၂၆ရက်နေ့က အိမ်ဖြူတော်အနီးမှာ National Guard နှစ်ဦးကို သေနတ်နဲ့ အနီးကပ်ပစ်ခတ်ခဲ့သူဟာ ဘိုင်ဒန်လက်ထက် အာဖဂန်ကတပ်ရုပ်သိမ်းအပြီးမှာ အာဖဂန်ကနေ ခိုလှုံခွင့်ခံယူထားသူဖြစ်ကြောင်း တွေ့ရှိပြီးတဲ့နောက် အာဖဂန်နိုင်ငံသားအားလုံးရဲ့ နေထိုင်ခွင့်လျောက်လွှာအားလုံးကို ရပ်တံ့ပစ်မယ့် အကြောင်း ကြေငြာခဲ့ပါတယ်။ ဒီနေ့မှာတော့ အမေရိကန်အစိုးရက အမေရိကန်တွေရဲ့ လုံခြုံရေးဟာ အစိုးရရဲ့ ပထမဦးစားပေးဖြစ်တာကြောင့် ခိုလှုံခွင့်လျောက်ထားသူများ အားလုံးကို လုံခြုံရေးအတွက် အမြင့်ဆုံး စစ်ဆေးမှုတွေ ပြုလုပ်နိုင်တာ သေချာတဲ့အထိ ခေတ္တရပ်တံ့သွားမယ်လို့ ကြေငြာပါတယ်။
ပစ်ခတ်မှုအပြီးမှာ အမေရိကန်လုံခြုံရေးအတွက် စိုးရိမ်ရတဲ့ ၁၉နိုင်ငံက အမြဲတမ်းနေထိုင်ခွင့်ကဒ် ကိုင်ဆောင်ထားသူတွေကိုပါ ပြန်လည်စီစစ်သွားမယ်လို့ ကြေငြာခဲ့ပြီး ပစ်ခတ်ခံရတဲ့ထဲက အမျိုးသမီး စစ်သည် သေဆုံးအပြီးမှာ ခိုလှုံခွင့်လျောက်လွှာတွေကိုပါ ခေတ္တရပ်တံ့ဖို့ ဖြစ်လာတာပါ။ ဘိုင်ဒန်လက်ထက် အာဖဂန်တပ်ရုပ်စဥ်က အမေရိကန်တပ်တွေအားထားရတဲ့ မိတ်ဆွေအာဖဂန်တွေကို ထားပစ်ခဲ့ပေမယ့် ပိုက်ဆံပေးရင် အကြမ်းဖက်သော၊ မုဒိမ်းကောင် လူသတ်ကောင်ပါမကျန် မစီမစစ် ဝင်ခွင့်ပြုခဲ့ပါတယ်။ အမေရိကန်ကို တကယ်ကူခဲ့ရင် Special Immigrant Visa နဲ့ ချက်ချင်းခေါ်ဖို့၊ နေထိုင်ခွင့်စီစဥ်ပေးဖို့ ကန်ထရိုက်ရထားတဲ့ Erik Prince ရဲ့ Blackwater အဖွဲ့တွေက Operation Allies Welcome အစီအစဥ်နဲ့ ထိုင်ခုံမပါတဲ့ လေယာဥ်တွေစင်းလုံးငှားပြီး အာဖဂန် ၇၆၀၀၀ကျော်ကို တယောက်ကို $6500 နဲ့ အမေရိကန်ကို ခေါ်သွင်းလာခဲ့တာပါ။ တာလီဘန်အောက်မှာ အသက်အန္တရာယ် အမှန်စိုးရိမ်ရတဲ့ အမေရိကန်မိတ်ဆွေ အာဖဂန်တွေကိုတော့ စစ်ပြန်တွေနဲ့ အမတ်တွေက အာဖဂန်နယ်စပ်ကနေ သက်စွန့် ခိုးထုတ်ခဲ့ရပါတယ်။
ပြောချင်တာက အရင်အစိုးရက ခြစား၊ မဲမျှော်ပြီး မချိမဆန့်တွေ သွင်းခဲ့တာမျိုး မရှိခဲ့ရင် အကုန်အကျလည်းများ လက်လည်းတင်တဲ့ အခုလို ပြန်စီစစ်ရတာတွေ ရှိလာဖို့မလွယ်ပါဘူး။ ဒီမိုကရက်အများစုအုပ်စီးထားတဲ့ ပြည်နယ် ၁၁ခုမှာ ခိုးဝင်တွေကို ပြည်နယ်က ကျန်းမာရေး အခမဲ့ပေးထားပြီး အဲဒီပြည်နယ်အားလုံးမှာ ဓါတ်ပုံပါတဲ့ ID မလိုပဲ မဲပေးလို့ရတဲ့ မိုးခဲစနစ်ကိုပါ အဆင်သင့်လုပ်ပေးထားတာပါ။ အဲဒါတွေနဲ့တင် ပြည်သူ့မဲက တန်ဖိုးလျော့နေပါပြီ။
