Survivor 10th season ရိုက်ကူးခဲ့တဲ့ ဖိလစ်ပိင်းအရှေ့ဖက် ပစိဖိတ်သမုဒ္ဒရာထဲက လူဦးရေ ၁၈၀၀၀ခန့်ပဲ ရှိတဲ့ Palau ကျွန်းနိုင်ငံလေးဟာ ထရမ့်အစိုးရက ပြန်ပို့ပေမယ့် မိခင်နိုင်ငံတွေက လက်မခံတဲ့ ရာဇဝတ်ပြစ်မှု မရှိတဲ့ လူ ၇၅ဦးကို တဦး တသိန်းကျနဲ့ ၇.၅သန်းယူပြီး လက်ခံပြီး နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်ပေးဖို့ သဘောတူညီလိုက်ပြီဖြစ်ပါတယ်။ ခရီးသွားလုပ်ငန်းနဲ့ ငါးဖမ်းလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ အဲဒီနိုင်ငံကလည်း သူတို့ရဲ့ လုပ်အားလိုနေတဲ့ ကဏ္ဍတွေမှာ ဖြည့်တင်းနိုင်ဖို့ မျှော်လင့်နေတာပါ။
အင်္ဂလိပ်စကားက ပူးတွဲရုံးသုံးဘာသာလည်းဖြစ်၊ အမေရိကန်စာပို့စနစ်နဲ့ အမေရိကန်ဒေါ်လာသုံးပြီး အမေရိကန်စစ်တပ်ရဲ့ အကာအကွယ်အောက်မှာရှိတဲ့၊ အမေရိကန်ကို လွတ်လွတ်လပ်လပ် သွားလာလည်ပတ် အလုပ်လုပ်ခွင့်ရှိတဲ့ အမေရိကန်ပိုင်ခဲ့ဖူးတဲ့ Palau ဟာ အရမ်းကို သာယာလှပတဲ့ နိုင်ငံလေးတခု ဖြစ်တော့ ပြည်နှင် ခံရသူတွေကို ပို့တဲ့ နေရာတွေထဲမှာ နေချင်စဖွယ်အကောင်းဆုံး နေရာတခု ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ခိုးဝင်တဦးကို ဖမ်းဖို့၊ ထိန်းသိမ်းထားဖို့နဲ့ ပြန်ပို့ဖို့ $17,121 ကုန်ကျတာကို သက်သာစေဖို့ $3000 နဲ့ အခမဲ့ လေယာဥ်လက်မှတ်ပေးဖို့ စီစဥ်တာပါ။
ရေနံအမြောက်အများ ထွက်ပေမယ့် ဆင်းရဲတွင်းနက်နေတဲ့ အီကွေတိုးရီးရယ်ဂီနီကလည်း ခိုးဝင်တွေကို လက်ခံဖို့ ၇.၅သန်းနဲ့ သဘောတူထားသလို လူဆိုးစာရင်းဝင်တဲ့ မြန်မာအပါအဝင် ၇ဦးကို တောင်ဆူဒန်က လက်ခံထားပါတယ်။ ရဝမ်ဒါက အီရတ်တဦးတည်းကို လက်ခံဖို့ တသိန်းရယူထားပြီး နောက်ထပ် ၂၅၀လက်ခံဖို့၊ ယူဂန္ဓါက ရာဇဝတ်ပြစ်မှုမရှိတဲ့ လူမည်းတွေကိုပဲ လက်ခံဖို့နဲ့ ဟွန်ဒူးရပ်စ်က စပိန်စကားပြော ၂၀၀ ကိုလက်ခံဖို့ အသီးသီး သဘောတူညီထားကြပါတယ်။
