ခုရက်တွေအတွင်း အင်တာနက်မှာ ပွဲဆူနေတာက ဂရင်းလန်အကြောင်းပါ။ အခု ထရမ့်လက်ထက်ကျမှ ပွဲဆူနေပေမယ့် အမေရိကန်က ဂရင်းလန်ကို ရဖို့ ကြိုးစားခဲ့တာ ၁၉၄၆ကတည်းကပါ။ အဲဒီတုန်းကလည်း ဒိန်းမတ်က ကန့်ကွက်ခဲ့တာပါပဲ။ အဲဒီမတိုင်ခင် ၁၈၆၇, ၁၉၁၀တွေမှာ ဂရင်းလန်ကို ဝယ်ဖို့ အမေရိကန်အစိုးရအတွင်း ဆွေးနွေးမှုတွေ လုပ်ခဲ့ပါသေးတယ်။ ၂၀၁၉ တုန်းကလည်း ထရမ့်ကိုယ်တိုင် ဝယ်ဖို့ဆန္ဒရှိကြောင်း ထုတ်ပြောခဲ့တာကို ဒိန်းမတ်က လိုလားဟန်မပြခဲ့ပါဘူး။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျာမဏီက ဒိန်းမတ်ကို သိမ်းယူအပြီး အမေရိကန်က ဂျာမန်တွေ ဂရင်းလန်ထဲ ဝင်မလာအောင် မွန်ရိုးမူနဲ့ ဂရင်းလန်ကို ဝင်ပြီး တပ်တွေချထားခဲ့လို့ ခုအချိန်မှာ ဂျာမဏီပိုင် ဖြစ်မနေတာပါ။ ကမ္ဘာစစ်ပြီးတော့ အမေရိကန်တွေ မခွာတော့ပဲ နောက်တော့ နှစ်နိုင်ငံလုံး နေတိုးအဖွဲ့ဝင်တွေ ဖြစ်လာကြပါတယ်။
သမ္မတထရမ့် ဂရင်းလန်ကို ရချင်ရတဲ့ အဓိက အကြောင်း ၃ချက်ရှိပါတယ်။
၁) ဂရင်းလန်ကို အမေရိကန်က မရလိုက်ရင် ရုရှားနဲ့ တရုတ်က ကျိန်းသေရယူဖို့ ကြိုးစားပါလိမ့်မယ်။ အဲဒါဆိုရင် အမေရိကန်တွေလုံခြုံရေး၊ မဟာမိတ်တွေ လုံခြုံရေး၊ ကမ္ဘာကြီးရဲ့ လုံခြုံရေး ခြိမ်းခြောက်လာမှာအပြင် ဒေသခံတွေလည်း ခေတ်သစ်ချစ်တီးတွေရဲ့ ဂုတ်သွေးစုတ်တာ ခံရဦးမယ်၊ ကိုယ်ရဖို့တမျိုးပဲ ကြည့်မယ့်သူတွေကြောင့် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်လာနိုင်ပါတယ်။
၂) ဂရင်းလန်က မြောက်ပိုင်းကမ္ဘာရဲ့ အတိုဆုံး လေယာဥ်/ ပျံသန်းမှုလမ်းကြောပေါ်မှာ ရှိနေတာဖြစ်လို့ ထရမ့်က Golden Dome ဆိုတဲ့ ဒုံကျည်ကာကွယ်ရေးကွန်ယက်ကို ဂရင်းလန်ပေါ်မှာ အခြေပြုပြီး တည်ဆောက်မှာဖြစ်ပါတယ်။ အဲဒါကြောင့် ဂရင်းလန်ကို ရမှပဲ ဒီအစီအစဥ်ကို စနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်မပိုင်တဲ့နေရာမှာ အဲဒီလောက်အရေးကြီးတဲ့ စနစ်ကြီးဆောက်ဖို့ ဖြစ်နိုင်ပါ့မလား။ Golden Dome ရှိလာမှပဲ အမေရိကန်တင်မက ကနေဒါ၊ ဂရင်းလန်နဲ့၊ အနောက်ဥရောပနိုင်ငံတွေပါ အမေရိကန်ရဲ့ လုံခြုံရေးအစီအမံအောက်မှာ လုံလုံခြုံခြုံ နေကြရမှာဖြစ်ပါတယ်။ ဩ
