူတို့အားလုံးက ထရမ့်ကို အသေမုန်းကြပြီး ထရမ့်မတက်လာအောင်၊ တက်လာတော့ ပြုတ်ကျအောင် နည်းမျိုးစုံနဲ့ ငွေ၊ အာဏာ၊ အဆက်အသွယ် မျိုးစုံသုံးပြီး ကြိုးစားခဲ့ကြသူတွေပါ။

၂၀၁၉ ဖေဖေါ်ဝါရီတုန်းက လွှတ်တော်မှာ အက်ပ်စတိန်းကိစ္စနဲ့ Michael Cohen အစစ်ခံနေတုန်း ကိုဟန်ကို မေးဖို့အလှည့်ကျလာမယ့် ဒီမိုကရက်အမတ် Stacey Plaskett ကို မက်ဆေ့ချ်ပို့ပြီး The Trump Organization က ထရမ့်နဲ့ သူတို့ ပတ်သက်နေသလို ထင်ယောင်ထင်မှားဖြစ်အောင် ထရမ့်ရဲ့ executive assistant အပါအဝင် အရေးပါတဲ့ လူနာမည်တချို့ကို မေးဖို့ သင်ပေးပါတယ်။ အဲဒီမက်ဆေ့ချ်တွေကို ဝါပိုက တင်ထားတာပါ။ ထရမ့်က သူတို့လို ကလေးစားသူ/ သက်ငယ် မုဒိမ်းကောင်ဆိုရင် အဲဒီလို ပါဝါကြီးတဲ့ အုပ်စုတွေနဲ့ ပျော်ပျော်ကြီး ပေါင်းစားမှာပေါ့။ အဲဒီအုပ်စုနဲ့ ကင်းခဲ့လို့သာ သူတို့လို လက်မဲကြီးတွေက အသရေဖျက်၊ လုပ်ကြံကြတဲ့အထိ မုန်းတီးခဲ့ကြတာပါ။

စိုက်ပျိုးမွေးမြူရေးဝန်ကြီး Brooke Rollins က SNAP ကနေ ခံစားခွင့် ထုတ်ယူနေသူတွေထဲမှာ သေပြီးသူ ၁၈၆,၀၀၀ ပါဝင်နေသလို လူ ၅သိန်းရဲ့ အမည်က နှစ်ကြိမ်စီပါနေတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ လူတဦးရဲ့ EBTကဒ်တခုမှာ ၅သောင်းကျော်  သုံးဖို့ ငွေရှိနေပြီး နောက်တဦးက ပြည်နယ် ၆ခုကနေ ခံစားခွင့်တွေ တပြိုင်တည်း ထုတ်ယူနေတာ ဖြစ်ပါတယ်။ ဝန်ကြီးက SNAP ခံစားခွင့် ထုတ်ယူနေသူတွေရဲ့ ဒေတာကို ပြည်နယ်တွေကို စာပို့တောင်းခံတဲ့အခါမှာ ရီပါဘလစ်ကန်ဦးဆောင်တဲ့ ပြည်နယ် ၂၉ခုကပဲ တုန့်ပြန်ခဲ့လို့ ဒီမိုကရက်ပြည်နယ်က ဒေတာတွေပါ သိရရင် ဘယ်လောက်တောင် ဆိုးမလဲဆိုတာ ခန့်မှန်းကြည့်ကြဖို့ပါ။ သမိုင်းမှာ ခြအစားဆုံး အပျက်စီးဆုံး ပရိုဂရမ်ကြီးတခု ဖြစ်နေတာကို ပြလိုက်သလိုပါပဲ။