ထရမ့်အစိုးရက Palau ကို ၇.၅သန်း ဂရန့် အပြင် အစိုးရဝန်ထမ်းပင်စင်စနစ် မပြိုလဲဖို့အတွက် ၆သန်းနဲ့ ဥပဒေထိန်းသိမ်းဖို့ အစီအမံသစ်တွေ အတွက် ၂သန်း ထပ်မံထောက်ပံ့ဖို့ သဘောတူညီထားပါတယ်။ ဒီလိုပေးတာကို များတယ်ထင်ရင် ဘိုင်ဒန်လက်ထက်မှာ ပြုလုပ်ခဲ့တဲ့ Palau ကို အနှစ် ၂၀ ကာလမှာ ၈၈၉သန်း (သို့) တနှစ်ကို ၄၄.၄၅ သန်း ထောက်ပံ့ပေးဖို့ သဘောတူညီချက်နဲ့ ယှဥ်ကြည့်သင့်ပါတယ်။ ထုံးစံအတိုင်း USAID က သွားတဲ့ ပိုက်ဆံတွေက အဲဒီနိုင်ငံရတာထက် ဒီဖက်ကို ပြန်လွှဲပြီး ဝေစားမျှစား ခဝါချကြတယ်ဆိုတာ သိကြမှာပါ။
ယူကျုဘာ နစ်ခ်ရှယ်လီက မင်နီဆိုးတား ဆိုမာလီတွေ လိမ်လည်နေတဲ့ စာရင်းထဲမှာ ပါဝင်တဲ့ လိုင်စင်ရ နေ့ကလေးထိန်းဌာနတခုဖြစ်တဲ့ “Quality Learing Center” (ဆိုင်းဘုတ်ပေါ်က စာလုံးပေါင်းအမှား)ကို သွားရောက်ပြီး မေးမြန်းဖို့ ကြိုးစားခဲ့ရာမှာ အထဲက သက်ကြီးအမျိုးသမီးတဦးက မဖွင့်ပေးနဲ့၊ သူက ရေခဲလို့ အော်ဟစ်ခဲ့ကြောင်း၊ နစ်ခ်က သူဟာရေခဲမဟုတ်ကြောင်း ယူကျုဘာတဦးသာဖြစ်ကြောင်း ပြန်ရှင်းပြပေမယ့် ဖွင့်မပေးခဲ့ကြောင်း၊ စာရင်းအရ အဲဒီနေရာမှာ ကလေး ၉၉ဦးရှိရမှာကို တဦးမှမတွေ့ခဲ့လို့ အနီးအနားက လူတွေကို မေးမြန်းရာမှာ ဘယ်တုန်းကမှ ကလေးတွေမတွေ့ခဲ့တာ သိရှိခဲ့ရကြောင်း၊ အဲဒီစင်တာက ကလေးတွေအတွက် အထောက်အပံ့အဖြစ် ပြည်နယ်ကနေ အခုနှစ်အတွက် ၁.၉သန်းအပါအဝင် ၂၀၂၄နဲ့ ၂၀၂၅ ၂နှစ်အတွက် ၄သန်းခန့်ကို ရယူထားကြောင်း၊ အဆိုပါအဆောက်အဦ တခုတည်းမှာ ကျန်းမာရေး၊ ကလေးထိန်းနဲ့ အိမ်မှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးတယ်ဆိုတဲ့ ဝန်ဆောင်မှုတွေ ပြထားတဲ့ ရုံးခန်း အများအပြား နေရာယူထားတာ တွေ့ရကြောင်း၊ အခန်းတခန်းထဲမှာကို ကျန်းမာရေး ဝန်ဆောင်မှု ကုမ္ပဏီ ၃ခု ဖွင့်ထားကြောင်း၊ ဝန်ဆောင်မှုနှုန်းထားတွေသိချင်လို့ ဝန်ထမ်းနဲ့ စကားပြောခွင့်တောင်းတာကို