အကြမ်းဖက်တာ၊ လူသတ်/မုဒိမ်း/လုယက်/ခိုးဆိုးစတဲ့ ရာဇဝတ်မှုတွေတိုးတာ၊ ပြည်သူအခွန် ဝန်တက်စေတာ၊ အိမ်ယာဈေးကြီးစေတာတင်မက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကိုပါ ခြိမ်းခြောက်လာနိုင်တာဖြစ်လို့ လဝကကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်တာကို အမေရိကန် အများစုက လိုလားကြပါတယ်။ အကြောင်းရှိလို့ အကျိုးဖြစ်လာတဲ့အပေါ်မှာ အကြောင်းကို လစ်လျူရှုပြီး လူ့အခွင့်အရေးတို့ လူသားချင်း စာနာမှုတို့ အော်နေရုံနဲ့ ရှိနေတဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။
မြန်မာပြည်လို အုပ်ချုပ်မှုစနစ်ပျက်ယွင်းပြီး ခြစား၊ ဥပဒေစိုးမိုးမှု ပျက်ယွင်းနေတဲ့နိုင်ငံမျိုးက လူတွေအတွက် အကြီးဆုံးအခက်အခဲက လူကောင်းဟုတ်/မဟုတ် ဘာနဲ့သက်သေပြမလဲ ဆိုတာပါပဲ။ ကိုယ်ကောင်း/မကောင်းဆိုတာ ကိုယ်တိုင်သိရုံနဲ့မပြီးပဲ လက်ခံထားရမယ့်နိုင်ငံက ယုံကြည်ရလောက်အောင် သက်သေပြနိုင်ဖို့လည်း လိုသေးတယ်လေ။ အဲဒီပြဿနာ ရှိနေသ၍ တချိန်မဟုတ်တချိန် တနေရာမဟုတ်တနေရာမှာ ပြဿနာတက်နေဦးမှာပါပဲ။ ကိုယ့်ဖက်က ပြဿနာကို ဖြေရှင်းဖို့ကြိုးစားရမယ့်အစား ဒီဘက်မှာ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းဖို့ကြိုးစားနေသူတွေကို ဆဲရေးနေကြရုံနဲ့ အားလုံးကောင်းသွားမှာ မဟုတ်ပါဘူး။
ယူကရိန်းမှာ ဒုတိယ အာဏာအရှိဆုံးသူဖြစ်တဲ့ ဇယ်လင်စကီးခန့်ထားတဲ့ သမ္မတရုံးအကြီးအကဲ Andrii Yermak ဟာ အမေရိကန်တွေ ချွေးနှဲစာထဲက ယူကရိန်းကို ကူညီဖို့ ပို့ပေးထားတဲ့ အခွန်ဒေါ်လာ သန်းရာပေါင်းများစွာကို ကိုယ်ကျိုးသုံးထားတဲ့အကြောင်း WSJ က လပေါင်းများစွာ သိရှိထားပေမယ့် ပြည်သူကို အသိပေးတင်ပြခြင်းမရှိပဲ ထိန်ချန်ထားခဲ့ပါတယ်။ အကြောင်းကတော့ ယူကရိန်း-ရုရှားစစ်ပြီးလို့ ငြိမ်းချမ်းသွားရင် စစ်ပွဲကိုမှီပြီး လုပ်စားနေကြတဲ့ ခြတွေ လက်နက်လုပ်ငန်းရှင်ကြီးတွေ ပွဲစားတွေ အကုန် စားပေါက်ပိတ်ကုန်ကြမှာစိုးလို့ပါ။ အဲဒီလူတွေနဲ့ သူတို့နောက်လိုက်မီဒီညာတွေက စစ်သက်ရှည်စေချင်တဲ့ ခြစားတဲ့အုပ်စုကို ဘယ်တုန်းကမှ ဝေဖန်ခြင်းမပြုပဲ လူ့အသက်တွေ အလဟဿသေတာ မကြိုက်လို့ ငြိမ်းချမ်းရေးရဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပေးနေတဲ့ ထရမ့်ကိုကျမှ ဘက်ပေါင်းစုံက ပြစ်တင်ဆဲဆိုနေကြတာ နှစ်ဖက်စလုံးရဲ့ အမြင်၊ အပြော၊ အားထုတ်မှုတွေကို လေ့လာရင် သိနိုင်ပါတယ်။ မီဒီယာသူဌေးကြီး Rupert Murdoch တို့ကျတော့ စစ်ရှိန်မြှင့်ဖို့ နှစ်ဖက်စလုံးက သတင်းသမားတွေကို အသုံးချပြန်ပါတယ်။