ကာလီဖိုးနီးယားရဲ့ အမြန်ရထားလမ်း (CA HSR) စဖောက်ဖို့ ပန္နက်ချခဲ့တာ ၂၀၁၅ ဇန်နဝါရီကဖြစ်ပြီး ၁၄-၁၆ ဘီလီယံ ကုန်ကျခဲ့ပြီးဖြစ်ပါတယ်။ မူလခန့်မှန်းကုန်ကျစရိတ် ၃၃ဘီလီယံကနေ ၈၉၊ အဲဒီကနေ ၂၀၂၃မှာ ၁၂၈ဘီလီယံအထိ ကုန်ကျမယ်လို့ မျက်လှည့်ပြလိုက်သလို ၁၀နှစ်အတွင်း ၄ဆနီးပါး တက်ပြခဲ့ပါတယ်။ ငွေဖောင်းပွမှုက ၁၀နှစ်အတွင်း ၃၆.၆၉% ပဲရှိတာပါ။ အဲဒီပရောဂျက်ကို ၁၉၉၀ခုနှစ်တွေထဲက စတင်ဆွေးနွေးခဲ့ကြပြီး ၂၀၀၈မှာတော့ ၉ဘီလီယံ bond တွေ ထုတ်ရောင်းပြီး ဆောက်မယ့် အဆိုက ၅၃%မဲနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ၂၀၀၈မှာ လွှတ်တော် ၂ရပ်လုံးမှာ အများစု ဖြစ်နေတဲ့ ဒီမိုကရက်တွေက ပြည်နယ်တွေမှာ passenger rail plan တွေ ရှိဖို့ လိုအပ်တယ်လို့ ဆိုတဲ့ Passenger Rail Investment and Improvement Act of 2008 ကို ပြဌာန်းခဲ့ပါတယ်။ စပီကာကတော့ ပလိုးစီပေါ့။ ။

၂၀၁၀ အိုဘမလက်ထက်မှာ ဖက်ဒရယ်က CA-HSR အတွက် ဂရန့်မျိုးစုံကနေ ၃.၄ ဘီလီယံ ချပေးခဲ့ပါတယ်။ ချပေးတဲ့ အိုဘမ၊ ပလိုးစီနဲ့ နူဆမ်တို့လို ဒီမိုကရက်တွေ တသီကြီး ချမ်းသွာသွားကြသလောက် ရထားလမ်းက အခုအထိ လက်ဆုပ်လက်ကိုင် ပြစရာ ဘာတခုမှ ပြီးတယ်လို့ မရှိသေးပဲ Merced ကနေ Bakersfield အထိ ၁၇၁ မိုင်အပိုင်းက ဆောက်ဆဲ၊​ အဲဒီထဲက မိုင် ၇၀လောက်က ပတ်ဝန်းကျင် ရှင်းပြီး၊ တံတား/ကုန်းကျော်တံတား၊ ၅၇ခုတော့ ပြီးပါပြီတဲ့။ အဲဒီတံတားတွေက ဘယ်တော့ပြီးမယ်မှန်း မသိတဲ့ ရထားလမ်းကြီး ပြီးလာခဲ့ရင် သုံးမရ ဖြစ်လာနိုင်သလို ပတ်ဝန်းကျင်ရှင်းထားတာ ကြာသွားရင် ပြန်ရှင်းရဖို့ ဖြစ်လာဦးမှာပါ။ မမပြည်မှာ လမ်း/တံတားနဲ့ သူဌေးဖြစ်ကုန်ကြသူတွေလောက်တော့ ကာလီဖိုးနီးယားက ရီတာပေါ့လို့ ပြောရမလိုပါပဲ။

၂၀၁၀အထိ ဂျပန်က သူတို့ Shinkansen ကျည်ဆံရထား နည်းပညာကို သုံးမယ်ဆိုရင် အတိုးနဲနဲနဲ့ နှစ်ရှည်ငွေချေးပေးမယ်လို့ ကမ်းလှမ်းဆဲပါ။ ဂျပန်ကမ်းလှမ်းတာကို သဘောတူခဲ့ရင် အခုလောက်ဆို ပြီးနေလောက်ပြီဖြစ်ပေမယ့် လက်မခံခဲ့တာကိုက အခုလို မပြီးနိုင်မစီးနိုင် စားပေါက်ရှာဖို့ ဖြစ်နေနိုင်ပါတယ်။