အငြင်းခံခဲ့ရတဲ့အပြင် ရေခဲလို့ စွပ်စွဲပြီး အော်ဟစ် မောင်းထုတ် ရဲခေါ်နှင်တာသာ ခံခဲ့ရကြောင်း၊ အဆောက်အဦတခုလုံးမှာ ကျန်းမာရေးဝန်ဆောင်မှု ကုမ္ပဏီပေါင်း ၁၄ခုရှိပြီး ပြည်သူဆီက တနှစ် သန်း ၅၀-၆၀ လောက် အသာလေးခိုးနေနိုင်ကြောင်း၊ အနီးအနားက အဆောက်အဦနောက်တခုမှာလည်း အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှုအယောင်ပြ ကုမ္ပဏီပေါင်း ၂၂ခုရှိကြောင်း တင်ပြသွားပါတယ်။
ဆိုမာလီတွေ မင်နီဆိုးတားမှာ အိမ်တွေကို “home healthcare” ပေးတယ်လို့ပြ၊ တနှစ် တသိန်းနီးပါး မက်ဒီကိတ်ကလိမ်တောင်းပြီး ငွေလက်ငင်းနဲ့ အိမ်တွေ ထပ်ဝယ်၊ အစိုးရက အစစ်အဆေးမရှိတော့ သူနေတဲ့ neighborhood တခုထဲမှာတင် အိမ် ၄၅၅လုံး ဝယ်ထားတဲ့အပြင် ဇိမ်ခံကားတွေနဲ့ ငြိမ့်နေကြတယ်လို့ ဒေသခံအိမ်ခြံမြေအကျိုးဆောင်တဦးဖြစ်တဲ့ တီးဂျုန်းစ်က အတည်ပြု လိုက်ပါတယ်။ ဆိုမာလီတွေဟာ အဲဒီအိမ်အလွတ်တွေမှာ ထောင်ကလွတ်လာသူတွေကို ပတ်ဝန်းကျင် မသိအောင် ထားတာမျိုးတွေလည်း ရှိနေပါတယ်။
မင်နီဆိုးတားက ဆိုမာလီအိမ်ထောင်စုတွေရဲ့ ၈၁% က အစိုးရအထောက်အပံ့နဲ့ နေထိုင်ကြပြီး ၇၃% က မက်ဒီကိတ်၊ ၅၄% က food stamp ၊ ၂၇% က ငွေသားအထောက်အပံ့၊ ကလေးရှိတဲ့ အိမ်ထောင်စုတွေရဲ့ ၈၉% က အစိုးရအထောက်အပံ့ အသီးသီးယူပြီး နေကြတာပါ။ အဲဒီပြည်နယ်မှာ အမေရိကန်တွေရဲ့ ၂၁% ကပဲ အထောက်အပံ့တမျိုးမျိုး ယူကြတာပါ။
အခုလို ဆိုမာလီလိမ်လည်မှုတွေအပေါ် ပြည်သူက ဖော်ထုတ်လာကြတဲ့နောက် အီလ်ဟန်အိုမာ လက်ရှိယောက်ျားရဲ့ သန်း၃၀တန် ကုမ္ပဏီက သူ့ဝက်ဘ်ဆိုက်ကနေ နာမည်တွေ တိတ်တဆိတ် လာဖျက်သွားပါတယ်။ အဲဒီကုမ္ပဏီက ၂၀၂၃တုန်းက တန်ဖိုး တထောင်မပြည့်ခဲ့ပေမယ့် ၂၀၂၄မှာ သန်း၃၀ တန်တယ်လို့ ပြနေပါပြီ။ ဆိုမာလီလိမ်လည်မှုတွေနဲ့ ပတ်သက်ပြီး ခုထိ လူ၉၀ခန့် တရားစွဲပြစ်တင်ခံထားရတာမှာ အနည်းဆုံး ၃ဦးက အီလ်ဟန်အိုမာနဲ့ တိုက်ရိုက် ပတ်သက်နေတာပါ။