၃) ဂရင်းလန်နားက ရေခဲပင်လယ်တွေ ပျော်စပြုလာတာကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြစ်လာနိုင်တဲ့အတွက် အဲဒါကို အာဏာရှင်လူညစ်တွေလက်ထဲ မကျရောက်ဖို့ အရေးကြီးတာကြောင့်ပါ။
တရုတ်က ပနားမားတူးမြောင်းကို လက်ဝါးကြီးအုပ်နိုင်ဖို့ ကြိုးစားတာကို ထရမ့်လက်ထက်မှာ ကိုင်တွယ်ပြီး အမေရိကန်ထိန်းချုပ်မှုအောက် ပြန်ရောက်အောင် လုပ်ခဲ့ရတာပါ။၊ ဟော်မုဇ်ရေလက်ကြားလုံခြုံရေးမှာ အကြီးဆုံးအင်အားစုဖြစ်တဲ့ အီရန်ကိုလည်း အိတ်ထဲ ထည့်ထားပါတယ်။ ဂျီဘရော်လ်တာရေလက်ကြားနားက စပိန်၊ ဂွတ်ဟုတ်ပ်အငူရှိတဲ့ တောင်အာဖရိက၊ မလက္ကာရေလက်ကြားနားက မလေးရှားတို့ကိုလည်း အပိုင်ပေါင်းထားပါပြီ။ အရင်က အမေရိကန်ရဲ့ မဟာမိတ်ဖြစ်ခဲ့တဲ့ စူအက်ဇ်တူးမြောင်းပိုင်ရှင် အီဂျစ်ကိုလည်း တရုတ်က သူ့ဖက်ပါအောင် ဆွယ်ထားပါပြီ။ အဲဒီ chokepoint တွေကို သူ့ပြည်သူအသက်တောင် တန်ဖိုးမထားတဲ့ စီစီပီက တဖက်လှည့်နဲ့ ချုပ်ကိုင်နိုင်သွားရင် ကမ္ဘာ့ပြည်သူတွေအတွက် ကောင်းနိုင်ပါ့မလား။
ဒိန်းတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခုဖြစ်တဲ့ ဂရင်းလန်ကို လက်မလွှတ်ချင်ဘူးဆိုတာ ကိုယ်ရထားတဲ့ ကိုလိုနီနယ်မြေတခုကို လက်မလွှတ်ချင်တာထက် မပိုပါဘူး။ ဂရင်းလန်ရဲ့ ထွက်ကုန် ၉၀% ကျော်က ပင်လယ်စာတွေဖြစ်ပြီး ရေနံ၊ ဓါတ်ငွေ့၊ ယူရေနီယံ စတာတွေ တူးဖော်မယ်ဆို ဖြစ်နိုင်ပေမယ့် ကလိုင်းမိတ်ချိန့်ကို ကြောက်ပြကြတဲ့ ဥရောပက သူတွေကြောင့် ရေအားလျှပ်စစ်ကိုပဲ အဓိကသုံးနေရတာပါ။ ကျွန်းရဲ့ ၈၀% က ရေခဲပြင်ထုအောက်မှာဆိုတော့ စိုက်ပျိုးရေးလုပ်လို့လည်း မရပါဘူး။ အဲဒီဝောာ့ ဒိန်းမတ်ရဲ့ ငွေကြေး၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေး စတဲ့ အထောက်အပံ့တွေကိုပဲ အကြီးအကျယ် အားထားနေရပါတယ်။ ရေနံ၊ ဓါတ်ငွေ့နဲ့ ဓါတ်သတ္တု တူးဖော်နိုင်ရင်တော့ အဲဒီလို မှီခိုနေစရာ လိုမှာ မဟုတ်ပါဘူး။ လက်ဝေခံလို မှီခိုနေရတာကြောင့် ဒိန်းမတ်သဘောကျ နေရသလိုဖြစ်နေတာကို ဂရင်းလန်သားတွေက သဘောမကျပေမယ့် ကိုယ့်ဖာသာကိုယ် ရပ်တည်မယ်ဆိုရင်လည်း ရနေတဲ့ ခံစားခွင့်လေးတွေ ပျောက်ပျက်သွားမှာ ပူပန်နေကြတာပါ။
ဒိန်းမတ်အစိုးရက ထရမ့်ကလိုချင်တယ်ဆိုမှ ဂရင်းလန်ကို ချစ်ပြနေပေမယ့် ၁၉၆၀-၁၉၉၁ အတွင်းတုန်းက ၁၂နှစ်အရွယ် မိန်းကလေးတွေ အပါအဝင် ဂရင်းလန် ဌာနေကျွန်းသူတွေကို ကိုယ်ဝန်မရနိုင်စေအောင် သားအိမ်ထဲ ထည့်ထားရတဲ့ပစ္စည်းတွေ ထည့်တာနဲ့ ကိုယ်ဝန်တား ဟော်မုန်းဆေးထိုးတာတွေကို အဓမ္မ လုပ်ဆောင်ခဲ့ပါတယ်။ ထည့်တဲ့ပစ္စည်းတွေက သားအိမ်ကို ထိုးမိပေါက်ထွက်တာတွေလည်း ရှိခဲ့ပါတယ်။
ဒါတင်မက ဌာနေ Inuit မိဘတွေကို “အရည်အချင်းစစ်” ပြီး မိဘတွေဟာ ကလေးတွေကို ပျိုးထောင်ဖို့ အရည်အချင်း မပြည့်ဘူး၊ ဒိန်းမတ်မိသားစုတွေဆီ ပို့ပြီး စာသင်ရမယ်ဆိုကာ ကလေးငယ်တွေကို မိဘရင်ခွင်ထဲက အတင်းဆွဲထုတ်ခဲ့ပါတယ်။ အဲဒီလို မျိုးပွားမှု ထိန်းချုပ်တာကို ၂၀၂၂လောက်ကျမှ လူတွေသိလာပြီး ဝေဖန်သံတွေ ညံလာတဲ့အတွက် လျော်ကြေး ပေးပါ့မယ်လို့ ဖြစ်လာတာပါ။ ဒီနှစ်ထဲ လျောက်လွှာလက်ခံပြီးရင် သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ အမျိုးသမီး ၄၅၀၀ခန့်ဟာ တဦး $46,750 လျော်ကြေးရနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။ လက်ရှိလူဦးရေ ၅၆၉၁၆က လွန်ခဲ့တဲ့ အနှစ် ၃၀ တုန်းက လောက်ပါပဲ။ ဒိန်းတွေ ဂရင်းလန်သူ/သားတွေအပေါ် လုပ်ခဲ့တာက တရုတ်က တိဘက်နဲ့ ဝီဂါတွေအပေါ် လုပ်ခဲ့တာမျိုးပါ။