အဲဒါကြောင့် ဖက်ဒရယ်က HSR အတွက် ဘတ်ဂျက် ချမပေးတော့ပေမယ့် ဒီနှစ်စက်တင်ဘာတုန်းက HSR အတွက် တနှစ်ကို ၁ဘီလီယံနဲ့ ၂၀၄၅အထိ ပိုက်ဆံထပ်ရဖို့ နူဆမ်အစိုးရက CA Cap and Invest Program ကို ပြန်အသက်သွင်းခဲ့ပါတယ်။ အဲဒီပရိုဂရမ်က ဘယ်ကပိုက်ဆံရသလဲဆိုတော့ Greenhouse Gas Reduction Fund ကနေ လာပါတယ်။ Clean Air Task Force က ပတ်ဝန်းကျင် ဘာညာဘာညာ စည်းမျဥ်းတွေကို လိုသလိုမြှင့်၊ ကုမ္ပဏီတွေက comply ဖြစ်အောင်  လုပ်နိုင်ရင်လုပ်၊ မလုပ်နိုင်ရင် ဒဏ်ဆောင်ပေါ့။ Comply ဖြစ်အောင် လုပ်ရင်လည်း ကုန်ကျစရိတ်တက်မှာပဲ၊ ဒဏ်ဆောင်ရင်လည်း တက်မှာပဲလေ။ အဲဒီကုန်ကျစရိတ်က ထုတ်လုပ်မှု ကုန်ကျစရိတ်ဖြစ်လို့ အဆုံးမှာ စားသုံးသူကပဲ ကျခံရမှာပါ။ ကာလီဖိုးနီးယားလို အပြာပြည်နယ်၊ အပြာမြို့တွေမှာ အုပ်ချုပ်သူတွေ ဘာစီးပွားရေးမှ မလုပ်ပဲ ချမ်းသာကုန်သလောက် ဓါတ်ဆီဈေး၊ အိမ်ဈေး၊ စားသောက်ကုန်ကအစ ဘာလို့ ဈေးကြီးနေသလဲဆိုတဲ့ အဖြေက အဲဒါပါပဲ။ သူတို့မုန်းခိုင်းထားတဲ့လူကြီးက လုပ်နေတာ မဟုတ်ပေမယ့် ဒီလိုရှင်းပြတာမျိုးဖတ်မှာမဟုတ်တော့ ဆက်ဆဲနေကြဦးမှာပါ။

ကာလီဖိုးနီးယားက Medi-Cal မှာ အထောက်အထားမရှိပဲ နေထိုင်တဲ့သူတွေရဲ့ eligibility ကို တိုးမြှင့်လိုက်တဲ့အတွက် တနှစ်ကို ၁၀ဘီလီယံ ကုန်ကျမယ်လို့ Legislative Analyst’s Office (LAO) က ထုတ်ပြန်လိုက်ပြီး အဲဒါက မူလခန့်မှန်းချက်ရဲ့ ၂ဆကျော် ဖြစ်နေပါတယ်။ ကာလီဖိုးနီးယားက ပေးတဲ့ Medi-Cal မှာ ၁.၇သန်းက တရားမဝင်နေထိုင်သူတွေဖြစ်ပြီး စုစုပေါင်းရဲ့ ၁၁% ပါ။ Medi-Cal ရဲ့ ဒီနှစ်ဘတ်ဂျက်က ၁၉၇ဘီလီယံဖြစ်ပြီး တဝက်ကျော်ကို ဖက်ဒရယ်က ပေးနေရတာပါ။ ၁နှစ် ၁၀ဘီလီယံ ဆိုတာက Medi-Cal ကို ပြည်နယ်အစိုးရက ပေးနေတာရဲ့ ၄ပုံ ၁ပုံဖြစ်ပါတယ်။ ကာလီဖိုးနီးယားက ဒီနှစ်ဘတ်ဂျက်လိုငွေ ၁၁.၈ဘီလီယံ ဖြစ်နေတဲ့အတွက် ၁၉နှစ်အထက် တရားမဝင် နေထိုင်သူတွေကို လာမယ့်ဇန်နဝါရီကစပြီး အသစ်တိုးခွင့်မပေးဖို့နဲ့  ၂၀၂၇ ဇူလိုင်ကစပြီး အသက် ၁၉-၅၉အတွင်း ခိုးဝင်တွေကို တလ $30 ပေးရုံနဲ့ အလုံးစုံကျန်းမာရေးအာမခံ ဆက်ရဖို့ စီစဥ်ထားတာကြောင့်  ကုန်ကျစားရိတ်က ကျသွားဖို့မရှိပါဘူး။

