AI ခေတ်ကို ဦးဆောင်ဖို့ တရုတ်နဲ့ အမေရိကန် ယှဥ်ပြိုင်နေတာမှာ ဘယ်သူနိုင်မယ်ဆိုတာ စွမ်းအင်၊ chips, infrastructure စတဲ့ အချက် ၃ချက်ပေါ် မူတည်တယ်လို့ Nvidia က ဂျေဆင်ဟွမ်းက ဆိုပါတယ်။ Chips အပိုင်းမှာ အမေရိကန်က အထူးသဖြင့် Nvidia က generation တခုစာမက အဆင်မြင့်နေပါတယ်။ စွမ်းအင်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ စီးပွားရေးဟာ အမေရိကန်လောက် မကြီးပေမယ့် လျှပ်စစ်စွမ်းအင်က အမေရိကန်ရဲ့ ၂ဆလောက် ထုတ်လုပ်နိုင်နေတာပါ။ (သူတို့ စွမ်းအင်က ကျောက်မီးသွေးကနေ အများဆုံးရတာဖြစ်ပြီး လူဦးရေက ၃ဆကျော်ပါ။) Infrastructure ပိုင်းမှာလည်း ဘာဆောက်ဆောက် အမြန်ဆုံးပြီးအောင် ဆောက်နိုင်တဲ့သူပြပါဆိုရင် တရုတ်ကိုပဲ ပြရမှာပါပဲ။ (ကောင်း/မကောင်းက တပိုင်းပေါ့။)
AI factory တွေဖြစ်တဲ့ စွမ်းအင်မတရားသုံးတဲ့ data center တွေ၊ chip factory, supercomputer factory တွေ အားလုံးအတွက် စွမ်းအင်လိုအပ်ချက်က အရမ်းကြီးပါတယ်။ AI model တခုထည်းကို လေ့ကျင့်ပေးဖို့အတွက် မြို့လေးတမြို့စာ စွမ်းအင်လိုတာပါ။ ထရမ့်က AI ကုမ္ပဏီတွေကို ကိုယ့် data center တွေကို မီးပေးမယ့် ဓါတ်အားပေးစက်ရုံကို ကိုယ့်ဖာသာဆောက်ဖို့နဲ့ သူ့ဖက်က သမ္မတရုံးရဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး အရင်အစိုးရအဆက်ဆက်က ရှိခဲ့တဲ့ တင်းကြပ်တဲ့ ဥပဒေတွေကို ကျော်ခွပြီးပါမစ်ပေးနိုင်ဖို့ လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။
ဒီမိုကရက်တွေနဲ့ ဥရောပလက်ဝဲတွေက ကလိုင်းမိတ်ချိန့်အကြောင်းပြပြီး လွယ်လွယ် ပေါပေါရတဲ့ ရေနံပိတ်၊ နျူဓါတ်အားပေးစက်ရုံတွေ ပိတ်ကုန်အောင် ဥပဒေတွေတင်းကြပ်၊ ကာလီဖိုးနီးယားမှာဆို ရှားပါးမဟုတ်တဲ့ ငါးမျိုးစိတ်တခု ပင်လယ်ထွက်ပေါက်ပေးဖို့အကြောင်းပြပြီး ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်တွေဖျက်၊ ဆိုတော့ စွမ်းအင်က ဇိမ်ခံပစ္စည်းလိုဖြစ်လာပါတယ်။ ဆောင်းတွင်း သိပ်အေးတဲ့ အချိန်တွေမှာတောင် အပူပေးစက်ဖွင့်ဖို့ ပိုက်ဆံတွက်နေရတဲ့အထိပါပဲ။ စွမ်းအင်ဈေးကြီးတော့ ကုန်ထုတ်လုပ်မှုကအစ အစစအရာရာ ဈေးကြီးကုန်ပါတယ်။ အခု Affordability အော်ပြီး ထရမ့်ကို တိုက်ခိုက်နေတဲ့ ဒီမိုကရက်တွေရဲ့ ပြည်သူကြပ်တည်းရေးစီမံကိန်းတွေထဲက တခုပါ။ ကြပ်တည်းရုံတင်မက တိုင်းပြည်စီးပွားရေး၊ လုံခြုံရေး၊ အဖက်ဖက်က အားနည်းအောင် တမင်လုပ်ရင်း တဖက်က တရုတ်လုပ် ဆိုလာပြား၊ လေရဟတ်တွေ ဘက္ထရီတွေ တင်သွင်းရင်း၊ အကျင့်ဖျက်လာဘ်ထိုးရာမှာ နာမည်ကြီးတဲ့ တရုတ်ကို လုပ်ကျွေးနေသလိုပါပဲ။