ဂရင်းလန်ကို အမေရိကန်နဲ့ ပူးပေါင်းမှာကို ဥရောပက အစပိုင်းမှာ လက်မခံကြပေမယ့် သူတို့အားလုံးရဲ့ လုံခြုံရေးအတွက် အရေးကြီးတာ သဘောပေါက်ကြပြီး ထရမ့်လက်ထက် အမေရိကန်ရဲ့ ပါဝါကို မျက်ဝါးထင်ထင် မြင်တွေ့လာရတဲ့ ခေါင်းဆောင်တွေက လက်ခံချင်တဲ့ဘက်မှာ ရှိနေကြပါပြီ။ အဲဒီလိုကြိုးစားတာက မီဒီညာတွေ ပုံဖော်နေသလို နယ်ချဲ့ချင်လို့၊ ဘုရင်ကြီး အာဏာရှင်ကြီး လုပ်ချင်လို့ ဆိုတဲ့ ပေါတောတော ရည်ရွယ်ချက်တွေနဲ့ မဟုတ်ပါဘူး။ ဒီမိုကရက်သမ္မတအဆက်ဆက်လည်း ဂရင်းလန်ကို လိုချင်ခဲ့ကြသလို လက်ရှိဒီမိုကရက်တွေကလည်း တကယ်တမ်းလိုချင်တာပါပဲ။ ထရမ့်ကြောင့် ရသွားတယ်ဆိုတာ အဖြစ်မခံနိုင်လို့သာ ကန့်လန့်တိုက်နေကြတာပါ။
ဂရင်းလန်ကိစ္စအပါအဝင် ထရမ့်လုပ်သမျှ ကန့်လန့်တိုက်နေကြတဲ့ အနောက်ကမ္ဘာက လက်ဝဲအုပ်စုတွေ အားလုံးဟာ တရုတ်ကိုတော့ ဝေဖန်ဖို့ဝေးလို့ လေသံတောင် မမာဝံ့တာ သတိထားရင် တွေ့ပါလိမ့်မယ်။ အခုဆို မဝေဖန်ရဲရုံတင်မကတော့ဘူး၊ တရုတ်ကို ပေါ်တင်ဘောမတဲ့အဆင့်ကို ရောက်နေပါပြီ။ မက်ခရွန်ရော ကနေဒါက ကာနေရောပါပဲ။ မဟာမိတ် ဗင်နီဇွဲလားကို လက်လွှတ်ရပြီး နောက်ထပ် မဟာမိတ်တွေ ထပ်လက်လွှတ်ရဖို့ရှိနေတာကြောင့် မရှုမလှဖြစ်နေတဲ့ တရုတ်က သူ့ရဲ့ ရုပ်သေး/ လက်ဝေခံတွေကို ထရမ့်ကို ပေါ်တင်ဆန့်ကျင်ကြဖို့ အမိန့်ပေးထားပုံပါပဲ။
အဲဒီအုပ်စုက ကိုယ့်တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့၊ ကာကွယ်ပေးနိုင်တဲ့ ထရမ့်ရဲ့အမေရိကန်ကို ရန်လိုသလောက်၊ ကိုယ့်တိုင်းပြည်ကို ပြဿနာပဲပေးမယ့် တရုတ်နဲ့ ရုရှားကိုမှ အဖေခေါ်ချင်၊ ပိုက်ဆံပေးချင် ဖြစ်နေကြပါတယ်။ ရုရှားဆီက ရေနံဝယ်ပြီး လုပ်ကျွေးနေသလို တရုတ်ဆီက ဆိုလာပြားတွေ၊ ဘက်ထရီတွေ လေရဟတ်တွေ ဝယ်ပြီး လုပ်ကျွေးပြန်ပါတယ်။ ပိုဆိုးတာက သူတို့ရဲ့ လက်ဝဲပေါ်လစီတွေကြောင့် ဥရောပနဲ့ ကနေဒါက တိုးတက်သင့်သလောက် မတိုးတက်နေတာပါ။