ပြည်နယ်ရဲဖြစ်တဲ့ CHP က တနှစ်ဘတ်ဂျက် ၃.၃ ဘီလီယံပဲရပြီး CalFire က ၄.၅ဘီလီယံပဲ ရတဲ့အတွက် တရားမဝင်တွေကို ဆေးကုပေးတာက ရဲဘတ်ဂျက်ရဲ့ ၃ဆနဲ့ မီးသတ်ဘတ်ဂျက်ရဲ့ ၂ဆကျော် ဖြစ်နေပါပြီ။ ID မလိုပဲ မဲပေးခွင့်ရှိတဲ့ ပြည်နယ်မှာ သေချာပေါက် ဒီမိုကရက်မဲရမယ့် သူတွေကို ဆွဲဆောင်ဖို့နဲ့ ပြည်သူ့အတွက် ရဲနဲ့ မီးသတ် ဘယ်ဟာကို ပြည်နယ်ဒီမိုကရက်အစိုးရက ဦးစားပေးမယ်ထင်ကြပါသလဲ။ အဲဒီလို မဲချူဖို့ ကိုယ့်နိုင်ငံသားကို ဦးစားပေးတဲ့ တခြားပြည်နယ်တွေ ဘတ်ဂျက် ဘယ်လောက်လျော့သွားမလဲ၊ ကိုယ့်ကိုယ်ကို မညာတမ်း ဆန်းစစ်ကြည့်ကြဖို့ လိုပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လို့ ဆက်ပြောရရင် ACA ဆိုတဲ့ အိုဘမကဲ ဆိုတာကလည်း မက်ဒီကိတ် ခံစားခွင့်ရတဲ့ လူဦးရေကို တိုးပစ်လိုက်ပြီး တက်လာတဲ့ ကုန်ကျစားရိတ်ကို ကျန်းမာလို့ အာမခံမဝယ်တဲ့ လူငယ် လူလတ်တွေကို မဝယ်မနေရ အတင်းအဓမ္မဝယ်ခိုင်းပြီး မဝယ်ရင် ဒဏ်ချသေးတာပါ။ လူတိုင်း အာမခံဝယ်ရမယ်ဆိုရင် ဘယ်သူမြတ်မလဲ တွေးကြည့်ပေါ့။ ဟိုဒင်းသား အသက်အာမခံလုပ်စားသလို ဖြစ်မနေဘူးလား။​ ကုမ္ပဏီကြီးတွေက အချိန်ပြည့်ဝန်ထမ်းတွေကို ဈေးသက်သာတဲ့ ကျန်းမာရေးအာမခံ မပေးရင်လည်း ဒဏ်ရိုက်ပါသေးတယ်။ အာမခံက ဈေးကြီးရင် ကုမ္ပဏီက စိုက်ပေးရမယ့် သဘောပါ။ ထရမ့်အစိုးရက ပုဂ္ဂလိကဒဏ်ကြေးကို ဖက်ဒရယ်မှာ ရပ်ပစ်ခဲ့ပေမယ့် ကာလီဖိုးနီးယားနဲ့ ပြည်နယ် ၅ခုမှာ မဝယ်မနေရရော၊ ဒဏ်ကြေးရော ရှိနေပါသေးတယ်။

အိုဘမကဲက အာမခံကုမ္ပဏီတွေကို အနည်းဆုံး ဆေးကုသကုန်ကျစားရိတ်ရဲ့ ရာခိုင်နှုန်းတခုကို ကျခံစေပါသေးတယ်။ အဲဒီမြှားဦး ကိုယ့်ဖက်ပြန်လှည့်လာမှာ မမြင်တဲ့သူကတော့ ပျော်ပေါ့။ အာမခံကုမ္ပဏီစားရိတ်တက်တော့ အာမခံကြေးတွေ ဆောင့်တက်၊ မက်ဒီကိတ်အလကားရတဲ့ လူတွေတိုးလာတော့ ထစ်ကနဲရှိ 911 ခေါ်၊ ဆေးရုံ၊ ဆေးခန်းသွား၊​ လွယ်နေတော့ ကျန်းမာအောင် မကြိုးစား၊ အဲဒီတော့ ဒေတာတွေမှာ မက်ဒီကိတ်မှာ တိုးလာတဲ့အုပ်စုကလည်း အကျိုးမရှိ၊ တကယ်လိုတဲ့လူတွေအတွက် နှောင့်နှေး၊ ပြည်သူအများစုက အကုန်အကျပိုများဆိုတော့ တကယ်အကျိုးရှိတဲ့သူက အာမခံကုမ္ပဏီကြီးတွေနဲ့ သူတို့ရဲ့လက်ဝေခံနိုင်ငံရေးလုပ်စားသူတွေပဲ​ ဖြစ်နေတာပါ။

ကနေဒါမှာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အတွက် ဆေးပညာအကူအညီပေးတဲ့ Medical Assistance in Dying (MAID) အစီအစဥ်မှာ အရင်က ကလေးတွေ မပါသေးပေမယ့် အခုအခါ ကိုယ့်ဘဝကို အဆုံးသတ်ဖို့ ဘောင်ဝင်/မဝင် ဆုံးဖြတ်ရာမှာ အသက်တခုတည်းနဲ့ ဆုံးဖြတ်ဖို့ မသင့်ဘူးလို ကနေဒါ MAID အစီအစဥ်က အထူးပူးတွဲကော်မီတီက ဖေဖေါ်ဝါရီ​၂၀၂၃မှာ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၁၂နှစ်အရွယ် ကလေးတွေကိုပါ ပါဝင်စေဖို့ Dying with Dignity စတဲ့ အုပ်စုတွေက တွန်းလာကြပါပြီ။ ပုံမှန်အားဖြင့် ၁၈နှစ်အောက်တွေဟာ ဆေးလိပ် အရက်တောင် ဝယ်ခွင့်မရှိပေမယ့် လိင်ပြောင်းဖို့တို့ သတ်သေဖို့တို့ စတဲ့လက်ဝဲစွန်းတွေ လိုလားတဲ့ကိစ္စတွေအတွက်ဆိုရင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်လောက်တဲ့ ရင့်ကျက်မှုရှိသူတွေလို့ သတ်မှတ်ကြပါတယ်။ အခုတော့ ၁၅နှစ်နဲ့အောက်ဆိုရင် မိဘသဘောတူညီမှု ပါရမယ်လို့ သတ်မှတ်ထားပြီး ၁၆-၁၇တွေကတော့ မိဘခွင့်ပြုချက် မလိုဘူးလို့ ဆိုပါတယ်။

ကနေဒါမှာ ဒီလအစောပိုင်းက သေနတ်ပစ်ခံရတဲ့သူက သူ့ရဲ့ နှာခေါင်းနဲ့ ပါးရိုးကြားမှာ ညပ်နေတဲ့ ကျည်ဆံကို ၈ရက်ကြာသည့်တိုင် ထုတ်ခွင့်မရသေးပဲ ဆေးရုံက ဆင်းခိုင်းတာ ခံခဲ့ရပြီး မပြီးနိုင် မဆုံးနိုင်တဲ့ ရက်ချိန်းတွေနဲ့ ပြန်လာပြဖို့ ဆေးရုံက ညွှန်ကြားခဲ့ပါတယ်။ အဲဒီလူက ရုပ်ပိုင်းမှာ အပြင်းအထန် နာကျင်နေရုံတင်မက ကုသခွင့်မရသေးလို့ စိတ်ဖိစီးမှုတွေပါ ဖြစ်နေရတာပါ။ အဲဒါကတော့ BC ကနေဒါက ဆိုရှယ်လစ်စတိုင် ကျန်းမာရေးစနစ်ကြီးရဲ့  လက်ရှိအနေအထား ဖြစ်ပါတယ်။ အရေးပေါ်ဌာနတွေမှာလည်း စောင့်ဆိုင်းရချိန် ၁၀နာရီလောက် ရှိတယ်လို့ ဆိုကြပါတယ်။ အခမဲ့ ဝိုင်းတွယ်ကြသူတွေ များလာရင် ဘယ်လောက်ကောင်းခဲ့တဲ့စနစ်ဖြစ်ဖြစ် မခံနိုင်ပါဘူး။ လူတွေ မခံနိုင်တော့ရင် ရွေးဖို့ အပေါ်က MAID ကိုများ အသင့်ဖန်တီးထားလေသလား စဥ်းစားသင့်ပါတယ်။

Leave a comment