အခုလည်း AI က စွမ်းအင်အရမ်းသုံးတယ်ဆိုတော့ မီတာခတွေတက်တာ AI ကြောင့်လို့ မီဒီညာက AI ကို မုန်းအောင် ကျောင်းပေးနေသလို AI ကြောင့် လူတွေအများကြီး အလုပ်ပြုတ်ကြဦးမယ်လို့ ကဗမတိုင်ခင်က ပန်ဒဲမစ်နဲ့ခြောက်ခဲ့တဲ့ ပီဒိုဘေလ်ဂိတ်စ်က ခြောက်ပြန်ပါတယ်။ ဂျေဆင်က AI ခေတ်မှာ အလုပ်အကိုင်တချို့ကို မလိုအပ်တော့တာမျိုး ရှိလာမှာဖြစ်ပေမယ့် အလုပ်အကိုင်သစ်တွေလည်း အများကြီးပေါ်လာမှာဖြစ်ကြောင်း၊ task နဲ့ job မတူကြောင်း၊ ဥပမာ radiologist တွေရဲ့အလုပ်က ပုံတွေကို လေ့လာပြီး ရောဂါရှာရတာဖြစ်ကြောင်း၊ AI က ပုံတွေအများကြီးကို လေ့လာနိုင်တဲ့အတွက် သူ့အမြင်မှာ radiologist အလုပ်တွေကို AI က အစားထိုးမှာ ဖြစ်ကြောင်း၊ သူအခုစာရေးတာ မြန်လာအောင် AI က ကူညီကြောင်း၊ ဒါပေမယ့် အကြံဉာဏ်၊ အတွေးစတာတွေကတော့ သူ့ဆီကပဲ လာရတာဖြစ်ကြောင်း၊ အဲဒီလိုပဲ လူ့အကြိုက်နဲ့ လုပ်ရတာတွေ၊ လူ့လက်နဲ့ လုပ်ရတာလေးတွေက အမြဲတန်ဖိုးရှိနေမှာဖြစ်ကြောင်း ပြောသွားပါတယ်။
Chase ဘဏ်က Jame Dimon ကလည်း ၁နှစ် ၂နှစ်အတွင်း အကြီးအကျယ်ပြောင်းလဲမှာ မဟုတ်လို့ ကိုယ့်အလုပ်က AI နဲ့လုပ်လို့ရတဲ့အလုပ်ဖြစ်နေရင် ကြိုပြင်ဆင်ထားနိုင်ကြောင်း၊ critical thinking လိုအပ်တဲ့အလုပ်မျိုး၊ skill လိုတဲ့အလုပ်မျိုး၊ ဆက်သွယ်စကားပြော/အရေးအသား/ communication အလုပ်မျိုး၊ EQ လိုတာမျိုးတွေကို လေ့လာသင်ယူထားကြရင် အဆင်ပြေပါလိမ့်မယ်လို့ ဆိုပါတယ်။ စက်မှုတော်လှန်ရေးဖြစ်တုန်းကလည်း အပြောင်းအလဲကို ကြောက်ရွံ့ကြတဲ့ လူတွေက အပြင်းအထန် ကန့်ကွက်၊ ဆန္ဒပြ၊ ဖျက်လိုဖျက်ဆီးတွေလုပ်ခဲ့ကြပေမယ့် ခေတ်က မပြောင်းပဲ ရပ်မသွားပါဘူး။ ပြောင်းလာတဲ့ခေတ်ရဲ့ လိုအပ်ချက်နဲ့အညီ လိုက်နေနိုင်ရင် အကျိုးရှိပါလိမ့်မယ်။
အဲဒါနဲ့ ဆက်စပ်လို့ အမေရိကန်မှာ ဆောက်လုပ်ရေး၊ စွမ်းအင်၊ ကျန်းမာရေး စတဲ့ ကဏ္ဍတွေမှာ မီးဆင်/ မီးပြင်/ ပိုက်ဆင်/ ပိုက်ပြင်/ အိမ်ပူ/အေးစနစ်ဆင်/ပြင်/ ဂဟေဆက်၊ ဆိုလာဆင်၊ လူနာပြုစု စတဲ့ ဘွဲ့ရစရာမလိုပဲ လုပ်လို့ရတဲ့အလုပ်တွေမှာ လက်ရှိလုပ်နေတဲ့လူတွေက အနားယူရမယ့်အရွယ်တွေ နီးလာနေပြီး ခုခေတ်လူငယ်တွေကြား အဲဒီအလုပ်တွေ စိတ်မဝင်စားကြတာရော၊ ပြည်နယ်အစိုးရ တွေက အားမပေးကြတာရောနဲ့ အလုပ်အကိုင်လိုအပ်မှုများစွာ ရှိနေပါတယ်။ ၂၀၃၀ဆိုရင် ဆောက်လုပ်ရေးကဏ္ဍမှာတင် တသိန်းခွဲလောက် ထပ်လိုလိမ့်မယ်လို့ သိရပါတယ်။ လူနာပြုစုတဲ့ သူနာပြုအကူလိုအလုပ်မျိုးတွေက ၂၀၃၂လောက်မှာ ၃သိန်း၆သောင်းကျော် လိုလာမယ်လို့ မှန်းကြပြီး ကုန်ထုတ်ကဏ္ဍမှာ ၂၀၂၄ ဇန်နဝါရီ တလထဲမှာတင် အလုပ် ၆သိန်းနီးပါး ဖြည့်ဖို့ လိုနေတယ်လို့ ဆိုပါတယ်။
နေထိုင်ခွင့် မရေရာနေတဲ့ မြန်မာတွေအနေနဲ့ ဒီမှာလိုအပ်နေတဲ့ အဲဒီလိုအလုပ်မျိုးတွေကို သင်ယူ တတ်မြောက်ထားပြီး အလုပ်က အားကိုးရတဲ့သူဖြစ်နေရင် ဝင်ငွေခိုင်မာတာအပြင် နေထိုင်ခွင့်ရဖို့ မျှော်လင့်ချက်တခု တိုးလာပါလိမ့်မယ်။