ယူကရိန်းမှာ ခြစားမှုတိုက်ဖျက်ရေးတွေ လုပ်ဖို့ ကြိုးစားကြတော့လည်း ဩဇာသက်ရောက်မှု ကြီးမားပြီး ကိစ္စတော်တော်များများမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ အဲဒီ Yermak ဆိုတဲ့သူကို ကျော်ဖို့ မဖြစ်နိုင်နေပါဘူ။ ဇယ်လင်စကီးအနေနဲ့ သူခြစားမှုကင်းရှင်းကြောင်း သက်သေပြချင်တယ်ဆိုရင် သူ့ရဲ့ အတွင်းစည်းထဲက Yermak အပါအဝင် နာမည်ပျက်ရှိသူတွေကို ရှင်းထုတ်ပြဖို့လိုတယ်လို့ The Kyiv Independent က ဆိုပါတယ်။ Yermak ကို ဝါရှင်တန်ကရော ဘရပ်ဆဲလ်စ်မှာပါ နာမည်ကောင်းမရနေတဲ့အပြင် ယူကရိန်းပြည်တွင်းမှာ ပိုလို့တောင် ဆိုးပါသေးတယ်လို့ အီးယူ/ဥရောပ အဆင့်မြင့်သံတမန်/အရာရှိတချို့က ဆိုပါတယ်။
အဲဒီ Andriy Yermak ဟာ သူ့အိမ်ကို ခြစားမှုတိုက်ဖျက်ရေးစုံစမ်းစစ်ဆေးသူတွေ ဝင်ရှာအပြီး နာရီပိုင်းအတွင်းမှာ နှုတ်ထွက်စာတင်ပြီး ဇယ်လင်းစကီးက လက်ခံလိုက်ပါတယ်။ Yermak က နှုတ်ထွက်ရတဲ့ အကြောင်းရင်းကို မပြောသွားပေမယ့် သူက ဂျနီဗာအစည်းအဝေးအပြီး အမေရိကန်မှာလုပ်မယ့် weekend meeting မတိုင်ခင်လေးမှာ သူ့ရဲ့ နယ်မြေလက်မလွှတ်ဘူး ဆိုတဲ့စာကြောင့် ရှာဖွေခံရတာလို့ ပြောသွားပါတယ်။ စစ်ကြောင့်အကျိုးရှိနေတဲ့သူက စစ်ပြီးမှာကို မလိုလားကြတာ ထုံးစံပါပဲ။ အမေရိကန်ဆိုင်ရာ ယူကရိန်းသံအမတ်ကြီးကတော့ ခန့်မှန်းနေကြတာတွေကို ရပ်တံ့စေဖို့ နှုတ်ထွက်လိုက်တာဖြစ်ကြောင်း၊ သူ့အိမ်ကို ရှာဖွေတယ် ဆိုပေမယ့် သိမ်းဆည်းတာတွေ အရေးယူမှုဘာတခုမှလုပ်မထားကြောင်း ပြောသွားပါတယ်။ ဇယ်လင်းစကီးက ယာမက်နှုတ်ထွက်တာဟာ ရုရှားနဲ့ ဖြစ်နေတဲ့ စစ်ရပ်တံ့ဖို့ အမေရိကန်နဲ့ ခက်ခက်ခဲခဲ ညှိနှိုင်းနေရချိန်မှာ Kyiv အစိုးရအပေါ် ယူကရိန်းပြည်သူတွေရဲ့ ယုံကြည်မှု ဆက်ရှိနေစေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ရကပလုပ်ရမယ်ဆိုလို့ ပြည်သူကို နှစ်သိမ့်တဲ့အနေနဲ့ လုပ်ပြထားတာလည်း ဖြစ်နိုင်တာပါပဲ။