ပြည်သူတကယ်လိုအပ်နေတာတွေကို မလုပ်ပဲ မယောင်ရာဆီလူး သင့်လုံခြုံမှုကို ဂရုစိုက်သလိုလိုနဲ့ ဇီးသီးဗန်းမှောက် အမြတ်ထုတ်လေ့ရှိတဲ့ ကာလီဖိုးနီးယားမှာ ကလေးငယ်လေးတွေ ယာဥ်တိုက်မှုဖြစ်ရင် ထိုင်ခုံခါးပတ်ကနေ လွင့်မသွားအောင် ခုထားပေးရတဲ့ booster seat ကို ၂၀၂၇ ကစပြီး အသက် ၁၆နှစ်အရွယ်တွေအထိ အသုံးပြုရမယ်လို့ ဥပဒေသစ် ထုတ်လိုက်ပါတယ်။ အရင်တုန်းက ကလေးတွေ ဘာ booster seat မှ မလိုပဲ နှစ်ရာကျော် စီးခဲ့ကြတာကနေ ၁၉၈၅ကျမှ အမေရိကန် တနိုင်ငံလုံးမှာ စပြီး လိုတယ်ဆိုတဲ့ ဥပဒေ ဖြစ်လာတာပါ။ ကာလီဖိုးနီးယားမှာ ၂နှစ်အောက်ကို နောက်လှည့်ခုံ၊ ပေါင် ၄၀-၆၅အထိ ကလေးတွေက ရှေ့လှည့်ခုံ၊ ၈နှစ် (သို့) ၄’၉” အထိ booster seat လိုတယ်လို့ သတ်မှတ်လာတာက ၂၀၀၂ ကမှပါ။ ၁၃နှစ် မတိုင်ခင် ရှေ့မှာ မထိုင်ရဘူးလို့လည်း အကြံပြုထားပါတယ်။ ဒါပေမယ့် ထိုင်ခုံ ၂ခုံပဲရှိတဲ့ ပြိုင်ကားလိုဟာမျိုးဆိုရင်တော့ ရှေ့မှာထိုင်/ car seat ထားလို့ ရပြန်ပါတယ်။ အဓိကက ထိုင်ခုံခါးပတ် ထိမိဖို့ပါပဲ။
အသစ်ထုတ်လိုက်တဲ့ဥပဒေအရ အသက် ၁၆နှစ်အထိ ကလေးတွေဟာ အောက်ပါအချက် ၅ချက်လုံးကို
ပြည့်မီမှသာ booster seat မပါပဲ စီးခွင့်ရမှာဖြစ်ပါတယ်။ အဲဒါတွေကတော့
၁။ ထိုင်လိုက်ရင် ကျောက နောက်မှီနဲ့ ကပ်နေရပါမယ်။
၂။ ဒူးက ထိုင်ခုံအပြင်ဖက်ကို တန်းထွက်မနေပဲ သက်တောင့်သက်သာ အကွေးလေး ဖြစ်နေရပါမယ်။
၃။ ခါးပတ်ရဲ့ အောက်ဖက်အပိုင်းက ဗိုက်ပေါ်မှာ မဟုတ်ပဲ တင်ပါးဆုံရိုးနားကို ရောက်နေရပါမယ်။
၄။ ခါးပတ်အပေါ်ဖက်က လည်ပင်း/မျက်နှာတွေပေါ် မကျပဲ ညှပ်ရိုးအလယ်ကို ဖြတ်သွားရပါမယ်။
၅။ ခရီးစဥ်တလျောက်လုံး ကုန်းကွ လျော့လျဲခြင်းမရှိပဲ အဲဒီအနေအထားအတိုင်း စီးနိုင်ရပါမယ်။