ထရမ့်အစိုးရက ကဏ္ဍအသီးသီးက အတော်ဆုံးဆိုတဲ့သူတွေနဲ့ ဖွဲ့စည်းထားပြီး အချိန်ပြည့် ဆွေးနွေး တိုင်ပင်၊ အကြံထုတ်နေကြတာဖြစ်လို့ တနှစ်အတွင်းမှာ အများကြီးလုပ်နိုင်ခဲ့ပါပြီ။ ဒီနှစ်မှာ GDP 5% ကနေ 6% ကျော်အထိ တိုးမယ်လို့ ခန့်မှန်းထားပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေဟာ ၂% လောက်ပဲ တက်ကြတယ်ဆိုတဲ့ မှားယွင်းတဲ့ယုံကြည်မှုနဲ့ ပြည်သူကို လှိမ့်ထားတာပါ။ ပထမသက်တမ်းတုန်းက GDP 4% တက်အောင် လုပ်မယ်ဆိုတဲ့ ထရမ့်ကို အိုဘမက ဘယ်လိုဖြစ်နိုင်မလဲ၊ magic wand နဲ့လား လို့ ပြန်မေးတာပဲကြည့်ပါ။ မဟာမိတ်ဆိုတဲ့ နိုင်ငံတွေလည်း အမေရိကန်ကို ကန့်လန့်မတိုက်ပဲ နမူနာယူပြီး ကြိုးစားရင် အများကြီး တိုးတက်လာနိုင်ခြေရှိပါတယ်။ ဒါကြောင့်လည်း သမ္မတထရမ့်က နိုင်ငံရေးလုပ်စားတွေ သုံးနေကျဖြစ်တဲ့ အနှစ်မပါတဲ့ အပေါ်ယံရွှေမှုံကြဲစကားမျိုးတွေ မပြောပဲ သာမန်ကမ္ဘာ့ပြည်သူတွေ နားလည်နိုင်တဲ့စကားနဲ့ အဖြစ်မှန်ကို ကွင်းကွင်းကွက်ကွက်မြင်အောင် ပြောခဲ့တာပါ။ ဒိစတိတ်ကို ရှင်းပြစ်ဖို့ဆိုရင် အဲဒီကမ္ဘာ့ရွာအုပ်စုတွေပါ ပါမှရမှာပါ။
ဂရင်းလန်အတွက် ထရမ့်နဲ့ နေတိုးအထွေထွေအတွင်းရေးမှုးချုပ်တို့ ပဏာမညှိထားတဲ့ထဲမှာ
– ဒိန်းမတ်က ဂရင်းလန်သူ/သားတွေအတွက် တနှစ် သန်း၆၀၀ဆက်ပေးဖို့
– ဂရင်းလန်ပေါ်က အမေရိကန်စစ်အခြေစိုက်စခန်းနယ်မြေတွေမှာ အမေရိကန်ရဲ့ အချုပ်အခြာ အာဏာအပြည့်ရှိဖို့
– အာတိတ်ဒေသတခုလုံးကို အမေရိကန်ကို ဝင်ထွက်သွားလာခွင့်ပေးဖို့
– ဂရင်းလန်မှာ ဓါတ်သတ္တုတူးဖော်ဖို့အခွင့်အရေးကို အမေရိကန်က ရယူဖို့
– တရုတ်နဲ့ ရုရှားကို ဂရင်းလန်ဒေသထဲ ဝင်ခွင့်မပေးဖို့
– အဲဒါတွေအားလုံး သဘောတူရင် နေတိုးမှာ အမေရိကန်ဆက်ရှိနေဖို့တို့ ဖြစ်ပါတယ်။
အကောင်းဆုံးအချက်က အမေရိကန်က golden dome ဆောက်တာကလွဲလို့ ဘာမှ ထပ်ကုန်စရာ မလိုပါဘူး။ အဲဒါကိုလည်း နေတိုးအဖွဲ့ဝင်အားလုံး မျှခံကြရမှာပါ။ အဲဒီလို ချပြလိုက်ပြီးနောက်ပိုင်းမှာ ဝေဖန်သံတွေ တော်တော်စဲသွားပါပြီ။ တရုတ်နဲ့ ရုရှားရန်ဆိုတာလည်း အားလုံးမျက်မြင်ပဲလေ။ အဲဒါကို ကာကွယ်နိုင်စွမ်းလည်း အမေရိကန်မှာပဲ ရှိတာ အားလုံးသိကြပါတယ်။