ကလေးတွေ လိင်ပြောင်းလုပ်ဖို့ ကိုယ့်မွေးရာပါအင်္ဂါတွေ ဖြတ်တောက်ဖို့၊ ဟော်မုန်းဆေးစားဖို့ မိဘကို အသိပေးစရာမလိုတဲ့၊ ကလေးကို ၆လ-ခွဲလောက်အထိ ဘာအကြောင်းပြချက်မှမလိုပဲ တရားဝင် သတ်ဖြတ်ဖျက်ချခွင့်၊ စိတ်ဖိစီးမှုဖြစ်ရပါတယ်လို့ အကြောင်းပြရုံနဲ့တင် နေ့စေ့လစေ့အထိ မိဘသဘောတူညီချက်မလိုပဲ ဖျက်ချခွင့် ပြုထားတဲ့ပြည်နယ်က ကလေးတွေအသက်ကို အခုမှ အရမ်းအရမ်းကို တန်ဖိုးထားပြနေတာ သွေးရိုးသားရိုး မဟုတ်ဘူးလို့ထင်ရင် မှန်ပါတယ်။
အမေရိကန်က Car seat အများစုက တရုတ်က လာတာပါ။ ဒီမှာဆင်တာဆိုရင်တောင် အစိတ်အပိုင်းတွေက တရုတ်ကလာတာ အများဆုံးပါ။ ကဗတုန်းကလည်း နှာခေါင်းစည်း၊ PPE စတဲ့ မန်ဒိတ်မျိုးစုံနဲ့ တရုတ်ကို ဘီလီယံနဲ့ချီ လုပ်ကျွေးခဲ့ပါတယ်။ တနှစ်မှ $234,101 ရတဲ့ နူဆမ်လည်း ကဗအစလေးမှာတင် ၃.၇သန်းတန်အိမ်ဝယ်ပြီး ၂၀၂၄မှာ ၉သန်းကျော်တန်အိမ် ထပ်ဝယ်ပြန်ပါတယ်။ စီးပွားရေးသမား ဆိုရင်တောင် အဲဒီလောက်ဈေးနဲ့ အဲဒီလောက်မြန်မြန် ဝယ်နိုင်ဖို့ မလွယ်တာ စဥ်းစားရင် သိပါတယ်။ ဒါ့အပြင် အခုလိုစည်းမျဥ်းတွေကို လိုက်စစ်နိုင်ဖို့ ဗျူရိုကရက်ယန္တယား တိုးချဲ့ရမှာဖြစ်လို့ ယိုပေါက်တွေ စားပေါက်တွေ သစ္စာခံတွေ အများကြီး ထွက်လာဦးမှာပါ။
ပြည်နယ်/ပြည်သူအတွက် တကယ်အကျိုးရှိမှာမလုပ်ပဲ အပြောချိုချိုနဲ့ ဇီးသီးဗန်းမှောက်ဖို့ပဲ ကြိုးစားနေတဲ့ နူဆမ်အစိုးရကို ဖက်ဒရယ်အစိုးရက အမြန်ရထားလမ်း HSR ဖောက်ဖို့အတွက် ၄ဘီလီယံ ဘတ်ဂျက်မချပေးတော့တာကြောင့် နူဆမ်အစိုးရက တရားစွဲခဲ့ပေမယ့် အခုတော့ ပြန်ရုတ်သိမ်းသွားပါပြီ။ ခုထိ ၁၅ဘီလီယံသုံးပြီးတဲ့နောက် သံလမ်းတဖြတ်မှ မချရသေးတာပါ။ HSR ဆောက်မယ့်စားရိတ်က ၂၀၀၈ စအတည်ပြုတုန်းက အပြီးအစီး ၃၃ဘီလီယံနဲ့ စခဲ့ပေမယ့် ၁၇နှစ် အကြာမှာ ၄ဆနီးပါးတိုးပြီး ၁၂၈ဘီလီယံ ကုန်မယ်လို့ ဖြစ်သွားပါပြီ။ ၁၂၈က ပထမဆင့်ကိုပဲ မှန်းတာပါ။ အမှုဆက်ဖြစ်လို့ ဖက်ဒရယ်က လိုက်စစ်ရင် အကုန်ပေါ်ကုန်မှာစိုးလို့ ပြန်ရုတ်သိမ်းတာ ဖြစ်နိုင်ပါတယ်။